အခွင့်ကောင်းရသူနဲ့ မရသူ
★ “ရှစ်ယောက်နဲ့တစ်ယောက်” ဆိုတာ အခွင့်အရေးတွေ ဆုံးရှုံးနေတဲ့ ပုဂ္ဂိုလ်က ရှစ်ယောက်ရှိတယ်။ လောကမှာ ဘဝအခြေအနေ အကျိုးပေးမလှလို့ ကံဆိုးမိုးမှောင်ကျပြီး အခြေအနေမလှတဲ့ ပုဂ္ဂိုလ်က ရှစ်ယောက်၊ ကံကောင်းလို့ အခြေအနေကောင်းရထားတဲ့ ပုဂ္ဂိုလ်က တစ်ယောက်ထဲပဲရှိတယ်။★ ကံမကောင်း အကြောင်းမလှ အခြေအနေ မပေးတဲ့ပုဂ္ဂိုလ် ရှစ်ယောက်ဆိုတာ ဘယ်သူတွေလဲ၊
သံသရာဝဋ်က လွတ်ကင်းဖို့ တရားဓမ္မတွေကို မြတ်စွာဘုရားက ဟောတယ်။ ထိုဟောထားတဲ့ တရားဓမ္မတွေကိုကျင့်ဖို့ အခွင့်အလမ်း မရရှိတဲ့ ပုဂ္ဂိုလ်တွေကို ပြောတာ။
★ လောကမှာ လူဖြစ်လာသော်လည်း အခွင့်အရေးဆုံးရှုံးနေတဲ့ ပုဂ္ဂိုလ်တွေက အများကြီးပဲ၊ သံသရာလည်နေကြတဲ့ အထဲမှာ လူတိုင်းလူတိုင်း အခွင့်ကောင်း ရရှိနေကြတာ မဟုတ်ဘူး၊ အခွင့်အကောင်း မရတဲ့ပုဂ္ဂိုလ်တွ အများကြီးပဲ။
★ လူ့ဘဝရနေကြတဲ့ ပုဂ္ဂိုလ်တွေလည်း အခွင့်ကောင်း အမြဲတမ်း ကြုံတာမဟုတ်ဘူးတဲ့၊ အခွင့်အရေးကြံုတဲ့ အခိုက်ကလေးမှာ အခွင့်သာခိုက်ကလေးမှာ ရသင့် ရထိုက်တာတွေကို ရအောင်ယူလိုက်မှ အခွင့်အရေး ရနိုင်တယ်။ အခွင့်အရေးဆိုတာ နောက်တစ်ခါ ပြန်လာချင်မှ လာတယ်။
★ သံသရာကြီးထဲမှာလည်း သတ္တဝါရယ်လို့ ဖြစ်လာပြီးတော့ အခွင့်ကောင်းလေးတွေ လက်လွတ်ဆုံးရှုံးပြီး ဘယ်လိုမှ အခွင့်မရတဲ့ ပုဂ္ဂိုလ်မျိုးတွေဟာ "ရှစ်ယောက်" တောင်ရှိတယ်။
အခွင့်အရေးဆုံးရှုံးသူများ ▬▬▬▬▬▬▬▬▬▬
★ မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်က ပုဂ္ဂိုလ်ရှစ်ယောက်ဟာ "သံသရာဝဋ်က ကျွတ်လွတ်ရေးအတွက် မြတ်သောအကျင့်ကျင့်ဖို့ အခွင့်အရေး ဆုံးရှုံးနေကြတယ်" တဲ့၊ တစ်ယောက်သော ပုဂ္ဂိုလ်သာလျှင် အဲဒီအခွင့်အရေးကို ရတယ်။ ဘယ်ပုဂ္ဂိုလ်တွေဟာ အခွင့်အရေး ဆုံးရှုံးနေတုန်းဆိုတာ ကြည့်ကြရအောင်။
