အာသန္နကံ
★ အာသန္နကံဆိုတာ အရင်တုန်းက လုပ်ထားပေမယ့် သေခါနီးဆဲဆဲမှာ သတိရတဲ့ကံ (သို့မဟုတ်) သေခါနီးဆဲဆဲမှာ အနီးကပ်လုပ်တဲ့ ကံမျိုး ဖြစ်တယ်။ အာသန္နကံဆိုတာ ကုသိုလ်ကံလည်း ရှိတယ်။ အကုသိုလ် ကံလည်းရှိတယ်။★ သီဟိုဠ်ကျွန်း (သီရိလင်္ကာ)မှာ တံငါသည်တစ်ယောက် နေ့စဉ်နှင့်အမျှ ငါးတွေသတ်ဖြတ်ပြီး အသက်မွေးတယ်။ သေခါနီးရောက်တဲ့အခါကျတော့ ကိုယ်လုပ်ခဲ့တဲ့ အကုသိုလ်ကြောင့် အိပ်မက် မက်သလို၊ မကောင်းမှုတွေဟာ အရိပ်မည်းကြီးလို ပေါ်လာတယ်။ ကိုယ်လုပ်ခဲ့တဲ့ လုပ်ရပ်တွေ စိတ်ထဲမှာ ထင်လာတယ်။
★ ဥပမာ - ၀က်သက်တဲ့သူက ၀က်သက်ခဲ့တဲ့အတိုင်း ၀က်အော်သံတွေ ထင်လာတယ်။ ကြက်သက်တဲ့သူကလည်း ကြက်သက်ခဲ့တဲ့ အတိုင်းမြင်လာတယ်။ အဲဒီလို ငါးသတ်ခဲ့တဲ့ အကုသိုလ်ရိပ်တွေ ထင်လာလို့ ငရဲနိမိတ်တွေ ပေါ်လာတဲ့အခါ ရဟန္တာတစ်ပါး ဆွမ်းခံကြွလာရင်း သူ့အခြေအနေကို ကြည့်ပြီး သနားလို့ သူ့အနားကြွသွားကာ အားပေးစကားပြောပြီး “ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊ ဓမ္မံ သရဏံ ဂစ္ဆာမိ၊ သံဃံ သရဏံ ဂစ္ဆာမိ” ရောက်တဲ့အခါ လိုက်ဆိုရင်း ဂစ်တွင်ပဲ သေဆုံးသွားတယ်။ သူဟာ ငရဲမှ လွတ်သွားပြီး ဘုမ္မစိုးနတ် သွားဖြစ်တယ်။
★ တကယ်ဆို သူဟာ ငရဲသွားရမှာ၊ သူအားကိုးရာ မရှိတဲ့အခါ ဘုရားကို အားကိုးရာလို့ လက်ခံလိုက်တာနော်။ ရဟန္တာက မင်း ဒါလေး လိုက်ဆို၊ မင်း အကြောက်တွေ ပြေလိမ့်မယ်ဆိုလို့ လိုက်ဆိုတာ။ ဆိုရင်း ဆိုရင်းနဲ့ လျှာက လေးလာပြီး အသက်ထွက်သွားတယ်။ ဘုမ္မစိုးနတ်သွား ဖြစ်တယ်၊ အဲဒီ အခါကျတော့ ကျေးဇူးတင်လွန်းလို့ ဆရာတော်ကြီးဆီလာပြီး ကိုယ်ထင်ပြတယ်။
★ ကြောက်တတ်တဲ့သူဆိုရင် တစ္ဆေခြောက်တယ် ထင်ပြီး ကြောက်မှာပဲ။ ကိုယ်ထင်ပြပြီး ဘာပြောလဲ ဆိုတော့ အရှင်ဘုရား၊ ပါဏာတိပါတာ ဝေရမဏိ ဆက်ချရင် အထက်နတ်ပြည် သွားဖြစ်မှာတဲ့။ အခု ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊ ဓမ္မံ သရဏံ ဂစ္ဆာမိ၊ သံဃံ သရဏံ ဂစ္ဆာမိ ဆိုလိုက်တာနဲ့ ဘုမ္မာစိုးနတ်ဖြစ်ရတယ်တဲ့။
