Thursday, May 31, 2018

"ဖုံးလည်းအုပ်ပါ- ခြစ်လည်းထုတ်ပါ"

"ဖုံးလည်းအုပ်ပါ- ခြစ်လည်းထုတ်ပါ"
 ကိုထူး။ ။ ပြုမှားခဲ့တဲ့ အကုသိုလ်အပြစ်တွေကို ချေဖျက်လို့ ရနိုင်ကောင်းပါသလား ဘုရား။
အရှင်။ ။ ရနိုင်တာလည်းရှိ- မရနိုင်တာလည်းရှိတယ်။ ပဥ္စာနန္တရိယကံကြီးငါးပါး (အမေကိုသတ်တဲ့ကံ၊ အဖေကိုသတ်တဲ့ကံ၊ ရဟန္တာကိုသတ်တဲ့ကံ၊ ဘုရားကိုသွေးစိမ်းတည်အောင် ပြုတဲ့ကံ၊ သံဃာကိုသင်းခွဲတဲ့ကံ) ကတော့ ကျူးလွန်မိရင် ချေဖျက်လို့မရနိုင်တော့တဲ့ ကံတွေပဲ။ ကျန်တဲ့ကံတွေကတော့ ချေဖျက် ရင် ကျေပျက်နိုင်ပါတယ်။
ကိုထူး။ ။ ဘယ်လိုချေဖျက်ရမှာပါလဲ ဘုရား။
အရှင်။ ။ ကိုယ့်ကိုယ်ကို အိုးမဲတွေ လိမ်းကျံမိတဲ့သူတစ်ယောက်ဟာ ဒီအိုးမဲတွေအလူးလူးနဲ့ ဖြစ်နေတာကို လူတွေမြင်မှာရှက်ကြောက်လာတဲ့အခါ အိုးမဲတွေပျောက်သွားအောင် ဘယ်လိုလုပ်မလဲ။
ကိုထူး။ ။ အပေါ်ကနေ သနပ်ခါး လိမ်းလိုက်ပါမယ်ဘုရား။
အရှင်။ ။ အဲဒီသနပ်ခါး ကွာကျသွားရင်ရော..။
 ကိုထူး။ ။ သနပ်ခါးကွာကျသွားရင်တော့ အိုးမဲတွေ ပြန်ပေါ်လာမှာပေါ့ဘုရား။
အရှင်။ ။ ဒါဆိုရင်.. သနပ်ခါးနဲ့ ဖုံးအုပ်တဲ့နည်းက ခနတဖြုတ်တော့ ဖုံးလွှမ်းရာရစေနိုင်ပေမယ့်၊ လုံးဝစိတ်ချရတဲ့နည်းတော့ မဟုတ်သေးဘူးပေါ့။
 ကိုထူး။ ။ တင်ပါ့၊ လုံးဝပြန်မပေါ်လာအောင်ဆိုရင်တော့ ခြစ်ထုတ်ပြီး ရေဆေးပစ်လိုက်ရမှာပေါ့ ဘုရား။ အရှင်။ ။ ဟန်ကျပြီ။ ဒါဖြင့် အိုးမဲဆိုတာက အကုသိုလ်ကံတွေပေါ့။
ကိုထူး။ ။ မှန်ပါ့။
အရှင်။ ။ သနပ်ခါးဆိုတာက ဒါနကုသိုလ်၊ သီလကုသိုလ်၊ သမထကုသိုလ်ကံတွေပေါ့။
ကိုထူး။ ။ မှန်ပါ့။
အရှင်။ ။ ဒါဆို အကုသိုလ်ကံတွေတော့ ရှိပါရဲ့၊ သို့သော် သတိတရားရပြီး ကုသိုလ်ကံတွေနဲ့ ဖုံးအုပ်ထားနိုင်လိုက်တဲ့အခါကျတော့ လူ့ပြည် နတ်ပြည် ဗြဟ္မာ့ပြည်ဆိုတဲ့ သုဂတိဘုံတွေ ကိုတော့ ရောက်နိုင်သေးတာပေါ့။ ကိုထူး။ ။ မှန်ပါ့။