(၁) ငရဲကျနေသူ ★ ဘုရားပွင့်ပြီး တရားဟောနေတဲ့ အချိန်ကာလတွေမှာ ကံမကောင်း အကြောင်းမလှလို့ ငရဲဘုံရောက်ပြီး ဒုက္ခခံနေရတဲ့ ပုဂ္ဂိုလ်တွေ မရှိဘူးလား။ ဘုရားပွင့်တဲ့အချိန် ငရဲကျနေတဲ့ပုဂ္ဂိုလ်ဟာ မြတ်စွာဘုရားဟောတဲ့ တရားကို နာယူပြီး မြတ်သော အကျင့်ကျင့်ပြီး နိဗ္ဗာန်ရဖို့ဆိုတဲ့ အခွင့်အလမ်းတွေ သူ့မှာရှိရဲ့လား၊ မရှိဘူး။ အဲဒီ ငရဲကျနေတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဟာ လုံးဝ အခွင့်အရေး ဆုံးရှုံးနေသူ ဖြစ်တယ်။
(၂) တိရစ္ဆာန်ဖြစ်နေသူ ★ တိရစ္ဆာန် ဖြစ်နေသူတဲ့။ ငရဲလောက်တော့ မဆင်းရဲဘူး။ သို့သော် ဆင်းရဲတယ်၊ ဘုရားပွင့်ပြီးတော့ တရားဟောတဲ့အချိန် တိရစ္ဆာန်ဘုံ ရောက်နေတယ်။.. တိရစ္ဆာန် ဘဝဟာ အင်မတန်မှ ဒုက္ခရောက်တယ်။ လူတွေ အနိုင်ကျင့်တာ ခံနေရတာဟာ တိရစ္ဆာန်တွေပဲ၊ လူတွေက တိရစ္ဆာန်တွေကို အနိုင်ကျင့်ပြီး သတ်ဖြတ်စားသောက်ကြတယ်။
(၃) ပြိတ္တာဖြစ်နေသူ ★ ဆင်းရဲဒုက္ခတွေ အမျိုးမျိုးခံနေရတဲ့ ပြိတ္တာဘဝ ရောက်နေတာ။ အဲဒီ ပြိတ္တာဘဝဆိုတာ စားစရာမရှိလို့ မစားရတာများတယ်။ အမြဲတမ်း ဆာလောင်နေတာပဲ။ ဘယ်တော့မှ ဗိုက်ပြည့်အောင် မစားရဘူး၊ နေစရာကလည်း မရှိဘူး၊ ဟိုခြံုဖုတ်၊ ဟိုသစ်ပင် ကပ်ပြီးတော့ နေကြရတယ်။
★ လူတွေကတော့ တစ္ဆေသရဲလို့ ခေါ်မှာပေါ့နော်။ ဟိုသစ်ပင် ဟိုခြံကြား ဒီလိုကပ်ပြီးတော့ နေရတယ်၊ လူတကာ စွန့်ပစ်လိုက်ရတဲ့ မစင် အညစ်အကြေး နှပ်တံတွေး ဒါတွေကို လိုက်ရှာပြီး စားကြတယ်၊ ပြိတ္တာဘဝ အင်မတန်မှဆင်းရဲတယ်၊ အမြဲတမ်း ဆာနေတာ။
(၄) အရူပနှင့် အသညသတ် ★ မြတ်စွာဘုရားက လောကကြီးမှာ ပွင့်နေပြီး တရားဓမ္မတွေ ဟောနေပြီ။ ဒီ ပုဂ္ဂိုလ်က ဘယ်ရောက်နေတုန်းဆိုတော့ ရုပ်ခန္ဓာကြီး မပါတဲ့ ဗြဟ္မာ့ဘုံ ရောက်နေတယ်။ အသိစိတ်ပဲ ရှိတယ်၊ ရုပ်ခန္ဓာကြီး မရှိဘူး။ သူက သာမန်ပုဂ္ဂိုလ်တော့ မဟုတ်ဘူး၊ လွန်ခဲ့တဲ့ ဘဝတုန်းက သူ စျာန်ရအောင် အားထုတ်ထားတော့ စျာန်ကို ပဥ္စမစျာန် အဆင့်ထိအောင် အဆင့်မြင့် တရားကျင့်ခဲ့တဲ့ ယောဂီပုဂ္ဂိုလ်ကြီး၊ သို့သော်လည်း သူ့ အတွေးအခေါ်လေး လွဲချော်သွားတာရှိတယ်။
