မောင်းထောင်မြေဇင်းနည်းမိတ်ဆက်
မောင်းထောင်မြေဇင်းနည်း အလင်းနိမိတ် အမြင်များနှင့်ပတ်သက်၍ (ဖတ်လွယ်အောင် ပုံစံအသစ် ပြောင်းရေးထားပါသည်) အမှာစကားကြိုတင် ရေးသားလိုပါသည်။ ယခုဆောင်းပါး၌ မေးထားသော ပုစ္ဆာများမှာ မြေဇင်းရိပ်သာ ရက်ခြောက်ဆယ် တရားစခန်းတစ်ခုမှ ထွက်လာသော မြေဇင်းယောဂီဟောင်း ဒကာမတစ်ဦး ၏ မေးမြန်းချက် များဖြစ်ပြီး၊ အဖြေများမှာ သမထ-ဝိပဿနာ ဘာဝနာကို အားထုတ်နေကြသူ ယောဂီများ အတွက် အထောက်အကူတစ်ခု ဖြစ်နိုင်ကောင်းသည် ဟုယူဆမိ၍ စာရေးသူ ကိုယ်တိုင် ဖြေဆိုထားခဲ့ သည်များဖြစ်ပါသည်။ ဤမေးခွန်းများကို ဖြေကြားရာ၌ မိမိဉာဏ်မှီသမျှ စာပေများနှင့် မိမိ၏ အတွေ့အကြုံများ ၊ လေ့လာမှုများကို အားကိုးပြု၍ ရိုးသားစွာ ဖြေကြားပေးထားပါသည်။ ယခင်တင်ထားခဲ့သော အမေးအဖြေများမှာ အမေးက တစ်နေရာ၊ အဖြေကတစ်နေရာဖြစ်၍ အတန်ငယ်ကြည့်ရှုရခက်သောကြောင့် ၊ ယခုကဲ့သို့ အမေးတစ်ခု အဖြေတစ်ခုပုံစံ ပြန်လည်ရေးသား လိုက်ခြင်းသာဖြစ်ပြီး အနှစ်သာရပိုင်းမှာ မူလအတိုင်းပင် ရှိပါကြောင်း သိစေအပ်ပါသည်။ ပညာ့ရှင်များကို ပန်ကြားတောင်းပန်လိုသည်မှာ ဤအမေးအဖြေများသည် ပဋိပတ်နယ်ပယ်မှ အမေးအဖြေများဖြစ်၍ ပရိယတ်စံပေတံဖြင့် ချိန်ကိုက်သည့်အခါ ချွတ်ချော်မှုများတွေ့မြင်တော်မူကြ ပါမူ.. ဖြေဆိုသူ၏အကျိုး၊ ဖတ်ရှုမှတ်သားကြမည့် ယောဂီ သူတော်ကောင်းများ၏ အကျိုးကို ရှုငဲ့သောအားဖြင့် အမှန်ပြင်ဆင် ပေးတော်မူကြပါရန် ကျိုးနွံသော စိတ်ထားဖြင့် ဖိတ်မန်ကြားရ ပါကြောင်း.....။ အရှင်ဝိသာရဒ (ရမ္မာဝတီ) .................................................................................
အမေး (၁)။ ။ အရှင်ဘုရား၊ တပည့်တော် မရှင်းတာတွေ ၊ ဉာဏ်မမီတာတွေပါ ဘုရား၊ ကပ်ကပ်သပ်သပ် မေးတယ်လို့တော့ မထင်စေချင်ပါဘုရား..။ နိမိတ်နဲ့ဘုရားဖူးတဲ့အခါ မြင်ရတဲ့ ပုံရိပ်တွေက ပညတ်ပုံရိပ်တွေလား။
အဖြေ (၁) ။ ။ မှန်ပါတယ်။ ပညတ်ပုံရိပ်တွေပါ။
အမေး (၂) ။ ။ အဘိဓမ္မာ ရှု ထောင့်ကနေ ပြောရင် ဘာ နဲ့ဘာနဲ့ တိုက်တာလို့ ပြောနိုင်မလဲ။
အဖြေ (၂) ။ ။ ဓမ္မာရုံနဲ့ မနောဒွါရ တိုက်တာပါ။
အမေး (၃) ။ ။ “တာဝတိ ံသာတို့၊ ငရဲပြည်တို့” လို ကိုယ် မသိတဲ့၊ ဒီဘဝ မှာ မရောက်ဘူးသေးတဲ့ နေရာက ပုံရိပ်တွေကို ဘယ်လို အာရုံပြုတာလဲ။
အဖြေ (၃)။ ။ ဒီဘဝမှာ တစ်ခါမှ မမြင်ဖူး၊ မရောက်ဖူးသေးတဲ့ နေရာတွေ ဖြစ်တဲ့အတွက် အသစ်အသစ်သော အာရုံအသစ်အဆန်းတွေကို အာရုံပြုသလိုပဲ အာရုံပြုပါတယ်။ နားလည်အောင်.. ဥပမာလေး ပေးပါ့မယ်..။ ဒကာမအနေနဲ့ ဘဝမှာ တစ်ခါမှ မရောက်ဖူးတဲ့ နေရာအသစ်အဆန်းမျိုးတွေကို သွားလာဖူးမှာပါ ( ဥပမာ.. ကိုယ်တစ်ခါမှ မရောက်ဖူးတဲ့ ရန်ကုန်- မန္တလေးစတဲ့ တစ်မြို့မြို့ကို) သွားရင် ပထမအခေါက်မှာ လမ်းတွေ၊ အဆောက်အဦးအနေအထားတွေဟာ ဒကာမအတွက် အသစ်အဆန်းတွေချည်း ဖြစ်နေပါလိမ့်မယ်။ မြို့ထဲကို တစ်ယောက်ထဲ လျှောက်လည်ကြည့်ရင် … တို့မြို့နဲ့လည်း မတူဘူးလို့ ထင်ကောင်းထင်ပါလိမ့်မယ်။ ဟုတ်မှ ဟုတ်ရဲ့လား (ဒါမှမဟုတ်) ဟုတ်လှချည်လား လို့လည်း ထင်ကောင်းထင်တတ်ပါတယ်။ ခရီးလမ်းကိုလည်း မကျွမ်းကျင်တဲ့အတွက်.. စမ်းတဝါးဝါး စိုးတထိတ်ထိတ်နဲ့ သွားလာမိပါလိမ့်မယ်။ သို့သော် အဲဒီမြို့မှာပဲ အနေကြာသွားလို့ ရှိရင်ဖြင့် နောက်အခေါက်တွေမှာ လမ်းတွေကို လည်း မှတ်မိလာ၊ အိမ်တွေကိုလည်း မှတ်မိလာတဲ့အတွက် နေသားကျသွားမှာ ဖြစ်ပါတယ်..