မြတ်ဗုဒ္ဓရဲ့ အဆုံးအမဆိုတာ
★ အရှင်ဘုရား တပည့်တော်ဟာ အလွန်မိုက်မဲ မလိမ္မာသည့်အတွက်ကြောင့် ရာထူးအာဏာကို မက်မောပြီးတော့ တကယ့်ကို တရားဥပဒေအတိုင်း အုပ်စိုးခဲ့တဲ့ ဖခမည်းတော်ကို တပည့်တော်လုပ်ကြံ သတ်ဖြတ်ခဲ့ပါတယ်။★ အဲသည်အပြစ်အတွက် တပည့်တော် ၀န်ချတောင်းပန်ပါတယ်လို့ မြတ်စွာဘုရားကို လျှောက်ထားတယ်။
အဲလို လျှောက်ထားတဲ့အခါ မြတ်စွာဘုရားက ဘာပြောလဲဆိုတော့ "ဟုတ်တယ် အခုလို ပြစ်မှားတာဟာ မကောင်းဘူး"။
★ သို့သော်လည်း ငါဘုရားရဲ့ အဆုံးအမမှာတဲ့ အပြစ်ကို အပြစ်အတိုင်း မြင်ဖို့ရယ်၊ မြင်လာတဲ့ အပြစ်ကို တရားနည်းလမ်းတကျ ကုစားတာရယ်၊ နောင်မဖြစ်ဖို့ စောင့်စည်းတာရယ်၊ ဒီအချက်(၃)ချက်တာ ကြီးပွားတိုးတတ်ပြီး အပြစ်ကလွတ်ခြင်းရဲ့ အကြောင်းတခုဖြစ်တယ်။ ဒီလိုဟောတာနော်။
★ အဲတော့ မြတ်စွာဘုရားရဲ့ အဆုံးအမမှာ အပြစ်ကလွတ်တဲ့နည်း မရှိဘူးလို့ တချို့က ထင်ကြတယ်။ တခြားဘာသာတွေမှာ လုပ်ချင်တာတွေလုပ်ပြီး တိတ်တိတ်အခန်းလေးထဲ ၀င်ပြီး Confession လုပ်တာနဲ့ အပြစ်ကလွတ်သွားတယ်လို့ ဒီလိုယူဆကြတယ်ပေါ့နော်။
★ ဗုဒ္ဓရဲ့တရားတော်အရ Confession လုပ်ရုံနဲ့ အပြစ်ကလွတ်တယ်ဆိုတာ မဟုတ်ဘူး။ ဖြောင့်ချက်ပေးတာလဲ လူကြားထဲဖြောင့်ချက်ပေးတာ မဟုတ်ဘူး။ တိတ်တိတ် အခန်းလေးထဲဝင်ပြီး Confession လုပ်တာလေ။ တချို့ဘာသာတွေမှာ အဲ့လိုလုပ်တယ်။
★ အဲတော့ ဗုဒ္ဓရဲ့ အဆုံးအမက ဒီလို မဟုတ်ဘူး။ အပြစ်ကို အပြစ်လို့ မြင်ဖို့က ပထမ၊ တရားနည်းလမ်းအတိုင်း ကုစားတယ်။ ကုစားတယ်ဆိုတာ ဘာလဲ ၀န်ချတယ် တောင်းပန်တယ်။ နောင်အခါ ရှောင်ကြဉ်ရမယ်။ ဟောဒီ (၃)ခု၊ အဲဒီ (၃)ခု အတိုင်း လိုက်နာကျင့်သုံးမယ် ဆိုလို့ချင်ရင် ဒီအပြစ်က လွတ်မြောက်နိုင်တယ်။
★ လွတ်မြောက်တယ်ဆိုတာ ဘယ်လိုလွတ်မြောက်တာလဲလို့ မေးလို့ချင်ရင်၊ ဘာဖြစ်လို့တုန်းဆိုတော့ အပြစ်ဆိုတာ လုပ်ပြီးလို့ချင်ရင် မလုပ်သေးဘူးလို့ ပြောလို့မှ မရတာ။ လုပ်ပြီးသား အပြစ်က မရှိတော့ဘူးလေ။ ကိုယ့်သန္တာန်မှာ လုပ်ပြီးသား အမှားဟာအမှားပဲ၊ ဒီအမှားကို ပြင်တာမဟုတ်ဘူး၊ နောက်ထပ် ဆက်မမှားဖို့ လုပ်တာ။
★ အပြစ်ဆိုတာ နောက်ထပ်တိုးနေတာ (၂)ခုရှိတယ်။ လုပ်တုန်းက အမှားတခု၊ မှားတဲ့အပေါ်မှာ စိတ်မချမ်းမသာ ဖြစ်ပြီးတော့ နေတာက အမှားတခု ဆိုတော့ နှစ်ခု။ အဲဒီ နှစ်ခုထဲမှာ လုပ်တုန်းက အမှားက ပြင်လို့မရတော့ဘူး၊ မှားမိတဲ့အပေါ်မှာ နုလုံးမသာမယာ စိတ်မချမ်းမသာ ဖြစ်ပြီးတော့ မထူးပါဘူးကွာဆိုတဲ့ဟာက ပိုမှားသွားတယ်။