အရှင်။ ။ သို့သော်လည်း အဲဒီကုသိုလ်ကံ အရှိန်တွေလည်းကုန်ရော၊ သနပ်ခါးတွေ ကွာကျတော့ အိုးမဲတွေပြန်ပေါ်လာရသလို အကုသိုလ်ကံတွေက အပါယ်ကို ပြန်ပြီးပစ်ချပြန်တာပဲ ကိုထူးရဲ့။
ကိုထူး။ ။ မှန်ပါ့ဘုရား။
အရှင်။ ။ အဲဒီသဘောကို ဝိဘင်းပါဠိတော်၊ ဓမ္မဟဒယဝိဘင်္ဂ၊ ဥပ္ပါဒကကမ္မ အာယုပ္ပမာဏဝါရ မှာ “ဥက္ခိတ္တာ ပုညတေဇေန၊ ကာမရူပဂတိံ ဂတာ။ ဘဝဂ္ဂတမ္ပိ သမ္ပတ္တာ၊ ပုနာဂစ္ဆန္တိ ဒုဂ္ဂတိံ။ တာဝ ဒီဃာယုကာ သတ္တာ၊ စဝန္တိ အာယုသင်္ခယာ။ နတ္ထိ ကောစိ ဘဝေါ နိစ္စော၊ ဣတိ ဝုတ္တံ မဟေသိနာ” ဆိုပြီး ဟောတော်မူထားတယ်။ မြန်မာပြန် အဓိပ္ပါယ်ကတော့.. “ကောင်းမှု ရှိန်စော် အာနုဘော်ဖြင့် မြှောက်တင်အပ်ကုန်သော ပုထုဇဉ်သတ္တဝါ တို့သည်ကာမသုဂတိ ရူပသုဂတိဘုံသို့ လားရကုန်၍ ဘဝဂ်သို့တိုင် ရောက် ကြသော်လည်း တစ်ဖန်မကောင်းသော လားရာ (အပါယ်လေးဘုံ) သို့ ပြန်ရောက်ကြရကုန်၏။ ထိုမျှလောက် အသက်ရှည်သော သတ္တဝါတို့သည်ပင်လျှင် အသက်တမ်းကုန်၍ သေဆုံးရ ကုန်၏၊ မြဲသော ဘဝ အနည်းငယ်မျှ မရှိချေ၊ ဤသို့ မြတ်စွာဘုရား ဟောကြားတော်မူ၏” တဲ့ ကိုထူးရဲ့။
 ကိုထူး။ ။ မှန်ပါ့ဘုရား။
 အရှင်။ ။ တခါ ဆက်ပြီး “တသ္မာ ဟိ ဓီရာ နိပကာ၊ နိပုဏာ အတ္ထစိန္တကာ။ ဇရာမရဏမောက္ခာယ၊ ဘာဝေန္တိ မဂ္ဂမုတ္တမံ။ ဘာဝယိတွာ သုစိံ မဂ္ဂံ၊ နိဗ္ဗာနောဂဓဂါမိနံ။ သဗ္ဗာသဝေ ပရိညာယ၊ ပရိနိဗ္ဗန္တိ အနာသဝါတိ။” ဆိုပြီး ဟောတော်မူပြန်တယ် ။ မြန်မာပြန်အဓိပ္ပါယ်က.. “ထို့ကြောင့်ပင်လျှင် ရင့်ကျက်သော ပညာရှိကုန်သော သိမ်မွေ့သော ပညာရှိ ကုန်သော အကျိုးစီးပွါးကိုကြံစည်တတ်ကုန်သော ပညာရှင်တို့သည် အိုမှု သေမှု လွတ်ရန် မြတ်သော မဂ်ကို ပွါးများကြကုန်၏။ နက်ရှိုင်းသော နိဗ္ဗာန်သို့ ရောက်ကြောင်းဖြစ်သော စင်ကြယ်သော မဂ်ကို ပွါးများ၍ အာသဝအလုံးစုံတို့ကို ပိုင်းခြားသိလျက် အာသဝမရှိကုန်ဘဲ ဒုက္ခ ခပ်သိမ်း ငြိမ်းကြကုန်၏” တဲ့ ကိုထူးရဲ့။