။ အဲသလိုပါပဲ… ဘဝမှာ တစ်ခါမှ မရဖူးတဲ့ အသိဉာဏ်စွမ်းအား (အလင်းနိမိတ်တွေကြောင့်) တစ်ခါ မှ အာရုံမပြုဖူးတဲ့ တာဝတိ ံသာတို့၊ ငရဲပြည်တို့ကို အာရုံပြုရတဲ့အခါ အစပိုင်းမှာ ခက်ခဲတတ်ပါတယ်။ မြင်ကွင်းတွေ ရှင်းရှင်းလင်းလင်း ရှိချင်မှ ရှိတတ်ပါတယ်။ သို့သော် တစ်ကြိမ်ထက် တစ်ကြိမ် မြင်ကွင်းတွေ ပီပြင်လာတတ်ကြပါတယ်။ ဒီနေရာမှာ သံသယဖြစ်တတ်တာလေးတွေကို နည်းနည်းဖြည့်စွက်ပါရစေဦး.. အပြင်လောကမှာပင်.. ကိုယ်တစ်ခါမှ မရောက်ဖူးတဲ့ နေရာကို သွားတော့မယ် ဆိုရင် ရောက်ပေါက်ဖူးသူများကို မေးမြန်းပြီးမှ ကိုယ်သွားမယ့် ဒေသရဲ့ အနေအထားကို ကြိုတင်မြင်ယောင် မှန်းဆကြည့်ပြီးမှ သွားလာတတ်ကြတာပါ။ အဲသည်လို (ဦးဖြူက ပြောလိုက်တယ် ၊ ရှေ့ကလမ်းထောင့်မှာတော့ ဘယ်ဟာ ရှိသတဲ့၊ ညာဘက်ကို ကွေ့လိုက်ရင် ဘယ်အဆောက်အဦးကို တွေ့မတဲ့ စသည်ဖြင့်) ကြိုတင် မြင်ယောင်မှန်းဆမှုမျိုးကို မလိုလားအပ်တဲ့ imagination လို့ ခေါ်နိုင်မလား..။ အကယ်၍ အဲဒါမျိုးကို မလိုလားအပ်တဲ့ imagination လို့ မခေါ်နိုင်ဘူးဆိုရင်.. တစ်ခါမှ မရောက်ဖူးတဲ့ တာဝတိ ံသာတို့၊ ငရဲပြည်တို့လို နေရာမျိုးကို နိမိတ်စွမ်းအားနဲ့ သွားရောက် ကြည့်ရှုကြမယ့် သူတွေအတွက် ရောက်ဖူးမြင်ဖူးထားသူတွေက ဒီလို ဒီလို ရှိပါတယ်ဆိုပြီး လမ်းခင်းပေးတဲ့အပေါ် ပုံဖော်ကြည့်တာကိုရော… မလိုလားအပ်တဲ့ imagination သက်သက်မျှသာ ဖြစ်တယ်လို့ စွပ်စွဲနိုင်ကောင်းပါ့မလား..? ဒီနေရာမှာ ဆိုင်ရာ ဒွါရတွေနဲ့ ဆိုင်ရာ အာရုံအကြောင်းတွေကို လေ့လာသင့်ကြပါတယ်..။ ဒွါရနှင့် အာရုံတရားများ စက္ခုဒွါရမှာဖြစ်တဲ့စိတ် (၄၆)ပါး၊ သောတဒွါရမှာဖြစ်တဲ့စိတ် (၄၆) ပါး စတဲ့ ပဥ္စဒွါရမှာ ဖြစ်တဲ့စိတ်တွေဟာ ပစ္စုပ္ပန် ပဥ္စာရုံ ( အဆင်း၊ အသံ၊ အနံ့၊ အရသာ၊ အတွေ့အထိ) ကိုသာ အသီးသီး အာရုံပြုနိုင်ကြပါတယ်။ မနောဒွါရမှာဖြစ်တဲ့စိတ် (၆၇) ပါးကတော့ ထိုက်သင့်သည့်အားလျော်စွာ ပစ္စပ္ပုန်- အတိတ်- အနာဂတ် အာရုံများအပြင် ကာလသုံးပါးကလွတ်တဲ့ (နိဗ္ဗာန်၊ ပညတ်) အာရုံများကိုပါ မိမိတို့ စွမ်းအားအလျောက် အာရုံပြုနိုင်ကြပါတယ်။
အမေး (၄) ။ ။ ၀ိညာတ ဓမ္မာရုံ ဆိုတာတော့ ကြားဘူးတယ် ဘုရား၊ အတိတ် အာရုံတွေကိုပဲ ပြန်မိတာ မဟုတ်ဘူးလား၊ အနာဂတ်အာရုံတွေ ကတော့ စိတ်ကူးသက်သက်ပဲလား။
အဖြေ (၄) ။ ။ “အနာဂတ်အာရုံတွေကကော စိတ်ကူးသက်သက်ပဲလား” ဆိုတဲ့အမေးကို ဖြေရရင် “အနာဂတ်အာရုံတွေဟာ စိတ်ကူးသက်သက်မျှသာမဟုတ်ပါဘူး” လို့ ဖြေရမှာပါ။ သဂြိင်္ုဟ်ဘာသာဋီကာ ထဲမှာ မနောဒွါရ၌ ထင်နိုင်တဲ့ အာရုံတွေနဲ့ ပတ်သက်ပြီး တောင်မြို့၊ မဟာဂန္ဓာရုံဆရာတော်ကြီးက “မနောဒါွရ၌ လွန်လေပြီးသော အတိတ်ရုပ်နာမ်တရား၊ မဖြစ်သေးသော အနာဂတ်ရုပ်နာမ်တရား ၊ ဖြစ်တုန်းဆဲဆဲဖြစ်သော ပစ္စုပ္ပန် ရုပ်နာမ်တရား (ပဥ္စဒွါရ၌ ထင်လာတတ်သည့် ရူပါရုံစသော အာရုံ(၅)ပါးလည်း ပါဝင်သည်၊) ထင်ရှားမရှိသော ပညတ် အမျိုးမျိုး အလွန်သိမ်မွေ့ နက်နဲသော နိဗ္ဗာန်တရားများလည်း ထင်လာနိုင်ကြသည်” ဟု ရှင်းလင်း ရေးပြတော်မူထားပါတယ်။ [သင်္ဂြိုဟ်ဘာသာဋီကာ- စာ- ၂၄၀] ထိုသို့ထင်လာနိုင်ကြခြင်း၏ အကြောင်းတရားများကိုလည်း “ တွေ့-အကြား၊နှစ်ပါးရယ်နှင့် စပ်၍ကြုံ၊… သဒ္ဓါယုံ- ကိုယ်အကြိုက်ကယ်နှင့်၊ ခြင်းရာကို ကြံကာနှိုက်၊ ကိန်းဆိုက်အာရုံ။ ဉာဏ်အမှု- ကြံရှု၍ နှစ်သက်ပုံ၊ ကံအဟုန်တန်ခိုး၊ …ဓာတ်ခေါဘံ၊ နတ်များငယ်ဆော်ဖန်လို့ ၊ လျော်ကန်တော်မှန် သိတာကြောင့်၊ ဘဝင်မှာ ထင်လာငြိရတယ်၊ ကျမ်းရှိလက်ရိုး။” ရယ်လို့ ဆောင်ပုဒ်လင်္ကာ ရေးစီပြတော်မူခဲ့ပါတယ်။ {ဤလင်္ကာအကျယ်ကို ယောဂီများ ဉာဏ်ရှင်းပါစေခြင်းအကျိုးငှါ ဤဆောင်းပါးအောက်ခြေတွင် ဓာတ်ပုံဖြင့် ဖော်ပြထားပါသည်။} မေးခွန်းမှာပါတဲ့ "ဝိညာတဓမ္မာရုံဆိုတာကတော့ သိအပ်တဲ့တရား (ဓမ္မာရုံ) ကို ခေါ်ဆိုတာပါ။ ဗာဟိရဒါရုစိရိယကို ဟောတော်မူတဲ့ “ဒိဋ္ဌ၊ သုတ၊ မုတ၊ ဝိညာတ” ဆိုတဲ့ အထဲက နောက်ပိတ်ဆုံး လေးခုမြောက်ပါ။ အဲဒီလေးပါးကို ဆိုင်ရာ ဒါွရတွေနဲ့ တွဲပြီး နည်းနည်းလောက် ချဲ့ပြောပါ့မယ်..။ ၁။ ဒိဋ္ဌ = မြင်အပ်သောတရား = ရူပါရုံ ( စက္ခုဒွါရဝီထိ- မနောဒွါရဝီထိ နာမ်တရားအစုက အာရုံပြု) ၂။ သုတ = ကြားအပ်သောတရား = သဒ္ဒါရုံ (သောတဒွါရဝီထိ- မနောဒွါရဝီထိ နာမ်တရားအစုက အာရုံပြု) ၃။ မုတ = တွေ့အပ်သောတရား = ဂန္ဓာရုံ၊ ရသာရုံ၊ ဖောဋ္ဌဗ္ဗာရုံ (ဃာနဒွါရဝီထိ- မနောဒွါရဝီထိ၊ ဇိဝှါဒွါရဝီထိ- မနောဒွါရဝီထိ၊ ကာယဒွါရဝီထိ - မနောဒွါရဝီထိ နာမ်တရားအစုတို့က အစဉ်အတိုင်း ထိုက်သင့်သည့်အားလျော်စွာ အာရုံပြု)။ ၄။ ဝိညာတ = သိအပ်သောတရား = ဓမ္မာရုံ (မနောဒွါရဝီထိနာမ်တရားအစုက အာရုံပြု) ဒီနေရာမှာ မနောဒွါရဝီထိနာမ်တရားအစုဟာ အာရုံခြောက်ပါးလုံးကို အာရုံပြုနိုင်တာကို သတိပြုခဲ့မိမှာပါ။ ပစ္စုပ္ပန် ရူပါရုံကို အာရုံပြုတဲ့ မနောဒွါရဝီထိ နာမ်တရားအစုဆိုတာ အဲဒီရူပါရုံကို အာရုံပြုတဲ့ စက္ခုဒွါရဝီထိ နောက်မှာ ကပ်လိုက်လာတဲ့ မနောဒွါရမှာဖြစ်တဲ့ နာမ်တရားအစု ဖြစ်ပါတယ်။ နိမိတ်နဲ့ ရှုမြင်ရတဲ့ နတ်ပြည်စတဲ့ (ရူပါရုံ မဟုတ်တဲ့) ပညတ်ဓမ္မာရုံတွေကိုကျတော့ စက္ခုဒါွရမှာဖြစ်တဲ့ နာမ်တရားအစုနဲ့ အာရုံပြုတာမဟုတ်ပဲ၊ (စက္ခုဒွါရဝီထိနောက်က ကပ်လိုက်လာတာမဟုတ်တဲ့ ) မနောဒွါရမှာဖြစ်တဲ့ နာမ်တရားအစုက အာရုံပြုတာ ဖြစ်တယ်လို့ သိမှတ်ရမှာဖြစ်ပါတယ်။ အဲဒီလို စက္ခုဒွါရ စတဲ့ အခြားသော ဒွါရတွေနောက်က ကပ်လိုက်လာတာမျိုးမဟုတ်ပဲ၊ ဓမ္မာရုံ ကိုသာ အာရုံပြုတဲ့ မနောဒွါရဝီထိမှာဖြစ်တဲ့ တရားအစုဟာ အတိတ်-ပစ္စုပ္ပန်- အနာဂတ် ကာလ သုံးရပ်လုံးမှာဖြစ်တဲ့ အာရုံကိုသာမက၊ နိဗ္ဗာန်နှင့် ပညတ် ဆိုတဲ့ ကာလသုံးပါးကလွတ်တဲ့ အာရုံတွေကိုလည်း ထိုက်သင့်သည့်အားလျော်စွာ အာရုံ ပြုနိုင်တယ်လို့ မှတ်သားသင့်ပါတယ်။
မေးခွန်း (၅)။ ။ အရှင်ဘုရားတုန်းကကော ဘယ်လို သံသယတွေ ဖြစ်ခဲ့ပြီး၊ ဘယ်လို ဆင်ခြင်ပြီး အမှန်ဉာဏ် ဖြစ်လာသလဲ ဆိုတာလေးပါ ပြောပြပေးပါလား။
အဖြေ (၅)။ ။ ဦးဇင်းတုန်းကလည်း ဒကာမမှာ ဖြစ်တဲ့ သံသယမျိုးတွေ ဖြစ်ခဲ့ပြီး ကံအားလျော်စွာ ရိပ်သာကို ရောက်လာတဲ့ မြေဇင်းယောဂီဟောင်း ဦးမောင်မောင်အေးဆိုတဲ့ ဒကာကြီးက ဦးဇင်းသံသယတွေကို ရှင်းပေးခဲ့ပါတယ်။ .........................................................................................
