Thursday, May 31, 2018

မြတ်စွာဘုရား၏လမ်းညွှန်မှု

 မြတ်စွာဘုရား၏လမ်းညွှန်မှု 

★ မြတ်စွာဘုရားက မလုပ်ရမယ့်ဟာကို အရင်ပြောတယ်နော်၊ လုပ်ရမယ့်ဟာကို နောက်မှ ပြောတယ်၊ ဒါ သိပ်ပြီး reasonable ဖြစ်တယ်၊ အင်မတန်မှ သဘာဝကျတယ်။
★ မလုပ်ရမယ့်ဟာကို မလုပ်မိဖို့က ပိုအရေးကြီးတယ်၊ လုပ်ရမယ့်ဟာ မလုပ်မိတာက ခံသာသေးတယ်၊ မလုပ်ရမယ့်ဟာ လုပ်မိပြီဆိုရင်တော့ ပိုပြီးဒုက္ခရောက်တတ်တယ်။

 ★ ဒါကြောင့်မို့ မပေါင်းသင့်တဲ့ ပုဂ္ဂိုလ်ကို မပေါင်းမိဖို့က ပိုအရေးကြီးတယ်၊ ပေါင်းသင့်တဲ့ပုဂ္ဂိုလ်ကို မပေါင်းဖြစ်သေးတာက ဒီလောက် မဆိုးသေးဘူး။ 
★ ဘုရားအဆူဆူဟောခဲ့တဲ့ တရားကိုလည်း ကြည့်လိုက်ဦး၊ "သဗ္ဗပါပဿ အကရဏံ၊ ကုသလဿ ဥပသမ္ပဒါ" တဲ့၊ အဓိပ္ပါယ်က ဘာာတုန်းဆို "အကုသိုလ်မှန်သမျှကို မလုပ်နဲ့" တဲ့၊ "ကုသိုလ်မှန်သမျှ ပြည့်စုံအောင် လုပ်" တဲ့၊ "မလုပ်နဲ့" ကိုအရင်ပြောတယ်၊ အရေးကြီးတယ်ပေ့ါ။ 
★ ဘုရားက ညွှန်ပြတဲ့ပုဂ္ဂိုလ်သာ ဖြစ်တယ်၊ ကယ်တင်တဲ့ ပုဂ္ဂိုလ် မဟုတ်ဘူးနော်၊ မ, တဲ့ပုဂ္ဂိုလ် မဟုတ်ဘူး။ မ, တယ်ဆိုတာ အပြောသာရှိတာ၊ တကယ် မ,လို့ရရဲ့လား၊ မရဘူးနော်၊ ထမ်းစင်ပေါ်တင် မ,ရင်တော့ ရတာပေါ့။ အဲဒီလိုတော့ ရမှာပေါ့။
 ★ လူတစ်ယောက် ကောင်းစားသွားအောင် မ,လို့ ရတာမှ မဟုတ်ဘဲ၊ နတ်ပြည်ရောက်အောင် မ,လို့ မရဘူး၊ နိဗ္ဗာန်ရောက်အောင် မ,လို့ မရဘူး၊ ဟုတ်ရဲ့လား။
★ ကိုယ်လုပ်မှ ကိုယ်ရတာ၊ မိဘတွေက သားသမီးကို ဘွဲ့ကြီးရအောင် မ,လို့ ရပါ့မလား၊ မရဘူး၊ ကလေးက မကြိုးစားရင် မရဘူး၊ ဘာမှ မတတ်နိုင်ဘူး၊ ဘယ်လောက် ပိုက်ဆံတွေ ပုံပေးပေး Certificate တော့ ရချင် ရမယ်၊ ပညာတော့ ရမှာ မဟုတ်ဘူး။
 ★ အဲဒါကြောင့်မို့ တကယ့်အနှစ်သာရဆိုတာ ပေးလို့ရတဲ့အရာ မဟုတ်ဘူး၊ ပေးလို့ မရဘူး၊ အဲဒီတော့ မ,လို့ မရဘူး၊ အဆုံးအမသာ ပေးနိုင်တယ်၊ လမ်းညွှန်မှုကို ပြတယ်ဆိုတာ ဒါ အလွန်ကို သဘာဝကျတယ်၊ ဖြစ်နိုင်တယ်။ 
★ ဒါကြောင့်မို့ မြတ်စွာဘုရားရဲ့ တရားတော်တွေဟာ သေချာကြည့်လိုက်မယ်ဆို တကယ်ဖြစ်နိုင်တယ်၊ လက်တွေ့ အင်မတန်ကျတယ်၊ မြတ်စွာဘုရားရဲ့ တရားအပေါ်မှာ ဘာသာစွဲ ပုဂ္ဂိုလ်စွဲလူမျိုးစွဲ ဘာမှ အစွဲအလမ်းမရှိဘဲနဲ့ သေသေချာချာ ကြည့်။
 ★ မြတ်စွာဘုရားရဲ့ တရားဟာ နှစ်သက်စရာအကောင်းဆုံးပဲ သိပ္ပံဆရာတစ်ယောက်က ပြောခဲ့တယ် မဟုတ်လား၊ "သူဟာ ဘယ်ဘာသာမှ မကိုးကွယ်ဘူး၊ မဖြစ်မနေ ဘာသာတစ်ခု ရွေးချယ်ရမယ်ဆိုရင် ဗုဒ္ဓဘာသာကိုပဲ ရွေးချယ်မယ်" ဆိုတာ၊ ဘာဖြစ်လို့တုန်းဆို စဉ်းစားဉာဏ် ရှိလို့၊ စဉ်းစားဉာဏ် သုံးလို့ ရတယ်။ 
★ ဒါကြောင့်မို့ ဗုဒ္ဓဘာသာ စဉ်းစားဉာဏ်နဲ့ ကိုးကွယ်ရတယ်၊ ကြည့်လေ - ဘုရားကိုယ်တိုင်က မဂ္ဂင်(၈)ပါးထဲမှာ "ငါပြောတဲ့အတိုင်း လုပ်လို့" ပါလား၊ မပါဘူးနော်၊ ဘာပြောတုန်း "သမ္မာဒိဋ္ဌိ" Right understanding အမှန်အတိုင်း နားလည်ရမယ်၊ သို့မဟုတ် Right view မှန်မှန်ကန်ကန် မြင်ရမယ်လို့ပဲ ဟောထားတာနော်။
 ★ မှန်မှန်ကန်ကန် မြင်ရတယ်ဆိုတာ ဘယ်သူ့အမြင်တုန်းဆို ကိုယ့်အမြင်ကို ပြောတာ၊ ဘယ်လောက် ကျေနပ်စရာကောင်းလဲ၊ မြတ်စွာဘုရားရဲ့ တရားတော်ဟာ တကယ့်လက်တွေ့လည်း ကျတယ်၊ ဒီလိုဆိုတာ။ ကျေးဇူးတော်ရှင်ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး 🙏 🙏 🙏 “ရှာဖွေခြင်း နှင့် ရရှိခြင်း” တရားတော်မှ ကောက်နှုတ်ချက်ဖြစ်ပါသည်။
 Credit --- Shwe Thu