ကိုထူး။ ။ မှန်ပါဘုရား။
 အရှင်။ ။ ဆိုတော့.. ပြုခဲ့ပြီးသော အကုသိုလ်တွေ ကျေပျောက်အောင် ဒါန, သီလ, သမထကုသိုလ်ကံတွေကို ပွါးများအားထုတ်တယ် ဆိုရင် အဲဒါကို ဖုံးအုပ်တဲ့နည်းလို့မှတ်၊ ပြုခဲ့ပြီးသော အကုသိုလ်တွေ ကျေပျောက်အောင် မဂ်ဖိုလ်ဆိုက်သည်အထိ ပွါးများအားထုတ်ရင် အဲဒါကို ခြစ်ထုတ်တဲ့နည်း လို့ မှတ်ပေတော့။
ကိုထူး။ ။ ရှင်းပါပြီဘုရား။
 အရှင်။ ။ ဒီနေရာမှာ တစ်ချို့က ဝိပဿနာမှ ဝိပဿနာဆိုပြီး၊ ဒါန, သီလ, သမထဆိုတာတွေကို ပစ်ပယ်ဖို့ ကြိုးစားလာတတ်ကြတယ်။ တကယ်တော့ အဲဒါဟာ အယူချော်သွားတာ တစ်မျိုးပါပဲ။
ကိုထူး။ ။ မှန်ပါ။ ဒီတစ်ဘဝတည်းနဲ့အပြီး တကယ်ကြီး ကျွတ်နိုင်လွတ်နိုင်မယ် ဆိုရင်တော့ တစ်မျိုးပေါ့ဘုရား။ အရှင်။ ။ မှန်တယ်။ တကယ်တန်းမှာ မဂ်ဖိုလ်ရဖို့အတွက်ဆိုရင် ဒါနတစ်ခုတည်း၊ သီလတစ်ခုတည်းနဲ့လည်း မဖြစ်နိုင်သလို၊ တစ်ခုတည်းဆိုရင် ဘာဝနာတစ်ခုတည်းနဲ့လည်း မဖြစ်နိုင်ပေဘူး ကိုထူးရဲ့။
ကိုထူး။ ။ နိဗ္ဗာန်ရဖို့အရေးမှာ ဘာဝနာတစ်ခုတည်းနဲ့လည်း မဖြစ်နိုင်ဘူးဆိုတာ ဟုတ်ပါရဲ့လားဘုရား။ နည်းနည်းများ ဆန်းနေသလားလို့။
အရှင်။ ။ တိပိဋကဆရာတော်ဘုရားကြီးက မဟာဗုဒ္ဓဝင် မှာ ဒီလိုရှင်းပြတော်မူခဲ့တယ် ကိုထူးရဲ့.. ၊ ရော့.. ရော့.. ဒီစာမျက်မှာ (စဲ နဲ့ စော) ကို ဖတ်စမ်း။
ကိုထူး။ ။ “အချို့ကလည်း _ ဒါနတခုတည်းနှင့် နိဗ္ဗာန်သို့ ရောက်နိုင်ပါမည်လောဟု မေးလေ့မေးထ ရှိကြ၏။ တစ်ခုတည်းသာဆိုလျှင် ဒါနဖြင့်လည်း နိဗ္ဗာန် မရောက်နိုင်၊ သီလဖြင့်လည်း နိဗ္ဗာန် မရောက်နိုင်၊ ဘာဝနာဖြင့်လည်း နိဗ္ဗာန် မရောက်နိုင်ဟူ၍ ဖြေရပေမည်။ အကြောင်းကိုဆိုသော်… “ဒါနတစ်ခုတည်း” ဟု ဆိုရာမှာ သီလနှင့်ဘာဝနာ မပါဟု အဓိပ္ပါယ် ယူရသကဲ့သို့၊ “ဘာဝနာတစ်ခုတည်း”ဟု ဆိုလိုက်လျှင်လည်း ဒါနနှင့်သီလ မပါဟူ၍ အဓိပ္ပါယ် ယူရမည် ဖြစ်၏။ သီလမပါလျှင် ဒုစရိုက်မှုတွေကို ပြုကျင့်နေသော ဒုစရိုက်တုံး ဒုစရိုက်ကောင်ကြီးသာ ဖြစ်၏။ ထိုဒုစရိုက်တုံးကြီးသည် မည်သို့ပင် ဘာဝနာတရား ပွါးများစေကာမူ … “အလွန်ကောင်းလှစွာသော မျိုးစေ့ကို ရဲရဲတောက်နေသော သံခဲကြီးပေါ်မှာ တင်လိုက်လျှင် အညွန့်အညှောက် မထွက်နိုင်ပဲ ခဏအတွင်း ပြာကျသွားသကဲ့သို့၊ ဒုစရိုက်တုံး ဒုစရိုက်ကောင်ကြီး ပွါးများအပ်သော ဘာဝနာသည်လည်း ဘာဝနာအဖြစ်သို့မရောက် ချက်ချင်းပင် ဘာဝနာသဘော ပျက်စီးသွားမည်သာ ဖြစ်၏။” သို့ဖြစ်၍ “တခုတည်း”ဟူသော စကားကို ဒါနမှာ ထည့်သွင်း၍ မေးမြန်းခြင်းသည် မသင့်လျော်သော မေးမြန်းခြင်းသာ ဖြစ်သည်ဟု မှတ်ယူအပ်၏။” ပါတဲ့ ဘုရား..။
အရှင်။ ။ ကဲ.. ရှင်းပြီလား။
ကိုထူး။ ။ မှန်ပါ့။ ဒါဆို တပည့်တော်တို့အနေနဲ့က ပြုခဲ့ပြီးသား အကုသိုလ်တွေကို ချေဖျက်တဲ့အခါ ဖုံးအုပ်တဲ့နည်းလမ်း (ဒါန သီလ သမထ) ကိုရော ၊ ခြစ်ထုတ်တဲ့နည်းလမ်း (ဝိပဿနာ) ကိုရော အသုံးပြုရမှာပေါ့ဘုရား။ အရှင်။ ။ အဲသလိုပဲ ဖြစ်သင့်တာပေါ့ ကိုထူးရဲ့။ သမ္မပ္ပဓာနတရားလေးပါးကို ကြည့်ပါ။ (၁) မဖြစ်သေးတဲ့ အကုသိုလ်တွေကို မဖြစ်အောင်။ (၂) ဖြစ်ပြီးသား အကုသိုလ်တွေကို ပယ်နိုင်အောင်။ (၃) မဖြစ်သေးတဲ့ ကုသိုလ်တွေကို ဖြစ်လာအောင်။ (၄) ဖြစ်ပြီးသားကုသိုလ်တွေကို တိုးပွါးလာအောင်.. ကြိုးစားကြရမတဲ့ ကိုထူးရဲ့၊ ဆိုတော့.. အကုသိုလ်ကံတွေကို ချေဖျက်နိုင်ဖို့အတွက်သာဆိုရင် နည်းစုံသုံးကြရမှာပဲပေါ့။
