တရားရှိနေသမျှ ဘုရားရှိနေသည်
ဒါန ★ မြတ်စွာဘုရားက ဒါနကောင်းမှုလုပ်ပြီဆိုရင် နည်းတာများတာက အဓိကမဟုတ်ဘူး။ ကောင်းတာညံ့တာလည်း အဓိက မဟုတ်ဘူး။ အလှူလှူပြီဆိုရင်... သက္ကစ္စံဒါနံဒေတိ - တလေးတစားလှူရမယ်။ စိတ္တီကတွာ ဒါနံ ဒေတိ - ပူဇော်လိုတဲ့စိတ် ချီးမြှောက်လိုတဲ့စိတ်နဲ့ လှူရမယ်။ သဟတ္ထာ ဒါနံ ဒေတိ - ကိုယ်တိုင် တလေးတစားလှူရမယ်။ အာဂမနဒိဋ္ဌိကော - ဒီဒါနရဲ့ အကျိုးတရားဟာ ရောက်လာမှာပဲဆိုတဲ့ ယုံကြည်ချက် ရှိရမယ်ဆိုတာ ခံယူချက်ရှိရမယ်။★ ဘုရားပွင့်လာမှ ဒါနတရားဟာ ပိုပြည့်စုံလာတယ်။
★ သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ - အကောင်းဆုံး ဒါနလုပ်ချင်တယ်ဆိုရင် ဓမ္မဒါနလုပ်တဲ့။
သီလ ★ ထို့အတူပဲ သီလနဲ့ ပတ်သက်လာတဲ့အခါမှာ... မှန်ကန်တဲ့ စိတ်နေသဘောထားတွေနဲ့ သီလ ဆောက်တည်ထားတယ် - “သမာဒါန စေတနာ” မဆောက်တည်သော်လည်း အကြောင်းကိစ္စတခုကို မကျူးလွန်ပဲနဲ့ ရှောင်လိုက်တယ် - “၀ိရတီ”
သမထဘဝနာ ★ မြတ်စွာဘုရားက လူသားတွေ သမထကျင့်စဉ်တခုနဲ့ ကျင့်ဖို့ရာနဲ့ ပြောတဲ့နေရာမှာ “မေတ္တာ ဘာဝေတဗ္ဗာ ဒေါသဿ ပဟာနာယ” “ဒေါသဿ ပဟာနာယ” - ရင်ထဲက အမုန်းတရား ဖယ်ရှားပစ်ဖို့ရန် “မေတ္တာ ဘာဝေတဗ္ဗာ” - မေတ္တာကို ဖြစ်ပွားစေရမည်လို့ မြတ်စွာဘုရား ဒီလိုဟောတယ်။ ★ မြတ်စွာဘုရားက ကိုယ့်ရင်ထဲက အမုန်းတရားပျောက်အောင် မေတ္တာပွားပါလို့ ဟောတာ။ မြတ်စွာဘုရားဟောထားတဲ့ ပရိတ်တရားတော်တွေဆိုတာ အဓိက မေတ္တာနဲ့ သစ္စာကိုသာ အခြေခံထားတာဖြစ်တယ်။
★ ကြည့်လေ ခန္ဓသုတ္တံမှာဆိုရင် "သဗ္ဗေ ဘဒြာနိ ပဿန္တု၊ မာ ကဥ္စိ ပါပ မာဂမာ။" - သတ္တဝါအားလုံးဟာ အကောင်းတွေနဲ့ကြည့်ပဲ တွေ့ကြပါစေ။ ဒါမေတ္တာပဲလေ။ သူတို့ အကောင်းတွေကြည့် တွေ့ကြပါစေ။ သူများအတွက်ပို့တာ မေတ္တာ။
★ မြတ်စွာဘုရားက ဝေလာမသုတ္တန်မှာ "အန္တမသော ဂန္ဓောဟနမတ္တမ္ပိ” - နံသာလေးကို လက်လေးနှစ်ချောင်းနဲ့ ယူပြီး နှာဝမှာတေ့ပြီး တစ်ရှူလေး နံ့သာတစ်ရှိုက် မေတ္တာပွားရင်တောင်မှပဲ ကျောင်းဆောက်လှူတာထက် မြတ်ပါတယ်လို့ ငါးပါးသီလတို့ထက် မြတ်ပါတယ်လို့ ဒီလိုဟောတာ။