★ အဲဒါမျိုးက အာသန္နကံ နော်။ ဒါကြောင့်မို့ သေခါနီးမှာ လိမ္မာပါးနပ်ဖို့ သိပ်လိုတယ်။ တချို့နိုင်ငံတွေက ဆေးရုံကြီးတွေမှာ ချက်ပလင်ဆိုတာ ခန့်ထားတယ်။ ဗုဒ္ဓဘာသာနိုင်ငံတွေမှာ ရှိဖို့ အင်မတန် ကောင်းတယ်။
★ ချက်ပလင် တာဝန်ရှိတဲ့သူက သေခါနီးပုဂ္ဂိုလ်တွေကို အသေဖြောင့်ဖို့အတွက် တရားဓမ္မ သွားဟောတာ။ အားပေးစကားပြောပြီး စိတ်ကောင်း၊ နုလုံးကောင်းရှိလာအောင်၊ စိတ်ကြည်ကြည်လင်လင် ဖြစ်လာအောင် ကူညီတာ၊ ဆေးရုံတိုင်းမှာ ခန့်ထားတယ်။
★ ဒါမျိုးရှိရင် သေခါနီးပုဂ္ဂိုလ်တွေအတွက် သိပ်ကောင်းတာပေါ့။ ဒါပေမဲ့ ဘယ်လိုသေမလဲဆိုတာ မသိနိုင်တော့ အေးအေးဆေးဆေး သေမယ့် ပုဂ္ဂိုလ်မျိုးဆိုရင် ပြင်ပေးလို့ ရနိုင်တဲ့ အနေအထားတွေ အများကြီးရှိတယ်။
★ သေခါနီးအချိန်ထိ စောင့်မနေကြနဲ့ဦးနော်။ ကြိုကြိုတင်တင် လုပ်ထားမှနော်၊ ဘယ်အချိန် သေမလဲဆိုတာ မသိနိုင်ဘူး။ အဲဒီတော့ သေခါနီးမှာ လုပ်တဲ့ ကံလေးတွေက ၀င်ပြီး အကျိုးပေးနိုင်တယ်။
★ ကံဆိုတာ အင်မတန် ဆန်းကြယ်တယ်။ တခြားအာရုံတွေနဲ့ ပူးပေါင်းပြီး လုပ်သွားတာ။ ပြီးတော့ ဒီဘဝက ကံတစ်မျိုးတည်းနဲ့လည်း ဆုံးဖြတ်လို့ မရနိုင်ဘူး။ အတိတ်ဘဝက ကံတွေက အခွင့်ရချင် ရသွားမှာ။
★ နောင်ဘဝကို စိတ်ချရအောင်၊ ဘဝကောင်းရောက်အောင် ဘယ်လို လုပ်ရမလဲလို့ မေးတယ်။ နောင်ဘဝအတွက်တော့ သောတာပန်ဖြစ်မှာပဲ စိတ်ချရမယ်။ ပုထုဇဉ်မှာကတော့ guarantee မရှိသေးဘူး။ သေချာအောင် guarantee ပေးလို့မရဘူး။ သောတာပန်ဆိုရင်တော့ အပါယ်တံခါး ပိတ်သွားပြိ။ ကိစ္စမရှိဘူးလို့ ပြောလိုက်ပါတယ်။
★ အခုကလည်း အပါယ်တံခါးကြီးက ပွင့်နေလို့ နိဗ္ဗာန်မှတ်ပြီး ၀င်သွားမိမှာ ကြောက်ရတယ်။ ပုထုဇဉ်အတွက်ကတော့ guarantee မရှိသေးဘူး။ ဘာကြောင့်လဲဆိုတော့ ဒီဘဝကောင်းပေမယ့် သေခါနီးမှာ နောက်ဘဝက အရိပ်မည်းကြီးတွေက ထိုးချင်ထိုးတာလေ။
