Thursday, May 31, 2018

တောင်းပန်ကြသူများ

တောင်းပန်ကြသူများ

တစ်နေ့သ၌ ဒကာကိုထူး၏ မေးခွန်းများကို အကြောင်းပြု၍ တောင်းပန်ကြသူများ အကြောင်းကို ဆွေးနွေးဖြစ်ကြလေသည်။

 ကိုထူး။ ။ အရှင်ဘုရား။ တပည့်တော်တို့ဟာ ပုထုဇဉ်များဖြစ်ကြသည့်အလျောက် ပုဂ္ဂိုလ်တစ်ဦး တစ်ယောက်ကို ကြည့်လိုက်ရုံနဲ့ ဂုဏ်ရှိ-ဂုဏ်မဲ့ သိနိုင် မြင်နိုင်ဖို့ဆိုတာ အတော်ခက်ပါတယ်ဘုရား။

 အရှင်။ ။ ဟုတ်တယ်။ အရိယာတွေတောင်မှ ကိုယ့်ထက်မြင့်သူတွေကို သိနိုင်ဖို့အရေး မလွယ်ပါဘူး။ ကိုထူး။ ။ တင်ပါ့။ အဲဒီလို မသိနိုင်တဲ့ အတွက်ကြောင့်လည်း တပည့်တော်တို့ဟာ မပြစ်မှားထိုက်တဲ့ ပုဂ္ဂိုလ်တွေကို ပြစ်မှားမိတာမျိုးတွေ ရှိတတ်ပါတယ်ဘုရား။ အဲသလို ပြစ်မှားမိခဲ့လို့ရှိရင် လောကီကောင်းကျိုး လောကုတ္တရာကောင်းကျိုးတွေကနေ ဆုတ်ယုတ်တတ်တယ် လို့လည်း ကြားဖူးပါတယ်ဘုရား။ ခုဇ္ဇုတ္တရာဝတ္ထုကိုကြည့်လိုက်ရင်လည်း ကဿပဘုရားရှင် လက်ထက်တော်မှာ ရဟန္တာထေရီမတစ်ဦးကို တန်ဆာပခြုပ်တောင်းကို ယူပေးဖို့ စေခိုင်းခဲ့မိတဲ့အတွက် ကျွန်မဘဝ အကြိမ်ငါးရာ ဖြစ်ခဲ့ရပုံ၊ အတိတ်ဘဝတစ်ခုမှာလည်း ခါးကုန်းနေတဲ့ ပစ္စေကဗုဒ္ဓါတစ်ပါးကို ပြောင်လှောင်ခဲ့တဲ့အတွက် ခါးကုန်းသူမ ဖြစ်လာခဲ့ရပုံတို့ကို ထောက်ဆရင် အတော်ကြောက်စရာ ကောင်းလှ ပါတယ်ဘုရား။ အရှင်။ ။ အင်း ဟုတ်တယ် ကိုထူး။ မသိမှုရဲ့ အပြစ်ဟာ တယ်ဆိုးသကိုးဗျ။ ခုဇ္ဇုတ္တရာရဲ့ အတိတ်ဝတ္ထုကိုကြည့်ရင် ရဟန္တာထေရီမကို သူခိုင်းလိုက်တာက အမှတ်တမဲ့ ခိုင်းလိုက်မိတဲ့ သဘောလို့ပဲ သုံးသပ်မိတယ်။ သို့သော် အဲဒီဘဝတုန်းက သူက သူဌေးသမီး။ ဥစ္စာမာန်၊ မျိုးရိုးမာန် ကြီးပုံရတယ်။ ရဟန္တာထေရီမ တွေးပုံကလေးကို ထောက်ဆပြီး သိနိုင်တယ်။ ထေရီမတွေးတာ အတော် စိတ်ဝင်စားစရာကောင်းတယ်။ “သူပြောသလို ယူမပေးလိုက်ပြန်ရင် ငါ့အပေါ် အမျက်ထွက်ပြီး ငရဲမှာ ဖြစ်ရရှာတော့မယ်၊ ယူပေးလိုက်ပြန်တော့လည်း သူတစ်ပါးတွေဆီမှာ ကျွန်သွားဖြစ်ရရှာတော့မယ်၊ ငရဲမှာ ဖြစ်ရတာနဲ့စာရင် ကျွန်ဖြစ်တာက ခံသာသေးတယ်” တွေးပြီး ယူပေးလိုက်တယ်လို့ ဆိုတယ်။