★ နောက်တခုက နို့ညှစ်တဲ့အခါမှာ နွားမရဲ့နို့တံလေးကို ဆွဲပြီးတော့ တညှစ်ချလိုက်တဲ့အခါလေး အဲဒီလောက် အတိုင်းအတာလေး မေတ္တာပွားကြည့်ပါ မြတ်ပါတယ်လို့ ဆိုလိုတယ်။
အဆုံးအမ ★ မြတ်စွာဘုရားရဲ့ အဆုံးအမကို သေချာနားလည်ပြီးတော့ ဘုရားရဲ့အဆုံးအမကို လိုက်နာဖို့ အင်မတန်မှ အရေးကြီးတယ်။ မြတ်စွာဘုရားဟာ ဒီလူမျိုးအတွက်လည်း ဟောတာမဟုတ်ဘူး၊ ဒီဘာသာဝင်အတွက်လည်း ဟောတာမဟုတ်ဘူး၊ ထန်းလျှက်ဆိုတာ ဘယ်သူစားစား ချိုတာကြည့်ပဲ အကုန်လုံး။ စားတဲ့သူအတွက် ချိုတယ်ဆိုတဲ့ အရသာကို ပေးမှာပဲလေ။
★ ယုံကြည်သည်ဖြစ်စေ မယုံကြည်သည်ဖြစ်စေ ဒါလုပ်ရင် ဒီအကျိုးရမှာ သေချာတယ်။ ယုံလို့စားစား မယုံလို့စားစား ထန်းလျှက်စားမိရင်တော့ ချိုမှာပဲ သေချာတယ်။ မြတ်စွာဘုရားရဲ့ အဆုံးအမတရားတော်တွေဟာ အဲဒီ သဘောတွေပဲ။
★ ကောင်းတာလုပ်လို့ရှိရင် ကောင်းတာရကိုရမယ်။ မြတ်စွာဘုရားက ဓမ္မသက်သက်ကို ဟောကြားတာဖြစ်တယ်ပေါ့။ ဘုရားဟောကြားတဲ့ အဆုံးအမ တရားတော်တွေကို ဗုဒ္ဓဘာသာဝင်တွေ အခြေခံကနေစပြီး ကြီးပွားတိုးတတ်အောင်လုပ်ဖို့ အရေးကြီတယ်ပေါ့။
★ မြတ်စွာဘုရားဟောထားတဲ့ လူ့ဘဝရထားတဲ့အချိန်မှာ အရေးကြီးဆုံး အရည်အချင်း (၅)ရပ်ရှိတယ်။
(၁) သဒ္ဓါ - မြတ်စွာဘုရားရဲ့ အသိဉာဏ်ကို ယုံကြည်တာ။
(၂) သီလ - ကိုယ်ကျင့်တရားကောင်းရမယ်။
(၃) သုတ - မြတ်စွာအဆုံးအမတွေကို များများသိထားဖို့လိုတယ်။
(၄) စာဂ - ရက်ရောမှုရှိရမယ်၊ ကိုယ်တစ်ယောက်တည်း သုံးမယ်ဆိုတဲ့ စိတ်ဓာတ်မျိုးမရှိရဘူး။
(၅) ပညာ - လုပ်သင့်တာ မလုပ်သင့်တာကို ခွဲခြားသိတဲ့ ပညာ။ ကမ္မဿကတာ သမ္မာဒိဋ္ဌိ လို့ခေါ်တယ်။
★ ကိုယ်လုပ်တာ ကိုယ်နဲ့သာ သက်ဆိုင်တယ်။ Responsibility ခေါ်တယ်။ ကိုယ်လုပ်တာ ကိုယ်တာဝန်ယူရတယ် ဘယ်သူပဲဖြစ်ဖြစ်။ တာဝန်ရှိတယ် တာဝန်သိတယ် ဆိုတာ အရေးကြီးဆုံးပဲ။ အဲဒါ ကမ္မဿကတာ သမ္မာဒိဋ္ဌိ ကိုယ်လုပ်တာ ကိုယ်နဲ့သာဆိုင်တယ်။
ဝိပဿနာ ★ အဲ့ပညာကနေ စ ၀ိပဿနာပညာ “၀ယဓမ္မာသင်္ခါရာ သဗ္ဗေသင်္ခါအနိစ္စာ” သင်္ခါတရားမှန်သမျှဟာ ဖြစ်လာပြီးရင် ပျက်စီးသွားတတ်တယ်။ သင်္ခါတရားမှန်သမျှဟာ ထာဝရတည်မြဲနေတာ မရှိဘူးဆိုတဲ့ အမြင်ဟာ အရေးကြီးတဲ့ အမြင်ပဲ ဖြစ်တယ်။ သဘာဝတရားတွေဟာ မမြဲဘူး အမြဲတမ်း ရွေ့နေတယ်။..
