Thursday, May 31, 2018

ဘဝဆည်းဆာ

 ဘဝဆည်းဆာ 

★ ဆည်းဆာ ဆိုတာ နေဝင်ချိန် ကာလလေးကို ခေါ်တာဖြစ်တယ်။ အရှေ့လောကဓာတ်က ထွက်ပေါ်လာတဲ့ နေမင်းကြီးဟာ အချိန်တန်တဲ့အခါ အတ္တတောင်စွန်းသို့ ၀င်ရောက်ပျောက်ကွယ်ရစမြဲ ဖြစ်တယ်။ လူတွေ့ရဲ့ဘဝ (တနည်း) ပုဂ္ဂိုလ်သတ္တဝါ အားလုံးတို့ရဲ့ ဘဝမှာလည်းပဲ ဘဝဆည်းဆာ နေဝင်ချိန် (သို့) နောက်ဆုံးနေ့ ဆိုတာ ရှိတယ်နော်။

 ★ အဲဒီ ဘဝဆည်းဆာ အချိန်ရောက်လာတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဟာ နေဝင်တော့မယ့်ဆဲဆဲ မသိတဲ့ ခရီးတစ်ခုကို သွားရမှာမို့လို့ စိုးရိမ်သောက ရောက်နေရတယ်။
★ နေဝင်သွားပြီဆိုရင် အမှောင်ထုကြီး သန်းတော့မယ်။ လမ်းခရီးမှာ အန္တရယ်တွေကလည်း အလွန်များတယ်။ အဲဒီလို အန္တရယ်များတဲ့ လမ်းခရီးကို လျှောက်လှမ်းတဲ့အချိန်ဟာ နေဝင်လို့ အလင်းရောင် ကင်းမဲ့တဲ့အချိန်ဖြစ်တယ်။ အခက်အခဲတွေ အများကြီး ကြုံတွေ့ရမယ်။
 ★ ထို့အတူပဲ ဘဝဆည်းဆာ ဆိုတဲ့ နေဝင်ချိန်နား ကပ်လာပြီဆိုရင်တော့ လူတွေဟာ ဒုက္ခရောက်ကြရတော့တာပါပဲ။ အာဏာရှိတဲ့သူရော၊ အာဏာမဲ့တဲ့သူပါ၊ ချမ်းသာတဲ့သူရော၊ ဆင်းရဲ့သူပါ အတူတူပဲ။ ဘဝဆည်းဆာ ရောက်လာပြီဆိုရင်တော့ ကယ်မယ့်သူနဲ့ အလှမ်းဝေးလာပြီ။
 ★ "အတာဏော လောကော အနဘိဿရော" တဲ့။ မြတ်စွာဘုရားက လောကကြီးက အကာအကွယ် မဲ့နေတယ်။ ဘဝဆည်းဆာ ရောက်လာတဲ့ ပုဂ္ဂိုလ် တစ်ယောက်ကို ဘယ်သူကမှ ကာကွယ်ပေးလို့ မရပါဘူး။ ဘဝ တစ်ခုဟာ အမှောင် ကျတော့မယ်။ သေခြင်းတရားနဲ့ ရင်ဆိုင်ရတော့မယ်ဆိုတဲ့ အချိန်ဟာ သနားစရာ အကောင်းဆုံးအချိန် ရောက်လာပြီ။
 ★ သေခြင်းတရားနဲ့ ရင်ဆိုင်ရတယ်ဆိုတဲ့ နေရာမှာ လွယ်လွယ်ကူကူနဲ့ သေခြင်းတရားကို ရင်ဆိုင်ရတာ မဟုတ်ဘူး။ ခက်ခက်ခဲခဲနဲ့ သေခြင်းတရားကို ရင်ဆိုင်ရတာဖြစ်တယ်။ လောကမှာ နေမင်းကြီး ၀င်သွားပြီ ဆိုရင် ရှေ့လျှောက်လှမ်းရမယ့်ခရီးဟာ မမြင်ရတော့ သလိုပါပဲ။ ဘဝမှာ ဆည်းဆာချိန် ကို ရောက်လာပြီ။