★ အဲ့ဒါကြောင့်မို့လို့ ဘယ်လောက်ပဲ ပြစ်မှုတွေ ကျူးလွန် ကျူးလွန် မြတ်စွာဘုရားရဲ့ အဆုံးအမတော်က အပြစ်ကို အပြစ်လို့ မြင်ရမယ်။ မကောင်းတာကို မကောင်းဘူးလို့ မြင်ရမယ်။ မြင်ပြီးရင် ကုစားရမယ်။ နောင်မဖြစ်အောင် ထိန်းသိမ်းစောင့်ရှောက်ရမယ် ဆိုတဲ့ ဒီ(၃)ချက်နဲ့ လုပ်လို့ချင်ရင် အပြစ်ကလွတ်ကင်းသွားနိုင်တယ်ပေါ့။
★ လွတ်ကင်းသွားတယ်လို့ ဆိုတဲ့နေရာမှာ အတိုင်းအတာတခုအရ လွတ်ကင်းသွားတယ်။ နောက်ဆုံးမှာ ရဟန္တာအဖြစ်သို့ ရောက်သွားလို့ချင်ရင် အပြစ်ဟူသမျှဟာ လွတ်ကင်းမှာပဲပေါ့။
★ ဒါကြောင့်မို့ အဇာတသတ်မင်းကြီးကို မြတ်စွာဘုရားက ခုလိုမိန့်ကြားလိုက်တယ်။ မိန့်ကြားလိုက်တော့ အဇာတသတ်မင်းကြီးက အရှင်ဘုရားတဲ့ တပည့်တော်တို့က အလုပ်ကိစ္စတွေများပါတယ် ပြန်ပါရစေပါဆိုပြီး ဘုရားကိုဝတ်ချပြီးတော့ ညတွင်းချင်းပဲ ပြန်သွားလိုက်တယ်။
★ အဲဒီအချိန်မှာ အဇာတသတ်မင်းကြီးလည်း ပြန်သွားရော မြတ်စွာဘုရားက ရဟန်းတွေကိုပြောတယ် ဒီမင်ကြီးဟာ ကိုယ့်ကိုယ်ကို ဖျက်စီးပြီးသား ဖြစ်သွားတယ်။ အကယ်၍သာ သူဟာ ဒီကနေ့ မေးခွန်းရဲ့ အဖြေဖြစ်တဲ့ သာမညဖလသုတ်ကို ကြားနာတဲ့အချိန်မှာ သူရဲ့ခမည်းတော်ကို မပြစ်မှားခဲ့ဘူး မသတ်ဖြတ်ခဲ့ဘူးဆိုရင် ဒီကနေ့ သူသောတာပန်ဖြစ်မှာပဲ။
★ အခုတော့ သူ့ကိုယ်သူ ဖျက်စီးလိုက်သည့်အတွက်ကြောင့် သောတာပန်မဖြစ်တော့ဘူး။ သောတာပန်အဖြစ်ကနေ လွဲချော်သွားခဲ့ပြီ၊ အခြေအနေကောင်းတွေတစ်ခုဟာ ပျက်စီးသွားတယ်၊ အဲဒီလို ပျက်စီးသွားပြီလို့ မြတ်စွာဘုရားက မိန့်ကြားတော်မူခဲ့တာ။
★ မြတ်စွာဘုရားကို ကြည်ညိုကိုးကွယ်သည့်အတွက်ကြောင့် အဝီစိငရဲကျရမည့်အစား ပိတုဃာတကကံက အကျိုးပေးမှာ မှန်တယ် ရှောင်လွဲလို့ မရတော့ဘူး အာနန္တရိယကံ။ သို့သော် သူ့ဘဝ လွတ်မြောက်ဖို့အတွက် အနှစ်ခြောက်သောင်း လောဟကုမ္ဘီ ငရဲတခုမှာ ခံရပြီးတဲ့အခါ နောက် ၀ိဇိတာဝိဆိုတဲ့ ပစ္စေကဗုဒ္ဓါအဖြစ်နဲ့ သူဟာ ပရိနိဗ္ဗာန်စံလိမ့်မယ်ဆိုတာ အဋ္ဌာကထာ မှတ်တမ်းမှာတော့ ရှိတယ်ပေါ့။ ★ ဗုဒ္ဓမြတ်စွာရဲ့ သာသနာတော်ဟာ အင်မတန်မှ အကျိုးကျေးဇူးကို ဖော်ဆောင်ပေးနိုင်ရုံမက၊ မှားယွင်းတဲ့ အပြစ်တွေကိုလည်း မြတ်စွာဘုရားက ရှင်းလင်းထုတ်ဖော်ပြီး၊ ဟောကြားတော်မူခဲ့တဲ့ လမ်းစဉ်တွေအတိုင်း တို့တတွေ ကျင့်ကြံကျိုးကုတ် အားထုတ်နိုင်မယ် ဆိုလို့ချင်ရင် သံသရာဝဋ်ဆင်းရဲကနေ လွတ်ကင်းနိုင်ကြမယ်၊ မလွတ်ကင်းတောင် ဆင်းရဲ ဒုက္ခတွေကနေပြီးတော့ သက်သာနိုင်မှာ ဖြစ်တယ်။
ကျေးဇူးတော်ရှင်ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး 🙏 🙏 🙏 “သာမညဖလနှင့် တန်ဆောင်တိုင်ည၏အမှတ်တရ” တရားတော်မှ ကောက်နှုတ်ချက်ဖြစ်ပါသည်။
Photo credit Ye Htet Act
Credit --- Shwe Thu