★ အဲဒါကြောင့် ကိုယ့်ရဲ့စိတ်ကို သတိထားပြီး ကောင်းတဲ့ဘက် အမြဲညွှတ်နေဖို့ လိုတယ်။ အလေ့အကျင့် တစ်ခုခုလုပ်ရမယ်။ သေခါနီး မိန်းမော မေ့မြောသွားပြီ ဆို ရင် ကိုယ့်စိတ်ဟာ ဘယ်သွားမလဲဆိုတာ အလေ့အကျင့်လုပ်ဖို့ လိုတယ်။ အဲ့ဒီအချိန်မျာ ကံသာလျှာင် အားကိုးရာ တကယ်ဖြစ်တယ်။ ဘာမှ မရှိတော့ဘူး။
★ ဒါကြောင့် မြတ်စွာဘုရားက "ကမ္မံ ခေတ္တံ" တဲ့၊ နောင်ဘဝသွားဖို့အတွက် ကံသာလျှင် စိုက်ပျိုးုရာ မြေလွှာပဲ။ အဲဒီကံမှာသာ ဘဝအပင် ပေါက်မှာ။ ကိုယ့်စိတ်ထဲ အရိပ်မည်းကြီး ထိုးတဲ့နေရာမှာ ပေါက်မှာပဲ။ ★ သေခါနီးမှာ ကိုယ်လုပ်ခဲ့တဲ့ကံတွေ ပေါ်လာမယ်။ (သို့) ကံလုပ်ခဲ့စဉ်က ပတ်ဝန်းကျင် အခြေအနေတွေ ပေါ်လာမယ်။ (သို့) သွားရမယ့် ဘုံဘဝတွေ ပေါ်လာမယ်။ တစ်ခုခုတော့ ပေါ်လာမှာပဲ။ အဲဒီ ပေါ်လာတဲ့အချိန်မှာ ပြောင်းလဲနိုင်ရင် ကောင်းတဲ့ဘုံး ရောက်နိုင်တယ်။ ဒီအချိန်မှာ အာသန္နကံဆိုတာ အင်မတန် အရေးကြီးတယ်။
★ သီဟိုဠ်(သီရိလင်္ကာ)ကျွန်းမှာ သောဏဆိုတဲ့ ရဟန္တာကြီးတစ်ပါး ရှိတယ်။ သူ့အဖေက ဟောလို့ ပြောလို့မရတဲ့ မုဆိုးကြီး။ ကျန်းမာတုန်းကတော့ တောထဲ လှည့်လှည်ပြီး တိရစ္ဆာန်တွေကို သတ်ဖြတ်နေတာ။ အသက်အရွယ်ကြီးလာတဲ့အခါ အလုပ်မလုပ်နိုင်တော့မှ ကျောင်းကိုခေါ်ပြီး ဦးပဥ္စင်းကြီး ၀တ်ပေးထားတယ်။ ဘုန်းကြီးးဘဝနဲ့ နေတာပေ့ါ။
★ သေခါနီးကျတော့ သူ့စိတ်က ဘယ်ညွှတ်နေသလဲဆိုတော့ သူလုပ်ခဲ့တဲ့ဟာတွေ ပြန်မြင်နေတနယ်။ အိပ်ရာထဲမှ ပက်လက်နဲ့ မောနေတဲ့အချိန်မှာ သတိလည်တစ်ချက်၊ မလည်တစ်ချက်နဲ့ ဘာတွေမြင်သလဲဆိုတော့ ခွေးတွေနဲ့ သူတောလိုက်ခဲ့တာမြင်တယ်။
★ အဲဒီမှာ ခွေးအုပ်ကြီးက ၀ိုင်းကိုက်ကြမလို့ သွားမြင်တယ်။ အိပ်မက်မက်သလိုမျိုးပေါ့။ အဲဒီတော့ သူ့ပါးစပ်က ယောင်ပြီး လုပ်ကြပါဦးလို့ အော်တယ်။ ကိုယ့်ကျတော့ ကြောက်တယ်နော်။ အဲဒီ ခွေးတွေက ကိုယ့်ဘက် ပြန်လှည့်လာတာ။