★ ဘာလွဲချော်သွားတုန်းဆိုတော့ "ဒီရုပ်ခန္ဓာကိုယ်ကြီး ရှိလို့ ခေါင်းကိုက်ကာ, ဗိုက်နာတာတို့ ဆိုတာတွေ ဖြစ်နေတာ၊ အိပ်ရတာ စားရတာတို့ ဆိုတာလည်း ဟောဒီရုပ်ခန္ဓာကိုယ်ကြီး ရှိနေလို့ ဖြစ်နေတာ၊ စိတ်ကလေးချည့်ဆို ဘယ်လောက် ကောင်းမတုန်း" သူ့အတွေးက အဲဒီလို တွေးတာ။
★ အဲဒီလို သွားတွေးပြီးတော့ "နောင်ဘဝ ငါ့မှာ ရုပ်ခန္ဓာကြီး မရပါရစနေဲ့၊ စိတ်ကလေးပဲ ရပါရစေ" လို့ တောင့်တတယ်။ တောင့်တတဲ့အတိုင်း အရူပဗြဟ္မာ့ဘုံ သွားပြီးဖြစ်တယ်။ အဲဒီဘဝမှာ ချမ်းချမ်းသာသာ နေရပါရဲ့၊ မြတ်စွာဘုရား တရားဟောတာ နာခွင့်ရရဲ့လား မရှိဘူးတဲ့ လွဲသွားပြီ၊ တရားတော်မှ မနာရလို့ရှိရင် သံသရာဝဋ်က လွတ်ဖို့ဆိုတာ မရှိဘူး။
★ ထို့အတူပဲ တစ်ချို့ပုဂ္ဂိုလ်က စျာန်တရားအားထုတ်ရင်း မမှန်ကန်တဲ့ အတွေးကလေးပေါ် လာတယ်၊ ဘာတွေ ပေါ်လာတုန်းဆိုရင် စားချင်တာလည်း ဒီစိတ်၊ သွားချင်တာလည်း ဒီစိတ်၊ စိတ်မရှိရင် အေးမှာပဲ၊ ဒီစိတ်က တော်တော်ဆိုးတယ်၊ ဒီစိတ်တွေ မပါရင်ကောင်းမှာာပဲ ဆိုပြီးတော့ စိတ်ကို မုန်းတီးပြီးတော့ စိတ်မပါဖို့ရာ ဆန္ဒပြုပြီး သေဆုံးသွားတဲ့အခါ အဲဒီပုဂ္ဂိုလ်ဟာ “အသညသတ္တ” ဆိုတဲ့ ဗြဟ္မာကြီး သွားဖြစ်တယ်၊ အဲဒီ ဗြဟ္မာကြီးက ဘာနဲ့တူတုန်းဆိုတော့ ရုပ်တုကြီးတွေလိုပေါ့။
★ အသညသတ် ဗြဟ္မာ့ပြည်ရောက်နေတဲ့ ပုဂ္ဂိုလ်တွေဟာ ဘုရားဘယ်လိုပွင့်သော်လည်း တရားနာဖို့ အခွင့်အရေးတွေ ဆုံးရှုံးသွားပြီတဲ့၊ ဒါကြောင့်မို့လို့ ဒီပုဂ္ဂိုလ်ဟာလည်း အခွင့်အရေးဆုံးရှုံးနေတဲ့ ပုဂ္ဂိုလ်တစ်ဦးထဲမှာ ပါနေပြန်တယ်။
(၅) ပစ္စန္တရစ် လူဖြစ်သူ ★ နောက်တစ်ဦးက ဘယ်သူလဲလို့ဆိုရင် မြတ်စွာဘုရားပွင့်လို့ တရားဟောတဲ့အချိန် ဘုရား တရားနဲ့ မနီး၊ အလွန်ဝေးလံတဲ့ အရပ်၊ သာသနာမထွန်းကားတဲ့ နေရာမှာ လူသွားဖြစ်နေတယ်၊ အဲဒီပုဂ္ဂိုလ်မှာရော တရားဟောတာ ကြားနာခွင့် အခြေအနေကောင်း ရပါ့မလား မရဘူးတဲ့။ အဲဒီ ပုဂ္ဂိုလ်ဟာလည်းပဲ အခွင့်ရေး ဆုံးရှုံးတဲ့ ပုဂ္ဂိုလ်ထဲမှာ ပါတယ်။