 ကိုထူး။ ။ အမှတ်တမဲ့ ခိုင်းမိတာကလေးနဲ့ ဘဝငါးရာကြီးများတောင် ကျွန်ဖြစ်ရတယ်ဆိုတော့ မများလွန်းဘူးလားဘုရား။ ဆယ်ဘဝလောက်ဆို ထားပါဦးတော့။

 အရှင်။ ။ အမယ်.. ကိုထူးက ကံနဲ့ ကံရဲ့ အကျိုးပေးကို စောဒက တက်ချင်နေတာကိုးဗျ။ ငရဲမှာ တစ်ဘဝခံရတာနဲ့ စာရင် လူ့ဘဝနဲ့ ဘဝငါးရာ ကျွန်ဖြစ်ရတာက အခံသာကြီးပါဗျ။ ကံနဲ့ ကံရဲ့ အကျိုးပေးကို စောဒကတက်ရင်လည်း မောရုံပဲရှိမယ်။ လက်မခံရင်လည်း လွဲရုံပဲရှိမယ်။ ကမ္မနိယာမကတော့ မျက်နှာစိမ်းကျက် အောက်ထက်မရွေး ရှေးကပြုခဲ့ဖူးတဲ့ကံနဲ့ တူမျှတဲ့ အကျိုးကို သူ့နိယာမအတိုင်း ပေးမြဲ ဓမ္မတာပါပဲ ကိုထူးရဲ့။

 ကိုထူး။ ။ စောဒကတက်တာတော့ မဟုတ်ရပါဘူး ဘုရား။ ကြောက်လွန်းလို့ မေးမိတာပါ။ ဒါပေမယ့် အမှတ်မဲ့ ခိုင်းမိရုံကလေးနဲ့ ဘဝငါးရာတောင် ကျွန်ဖြစ်ရတယ်ဆိုတော့ နည်းနည်းများ များနေသလားလို့ တွေးနေမိဆဲပါပဲဘုရား။

 အရှင်။ ။ ဒီနေရာမှာ ဒါက ဒီလိုရှိတယ် ကိုထူးရဲ့။ ကံနဲ့ ကံရဲ့ အကျိုးပေးကို စဉ်းစားတဲ့အခါ မှန်ကြည့်တဲ့ ဥပမာလေးနဲ့ စဉ်းစားတာကောင်းတယ်။ မှန်ကြည့်တဲ့အခါမယ်.. (၁) ကြည့်မှန်လိုမယ် (၂) ကြည့်တဲ့သူလိုမယ် (၃) အလင်းရောင် လိုမယ်။ အဲဒီ သုံးမျိုးစလုံးရဲ့ အနေအထား ကွာခြားချက်တွေကိုလိုက်ပြီး ပုံရိပ်ကောင်းကောင်းတစ်ခု မြင်ရနိုင်- မမြင်ရနိုင် အများကြီး ကွာသွားနိုင်တယ်။

 ကိုထူး။ ။ တင်ပါ့။ နည်းနည်း ထပ်ရှင်းပြပါဘုရား။

 အရှင်။ ။ ကြည့်မှန်ဘက်ကို အရင်ဆုံး စဉ်းစားကြရအောင်။ ကြည့်မှန်က.. ပြဒါး ညီညီညာညာ မပျောက်မကျားရအောင် လိမ်းကျံထားတဲ့မှန်၊ ပြဒါး မညီမညာ အပြောက်ပြောက်အကျားကျား ဖြစ်နေတဲ့မှန်၊ ဖုန်အညစ်အကြေးတွေ ထောင်းထောင်းထနေတဲ့မှန်၊ ဖုန်အညစ်အကြေး အတန်အသင့်ရှိတဲ့မှန်၊ ဖုန်အညစ်အကြေး ကင်းစင်ပြောင်လဲ့နေတဲ့မှန် ရယ်လို့ မကွာခြားနိုင်ဘူးလား။