အတိတ်ဘဝကိုပြန်မြင်ကြပုံနှင့်ပတ်သက်၍
မေးခွန်း (၆) ။ ။ စိတ် ရဲ့ အရာကျယ်ပုံ ကို နည်း နည်းတော့ ရိပ်မိပေမဲ့ ဂဃနဏ သံသယပြေတဲ့ ထိ သိချင်တာပါ ဘုရား..။ ဥပမာ၊ အတိတ်ဘဝ တွေ ပြန်မြင်တာ၊ ဘယ် လို သဘောပါလဲ၊ အဓိက က သမာဓိ ကြောင့် မြင်ရ တာလား၊ ဇာတိဿရ ဉာဏ်ရ တဲ့ သူတွေ နဲ့ ကော ဘယ် လို ကွာပါသလဲ...။
အဖြေ (၆) ။ ။ စိတ်ရဲ့ အရာကျယ်ပုံကို ဂဃနဏ သံသယပြေတဲ့အထိ သိချင်ရင်တော့ အဘိဓမ္မာသဘော ကို ကျကြနဏ ပိုင်ပိုင်နိုင်နိုင်ဖြစ်အောင် သင်ယူရမှာဖြစ်ပါတယ်။ ဒီနည်းနဲ့ အားထုတ်လို့ အတိတ်ဘဝကို ပြန်မြင်ရတာက အတိတ်ဘဝကို အာရုံပြုနိုင်စွမ်းတဲ့ သဒ္ဓါ၊ ဝီရိယ၊ သတိ၊ သမာဓိ၊ ပညာ တို့ကြောင့် ဖြစ်ပါတယ်။ အထူးသဖြင့် ပစ္စယပရိဂ္ဂဟဉာဏ်အဆင့်မှာ ပါရှိတဲ့ ပညာပြဋ္ဌာန်းတဲ့ သဒ္ဓါ၊ ဝီရိယ၊ သတိ၊ သမာဓိတို့ကြောင့် မြင်ရတာလို့ ပြောနိုင်မယ် ထင်ပါတယ်..။ ဇာတိဿရဉာဏ်ကို ရသူတွေဟာ အတိတ်ဘဝက ဘယ်နေရာ ဘယ်ဒေသ၊ ဘယ်အမျိုးအနွယ်မှာ ဘယ်နာမည်နဲ့ ဘယ်လိုလူ ဖြစ်ခဲ့ဖူးတယ်ဆိုတာကို ပြောနိုင်ကြပေမယ့်.. (ဘာဝနာစွမ်းအားနဲ့ မြင်တာ မဟုတ်တဲ့အတွက်) ဘာကြောင့် ဒီဘဝမှာ ဒီလို လာဖြစ်ရတယ်ဆိုတာကို အတိတ်ဘဝက စိတ်ဖြစ်စဉ် အကြောင်းအခြင်းအရာတွေနဲ့တကွ ဆွဲငင်သုံးသပ်နိုင်စွမ်း မရှိကြပါဘူး။ ဒီနေရာမှာ ဇာတိဿရဉာဏ်ကိုရသူတို့ရဲ့အကြောင်းကို တိပိဋကပါဠိမြန်မာ အဘိဓာန်မှာ ဖော်ပြ ထားတာတွေထဲက အချို့ကို ဗဟုသုတအဖြစ် ကောက်နှုတ်ဖော်ပြချင်ပါသေးတယ်။ ဇာတိဿရဉာဏ်ကို ရသူတွေဟာ (၁) အမိဝမ်းထဲကပင် အတိတ်ဘဝကိုပြန်မြင်နိုင်သူ၊ (၂) ဖွားကာစမှစ၍ အတိတ်ဘဝကို ပြန်မြင်နိုင်သူ၊ (၃) အတိတ်ဘဝက မိမိနေခဲ့ဖူးသောနေရာ အရပ်ကို ပြန်လည်တွေ့မြင်ရသောအခါ (သို့မဟုတ်) အကြောင်းတစ်စုံတစ်ခု တိုက်ဆိုင်သောအခါမှသာ အတိတ်ဘဝကို ပြန်မြင်နိုင်သူ ဟူ၍ ကွဲပြားခြားနားကြကြောင်း….။ ထိုသို့ ပြန်မြင်ကြသူတို့တွင်လည်း တစ်ဘဝတည်းကို မြင်သူ၊ ဘဝ ငါးရာကို ပြန်မြင်နိုင်သူဟူ၍ ကွဲပြားနိုင်ကြောင်း…။ ထိုဘဝများစွာကို ပြန်မြင်ကြသူ တို့တွင်လည်း အစဉ်အတိုင်းသော ဘဝများကို ပြန်မြင်နိုင်သူ၊ အစဉ်အတိုင်းသော ဘဝများကို မမြင်နိုင်ပဲ ခုန်ကျော်၍ မြင်နိုင်သူဟူ၍လည်း ကွာခြားကြောင်း.. စိတ်ဝင်စားဖွယ် လေ့လာတွေ့ရှိနိုင်ကြပါတယ်။ [တိပိဋက ပါဠိမြန်မာ အဘိဓာန် အတွဲ(၈)၊ စာ-၂၈၁ တွင် အကျယ်ရှုပါ။ ] ထို့အပြင် ဇာတိဿရဉာဏ်ရသူတို့သည် အယူမမှန်ပါက မိစ္ဆာဒိဋ္ဌိဖြစ်သွားနိုင်ကြောင်းကို “ရှေးဘဝကို အောက်မေ့ သိမြင်နိုင်သူသည် တွေးခေါ်ရှင်ဟု ခေါ်တွင်ကြသော တက္ကီပုဂ္ဂိုလ် ၄-ဦးတို့တွင် တစ်ဦးအပါအဝင် ဖြစ်သည်။ ယင်းပုဂ္ဂိုလ်သည် ရှေးဘဝတို့ကို အောက်မေ့သိမြင်နိုင်သဖြင့် မိမိဖြစ်ခဲ့ဘူးသော ရှေးဘဝတို့ကို အခြေခံကာ “အတ္တနှင့် လောကသည် မြဲ၏၊ တစ်စုံတစ်ခုသော အကျိုးကို မဖြစ်စေဘဲ အမြုံကဲ့သို့ဖြစ်၏၊ တောင်ထွတ်ကဲ့သို့တည်၏၊ ခိုင်မြဲသော တံခါးတိုင်ကဲ့သို့ တည်၏၊ သတ္တဝါတို့သည်သာ တဘဝမှ တဘဝသို့ ပြောင်းသွားကျင်လည်ကြ ကုန်၏၊ သေကြကုန်၏ ၊ ဖြစ်ပေါ်ကြကုန်၏၊ အတ္တနှင့် လောကသည်ကား မြေကြီး မြင့်မိုရ်တောင် လနေပမာ အမြဲတည်ရှိသည်သာတည်း” စသည်ဖြင့် ကြံစည်တွေးခေါ်လေသည်၊ ထိုသို့ ကြံစည်တွေးခေါ်မှုလွန်ကာ မိစ္ဆာဒိဋ္ဌိ ဖြစ်လေသည်” ဟု ကျမ်းကိုးကျမ်းကားခိုင်မာစွာဖြင့် အသေအချာရှင်းပြထားပါတယ်။ [တိပိဋက ပါဠိမြန်မာ အဘိဓာန် အတွဲ(၈)၊ စာ-၂၈၁ တွင် အကျယ်ရှုပါ။ ] နိမိတ်စွမ်းအားနဲ့ ပစ္စယပရိဂ္ဂဟဉာဏ်အဆင့်ကို ပိုင်နိုင်သူတို့ကျတော့ အတိတ်ဘဝ ကိုလည်း ပြန်မြင်တွေ့နိုင်ကြ သလို ဒီဘဝမှာ ဒီလိုအနေအထားနဲ့ လာဖြစ်နေရစေဖို့ အတိတ်ဘဝက ပြုမူခဲ့တဲ့ အကြောင်းတရား (အတိတ်အကြောင်းခြင်းရာများ) ကိုပါ ဘာဝနာစွမ်းအားနဲ့ ဆွဲငင်သုံးသပ်နိုင်စွမ်း ရှိကြပါတယ်။ အဲဒီအတိတ်အကြောင်းအခြင်းအရာတွေကို ပစ္စယ လို့ ခေါ်ပြီး၊ ဆွဲငင်သုံးသပ် သိမ်းဆည်းတာကိုတော့ ပရိဂ္ဂဟ လို့ ခေါ်ပါတယ်။ [ပစ္စယပရိဂ္ဂဟဉာဏ= အကြောင်းကို သိမ်းဆည်းတတ်သောဉာဏ်] ..........................................................................