(၆) မိစ္ဆာဒိဋ္ဌိ ဖြစ်သူ ★ ဘုရားပွင့်တယ်၊ ဘုရားပွင့်တဲ့ ဒေသမှာပဲ လူဖြစ်တယ်၊ ဘုရားက တရာဟောနေတယ်၊ ဆိုပါစို့ မြတ်စွာဘုရားက သာဝတ္တိပြည်မှာပဲ လူဖြစ်တယ်၊ အဲဒီ ပုဂ္ဂိုလ်ကလည်း သာဝတ္တိပြည်မှာပဲ လူဖြစ်တယ်၊ သို့သော် ကံ ကံ၏အကျိုးကို မယုံကြည်တဲ့ပုဂ္ဂိုလ်၊ မိစ္ဆာအယူဝါဒရှိနေတဲ့ ပုဂ္ဂိုလ်ဖြစ်နေတယ်။
★ မိစ္ဆာအယူဝါဒရှိတဲ့ ပုဂ္ဂိုလ်တွေဟာ ကံနဲ့ကံရဲ့အကျိုးကို ငြင်းပယ်သူတွေ ဖြစ်ကြတယ်။ ဒါနကောင်းမှုလုပ်တာရဲ့ အကျိုးဆိုတာ မရှိဘူးတဲ့၊ ဒီလောကမှာ ဖြစ်နေတဲ့ ပုဂ္ဂိုလ်တွေအတွက် နောင်လောကဆိုတာ မရှိဘူး၊ နောင်လောက က ပုဂ္ဂိုလ်တွေအတွက် ဒီလောကဆိုတာ မရှိဘူး။
★ ကုသိုလ် အကုသိုလ်ရဲ့ အကျိုးတို့ အပြစ်တို့ဆိုတာ မရှိဘူးလို့ ဆိုတဲ့ အယူဝါဒ၊ နတ္ထိကဝါဒ ၊ ဒီမိစ္ဆာ အယူဝါဒ ယူနေတဲ့ ပုဂ္ဂိုလ်မျိုးတွေ၊ အဲဒီ မိစ္ဆာအယူဝါဒရှိတဲ့ ပုဂ္ဂိုလ်မျိုးတွေဟာ ဘုရားပွင့်သို့ တရားဟောသော်လည်း အကျွတ်တရားရဖို့ အခွင့်အလမ်းရှိရဲ့လား။ မရှိဘူး။
(၇) အသိဉာဏ်မရှိသူ ★ မြတ်စွာဘုရားက တရားဟောသော်လည်းပဲ သူနားလည်နိုင်စွမ်းမရှိဘူး၊ အသိပညာမရှိဘူး၊ ခုခေတ်လိုပြောရင်တော့ IQ မမြင့်ဘူးလို့ ပြောရမှာပေါ့နော်၊ အဲဒီ ပုဂ္ဂိုလ်ရဲ့ IQ မမြင့်တဲ့ပုဂ္ဂိုလ်က ဘာပြောပြော နားလည်နိုင်တဲ့ စွမ်းရည်သတ္တိမရှိဘူး။ အဲဒီပုဂ္ဂိုလ်မျိုးဟာလည်း ဘုရားနဲ့အကြိမ်ကြိ်မ်တွေ တွေ့ပြီး တရားနာပေမယ့် တရားထူး တရားမြတ်ရနိုင်တဲ့ အခွင့်အရေးမရှိဘူးတဲ့။
(၈) ဘုရားမပွင့်တဲ့အခါ ဉာဏ်ရှိသူ ★ လူ့ဘဝမှာ လူဖြစ်တယ်၊ အသိဉာဏ်လည်း ရှိတယ်၊ သို့သော် ဘုရားမပွင့်ဘူးတဲ့၊ အဲဒီပုဂ္ဂိုလ်လည်း အခွင့်အရေး ဆုံးရှုံးတာပဲ။
★ အားလုံးပေါင်းလိုက်တော့ ဘယ်နှစ်ယောက် ဖြစ်သွားတုန်း၊ ရှစ်ယောက်၊ အဲဒီရှစ်ယောက်ဟာ အခွင့်အရေးတွေ ဆုံးရှုံးနေတဲ့ ပုဂ္ဂိုလ်ရှစ်ယောက်တဲ့။