★ အဲဒီလိုလည်းမြင်လိုက်ရော၊ သားလုပ်တဲ့ရဟန္တာက ငရဲသွားတော့မှာပဲဆို သိတယ်။ ချက်ချင်းပဲ ပန်း၊ ရေချမ်းတွေနဲ့ မဟာစေတီလို့ခေါ်တဲ့ ဘုရားရင်ပြင်ပေါ် ပွေ့ခေါ်သွားတယ်။ ဘုရားရင်ပြင်ရောက်တဲ့အခါ ဟောဒါ ပန်း၊ ဟောခါ ရေချမ်း ဘုရားကို အာရုံပြုပါ ဆိုပြီး အာရုံပြောင်းပေးလိုက်တယ်။
★ ဘုရားကို ဘယ်ခွေးမှ မလာနိုင်ဘူးဆိုပြီး ကြောက်တဲ့စိတ်တွေ ဖြေပေးလိုက်တာနဲ့ ကြောက်စိတ်တွေပြေသွားပြီး ဘာ ထပြီး ပြောပြန်သလဲဆိုတော့ ဟိုမှာ ဟိုမှာတဲ့ ဒကာမလေးတွေ လာနေကြပြီလို့ ပြောပြီး သေသွားတာ နတ်ပြည် ရောက်သွားတယ်တဲ့နော်။ အဲဒါက ဂတိ နိမိတ်၊ ကမ္မ နိမိတ် တွေကိုပြောင်းပေးလို့ ရတယ်လို့ ဆိုတာပါပဲ။ ဒါကလည်း မိတ်ကောင်း ဆွေးကောင်းရှိမှ ဖြစ်နိုင်မယ်။
★ တစ်ခါတုန်းကလည်း မန္တလေးတိုင်း အမရပူရလို့ခေါ်တဲ့ တောင်မြို့မှာ ရေချမ်းစင်တည်ပြီး အမြဲတမ်း ရေဖြည့်ပြီး လှူဒါန်းနေတဲ့ ရေချမ်းဒကာမကြီးဆိုတာ ရှိသတဲ့။ သူမ မကျန်းမာလို့ ရောဂါဝေဒနာခံစားရပြီး မေ့မြောနေတဲ့အချိန်မှာ သူမရဲ့ သားသမီးတွေက သေပြီထင်ပြီး အော်ငိုကြသတဲ့၊ ငိုသံကြားရတော့ စိတ်မကောင်းဖြစ်ပြီး သေသွားတာ ပြိတ္တာမကြီး သွားဖြစ်တယ်။ ရေချမ်းအလှူကို သတိမရနိုင်ဘူး။
★ သေအ့ံမူးမူး ဖြစ်နေတဲ့ ပုဂ္ဂိုလ်တွေအတွက် တိတ်တိတ်ဆိတ်ဆိတ်လေးနဲ့ ဘုရားသံ၊ တရားသံပေးပြီး တရားတိတ်ခွေ ဖွင့်ပေးပြီး အေးအေးဆေးဆေးနဲ့ ပန်းနံ့သာတွေနဲ့ ဘုရားကိုပူဇော်ခိုင်းတာဟာ အကောင်းဆုံးပဲ။ တချို့က မသိတတ်ဘူး။ ဘဏ်စာအုပ် ဘယ်ရောက်နေလဲ၊ စိန်နားကပ် ဘယ်နားထားသလဲလို့ မေးတတ်ကြတယ်။
★ အဲဒါဆိုရင် သေချာနေပြီ အပါယ်တံခါးကြီးက ပွင့်နေတာပေါ့။ တချို့ကလည်း ပစ္စည်းတွေ ဘယ်သူ့ကို ပေးခဲ့မလဲ၊ ဘယ်ထားခဲ့သလဲ မေးကြတယ်။ အဲဒီ မေးမြန်းနှောင့်ယှက်ရင် ကောင်းရာသုဂတိ မရောက်နိုင်တော့ဘူး။