★ ဘာအရာမှ မမြဲဘူးဆိုတဲ့ သိတဲ့ဉာဏ်က ဘာကို စွမ်းဆောင်မှုပေးနိုင်သလဲဆိုလို့ရှိရင် တွယ်တာမှုကိုလျော့ချခြင်းဆိုတဲ့ အလုပ်ကိုလုပ်ပေးတယ်။ သာမန်အားဖြင့် လူတွေဟာ ပစ္စည်းကိုလည်း တွယ်တာတယ်။ လူကိုလည်း တွယ်တာတယ်။ ထာဝရာကြီးလို့ ထင်ပြီးတော့ ရာထူးကိုလည်း တွယ်တာတယ်။ စည်းစိမ်ဥစ္စာကိုလည်း တွယ်တာတယ်။ ငါ့အတွက် ထာဝရလို့ အောက်မေ့နေတယ်။
★ အဲ့ဒီ တွယ်တာမှုတွေကို ၀ိပဿနာဉာဏ်နဲ့ ရှုတဲ့အခါကျတော့ တွယ်တာမှုတွေက လျော့သွားတယ်။ ငါ အခုရနေတဲ့ အခြေအနေဟာ ထာဝရမဟုတ်ဘူး။ ပြောင်းနေတာ အရွေ့တွေ။ ငါ ရွေ့နေတာ ဆိုတာကို ကိုယ့်ကိုယ်ကို သတိထားနေလို့ချင်ရင် တန်ဖိုးကြီးကြီးရမယ်။ ဘာတုန်းဆိုရင် တွယ်တာမှုတွေ မရှိတော့ဘူး။ လျော့ချနိုင်တယ်။
★ တွယ်တာမှုတွေ မရှိတော့ရင် ရင်ထဲက သောကတွေ လျော့ကျတယ်။ တွယ်တာမှုဆိုတာတွေ ဖယ်ရှားမှ သောကဆိုတာပျောက်ပြီး စိတ်နုလုံးဟာ အေးချမ်းမှုရရှိမှာဖြစ်တယ်။
★ တရားရှိနေသမျှ ဘုရားရှိနေသည်သာဖြစ်တယ်။ ဒါကြောင့်မို့ ဘုရားကို ကြည်ညိုတယ် လေးစားတယ်ဆိုရင် တရားကိုလေးစားလိုက်နာဖို့က အဓိကဖြစ်တယ်။
ကျေးဇူးတော်ရှင်ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး 🙏 🙏 🙏 “တရားရှိနေသမျှ ဘုရားရှိနေသည်” တရားတော်မှ ကောက်နှုတ်ချက်ဖြစ်ပါသည်။
ဆရာတော်ဘုရားကြီး ပုံတော်ကို ပါမောက္ခချုပ်ဆရာတော်ဓမ္မသဘင် LIVE page ကနေကူးယူထားပါသည်။
Credit --- Shwe Thu