 ကိုထူး။ ။ မှန်ပါ့။ ဒါဆို ဆရာတော့် ဥပမာကိုပဲ နည်းနည်း စောဒက တက်ပါရစေဘုရား။ အောက်မှာ အိုးမဲ၊ သူ့အပေါ်က သနပ်ခါး၊ တစ်ခါ ယောင်မှားပြီး ကိုယ့်ဘာသာ လိမ်းမိပြန်တာက အိုးမဲ၊ အဲဒါကို ဖုံးအုပ်ချင်ပြန်တော့ သနပ်ခါး၊ ဒီလိုနဲ့ အိုးမဲတစ်ထပ်၊ သနပ်ခါးတစ်ထပ်၊ တစ်ခါ တစ်ခါများ အိုးမဲချည်းပဲ အထပ်ထပ်၊ ပြီးမှ သနပ်ခါးတစ်ထပ်၊ ဒီလို ဖြစ်နေတာပါဘုရား။
 အရှင်။ ။ ဟုတ်တယ်၊ ဒါကြောင့်လည်း ကောင်းကျိုးပေးလိုက်၊ မကောင်းကျိုးပေးလိုက်၊ တစ်ခါတစ်ခါ မကောင်းကျိုးတွေ ဆက်တိုက်ပေးလိုက်၊ ကောင်းကျိုးကလေးတစ်ခု ပေးလာပြန်လိုက်၊ အဲသလို ဖြစ်နေကြတာပေါ့။ ကဲ.. ဆက်စမ်းပါဦး။
ကိုထူး။ ။ မှန်ပါ့၊ အဲသလိုအနေအထားမှာ အထဲက အိုးမဲတွေကို ခြစ်ထုတ်ဆေးကြော လိုက်မယ်ဆိုရင် အပေါ်ကဖုံးအုပ်ထားတဲ့ သနပ်ခါးတွေပါ ပါကုန်မှာပေါ့ဘုရား။
အရှင်။ ။ ဟုတ်တယ်၊ အဲသလိုပါကုန်မယ်လေ။ ဒါပေမယ့် အဲဒါမျိုးက အရဟတ္တမဂ် အဆင့်ရောက်မှ ဖြစ်တဲ့သဘောပါ။ အဲသလို အကုသိုလ် (အိုးမဲ)၊ ကုသိုလ် (သနပ်ခါး) တွေကို အကုန်ခြစ်ထုတ်ပယ်ခွါ လိုက်နိုင်ပြီဆိုတဲ့အခါကျတော့ အကုသိုလ်ကံ- ကုသိုလ်ကံတွေရယ်လို့ မရှိတော့ဘူး၊ အသစ်အသစ် ထပ်ပြုသမျှသည်လည်း (ကံမဟုတ်တော့ဘဲ) ကြိယာလို့ပဲ ပြောကြရတော့တယ်။ အဲဒါ ရဟန္တာအဆင့်မှာမှ ဖြစ်တဲ့သဘောပါ။ အဲဒီမှာ အကုသိုလ်ကံတွေကို ရှင်းပလိုက်နိုင်တဲ့အတွက် အပါယ်ကိုရောက်စရာလည်း မရှိတော့ဘူး၊ ကုသိုလ်ကံတွေကို ရှင်းပလိုက်နိုင်တဲ့အတွက် သုဂတိဘုံတွေကို ရောက်စရာလည်း မရှိတော့ဘူး။ တကယ်က အပါယ်ဘုံတွေမှာသာ ဒုက္ခရှိတာ မဟုတ်ဘူး၊ သုဂတိဘုံတွေမှာရော အိုဘေး-နာဘေး- သေဘေး- အမွဲဘေး- အငတ်ဘေး- အကွဲဘေးစတဲ့ ဒုက္ခတွေရှိတာပါပဲ။
ကိုထူး။   ။ မှန်ပါဘုရား။