(၉) တစ်ယောက်ဟူသည် ★ တစ်ယောက်ဆိုတာ ဘယ်သူလဲ ဗုဒ္ဓမြတ်စွာ ပွင့်တော်မူတဲ့ အချိန်မှာလည်းဖြစ်တယ်၊ တရားဓမ္မတွေ ထွန်းကားတဲ့ အချိန်လည်း ဖြစ်တယ်၊ အဲဒီအချိန်မှာ လူလာဖြစ်တယ်၊ အသိဉာဏ်လည်း ရှိတယ်၊ ဟော အဲဒီပုဂ္ဂိုလ်ကျတော့ မြတ်သော အကျင့်ကျင့်ဖို့ရာ အခွင့်အလမ်းတွေ အများကြီး ရသွားပြီ။
★ မြတ်စွာဘုရားရဲ့ တရားတော်ဆိုတာက အင်မတန်မှ လက်တွေ့ကျတယ်၊ မြတ်စွာဘုရားက လူတိုင်းလူတိုင်း သိနိုင်တဲ့ သဘာဝတရားတွေကို ဟောတာ၊ ဒီအချက်တွေ ရှုဆင်ခြင်နေတာကိုပဲ တရားအားထုတ်တယ်လို့ ခေါ်တာနော်။
★ မျက်စိကြီး မှိတ်ပြီးတော့ ငုတ်တုတ်ကြီး ထိုင်နေမှ တရား အားထုတ်တာ မဟုတ်ဘူး။ တရားဓမ္မကို ဆင်ခြင်သုံးသပ်နေလို့ရှိရင် ဘယ်လိုအနေအထားမျိုးပဲ နေနေနော် တရားအားထုတ်တာပဲ။ မျက်စိမှိတ်ပြီး ဟိုတွေးဒီတွေး တွေးနေရင်လည်း တရားအားထုတ်တာ မဟုတ်ဘူးနော်။
★ အသိဉာဏ်ရဖို့ အခွင့်ရေးရတဲ့ ပုဂ္ဂိုလ်တိုင်းတာ ဒီအသိဉာဏ်မျိုး ရကြသလားဆိုတော့ မရဘူး၊ ဘာဖြစ်လို့ မရလဲ၊ ရအောင်မလုပ်လို့ မရတာ၊ နေ့စဉ်နှင့်အမျှ နေကြထိုင်ကြတဲ့အခါမှာ ပုဂ္ဂိုလ်တွေဟာ တရားဓမ္မဘက်မှာ စိတ်ကူးတောင် မထည့်ဘူး၊ ရောင်းရဝယ်တာ ကိစ္စတွေ သွားရေးလာရေးကိစ္စတွေ လူမှုရေးကိစ္စတွေနဲ့ပဲ အချိန်ကုန်ပြီးတော့ နေကြတယ်။ ဘယ်လိုလုပ်ပြီး ဒီတရားကို သိပါ့မလဲ။ မသိဘူး။ အဲဒီလိုဆိုရင် မိမိကိုယ်တိုင်လည်း ရှစ်ယောက်ထဲ ပါမသွားပေဘူးလား။
★ တရားဓမ္မကို မသိရဘူးဆိုရင် ခုနက ရှစ်ယောက်သော ပုဂ္ဂိုလ်တွေဟာ အခွင့်အရေးဆုံးသလိုပဲ ရနေတဲ့ အခိုက်လေးမှာ ဗုဒ္ဓမြတ်စွာရဲ့ တရားဓမ္မတွေကို နုလုံးမသွင်းမိဘူးဆိုလို့ရှိရင် နုလုံးသွင်း ဆင်ခြင်ဖို့ စိတ် မရှိဘူးဆိုလို့ရှိရင် မိမိကိုယ်တိုင်လည်း အခွင့်အရေး ရနိုင်တဲ့ ပုဂ္ဂိုလ် ဖြစ်ပါ့မလား။ မဖြစ်ဘူး။ ဒါကို သတိကြပ်ကြပ်ထားဖို့ အင်မတန်မှ လိုအပ်တယ်။
ကျေးဇူးတော်ရှင်ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး 🙏 🙏 🙏 “ရှစ်ယောက်နှင့် တစ်ယောက်” တရားတော်မှ ကောက်နှုတ်ဖော်ပြပါသည်။
Credit --- Shwe Thu