အာစိဏ္ဏကံ
★ အာစိဏ္ဏကံ ဆိုတာ နေ့စဉ် ဆွမ်းလောင်း၊ နေ့စဉ် ဘုရားဝတ်တက်၊ နေ့စဉ် ပုတီးစိပ် စသဖြင့်ရှိတယ်။ သေခါနီး ကိုယ့်စိတ်ထဲမှာ ပုတီးစိပ်တာ တရားထိုင်တာ၊ ဆွမ်းလောင်းတာတွေ ခံစားနေရတယ်။★ အဲဒီလို အာရုံကောင်းကောင်လေးနဲ့ အမြဲလုပ်နေတာကို အာစိဏ္ဏကံလို့ ခေါ်တယ်။ မကောင်းတဲ့ အာစိဏ္ဏကံလုပ်တဲ့ ပုဂ္ဂိုလ်ကျတော့ မကောင်းတဲ့ အာရုံတွေ လာထင်မှာပဲ။ သေခါနီး အင်မတန် အရေးကြီးတယ်။
★ အာစိဏ္ဏကံ မရှိဘူးဆိုရင် အမှတ်တမဲ့ပြုလုပ်ထားတဲ့ကံတွေက ၀င်ပြီး အကျိုးပေးတယ်။ အဲဒီကံမျိုးကို ကဋတ္တာကံလို့ ခေါ်တယ်။ အဲဒါက ကံတွေရဲ့အကျိုးပေးတဲ့ အဆင့်ပဲ။ တစ်ခုနဲ့တစ်ခု မတူဘူး။ စေတနာပေါ် မူတည်ပြီး အကျိုးပေးတယ်။
★ ဒီလို အကျိုးပေးပေမယ့် ကံတွေဟာ အကျိုးပေးပုံချင်း တစ်ယောက်နဲ့တစ်ယောက် တူနိုင်သလားလို့ မေးရင် မတူဘူး။ လူရဲ့ qualification ပေါ်မူတည်ပြီး ကံကလိုက်အကျိုးပေးတာ၊ ဒါကြောင့် မတူဘူး။
★ ကုသိုလ်ကောင်းမှုကို စုပေါင်းပြီးပြုလုပ်တဲ့ ပုဂ္ဂိုလ်တွေမှာ ဆိုပါစို့၊ စုပေါင်းပြီး ကထိန်ခင်းတာ၊ စုပေါင်းပြီး တရားနာတာတွေမှာတောင် အလုပ်က တူကောင်းတူနိုင်ပေးမယ့် စိတ်စေတနာချင်းကတော့ မတူလို့ အကျိုးပေးချင်လည်း မတူနိုင်ကြဘူး။ quality က ဘာလဲဆိုရင် ကံနဲ့ပတ်သက်လာရင် ကံမှတစ်ပါး အခြားအခြေခံကောင်းတွေ ကိုယ့်သန္တာန်မှာ ရှိနေဖို့လိုတယ်။
★ လူတွေထဲမှာလည်းကြည့် မတူတာတွေ ပြောရရင် တချို့ပုဂ္ဂိုလ်တွေက လူတစ်ယောက်ကို သတ်တဲ့ ပါဏာတိပါတာကံ ကျူးလွန်လိုက်လို့ သေစားသေစေ (သို့) ထောင် တစ်သက်တစ်ကျွန်း ကျသွားစေတယ်။ တချို့ကျတော့ သူတစ်ပါးရဲ့အသက်ကို သတ်ပေမယ့် အပြမ်မရရုံမျှမက ဆုတောင်ရသေးတယ်။
★ အဲဒါမျိုး ရှိဘူးလား၊ ရှိတယ်။ ဘာကြောင့်လဲဆိုတော့ condition ချင်း မတူဘူးလေ။ condition ဆိုတာ ရှိသေးတယ်။ ကံကလည်း လူတိုင်းမှာ ဖိဖိစီးစီး အကျိုးမပေးနိုင်ဘူး။ အခြားအကြောင်းတွေ ရှိသေးတယ်။
★ ဥပမာ - မြတ်စွာဘုရားဟောထားတဲ့ လာဏကပလ္လသုတ်ဟာ အင်မတန်မှ မှတ်သားစရာကောင်းတယ်။ ဆားခဲလေးယူပြီး ဖန်ခွက်ထဲရှိ ရေထဲထည့်ပြီး အဲ့ဒီရေကို သောက်ကြည့်ရင် အင်မတန် ငန်သွားမယ်။ အဲဒီပမာဏ ဆားခဲ့ကိုပဲ ဂင်္ဂါမြစ်ထဲ၊ ဧရာဝတီမြစ်ထဲ၊ ရေကန်ကြီးထဲ ထည့်လိုက်ပါဦး။ ဆားရဲ့ အရသာ ပေါ်ပါတော့မလားတဲ့။
★ အဲဒီလိုပဲ တချို့ပုဂ္ဂိုလ်တွေကျတော့ ကိုယ်ကျင့်တရားကလည်း မကောင်းဘူး၊ ကုသိုလ်ကောင်းမှုလည်း ဘာမှမလုပ်ဘူးဆိုရင် အဲဒီ ပုဂ္ဂိုလ်ဟာ အကုသိုလ်နည်းနည်း လုပ်ပေမယ့်လည်း အများကြီးခံရမယ်။ သူများထက် ပြင်းပြင်းထန်ထန် ခံရမယ်။ ငွေတစ်မက်နဲ့ ထောင်ကျချင်ကျတာ။ ငွေတစ်သိန်းနဲ့ ထောင်ကျချင်မှ ကျတာ။