အနာဂတ်အမြင်နှင့်ပတ်သက်၍
အမေး (၇) ။ ။ အနာဂတ်ကို သိရ တာကကော၊ ဥပမာ၊ သေမဲ့ အသက်၊ (ဆရာတော် မကြည့် ခိုင်းပါဘူး) ကိုယ့်ဟာကိုယ် ရှာရှည် ပြီး (စိတ်ရှည်ပြီး ကြည့် တာပါ)။
အဖြေ (၇) ။ ။ သမာဓိပညာ အားကောင်းရင် အားကောင်းသလောက် သေမယ့်အချိန်တွေကို ကြိုတင်ပြီး ကြည့်မြင်နိုင်ကြ ပါတယ်။ (သို့သော်.. အနာဂတ်ဆိုတာ ပစ္စုပ္ပန် ကံတရားတွေ အပေါ်မှာလည်း အများကြီးတည်မှီနေသေးတဲ့အတွက် အနာဂတ်ကို ကြည့်မြင်ခဲ့သမျှ အရာတိုင်းဟာ မှန်ချင်မှ မှန်ပါလိမ့်မယ်။ ဘုရားရှင်တို့ မြင်တဲ့ အနာဂတ်ကတော့ ချွတ်ယွင်းချက်မရှိအောင်.. (ကံအပြောင်းအလဲက အစ) မြင်တော်မူကြတာမို့ လွဲသွားစရာအကြောင်း မရှိပါဘူး။
အမေး (၈) ။ ။ ဒီနေရာမှာ လည်း ကြည့် တယ် ဆို တာ ထက် ညွှတ် တာ လို့ သုံးရ မယ် ထင်ပါတယ်၊ အဖြေ (၈) ။ ။ ကြည့်တယ်ပဲသုံးသုံး၊ စိတ်ညွတ်တယ်ပဲ သုံးသုံး အဆင် ပြေသလို သုံးနိုင်ပါတယ်..။
အမေး (၉) ။ ။ ပေါ်လာတာကကော ဘာ အာရုံပါလဲ ။
အဖြေ (၉) ။ ။ ဓမ္မာရုံပါ (စက္ခု၊ သောတ၊ ဃာန၊ ဇီဝှါ၊ ကာယ ငါးဒွါရကလွဲရင် မနောဒွါရနဲ့သာ အာရုံပြုနိုင်တဲ့ အာရုံမှန်သမျှကို ဓမ္မာရုံလို့ မှတ်ပါ) ။
အမေး (၁၀) ။ ။ အဘိဓမ္မာရှု ထောင့်ကကော ဘယ်လို သုံးသပ်မလဲ။
အဖြေ (၁၀) ။ ။ အဘိဓမ္မာရှုထောင့်က သုံးသပ်ရရင် အကြောင်းသမုဒယ သစ္စာတွေကို မပယ်သတ်နိုင်သေးတဲ့ သူတိုင်းအတွက် အနာဂတ် ရုပ်နာမ်အကျိုးတရားတွေဆိုတာ ရှိကိုရှိနေပါသေးတယ်။ အဲဒါတွေဟာ မနောဝိညာဏဓာတ်၊ မနောဝိညာဏဓာတ်နဲ့ ယှဉ်ဖော်ယှဉ်ဖက် တရားတွေကို အာရမ္မဏ ပစ္စည်းအနေနဲ့ ကျေးဇူးပြုနိုင်ပါတယ်။ (သဗ္ဗေဓမ္မာ မနောဝိညာဏ ဓာတုယာ တံ သမ္ပယုတ္တကာနဥ္စဓမ္မာနံ အာရမ္မဏ ပစ္စယေန ပစ္စယောလို့ ဟောတော်မူထားပါတယ်။)
အမေး (၁၁) ။ ။ အနာဂတံသဉာဏ်ဆိုတာ ဘုရားရှင်တို့မှသာ ရနိုင်တာမျိုး မဟုတ်ပါလား။
အဖြေ (၁၁) ။ ။ အနာဂတံသဉာဏ်ကို ဘုရားရှင်တို့့မှသာ ရနိုင်တာ မဟုတ်ပါဘူး။ လောကီ စျာန် အဘိဉာဏ် ရသူများလည်း ရနိုင်တဲ့ ဉာဏ်မျိုး ဖြစ်ပါတယ်။ မွေးဖွားပြီးကာစ ဘုရားအလောင်းတော်လေးကို လာဖူးမြော်တဲ့ ကာဠဒေဝီလ ရသေ့ကြီး ဝတ္ထုဟာ ထင်ရှားပါတယ်။ ဦးဇင်းတို့ ဒီရိပ်သာမှာ နတ်ပြည် ငရဲပြည်တွေကို ကြည့်တယ်ဆိုတာတွေ၊ အနာဂတ်ကို ကြည့်တယ် ဆိုတာတွေဟာ (အများအားဖြင့်က) အဘိညာဏ် စွမ်းအားတွေနဲ့ ကြည့်တဲ့ အဆင့်မျိုး မဟုတ်သေးပါဘူး။ နိမိတ်စွမ်းအားနဲ့ ကြည့်တဲ့ အဆင့်လောက်ပဲ ဖြစ်ပါတယ်။ အတိတ်ဘဝကို ကြည့်တယ် ဆိုတာသည်လည်း ပုဗ္ဗေနိဝါသာနုဿတိဉာဏ်နဲ့ ကြည့်တာမျိုး မဟုတ်သေးပါဘူး၊ ပစ္စယပရိဂ္ဂဉာဏ် အဆင့်မှာ သမာဓိအရှိန်ကောင်းကောင်းနဲ့ ပြန်ပြီး ထင်မြင်နိုင်တဲ့ သဘောလောက်သာ ဖြစ်ပါတယ်။ .............................................................................