 ကိုထူး။ ။ ကွာခြားနိုင်ပါတယ် ဘုရား။

 အရှင်။ ။ ကောင်းပြီ။ ကြည့်တဲ့သူဘက်ကို စဉ်းစားရအောင်။ ကြည့်တဲ့သူက.. ရေမိုးချိုး ဝတ်ကောင်းစားလှ ဝတ်ဆင်ပြီးကြည့်တဲ့သူ ၊ ချွေးအလိမ်းလိမ်းကပ်ပြီး နံငယ်ပိုင်းနဲ့ကြည့်တဲ့သူ၊ စွပ်ကျယ် ဝတ်ပြီး ကြည့်တဲ့သူ၊ ပုဆိုးပြဲနဲ့ကြည့်တဲ့သူ စသဖြင့်ကော အများကြီး မကွာခြားနိုင်ပေ ဘူးလား။

 ကိုထူး။ ။ ကွာခြားနိုင်ပါတယ်ဘုရား။

 အရှင်။ ။ ဟုတ်ပြီ။ အလင်းရောင် အနေအထားကို စဉ်းစားရအောင်။ မှန်ကြည့်တဲ့အချိန်မှာ ရှိနေတဲ့ အလင်းရောင်ကလည်း… လုံလောက်တဲ့နေ့အလင်းရောင်၊ မှုန်ဝါးဝါး အလင်းရောင်၊ ရေနံဆီမီးခွက်အလင်းရောင်၊ မာကျူရီမီးအလင်းရောင် စသဖြင့် များစွာ မကွာခြားနိုင်ပေဘူးလား။

 ကိုထူး။ ။ ကွာခြားနိုင်ပါတယ်ဘုရား။

 အရှင်။ ။ ကိုင်း..၊ အဲဒါဆို အဲဒီသုံးမျိုးကို ပတ်လည်တိုက်ကြည့်လို့ရပြီ။ ပတ်လည်တိုက်ကြည့်လိုက်ရင် တစ်ခုချင်းစီ အတိုးအလျှော့ အတက်အကျကို လိုက်ပြီး မှန်မှာ ပေါ်လာတဲ့ပုံရိပ်ဟာ ရှုချင့်စဖွယ် ကောင်းတဲ့ပုံရိပ်၊ အတန်အသင့်ရှုချင်စဖွယ်ကောင်းတဲ့ပုံရိပ်၊ ဆိုးဝါးတဲ့ပုံရိပ်၊ မပီမပြင် ပုံရိပ် စသဖြင့် များစွာ များစွာ မကွာခြားသွားနိုင်ပေဘူးလား။

 ကိုထူး။ ။ ကွာခြားသွားနိုင်ပါတယ် ဘုရား။

 အရှင်။ ။ အေးဗျ။ အပြစ်မှားခံ, အပူဇော်ခံတွေက မှန်နဲ့တူတယ်။ ပြစ်မှားတဲ့, ပူဇော်တဲ့ စိတ်စေတနာတွေက မှန်ကြည့်တဲ့သူနဲ့ တူတယ်။ အလင်းရောင် အလင်း, အမှိန်တွေက သမ္ပတ္တိတရား၊ ဝိပတ္တိတရားတွေနဲ့ တူတယ်။ မှန်မှာပေါ်လာတဲ့ တင့်တယ်တဲ့, မတင့်တယ်တဲ့ ပုံရိပ်တွေက အကျိုးပေးတရားနဲ့ တူတယ်။ ဟပ်စပ်မိရဲ့လား ကိုထူးရဲ့။

