Thursday, May 31, 2018

ဘာဝနာဆိုတာ ဘာကို ပွါးပါလိမ့်

ဘာဝနာဆိုတာ ဘာကို ပွါးပါလိမ့်

“ဒါန၊ သီလ၊ ဘာဝနာ” ဟူသောစကားများကို ငယ်စဉ်ကပင် ကြားနာခဲ့ရပါသည်။ ဒါနဆိုတာ လှူဒါန်းတာ၊ သီလဆိုတာ စောင့်ထိန်းတာ၊ ဘာဝနာဆိုတာပွါးများတာဟူသော definition အကျဉ်းကိုလည်း မှတ်သားခဲ့ရပါသည်။ ဒါန နှင့် သီလကိုမူဉာဏ်မှီသလောက် သဘောပေါက်ခွင့် ရခဲ့သော်လည်း “ဘာဝနာ ဆိုတာ ပွါးများတာ” ဟူသောဖွင့်ဆိုချက်ကိုမူ လုံးဝ သဘောမပေါက်နိုင်ဘဲ ရှိခဲ့ရဖူးပါသည်။


 မှန်ပါသည်။ လှူဖွယ်ဝတ္ထုတွေကို လှူဒါန်းတာ ဒါန၊ ကိုယ်နှင့်နှုတ်ကိုစောင့်ထိန်းတာ သီလ ဟု သရုပ်သကန်နှင့်တကွ သဘောပေါက်ခဲ့ ရသော်လည်း၊ ကမ္မဋ္ဌာန်းတရားပွါးများတာ ဘာဝနာ ဟူသော ဖွင့်ဆိုချက်နှင့် ပတ်သက်၍မူ ထူလှသဖြင့်သဘောမပေါက်နိုင်ခဲ့တော့ပါ။ ပွါးတယ်ဆိုတာ ဘယ်လိုပါလိမ့်၊ ကမ္မဋ္ဌာန်းဆိုတာ ဘာပါလိမ့်၊ကမ္မဋ္ဌာန်းကို ဘယ်လိုပွါးပါလိမ့်၊ ဟူသော အတွေးများဖြင့်သာ ကာလရှည်ကြာလုံးထွေးနေခဲ့ရပါသည်။ ပရိယတ္တိ အသိပညာ ချို့တဲ့သဖြင့် ဝေဝါးစွာ ဖြစ်ခဲ့ရသော ကာလ မည်မျှရှည်ကြာခဲ့ပါသနည်း။ “အဿဝနတာ ဓမ္မဿပရိဟာယန္တိ- တရားတော်မြတ်ကို မနာကြားကြရသည့်အတွက် တရားအသိမှ ဆုတ်ယုတ်လျက်ရှိကြရပါကုန်၏” ဟူသော သဟမ္ပတိဗြဟ္မာကြီး၏ ဘုရားရှင်ထံ တောင်းပန်တိုးလျှိုးသောစကားသံကို ကြိမ်ဖန်များစွာပင် ထောက်ခံမိ ပါတော့၏။ “ပွါးသည်ဟူသောစကား” ပွါးသည်ဟူသော စကားသည် ပွါးများသည်၊ တိုးတက်ပွါးများလာအောင် လုပ်ယူသည် ဟူသော အဓိပ္ပါယ်ကို ဆောင်၏။ ဥပမာအားဖြင့် တစ်ခုမှ နှစ်ခု၊ နှစ်ခုမှ သုံးခု၊ သုံးခုမှသည် လေးခု-ငါးခု- တစ်ရာ- တစ်ထောင်- တစ်သောင်း စသဖြင့် များသထက်များလာအောင် လုပ်ယူသည်ကိုပွါးများသည်ဟု ဆိုရ၏။

 မှန်၏။ ပါဠိစာပေ၌ “ဘာဝနာ”ဟူသောစကားလုံးကို “ဘာဝေတိ ဥပ္ပါဒေတိ ဝဎ္ဍေတီတိ ဘာဝနာ- စ၍ ဖြစ်စေတတ်၊ တိုးတက်ပွါးများစေတတ်သောကြောင့်ဘာဝနာ မည်၏" ဟု ဆရာတို့ ဖွင့်ဆိုပြကြ၏။ သို့ဆိုလျှင် ဘာကို စ၍ ဖြစ်စေရပါမည်နည်း၊ဘာကိုတိုးတက် ပွါးများစေရပါမည်နည်း၊ စသဖြင့် ရှေ့ဆက်မေးမြန်းရန် လိုအပ်လာ၏။ “ကုသိုလ်စိတ်ကို တိုးတက်ပွါးများစေရမည်” ဋီကာကျော်ဆရာက “ဘာဝေတိ ကုသလေဓမ္မေ အာသေဝတိ ဝဎ္ဍေတိ ဧတာယာတိ ဘာဝနာ - ကုသိုလ်တရားတို့ကို အဖန်ဖန်မှီဝဲတတ်၊တိုးပွါးစေတတ်သော စေတနာသည် ဘာဝနာမည်၏ ” ဟု ဖွင့်ဆိုပြ၏။