အရှင်။ ။နားလည်အောင် ထပ်ပြောရရင် လူသာမန်တွေအမြင်မှာ သနပ်ခါးဆိုတာ အိုးမဲနဲ့စာရင် ကြည့်ပျော်ရှုပျော် ရှိတယ်လို့ ပြောလို့ရပေမယ့်၊ တကယ့် ကျင့်ကြံအားထုတ်နေတဲ့ သူတော်ကောင်းတွေရဲ့ အမြင်မှာတော့ သနပ်ခါးကလေး အဖွေးသားနဲ့ ဆိုရင်ကိုပဲ ရှက်စရာလို့ ထင်မိတတ်ကြတာမျိုးပေါ့ ကိုထူးရဲ့။
ကိုထူး။ ။ သဘောပေါက်ပါပြီဘုရား။
 အရှင်။ ။ ဆိုတော့ ပြုမှားခဲ့တဲ့ အကုသိုလ်ကံ (အိုးမဲ) တွေကို ချေဖျက်ဖို့ဆိုရာမှာ သောတာပတ္တိမဂ်ကုသိုလ် ဆိုတဲ့ ရေစင်ရေအေးနဲ့ မခြစ်ထုတ် မဆေးကြောနိုင်သေးခင်၊ အခြား ဒါန သီလ သထမ ဆိုတဲ့ ကုသိုလ် သနပ်ခါးတွေနဲ့ ဖုံးအုပ်ထားနိုင်အောင်တော့ ကြိုးစားကြရမှာပေါ့ ကိုထူးရဲ့။
ကိုထူး။ ။ မှန်ပါ့ဘုရား။
အရှင်။ ။ ဒီဘဝမှာတင် အပြီး ခြစ်ထုတ်နိုင်ခဲ့ရင်တော့ အတိုင်းအထက်အလွန်ကောင်းတာပေါ့။ သို့သော် အဲသလိုလည်း မဖြစ်နိုင်ခဲ့ဘူးဆိုရင်တော့ သုဂတိဘုံဘဝတစ်ခုခုကိုတော့ အနည်းဆုံးရမှ ဖြစ်မယ် ကိုထူးရဲ့၊ အဲဒီမှာ ဆက်ပြီး အကုသိုလ်ကံတွေကို ခြစ်ထုတ်ဖို့အခွင့်ရနိုင်တာပေါ့။
ကိုထူး။ ။ မှန်ပါတယ်ဘုရား။
အရှင်။ ။ တကယ်တော့ ပုထုဇဉ်မှန်ရင် အကုသိုလ်ကံကို အနည်းနဲ့အများ မကျူးလွန်ခဲ့ဖူးသူရယ်လို့ လောကမှာ မရှိနိုင်ပေဘူး။ ကိုယ်မှားခဲ့တာကို မှားမှန်းသိပြီး ချေဖျက်နိုင်ဖို့ ကြိုးစားရကောင်းမှန်းသိရင်ကိုပဲ အတော်ကြီး ဟုတ်နေပြီ။ တကယ်လည်းကြိုးစားတယ်ဆိုရင်တော့ အတိုင်းထက်အလွန်ပေါ့။
 ကိုထူး။ ။ မှန်ပါဘုရား။
အရှင်။ ။ အဲဒါကို ပဋ္ဌာန်းပါဠိတော်ကြီးမှာ.. “ပါဏံ ဟန္တွာ တဿ ပဋိဃာတတ္တာယ ဒါနံ ဒေတိ၊ သီလံ သမာဒိယတိ၊ ဥပေါသထကမ္မံ ကရောတိ၊ စျာနံ ဥပ္ပါဒေတိ၊ ဝိပဿနံ ဥပ္ပါဒေတိ၊ မဂ္ဂံ ဥပ္ပါဒေတိ၊ အဘိညံ ဥပ္ပါဒေတိ၊ သမာပတ္တိံ ဥပ္ပါဒေတိ” စသည်ဖြင့် ဟောတော်မူထားတယ်။ အဓိပ္ပါယ်က “သူတစ်ပါး အသက်ကို သတ်ဖြတ်မှားမိပြီး ထိုအပြစ်တွေ ပျောက်ကင်းစေခြင်းငှါ အလှူပေး၏၊ သီလဆောက်တည်၏၊ ဥပုသ်ဆောက်တည်ကျင့်သုံး၏၊ သမထစျာန်ကို ဖြစ်စေ၏၊ ဝိပဿနာဉာဏ်ကို ဖြစ်စေ၏၊ မဂ်ဉာဏ်ကိုဖြစ်စေ၏၊ အဘိညာဏ်ကို ဖြစ်စေ၏၊ သမာပတ်ကို ဖြစ်စေ၏” လို့ ဆိုလိုတယ်။ ဥပမာပေးရရင် အရှင်အင်္ဂုလိမာလ မထေရ်တို့လိုပေါ့။