★ ပိုက်ဆံရှိရင် မကျဘူး။ ပိုက်ဆံရှိသူနဲ့ ပိုက်ဆံမရှိသူကလည်း အခြေအနေကွာသေးတယ်။ ပိုက်ဆံမရှိရင် ထောင်ကျမယ်။ ပိုက်ဆံရှိရင် ထောင်မကျဘူး။ All are equal under the law လို့ဆိုပေမယ့် ပိုက်ဆံပေးနိုင်လို့ လွတ်သွားတာတွေ အများကြီးရှိတယ်။ ဒါက လောကဖြစ်ရပ်ပဲလေ။ အဲဒီမှာ ပိုက်ဆံဟာ အရည်အချင်းတစ်ခုဖြစ်တယ်။ ဘုရားဟောတဲ့ စာထဲမှာလည်း ပါပါတယ်။
★ ဒီအတိုင်းပဲ ကံအကျိုးပုံချင်း မတူကြဘူး။ တချို့မှာ ကုသိုလ်စိတ်များတယ်။ ပုထုဇဉ်မို့လို့ မကောင်းမှုကို တစ်ခါတစ်ရံ လုပ်မိပေမယ့် ပျောက်သွားတယ်။ သိပ် အကျိုးမထင်ဘူး။ ကံက မျက်နှာလိုက်တာ မဟုတ်ဘူး။ ကံမှာလည်း အရည်အချင်းတွေရှိတယ်။ အခြား condition တွေရှိသေးတယ်။ သဘာဝတရားတွေမှာ ဆိုင်ရာဆိုင်ရာ အထောက်အကူ အကြောင်းတရားတွေ ရှိသေးတယ်။
★ မြတ်စွာဘုရား ဟောထားတာတစ်ခု ရှိသေးတယ် - ငါးသယ်ထံက ဆင်းရဲသားက ငါးတစ်ကောင်ခိုးယူရင် အလေးနဲ့ အထုခံရမှာနော်။ ကားနဲ့သူဌေးတစ်ယောက်က ယူရင်တော့ နောက်တစ်ကောင်တောင် ထပ်ပေးလိုက်ဦးမယ်။ ချမ်းသာတဲ့သူကို ဦးစားပေးပြီး မချမ်းသာတဲ့သူကိုတော့ ဦးစားမပေးဘူး။
★ ဒါက လောကရဲ့ဖြစ်စဉ်ပဲလေ။ ကံကျတော့ ပိုက်ဆံရှိတာ မရှိတာကို ပြောတာမဟုတ်ဘူး။ ကျန်တဲ့ အရည်အချင်း တွေရှိတာ၊ မရှိတာကို ပြောတာ။ ကျန်တဲ့ အရည်အချင်းတွေ ရှိတဲ့သူက အပြစ်သက်သာသွားမယ်။ ★ ဆိုပါစို့၊ ကိုယ်ကျင့်တရားပြည့်စုံပြီး၊ စိတ်ကောင်းနုလုံးကောင်း အမြဲထားပြီး ကုသိုလ်ကောင်းမှုတွေ လုပ်တဲ့ပုဂ္ဂိုလ်တစ်ဦးဟာ တစ်ခါတစ်ရံ မကောင်းမှုလုပ်ပေမယ့် ထိုအကုသိုလ်က ပျောက်ပျက်သွားတယ်။ ★ ဘာမှ ကောင်းမှုကုသိုလ် မရှိတဲ့ ပုဂ္ဂိုလ်ကျတော့ အကုသိုလ် နည်းနည်း လုပ်တာနဲ့ များများခံရမှာပဲ။
★ လောကမှာလည်း ဖြစ်စဉ်က ဒီအတိုင်းပဲ။ အဲဒီတော့ မကောင်းတဲ့ကံလုပ်မိရင် ထိုကံမှ သက်သာဖို့ ကောင်းတာ များများလုပ်ထားလို့ ဆိုလိုတဲ့ အဓိပ္ပါယ်ကို ပြေတာ။
★ အေး- ကံတရားဆိုတာ ပထမဘဝမှာ အကျိုးပေးတာရှိတယ်။ ဒုတိယဘဝမှာ အကျိုးပေးတာရှိတယ်။ တတိယဘဝမှာ အကျိုးပေးတာ ရှိတယ်။ ဒီကံတရားတွေဟာ အခြေခံပေါ်မူတည်ပြီး ထိုကံတရားရဲ့ အကျိုးဟာလည်း ထက်သန်မှု၊ နိမ့်ကျမှုဆိုတာ ဖြစ်သွားခဲ့တယ်။ ဘယ်လောက်ပဲ ကောင်းတဲ့ကံဖြစ်စေ၊ အထက်တန်းရောက်တဲ့ကံ ဖြစ်စေ အခြေခံ တစ်ခုညံ့ရင် နိမ့်ကျတဲ့ဘဝကို ရသွားမှာပဲ။
ကျေးဇူးတော်ရှင်ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး 🙏 🙏 🙏 ‘နိဗ္ဗာန်တံခါးကြီး ဖွင့်တော်မှုပါ အပိုင်း(၃)’ တရားတော်မှ ကောက်နှုတ်ချက်ဖြစ်ပါသည်။
Credit --- Shwe Thu