★ သေအံ့မူးမူးဖြစ်နေတဲ့ ပုဂ္ဂိုလ်တွေက သေခါနီးမှာ နားက ပိုကြားတယ်။ တချို့က ပိုဆိုးသေတယ်။ လူမမာလာမေးရင် တိတ်တိတ် ဆိတ်ဆိတ်မနေဘဲ ဒီတောင်က ကျော်နိုင်မှာ မဟုတ်ပါဘူးလို့ အားပေးစကား မဟုတ်တာတွ ပြောတတ်ကြတယ်။
★ အဲဒီလို ပြောသံကြားရင် လူမမာ ဒုက္ခရောက်သွားပြီ မှတ်။ အဲဒီလိုနဲ့ ဒုက္ခ ရောက်သွားတဲ့ သူတွေ အများကြီးရှိတယ်။ လူမမာလာမေးတဲ့ သူတွက ဘာမှမမေးသင့်ဘူး။ မပြောသင့်ဘူး။ တိတ်တိတ်ဆိတ်ဆိတ်လေး နေသင့်တယ်။
★ ဖယောင်းတိုင်မီးတို့၊ ဆီးမီးတို့ ကုန်ခါနီးမှာ ပိုတောက်လာသလို သေခါနီးပုဂ္ဂိုလ်က နား ပိုကြားရတယ်။ ဒါကြောင့် သေခါနီးပုဂ္ဂိုလ်က နား ပိုကြားရတယ်။ ဒါကြောင့် သေခါနီး ပုဂ္ဂိုလ်နားမှာ တိုးတိုး တိုးတိုး မပြောကြနဲ့။ သူက စကားသာ မပြောနိုင်တာ၊ အကုန်ကြားရတယ်။ စိတ်ညစ်စရာက အာသန္နကံ ဖြစ်သွားရင် မလွယ်ဘူး။ အဲ့ဒါနဲ့ပဲ ဒုက္ခရောက်သွားတတ်တယ်။
★ ဒါကြောင့် အသံကို လုံးဝတိတ်ပေးရမယ်။ တောင်တောင်မြောက်မြောက် ပြောတဲ့သူဆိုရင် လုံးဝလက်မခံနဲ့။ ကောင်းတာလေး အာရုံပြုပြီး ငြိမ်းငြိမ်းချမ်းချမ်းလေးနဲ့ ဘဝတစ်ခု ကူးသွားရင် ကောင်းရာသုဂတိ ရောက်နိုင်ဖို့ ရှိပါတယ်။
★ တကယ်တော့ ဒါတွေကိုလည်း အားကိုမနေကြနဲ့၊ ကိုယ့်ဟာကို အခုကတည်းက ကြိုတင်ပြီး လုပ်ထားကြ၊ ပုထုဇဉ်တွေအတွက် guarantee ဆိုတာမရှိဘူး။ guarantee ရချင်ရင် သောတာပန်ဖြစ်အောင် လုပ်ထားကြ၊ ကောင်းပြီး အာသန္နကံဆိုတာ အနီးကပ် အကျိုးပြုတဲ့ကံကို ခေါ်တယ်။ ဂရုကကံ မရှိရင် ဒီ အာသန္နကံက အကျိုးပေးတယ်။
ကျေးဇူးတော်ရှင်ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး 🙏 🙏 🙏 ‘နိဗ္ဗာန်တံခါးကြီး ဖွင့်တော်မှုပါ အပိုင်း(၃)’ တရားတော်မှ ကောက်နှုတ်ချက်ဖြစ်ပါသည်။
Credit --- Shwe Thu