ကိုထူး။ ။ မှန်ပါဘုရား။
အရှင်။ ။ အင်း.. အဲဒါတင်မကသေးဘူး၊ သူ့ဥစ္စာကို ခိုးခြင်း၊ လိမ်လည်ခြင်း၊ ကုန်းတိုက်ခြင်း၊ ဆဲဆိုခြင်း၊ အကျိုးမဲ့စကားကို ဆိုခြင်း၊ သူ့ပိုင်နက်နယ်စပ်ကို ချိုးဖျက်ခြင်း၊ ပုန်းအောင်း၍ ဓားပြတိုက်ခြင်း၊ အိမ်တွင်းသို့ဝင်၍ ဓားပြတိုက်ခြင်း၊ လမ်းခရီး၌ ဓားပြ တိုက်ခြင်း၊ သူ့သားမယားကို ကျူးလွန်ခြင်း၊ ရွာကိုဓားပြတိုက်ခြင်း၊ မြို့ကို ဓားပြတိုက်ခြင်း စတဲ့ အကုသိုလ်ကံဆိုးတွေကို ပြုကျင့်မိပြီး အဲဒီအပြစ်တွေကို ချေဖျက်ဖို့အတွက် ဒါနပြု၊ သီလဆောက်တည်၊ သမထစျာန်ကို ရအောင်အားထုတ်၊ ဝိပဿနာဉာဏ်ရင့်သန်အောင်အားထုတ်၊ မဂ်ဉာဏ်ကိုရအောင်အားထုတ်၊ အဘိညာဏ်ကို ရအောင်အားထုတ်၊ သမာပတ်ကို ရအောင်အားထုတ် တာမျိုးတွေလည်း ရှိတဲ့အကြောင်း ပဋ္ဌာန်းပါဠိတော်ကြီးမှာ ဟောတော်မူထားပါသေးတယ်။
ကိုထူး။ ။ မှန်ပါ့ဘုရား။
အရှင်။ ။ တကယ်တော့ ဒါတွေဟာ ပြုခဲ့မှားတဲ့ အကုသိုလ်ကံတွေကို ချေဖျက်ဖို့ ကြိုးစားကြတာချည်းပါပဲ။ ဒါကြောင့် အပေါ်ကဖုုံးအုပ်တာမျိုးကိုလည်း အထင်မသေးရ၊ အဲဒါနဲ့တင်လည်း ကျေနပ် မနေရ၊ ခြစ်ထုတ်နိုင်ဖို့ပါ ကြိုးစားကြရမှာပါပဲ ကိုထူးရဲ့။
ကိုထူး။ ။ ကျေးဇူးကြီးလှပါတယ်ဘုရား။ ရှင်းရှင်းလင်းလင်း သဘောပေါက်ပါပြီ။ ပြုမှားခဲ့တဲ့ အကုသိုလ်ကံတွေကို ဒါနသီလသမထကုသိုလ်ကံတွေနဲ့ ဖုံးအုပ်နိုင်အောင်လည်း ကြိုးစားပါ့မယ်ဘုရား၊ ဝိပဿနာဉာဏ်ကနေ မဂ်ဉာဏ်ကိုဖြစ်စေပြီး ခြစ်ထုတ်နိုင်အောင်လည်း ကြိုးစားပါတော့မယ်ဘုရား။

မေတ္တာဖြင့် အရှင်ဝိသာရဒ (ရမ္မာဝတီ)