မှန်၏။ ပေးလှူကြောင်း စေတနာကို ဒါန၊ အကုသိုလ် မဖြစ်အောင် ကိုယ်နှုတ်တို့ကို ကောင်းစွာထားတတ်သော စေတနာကို သီလ ဟု ယူရသကဲ့သို့၊ လွန်ကဲမြင့်မြတ်သော ကုသိုလ်စိတ်ကို ဖြစ်စေတတ်တိုးပွါးစေတတ်သော စေတနာကို ဘာဝနာ ဟု ယူရလေသည်။ ထို့ကြောင့် “မိမိသန္တ ာန်၌ ဒါနစေတနာ သီလစေတနာတို့ထက် လွန်ကဲမြင့်မြတ်သောကုသိုလ်စိတ်တို့ကို ထပ်ခါထပ်ခါ တိုးပွါးအောင် အားထုတ်မှုကို ဘာဝနာ ပွါးသည်” ဟု မှတ်ယူရမည်ဖြစ်လေသည်။ “စိတ်၏သဘာဝနှင့်ကမ္မဋ္ဌာန်းအာရုံ” စိတ်၏သဘောကား မကောင်းသောအာရုံတို့၌သာ များစွာ မွေ့လျော်လေ့ရှိ၏။ထို့ကြောင့် “ပါပသ္မိ ံ ရမတိ မနော- စိတ်သည်မကောင်းမှု၌ မွေ့လျော်လေ့ရှိ၏” ဟု ဓမ္မပဒပါဠိတော်ပါပဝဂ်၌ ဟောတော်မူ၏။ ဥပမာပြုရလျှင် အလိုင်းမင်းမညီပဲ ဘယ်ဘက်သို့ ဦးလည်နေသော စက်ဘီးကဲ့သို့ဖြစ်၏။သတိလွတ်သည်နှင့် မကောင်းမှုဘက်သို့ စောင်းသွားတတ်၏။ ထိုသို့ မကောင်းသောအာရုံများသို့ ဦးလှည့်သောစိတ်သည် ကိလေသာအခိုးအငွေ့တို့ဖြင့်ပူလောင်၏။ ထိုပူလောင်နေသော စိတ်ကို ကမ္မဋ္ဌာန်းအာရုံတည်း ဟူသော ရေကြည်အိုင်အတွင်း သက်ဆင်းငြိမ်းအေးစေရ၏။

 မှန်၏။ စိတ်ဟူသည် အာရုံတရားနှင့်ကင်း၍ကား မဖြစ်နိုင်။ သူပျော်မွေ့နေကျမကောင်းသော အာရုံများ၌ ပျော်မွေ့နေသော စိတ်ကို ကောင်းသောအာရုံ၌ ပျော်မွေ့လာအောင် လုပ်ဆောင်ရသည်မှာလည်း လွယ်ကူလှသည်တော့မဟုတ်။ အကျိုးမရှိ အချိန်ကုန်ရုံမျှဖြစ်သော အကစားအလုပ်၌သာ ပျော်မွေ့လေ့ရှိသောကလေးကို စာဖတ်ခိုင်းရသည်ထက်ပင် ခက်လှတော့၏။ တုတ်မိုးခြိမ်းခြောက် ဟိန်းဟောက်၍ စာကျက်ခိုင်းရသော် ကလေးလည်းမရွှင်လန်း လူကြီးလည်းပန်းရ၏။

ထိုအခါ လိမ္မာသောမိဘဆရာများက ကလေးအဖို့ ကစားစရာလည်းရစေ၊အသိပညာလည်းရစေမည့် နည်းလမ်းများကို ရွေးချယ်ကာ ကလေးငယ်များပျော်မွေ့စရာ ပညာပေးအာရုံကောင်းများကို ဖန်တီးပေးကြရ၏။