အလင်းနိမိတ်ဖြင့် ဘုရားဖူးမြော်ခြင်းနှင့်ပတ်သက်၍
အမေး (၁၂) ။ ။ တရားစစ်တဲ့အချိန် ယောဂီတွေက လျောက်တော့ တစ်ချို့ တွေက တစ်ယောက်ယောက်က ပြပေးလို့ မြင်ရ သလိုမျိုးတွေ လျှောက်တော့..... အဲလိုဆို ဒိဋ္ဌိ ဖြစ်မနေ ဘူးလားဘုရား။
အဖြေ (၁၂) ။ ။ တစ်ယောက်ယောက်က တကယ်ပြပေးသလိုမျိုးတွေလည်း ရှိတတ်တာ အမှန်ပါ။ တကယ်ပြပေးသူ ရှိလို့ မြင်တာမျိုးကို တစ်ယောက်ယောက်က ပြပေးလို့ မြင်တဲ့ပုံစုံမျိုး လျှောက်တဲ့ အတွက် ဒိဋ္ဌိ (အယူမှား) မဖြစ်ပါ။
အမေး (၁၃) ။ ။ နိမိတ် က ပြပေးသလို၊ ပုဂ္ဂိုလ် တစ်ဦးတစ်ယောက်က ပြပေးသလို ... လျှောက်နေကြတော့ တရားရှာရင်း ဒိဋ္ဌိကပ်နေသလိုများ ဖြစ်နေမလားလို့ပါ၊ ဒီအပေါ်မှာ ဆရာတော် က ဘာ comment မှ မပေးတော့ လေ။
အဖြေ (၁၃) ။ ။ နိမိတ်က ပြပေးသလို၊ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်က ပြပေးသလို.. ဆိုတဲ့ နေရာမယ် ၂မျိုးလုံး ဖြစ်နိုင်ပါတယ်။ နိမိတ်ကြောင့် မြင်နိုင်ပုံမှာ…….. မိမိရဲ့နိမိတ် (သမာဓိစွမ်းအား၊ စိတ်စွမ်းအား) ကြောင့် မည်သူ တစ်ဦးတစ်ယောက်ရဲ့ အကူအညီ အပံ့အပိုးမှ မပါပဲ ၊ သိလို မြင်လိုသည်များကို သိနိုင်မြင်နိုင် တတ်ကြပါတယ်။ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်က ပြသပေးတဲ့အတွက် မြင်ရတယ်ဆိုတာမယ်….. ဦးဇင်းတို့ နိမိတ်စွမ်းအားရရှိတဲ့ မြေဇင်းယောဂီတွေအနေနဲ့ လူ့ပြည် နတ်ပြည် နဂါးပြည်တို့မှာ ရှိတဲ့ ဘုရားစေတီများကို ဖူးမြော်ခြင်းကိစ္စကို အဓိကဆောင်ရွက်ကြရပါတယ်။ ဆရာသမားတွေကလည်း ဘုရားဖူးဖို့ကိုသာ အဓိက ညွှန်ကြားတော်မူကြပါတယ်။ အဲဒီလို နိမိတ်စွမ်းအားနဲ့ ဘုရားဖူးရာမှာ.. နိမိတ်မညွတ်ခင်ကပင် ကြိုတင်၍ စေတီတော်စောင့် နတ်များကို မေတ္တာပို့ခြင်း၊ အမျှဝေခြင်း၊ ဘုရားဖူးခွင့်တောင်းခြင်းစတဲ့ ကိစ္စတွေကို ဆောင်ရွက်ကြရပါတယ်။ (ဒါကိုပဲ တစ်ချို့သော ယောဂီတွေက “သူတို့ခွင့်ပြုမှ ဖူးရမှာလား..။ ငါ့နိမိတ်စွမ်းအားနဲ့ ငါဖူးမှာပဲကို…၊ ဘယ်သူ့ကိုများ ခွင့်တောင်းနေရဦးမှာလဲ” ရယ်လို့ မလိုလားအပ်တဲ့ မာနမျိုး ထားတတ်ကြပါတယ်။ (ဒါမျိုးဖြစ်တာကို ပဋ္ဌာန်းပါဠိတော် ဥပနိဿယပစ္စည်းခန်းမှာ “ သဒ္ဓံ ဥပနိဿာယ မာနံ ဇပ္ပေတိ၊ ဒိဋ္ဌိ ံ ဂဏှာတိ” စသည်ဖြင့် ဟောတော်မူထားပါတယ်။) စေတီတော်စောင့်များနှင့် နိမိတ်ဖြင့် ဘုရားဖူးလာသူ ယောဂီတို့ရဲ့ သဘောသဘာဝ ဒီနေရာမယ်.. စေတီတော်စောင့်များနှင့် နိမိတ်ဖြင့် ဘုရားဖူးလာသူ ယောဂီတို့ရဲ့ သဘောသဘာဝကို သိနားလည် ထားသင့်ပါတယ်..။ လူတွေမှာရော ပရလောကသားတွေမှာပါ သာသနာတော်ကို ကြည်ညိုသူတွေရှိကြသလို သာသနာတော်ကို မကြည်ညိုသူတွေ ရှိကြပါတယ်။ (ရှင်သာရိပုတ္တရာရဲ့ ဦးခေါင်းကို ရိုက်တဲ့ဘီလူးတို့၊ ထင်ခွေသမားရဲ့သား ဘီလူးဆွဲခံရတဲ့ ကလေးငယ်ဝတ္ထုတို့ကို ကြည့်ရင် ထင်ရှားပါတယ်။) သာသနာတော်ကို ကြည်ညိုသူတွေဟာ သာသနာတော်နဲ့ စပ်သမျှ စေတီပုထိုး ဓာတ်တော်မွေတော်များကို မပျောက်မပျက်ရလေအောင် ထိန်းသိမ်းစောင့်ရှောက်တတ်ကြပေမယ့်၊ သာသနာတော်ကို မကြည်ညိုသူတွေကတော့ အဲဒါတွေကို ဖျက်ဆီးဖို့ကိုပဲ ကြိုးစားတတ်ကြလေ့ရှိပါတယ်။ အဲဒီမှာ စေတီတော်ကိုစောင့်ရှောက်ဖို့ ဂေါပကအဖွဲ့ဆိုတာမျိူး ရှိလာရသလို၊ စေတီတော်စောင့်နတ် ဆိုတာမျိုးတွေလည်း ရှိလာရပါတော့တယ်။ ဒီနေရာမှာ နိမိတ်နဲ့ ဘုရားဖူးသူ နှစ်မျိုးကို သိထားသင့်ပါတယ်။ နံပါတ် (၁) အမျိုးအစားက မိမိထိုင်နေတဲ့နေရာက အဝေးမှာရှိတဲ့ တစ်စုံတစ်ရာကို ဓာတ်မီးနဲ့ထိုး- လှမ်းမျှော်ပြီး