 ကိုထူး။ ။ နည်းနည်းတော့ ရိပ်မိလာသလိုပါပဲဘုရား။

 အရှင်။ ။ ကောင်းပြီ အဲဒါဆို နည်းနည်း ဟပ်စပ်ပြမယ်။ အခိုင်းစေခံ ပုဂ္ဂိုလ်က ကိလေသာ အညစ်အကြေး လုံးဝမရှိတော့တဲ့ ရဟန္တာထေရီမကြီးဗျ၊ ပြဒါးသုတ်ထားတာ ညီညာပြီး ဖုန်အညစ်အကြေး လုံးဝကင်းစင်နေတဲ့ မှန်နဲ့တူတယ်။ ခိုင်းတဲ့သူရဲ့ စိတ်စေတနာက အမှတ်မဲ့ဆိုပေမဲ့ ‘ငါက ဒီအိမ်က သူဌေးသ္မီးပဲ၊ ငါ သူ့ကို ခိုင်းနိုင်တယ်’ ဆိုတဲ့ မာနကလေးတွေပါနေတယ်။ မာနချွေးသီးချွေးပေါက်တွေနဲ့ မှန်သွားကြည့်သူနဲ့တူတယ်။ ကျွန်အမျိုးအနွယ်တွေမှာ သွားသွားဖြစ်တာက သမ္ပတ္တိ, ဝိပတ္တိတရားတွေဖြစ်တယ်။ အလင်းရောင် အလင်းအမှိန်နဲ့တူတယ်။ အဲဒီတော့ ခိုင်းလို့ရတဲ့ အရွယ်ကလေးရောက်လာတာနဲ့ အခိုင်းအစေခံ ကျွန်အမှုလုပ်ဖြစ်ရတော့တာက မှန်မှာ ပုံရိပ်ပေါ်လာတာနဲ့တူတယ်။

 ကိုထူး။ ။ နည်းနည်းတော့ ရှင်းလာပါပြီဘုရား။ ဆိုလိုတာက တပည့်တော်တို့လို ကိလေသာ ဖုန်အညစ်အကြေး ထောင်းထောင်း ထနေတဲ့သူကို ခိုင်းစေခဲ့မိရင် အဲသလို ကျွန်ဖြစ်ရလောက်အောင်ထိ အကျိုးပေးချင်မှ ပေးမယ်၊ သောတာပန်, သကဒါဂါမ်, အနာဂါမ်များကို ခိုင်းစေခဲ့မိရင် ကျွန်ဘဝ ငါးရာဖြစ်ရလောက်အောင်ထိ အကျိုးပေးချင်မှ ပေးပေလိမ့်မယ်။ တစ်ခါ.. ‘ငါက သူဌေးသမီးပဲ၊ ငါခိုင်းတာ လုပ်ပေးရမှာပဲ’ ဆိုတဲ့ မာနမျိုးကလေး မပါပဲနဲ့၊ တကယ်ကို မိမိဘာသာ လှမ်းမယူနိုင်လောက်တဲ့ အနေအထားမျိုး၊ ဥပမာ.. နာမကျန်းဖြစ်နေလို့, မထူမထနိုင်လို့ အကူအညီ တောင်းခံတဲ့ သဘောမျိုးနဲ့ ခိုင်းခဲ့မိရင် ဘဝငါးရာအထိ အကျိုးပေးချင်မှ ပေးလိမ့်မယ်။ လူ့ဘဝမှာ လာဖြစ်တာက ဘဝသမ္ပတ္တိ လို့ ဆိုနိုင်ပေမယ့်၊ ကျွန်အမျိုးအနွယ်မှာ သွားဖြစ်ရတာက ဘဝသမ္ပတ္တိကောင်းလို့ ဆိုနိုင်ဖို့ခက်တယ်။ ခါးကုန်းနေတာကြီးက ဥပဓိဝိပတ္တိလို့ ဆိုနိုင်တယ်။ အဲဒါကြောင့် အရွယ်ကလေးရလာတာနဲ့ ကျွန်အဖြစ် အခိုင်းအစေခံရတော့တာက ရှုချင်ဖွယ်မကောင်းတဲ့ ပုံရိပ်ကြီး ပြတ်ပြတ်သားသား ထင်ထင်မြင်မြင် ဖြစ်လာတာနဲ့ တူတယ်လို့ နားလည်မိပါတယ်ဘုရား။