 ဗုဒ္ဓသည်ကား လူသုံးပါးတို့၏ အတုမဲ့ ဆရာမြတ်ဖြစ်တော်မူ၏။ မကောင်းသော အာရုံများ၌သာပျော်မွေ့ပူလောင်နေကြသော သတ္တဝါတို့အတွက် အပူအလောင်လည်းငြိမ်းစေ၊ သမထ, ဝိပဿနာ အသိပညာလည်းရင့်သန်ကြီးထွားစေရန်အတွက် သမထကမ္မဋ္ဌာန်းအာရုံ၊ ဝိပဿနာ ကမ္မဋ္ဌာန်းအာရုံများကို ရှာဖွေဖော်ထုတ်ပေးတော်မူခဲ့၏။ထိုတွင် သမထကမ္မဋ္ဌာန်း အာရုံပေါင်းကား (၄၀) မျှပင် ရှိ၏။ မိမိတို့စိတ်သန်ရာ ကမ္မဋ္ဌာန်းအာရုံ၌မိမိတို့ စိတ်ကို အကြိမ်ကြိမ် ဖြစ်ပွါးစေလျှင် ကိလေသာ အခိုးအငွေ့တို့ ကင်းငြိမ်းခြင်းအကျိုးကိုကိုယ်တွေ့ပင် ခံစားခွင့်ရကြ၏။ ထို့ကြောင့်ပင် ဆရာမြတ်တို့က “ကိလေသေ သမေတီတိ သမထော-ကာမစ္ဆန္ဒစသော ကိလေသာတို့ကို ငြိမ်းစေတတ်သောကြောင့် သမထမည်၏” ဟု မိန့်ဆိုတော်မူကြခြင်းဖြစ်ပေ၏။ “ကမ္မဋ္ဌာန်း” ဤတွင် “ကမ္မဋ္ဌာန်း” ဟူသောစကားကို နားလည်ဖို့ လိုအပ်လာ၏။ ဆရာမြတ်တို့က“ကမ္မဿ ဌာနံ ကမ္မဋ္ဌာနံ- ပွါးများအားထုတ်မှု၏ တည်ရာအာရုံသည် ကမ္မဋ္ဌာန်းမည်၏” ဟု မိန့်ဆိုတော်မူကြ၏။

ထို့ကြောင့် မိမိတို့စိတ်ကို တင်၍ ကြိမ်ဖန်များစွာ ဖြစ်ပွါးစေသင့်သော ကသိုဏ်းစသော အရှုခံသမထအာရုံများနှင့် ရုပ်နာမ်ဓမ္မသင်္ခါရဟူသော ဝိပဿနာအရှုခံအာရုံများကို ကမ္မဋ္ဌာန်းဟု ခေါ်ရလေသည်။ “ကမ္မဋ္ဌာန်းအာရုံ၌ မိမိစိတ်ကို များသထက်များလာစေခြင်း” ကမ္မဋ္ဌာန်းအားထုတ်သောပုဂ္ဂိုလ်သည် မိမိနှစ်သက်သော ကမ္မဋ္ဌာန်းအာရုံတစ်ခုခု၌မိမိစိတ်ကို တစ်ကြိမ်ထက်တစ်ကြိမ် ဆက်ကာဆက်ကာ များသထက်များလာအောင် အားထုတ်ကြရပေသည်။ နားလည်အောင် ပြောရလျှင် ဟိုဟိုသည်သည် ကျင်လည်ကျက်စားနေသောစိတ်ကို ကမ္မဋ္ဌာန်း အာရုံတစ်ခုခုဖြင့် ချည်နှောင်ပူးကပ်၍ ထိုကမ္မဋ္ဌာန်းအာရုံမှ လွတ်ထွက်မသွားအောင် လေ့ကျင့်ပေးခြင်းကိုပင် ကမ္မဋ္ဌာန်း အားထုတ်သည်ဟုဆိုရလေသည်။ ထိုတွင် စိတ်ဟူသည်ကား ဖြစ်မှု ပျက်မှု အလွန်မြန်လွန်းလှလေရကားစိတ်တစ်ခုပြီး နောက်စိတ်တစ်ခု ၊ နောက်စိတ်တစ်ခုပြီး နောက်ထပ်စိတ်တစ်ခု အသစ်အသစ် ဖြစ်ဖြစ်လာလေသမျှသောစိတ်များစွာကို ကမ္မဋ္ဌာန်းအာရုံတစ်ခုတည်း၌သာ ကြိမ်ရေများစွာ ဖြစ်ပွါးလာအောင် ပွါးများအားထုတ်ရယူခြင်းကို ကမ္မဋ္ဌာန်းဘာဝနာရှုပွါးသည်ဟု ခေါ်ဆိုရလေသည်။

 ဂုဏ်တော်ပွါးခြင်းဥပမာ ဤတွင် မိမိစိတ်ကို ကမ္မဋ္ဌာန်းအာရုံတစ်ခုခုတွင်တင်၍ ကြိမ်ရေများစွာရအောင်မည်သို့ပွါးများယူရသည်ကို နားလည်အောင် ရှင်းပြသင့်ပြီဖြစ်ပါသည်။ အများပြောနေကျ “ဂုဏ်တော်ပွါးသည်”ဟူသော စကားရပ်ကို မှီခို၍ အနည်းငယ်ရှင်းလင်းပါမည်။ ဂုဏ်တော်ပွါးသည်ဟူရာ၌ ဂုဏ်တော်ဟူသည်ကားဗုဒ္ဓ၏ အရဟံစသော ဂုဏ်တော်များကို ရည်ညွှန်းပါသည်။ ထိုတွင် ‘အရဟံ’ ဟူသောဂုဏ်တော်နှင့်ကပ်၍ မိမိစိတ်ကို ပွါးများရယူရန်မှာဘုရားရှင်၏ ပူဇော်အထူးကို ခံယူတော်မူထိုက်ပုံ၊ ကိလေသာရန်သူကို ပယ်သတ်တော်မူပြီးပုံ၊ဆိတ်ကွယ်ရာအရပ်၌သော်မှ မကောင်းမှုကို ပြုတော်မမူပုံတို့ကို အာရုံပြု၍ ‘အရဟံ…၊ အရဟံ…၊ အရဟံ….၊ အရဟံ….၊ အရဟံ….’ စသည်ဖြင့် စိတ်ထဲက သိမှတ်ပေးရမည် ဖြစ်ပါသည်။

 ယခုဆိုလျှင်အရဟံဂုဏ်တော်အာရုံဖြင့်ပြီးသောစိတ်ပေါင်း ငါးခုကို ဖြစ်ပွါးစေခဲ့ကြပြီဖြစ်ပါသည်။ တနည်းအားဖြင့်အရဟံဂုဏ်တော်တည်းဟူသော ကမ္မဋ္ဌာန်းအာရုံ၌ မိမိစိတ်ကို တစ်ကြိမ်ထက်တစ်ကြိ်မ် များသထက်များလာအောင်ပွါးများအားထုတ်ခဲ့ကြသည်မှာ ငါးကြိမ်တိုင်ပြည့်မြောက်ခဲ့ပြီဖြစ်၍ အရဟံဂုဏ်တော်ဖြင့် ထုံမွှမ်းထားသော(သို့မဟုတ်) အရဟံဂုဏ်တော်၌ကပ်၍ လေ့ကျင့်ထားအပ်သော စိတ်ပေါင်း ငါးခုကို ပွါးများရယူနိုင်ခဲ့ကြပြီဖြစ်ပါသည်။ ထိုကဲ့သို့သော အရဟံဂုဏ်တော်ဖြင့် ထုံမွှမ်းထားသော စိတ်ပေါင်းတစ်ကြိမ်မှ နှစ်ကြိမ်၊ အကြိမ် ရာထောင်သောင်းသိန်း စသည်အားဖြင့် များသထက် များလာအောင်အားထုတ်ရယူခြင်းကို ဂုဏ်တော်ပွါးသည်ဟု ခေါ်ဆိုရလေသည်။ ၎င်းကိုပင် ဗုဒ္ဓါနုဿတိဘာဝနာရှုပွါးသည်ဟုခေါ်ဆိုရလေသည်။ ထို့ကြောင့် ဘာဝနာဆိုတာ ဘာကိုပွါးပါလိမ့် ဟု တစ်စုံတစ်ယောက်က မေးလာသော်“ကမ္မဋ္ဌာန်းအာရုံ တစ်ခုခုဖြင့် ထုံမွှမ်းထားသော မိမိစိတ်ကို တစ်ကြိမ်ထက်တစ်ကြိမ် များသထက်များလာအောင်ပွါးရပါသည်” ဟု ဖြေဆိုလိမ့်မည်ဖြစ်ပါကြောင်း…။

 မှတ်ချက်။ ။ ဤဆောင်းပါး၌အပ္ပနာသို့မရောက်မီ ကာမကုသိုလ် ဘာဝနာပွါးပုံကိုသာ သိသာနိုင်ရုံမျှ ရေးသားခဲ့ခြင်း ဖြစ်ပါကြောင်းနှင့် နိမိတ်စသည်ကို ပွါးများပုံအကြောင်းများ မပါဝင်သေးပါကြောင်း..။

 မေတ္တာဖြင့်

အရှင်ဝိသာရဒ (ရမ္မာဝတီ)