ကြည့်ရသလိုမျိုး၊ မိမိထိုင်နေတဲ့ နေရာကနေ အဝေးမှာရှိတဲ့ ဘုရားစေတီတော်ကို နိမိတ်အလင်းရောင်နဲ့ လှမ်းမြင်ပြီး ကြည်ညိုကြရ သူများ ဖြစ်ကြပါတယ်။ ( နိမိတ် သိပ်အားမကောင်း သူတွေပါ)။ နံပါတ် (၂) အမျိုးအစားက တစ်စုံတစ်ရာကို အနီးကပ်သွားရောက်ပြီး အားရပါးရ လှည့်ပတ်ကြည့်ရှုရသလိုမျိုး၊ မိမိကိုယ်တိုင် ဘုရားစေတီတော်အနီးသို့ ရောက်သွားပြီး ( ငှက်မြတ်နားတော်၊ စိန်ဖူးတော်များကို ဖူးမြော်လိုလျှင်လည်း ငှက်မြတ်နားတော်၊ စိန်ဖူးတော်နားအထိ ရောက်ရှိသွားပြီး သကာလ) အားပါးတရ လှည့်လည်ဖူးမြော် ကြည်ညိုကြရသူများ ဖြစ်ကြပါတယ်။ (နိမိတ် အင်မတန် အားကောင်းသူတွေပါ။) စေတီတော်စောင့်နတ်တွေနဲ့ သူတို့ရဲ့တပည့်တပန်း အခြွေအရံတစ်ချို့ဟာ စေတီတော်အနီး ချည်းကပ်လာကြတဲ့ သူတို့ပရလောကသား အချင်းချင်းကို တွေ့မြင်နိုင်ကြသလို၊ နိမိတ်နဲ့ ဘုရားဖူး လာကြသူတွေကိုလည်း တွေ့မြင်နိုင်ကြပါတယ်။ (နိမိတ်နဲ့ ဘုရားဖူးသူတွေကလည်း အကြောင်းတိုက်ဆိုင်ရင်) သူတို့တွေကို တွေ့မြင်နိုင်ပြီး၊ သူတို့တွေနဲ့ စကားပြောဆို မေးမြန်းနိုင်ခွင့်လည်း ရရှိတတ်ကြပါတယ်။) အပြင်လောကမှာ စေတီတော်ကို တာဝန်ယူစောင့်ရှောက်နေကြတဲ့ ဂေါပကများကို လိုက်နာကြရသလို၊ နိမိတ်နဲ့ ဘုရားဖူးသူတွေဟာလည်း စေတီတော်စောင့် နတ်များကို အလေးထားကြရပါတယ်။ သူတို့တွေ စိတ်ထဲမှာ ရန်သူ-မိတ်ဆွေ ဝေခွဲမရရင် စေတီတော်၊ ဌာပနာ စတာတွေကို ဖူးမြော်ခွင့် မရအောင် ပိတ်ပင်(ကာကွယ်) ထားတတ်ကြပါတယ်။ သူတို့တွေနဲ့ အဆင်ပြေရင် ဌာပနာတိုက်ရှိ ဌာပနာများကို ဖူးမြော်ခွင့်ရရုံသာမက ဒီစေတီတော်ကို ဘယ်တုန်းက ဘယ်လိုတည်ခဲ့ကြသလဲ ဆိုတာမျိုးအထိ မေးမြန်းဆွေးနွေးခွင့် ရရှိတတ်ကြပါတယ်။ ဒါကြောင့်မို့..၊ နိမိတ်အစွမ်းနဲ့ ဘုရားဖူးသွားတော့မယ်ဆိုရင် ဘုရားဂုဏ်တော်များကို ပွါးများခြင်း၊ မိမိသွားရောက်ဖူးမြော်မယ့် စေတီတော်ကို စောင့်ရှောက်နေကြတဲ့ စေတီတော်စောင့်နတ်များကို မေတ္တာပို့ခြင်း၊ မိမိပြုထားတဲ့ ကောင်းမှုများကို အမျှပေးဝေခြင်း၊ မိမိသည် သာသနာတော်နှင့်ကြုံခိုက် ဘုရားအဆုံးအမ သမထ-ဝိပဿနာတရားများကို ကျေးဇူးရှင် ဆရာတော်များပေးသည့်နည်းဖြင့် အားထုတ်နေသူဖြစ်ပါကြောင်း၊ နိမိတ်ဖြင့် ဘုရားဖူးလာရောက်မည် ဖြစ်ပါကြောင်း၊ ဘုရားဖူးရုံ သက်သက်သာဖြစ်ပြီး မည်သည့်အနှောင့်အယှက်မျှ ပေးမည်မဟုတ်ပါကြောင်း၊ ဘုရားဖူးခွင့် ပြုကြစေ လိုကြောင်း ကြိုတင် မေတ္တာရပ်ခံခြင်း.. စသည်များကို တလေးတစား ဆောင်ရွက်ကြရမှာဖြစ်ကြောင်း ကမ္မဋ္ဌာန်းပြ ဆရာများက အရေးထား မှာကြားကြရခြင်းဖြစ်ပါတယ်။ ဒီနေရာမှာ ယောဂီတစ်ချို့မှာ ဖြစ်လေ့ရှိတဲ့ အပေါ်မှာ ပြောခဲ့ပြီးဖြစ်တဲ့ စိတ်နေသဘောထားများ အကြောင်းကို နည်းနည်းဖြည့်စွက် ပြောပြချင်ပါတယ်။ ယခုကဲ့သို့ ဆောင်ရွက်ရခြင်း၊ ခွင့်တောင်းရခြင်းတို့နှင့် ပတ်သက်ပြီး ပင်ကိုယ်အားဖြင့် နတ်ကို ယုံကြည်လေးမြတ်သူတွေအဖို့ မထောင်းတာလှသော်လည်း ၊ နတ်ဆိုတာ လူတွေလောက် မမြင့်မြတ်ဘူး.. နတ်ကိုအောက်ကျို့ ခံစရာ ဘာအကြောင်းမှ မရှိဘူး စသဖြင့် ယူဆထားသူများအဖို့မှာ “သူလည်းသူ့ဘာသာသူနေ- ကိုယ်လည်းကိုယ့်ဘာသာ ကိုယ်နေမယ်၊ မေတ္တာပို့- အမျှဝေ ကျေနပ်ကြရော့ပေါ့၊ ဘယ့်နှယ်.. သူတို့ကို တောင်းပန်နေရဦးမှာလား၊ သူတို့ခွင့်ပြုမှ ဘုရားဖူးခွင့်ရမှာလား၊ ကိုယ့်နိမိတ်အစွမ်းနဲ့ ဘုရားဖူးရမှာမဟုတ်လား” စသဖြင့် ကသိကအောက် ဖြစ်လေ့ဖြစ်ထ ရှိတတ်ကြပါတယ်။ စင်စစ်မှာ အဲသလို ကသိကအောက်ဖြစ်ကြရမှုတွေဟာ ယောဂီတစ်ဦးအဖို့ မလိုလားအပ်တဲ့ စိတ်ခံစားမှု တွေသာ ဖြစ်ပါတယ်။ ဘုရားရှင်ကိုယ်တော်တိုင်သော်မှ အစောင့်အရှောက်ရှိတဲ့ နေရာတွေဆီ ချဉ်းကပ်တဲ့အခါတိုင်း အဲဒီနေရာပိုင်ရှင် (သို့မဟုတ်) အဲဒီနေရာကို စောင့်ရှောက်နေရတဲ့သူတွေကို ခွင့်ပန်ပြီးမှ ဝင်ရောက်လေ့ ရှိတော်မူတာကို နည်းယူကြရမည် ဖြစ်ပါတယ်။ ( အာဠဝက ဗိမာန်သို့ ကြွရောက်တော်မူခဏ်း၊ ပက္ကုသာတိမင်းနှင့် တွေ့ခဏ်း စသည်တို့ကို လေ့လာနိုင်ကြပါတယ်။) ဒါ့ကြောင့် တရားအသိအမြင် ရင့်သန်ဖို့အရေးမှာ မလိုလားအပ်တဲ့ အချည်းနှီးသာဖြစ်တဲ့ မာနများကို တတ်နိုင်သမျှ ခဝါချထားကြဖို့ လိုအပ်လှပါတယ်။ (တကယ်တန်းမှာ ဒါတွေအားလုံးဟာ မနောဒွါရနှင့် ဓမ္မာရုံ တိုက်နေတာတွေချည်းဖြစ်တယ် ဆိုတာကိုတော့ မျက်ချည်မပြတ်သင့်ပါဘူး။) စကားအဆက်လည်း အတော်ဝေးသွားပြီမို့ မေးခွန်းကို ပြန်ကောက်ကြရအောင်ပါ။ မေးခွန်းက.. { တရားစစ် တဲ့ အချိန် ယောဂီ တွေ က လျောက်တော့ တစ်ချို့ တွေ က တစ်ယောက် ယောက် က ပြပေး လို့ မြင်ရ သလိုမျိုး တွေ လျောက်တော့ ၊ အဲလိုဆို ဒိဋ္ဌိ ဖြစ်မနေ ဘူးလားဘုရား၊ နိမိတ်ကပြပေးသလို၊ ပုဂ္ဂိုလ် တစ်ဦးတစ်ယောက် က ပြပေးသလို... လျှောက်နေကြတော့ တရားရှာရင်း ဒိဋ္ဌိကပ်နေသလိုများ ဖြစ်နေမလားလို့ပါ၊ ဒီအပေါ်မှာ ဆရာတော်က ဘာ comment မှ မပေးတော့ လေ၊ } ဆိုပြီးတော့ မေးထားတယ်နော်..။ အဖြေက.. “ကိုယ်ဖူးမြော်မယ့် ဘုရားစေတီရှိရာဆီသို့ သွားရောက်ကြနိုင်ကြတာက ကိုယ့်ရဲ့အလင်းနိမိတ် အစွမ်းကြောင့်ပါ။ စေတီတော်ကို ရောက်သွားပြီး ဌာပနာတိုက်စသည်ကို ဝင်ရောက်ဖူးမြော်ခွင့်ရကြတာတွေက ဘယ်သူမှ လိုက်ပါပြသခြင်းမရှိပဲ ကိုယ့်အစွမ်းနဲ့ကိုယ် ဖူးမြော်ခွင့် ရတာမျိုးလည်း ဖြစ်နိုင်သလို၊ စေတီတော်စောင့် နတ်များက ဒီနေရာ ဒီနေရာမှာတော့ ဒါတွေ ရှိပါတယ်၊ ဖူးမြော်သွားပါဦး စသဖြင့် လိုက်ပါပို့ဆောင် ပြသပေးကြတဲ့အတွက် ဖူးမြော်ကြရတာ မျိုးလည်း ဖြစ်နိုင်ပါတယ်” လို့ပဲ ဖြေကြားလိုက်ပါရစေ..။ ဥပမာအားဖြင့်.. ရွှေတိဂုံစေတီတော်ကို ဖူးမြော်လိုသူတစ်ဦးအနေနဲ့ ရွှေတိဂုံကို သွားရောက်နိုင်ဖို့က ကိုယ်ပိုင် အစွမ်းအစ လိုအပ်ပါတယ်။ ရွှေတိဂုံကို ရောက်ပြီးတဲ့နောက် publish လုပ်ထားတဲ့ နေရာတွေကို မိမိကိုယ်တိုင်ပဲ ဖြစ်ဖြစ်၊ အသိတစ်ယောက်ယောက်က လိုက်ပို့တဲ့အတွက်ပဲ ဖြစ်ဖြစ် ဖူးမြော်နိုင်ကြမှာပါ။ Security အပြည့်ထားရှိတဲ့ (သို့မဟုတ်) ကန့်သတ်ထားတဲ့ နေရာတစ်ခုခုကို ဝင်ရောက်ဖူးမြော်ဖို့ အတွက်ကတော့ စေတီတော်ဂေါပက တစ်ဦးဦးက တာဝန်ယူလိုက်ပါပို့ဆောင်ပြသပါမှ (သို့မဟုတ်) သူ့တို့ဆီက ခွင့်ပြုချက်ရပါမှ ဖူးမြော်နိုင်ကြသလိုမျိုး ဖြစ်ပါကြောင်း…။ { ဒီအပေါ်မှာ ဆရာတော် က ဘာ comment မှ မပေးတော့ လေ၊ } ဆိုတာကတော့.. “ကမ္မဋ္ဌာန်းအလုပ် အားထုတ်နေကြတဲ့ ယောဂီတွေရဲ့ ထင်မြင်ချက်၊ ယူဆချက်၊ သိမြင်ချက်တွေဟာ.. ဓမ္မလမ်းကြောင်းကနေ သွေဖီသွားနိုင်တဲ့ အနေအထားမျိုး ရောက်နေပြီလို့” မယူဆနိုင်သေးသမျှ ကာလပတ်လုံး လိမ္မာတဲ့ ဘယ်ကမ္မဋ္ဌာန်းပြဆရာတော်ကမှ (တရားစခန်းကာလ အတွင်းမှာ) ဘယ်လို comment မျိုးကိုမှ ပေးကြမှာ မဟုတ်ပါဘူး။ ယောဂီရဲ့ အတွေ့အကြုံကို စိတ်ရှည်လက်ရှည် နားထောင်ပေးပြီးတော့ ဆက်လက်အားထုတ်ဖို့ရန်သာ အားပေးကြမှာဖြစ်ပါတယ်.. လို့ပဲ ဖြေကြား လိုက်ပါရစေ..။ {ဒီလောက်ဆိုရင် အတန်အသင့် ပြေလည်လောက်ပြီလို့ ထင်ပါတယ်}
မေတ္တာဖြင့်
အရှင်ဝိသာရဒ (ရမ္မာဝတီ)