 အရှင်။ ။ ဟာ.. ဟုတ်လှချည်လား ကိုထူးရ။ အပုံကြီးတိုးတက်လာပြီဗျ။ အဲသလို ကံနဲ့ ကံရဲ့အကျိုးပေးပုံကို ပိုက်စိတ်တိုက် စဉ်းစားလာနိုင်ရင် လောကမှာ အကျိုးပေး အမျိုးမျိုးနဲ့ ကြုံတွေ့ရင်ဆိုင်နေကြရတာဟာ အကြောင်းမဲ့ မဟုတ်ဘူးဆိုတာ ခန့်မှန်းလာနိုင် လိမ့်မယ်။ အဲသလို ခန့်မှန်းလာနိုင်ပြီး၊ ကံနဲ့ ကံရဲ့ အကျိုးပေးကို ယုံကြည်သထက်ယုံကြည်လာတာ၊ လက်ခံသထက် လက်ခံလာနိုင်တာကို ကမ္မသကတာသမ္မာဒိဋ္ဌိဉာဏ်လို့ ခေါ်တာပဲဗျ။ အဲဒီဉာဏ်မျိုးကိန်းဝပ်လာရင် မတော်မတရား လုပ်ဖို့လည်း ကြောက်လာလိမ့်မယ်ဗျ ၊ ကောင်းတာမွန်တာလုပ်ဖို့လဲ ရဲလာလိမ့်မယ်ဗျ။ အဲဒါက ကံနဲ့ ကံရဲ့အကျိုးပေးကို သမန်ကာလျှံကာ နားလည်ထားတဲ့ အဆင့်ကို ကျော်သွားတဲ့သူတွေမှာ ဖြစ်လေ့ဖြစ်ထရှိလာတဲ့ သဘောမျိုးပဲဗျ။

 ကိုထူး။ ။ တင်ပါ့။ ဒီနေ့ အရှင်ဘုရားနဲ့ ဆွေးနွေးခွင့်ရတာ အင်မတန်ကျေးဇူးများလှ ပါတယ်ဘုရား။ တပည့်တော် တစ်ခု မေးချင်သေးတာက.. ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ ဆိုသလို ဂုဏ်ကျေးဇူးကြီးသူတွေအပေါ်မှာ မတော်တဆ အဲသလို ပြစ်မှားမိခဲ့တာမျိုးရှိခဲ့ရင် အဲဒီအပြစ်တွေကို ချေဖျက်လို့ ရနိုင်- မရနိုင်၊ ရနိုင်ရင် ချေဖျက်လို့ ရနိုင်တဲ့ နည်းလမ်းက ဘယ်လို ဆိုတာတွေကို သိချင်ပါသေးတယ်ဘုရား။

 အရှင်။ ။ မေးတတ်ပါပေတယ် ကိုထူးရေ။ ပဥ္စာနန္တရိယကံကြီးငါးပါးနဲ့၊ ထိုကံကြီးငါးပါးနဲ့ အလား တူတဲ့ ကံကြီးတွေကလွဲရင် ချေဖျက်လို့ ရနိုင်ကောင်းပါတယ် ကိုထူးရဲ့။ အကောင်းဆုံး ချေဖျက်တဲ့ နည်းလမ်းက တောင်းပန်ခြင်း နည်းလမ်းပါပဲ။ အဲဒီနည်းလမ်း အကြောင်းကို ဦးဇင်းတို့ ဓမ္မပဒ ပါဠိတော်- အဋ္ဌကထာများမှာလာတဲ့ သောရေယျဝတ္တုကို ထောက်ဆပြီး သိနိုင်တယ်။ နောက်ပြီး ဘယ်လိုအခြေအနေတွေကြောင့် ပြစ်မှားမိတတ်တယ်၊ ဘယ်လိုအနေအထားမှာ တောင်းပန် တတ်ကြတယ် ဆိုတာတွေကိုလည်း ဦးဇင်းတို့ မက်သတ် (Method) ထုတ်ကြည့်လို့ ရတယ်။

 ကိုထူး။ ။ တင်ပါ့၊ သိလိုလှပါတယ်ဘုရား။ ဟော.. ပြောရင်းဆိုရင်း ကျောင်းဒကာကြီးတွေ ရောက်လာကြပါပြီဘုရား။ အရှင်ဘုရားလည်း ဒကာကြီးတွေနဲ့ ပြောရဦးမယ်။ နက်ဖြန်မှ တပည့်တော် ပြန်လာခဲ့ပါမယ် ဘုရား။

 အရှင်။ ။ ကောင်းပါပြီ ကိုထူးရေ။ နက်ဖြန်မှ ဆက်ကြတာပေါ့ဗျာ။ ကျန်းမာချမ်းသာပါစေ။

 ကိုထူး။ ။ ပေးတဲ့ဆုနဲ့ ပြည့်ပါစေဘုရား။ အရှင်ဘုရားလည်း ကျန်းမာချမ်းသာပါစေဘုရား။ ေ

မတ္တာဖြင့်

 အရှင်ဝိသာရဒ (ရမ္မာဝတီ)