 ★ ဒီနေရာမှာ မသိနိုင်တဲ့ အရာဟာ ၅-မျိုး ရှိတယ်။ 
(၁) ဇီဝိတံ - အသက်ရှင်လျက် ဘယ်လောက်နေရဦးမယ်ဆိုတာ မသိဘူးတဲ့။
 (၂) ဗျာဓိ - ဘဝခရီးကို လျှောက်လှမ်းရတဲ့အခါမှာ ဘာရောဂါနဲ့ သေမယ်ဆိုတာကိုလည်း မသိနိုင်ပါဘူး။ (၃) ကာလော - ကာလဆိုတာ လူတစ်ယောက်ဟာ ဘဝခရီး အဆုံးသတ်မယ့်အချိန်ဟာ ဘယ်အချိန်လဲ? မနက်လား၊ နေ့လည်လား၊ ညလား ပြောလို့မရဘူးတဲ့။
 (၄) ဒေဟနိက္ခေပနံ - ကိုယ်ရဲ့ရုပ်အလောင်းကို ဘယ်နေရာမှာ သင်္ဂြိုလ်မယ်၊ ဘယ်နေရာမှာ မြှပ်နှံမယ်ဆိုတာကိုလည်း မသိကြဘူးတဲ့။ 
(၅) ဂတိ - လူတိုင်း လူတိုင်းဟာ ဘဝလမ်းကြောင်းကြီး ငါးခုရှိတယ်။ ဂတိငါးပါးလို့ ခေါ်တာပေါ့။ destination ခရီးလမ်းဆုံး ငါးဌာနရှိတယ်။
 (၁) နတ်ပြည်၊
(၂) လူပြည်၊
(၃) ပြိတ္တာ၊
 (၄) တိရစ္ဆာန်၊
 (၅) ငရဲ အားလုံး ငါးမျိုးရှိတယ်။ အဲဒီတော့ ပုထုဇဉ်တစ်ယောက်အနေနဲ့ ဘဝနိဂုံး အဆုံးသတ်သွားပြီးတဲ့အခါမှာ ဘယ်ဘဝမှာ ပြန်လည် မွေးဖွားမလဲဆိုတာကို ပြောလို့မရဘူးတဲ့။
 ★ အဲဒီတော့ ဘဝဆည်းဆာ ရောက်နေတဲ့ ပုဂ္ဂိုလ်တိုင်း ပုဂ္ဂိုလ်တိုင်းကို ကြည့်လိုက်မယ်ဆိုရင် အဲဒီအချိန်မှာ အလွန်သနားစရာကောင်းပါတယ်။ သေအ့ံမူးမူးအချိန် ရောက်နေပြိဆိုရင် ပတ်ဝန်းကျင်ကလည်း ကိုယ့်ကို ကယ်တင်မပေးနိုင်တော့ဘူး။ 
★ မြတ်စွာဘုရားက ဟောထားတယ်။ "န သန္တိ ပုတ္တာ တာဏာယ" လောကမှာ သေခြင်းတရားနဲ့ ရင်ဆိုရင်ရပြီဆိုရင် အကာအကွယ် ပေးနိုင်မယ့် သားသမီးဆိုတာ မရှိဘူးတဲ့။ မိဘတွေ အဖို့နော်။
 ★သားသမီးတွေအတွက်လည်းပဲ ကယ်တင်ပေးနိုင်တဲ့ မိဘဆိုတာ မရှိဘူး။ ဆွေတွေမျိုးတွေထဲမှာလည်း ဒီလို ဘဝဆည်းဆာအချိန် ရောက်နေပြီ ဆိုရင်တော့ ကယ်တင်ပေးနိုင်တဲ့သူ တစ်ယောက်မှ မရှိဘူး။ 
ကျေးဇူးတော်ရှင်ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး 🙏 🙏 🙏 “ဘဝဆည်းဆာ ကရုဏာ” တရားတော်မှ ကောက်နှုတ်ချက်ဖြစ်ပါသည်။
 Credit --- Shwe Thu