Tuesday, September 24, 2019

မင်္ဂလာအတွေးများ (၁)

မင်္ဂလာအတွေးများ (၁)

အသေဝနာစ ဗာလာနံ ဧတံမင်္ဂလမုတ္တမံ ။
လူမိုက်ကို မမှီဝဲ မဆည်းကပ်ခြင်းသည်
မြတ်သော မင်္ဂလာမည်၏ ။
လူမိုက်ဆိုလျှင်၊ ရှောင်သွေလွှဲလို့ ၊
မမှီဝဲနဲ့ ကင်းအောင်နေ။

တခါတုန်းက ဗာရာဏသီပြည်မှာ သာမလို့ အမည်ရတဲ့ မင်းတစ်ပါး ရှိတယ်။ အဲဒီ သာမမင်းမှာ အလွန်တော်တဲ့ မြင်းတစ်ကောင်လည်း ရှိတယ်။ အဲ့ဒီ မြင်းရဲ့ အမည်က ပဏ္ဌဝတဲ့ ။ မြင်းက သိပ်တော်တော့ မင်းကိုယ်တိုင်ကလည်း မင်္ဂလာမြင်း အဖြစ် သတ်မှတ် ပေးထားပါတယ်။
မင်္ဂလာမြင်းဆိုတော့ သာမန်မြင်းတွေထက် အခွင့်အရေး ပိုရပါတယ်။ တနေ့တော့ ဘယ်လို အကြောင်းရယ်တော့ မသိဘူး၊ မင်္ဂလာမြင်းကို ထိမ်းကြောင်းဖို့ မြင်းထိန်းတစ်ယောက် ရောက်လာပါတယ် ။
မြင်းထိန်းရဲ့အမည်က ဂိရိဒတ္တတဲ့။ မြင်းထိန်းပညာနဲ့ ပတ်သတ်ပြီး ဘယ်လောက် ကျွမ်းကျင်တယ်ဆိုတာ စာထဲမှာ ပြမထားလို့ မသိရပါဘူး။  သူ့မှာ အများမြင်သာတဲ့ ထူးခြားချက်ကတော့ ခြေခွင်နေတာပဲ။ မြင်းထိန်းတယောက်ရဲ့ တာဝန်တွေ ဖြစ်တဲ့ မြင်းစာကျွေးတာ၊ မြင်းရေချိုးတာ၊ သန့်ရှင်းရေးလုပ်တာ စသည်ဖြင့် မြင်းနဲ့ ပတ်သတ်သမျှကို တာဝန်ကျေအောင် လုပ်ပေးပါတယ်။
မြင်းထိန်းလုပ်ရတဲ့ အလုပ်တွေထဲမှာ မင်္ဂလာမြင်းကို မြင်းစားကျက် ကျောင်းပေးရတဲ့ အလုပ်လည်းပါတယ်။
ဒီတော့မြင်းရဲ့ နှာရှုပ်ကြိုးကို ကိုင်ပြီး ရှေ့ကနေ သွားပါတယ်။ မြင်းထိန်းဟာ ခြေခွင်နေတဲ့သူဆိုတော့ လမ်းလျှောက်တဲ့ အခါ ထော့နဲ့ထော့နဲ့ပေါ့။ ဒါကို မင်္ဂလာမြင်းက သူ့ကို သင်တာပဲဆိုပြီး မြင်းထိန်း လျှောက်တဲ့တိုင်း ထော့နဲ့ထော့နဲ့ နောက်က လိုက်လျှောက်တယ်။ ကာလတခုလည်း ကြာရော လမ်းလျှောက်တဲ့အခါတိုင်း သူ့ထိန်းကျောင်းသူ မြင်းထိန်းအတိုင်း ထော့နဲ့ထော့နဲ့ ဖြစ်သွားပါရောတဲ့။
တနေ့တော့ မင်းချင်းတယောက်က မင်္ဂလာမြင်း ခြေထောက် ထော့နဲ့နဲ့ဖြစ်နေတာကို တွေ့သွားပါတယ်။ ဒီတော့ မင်းကြီးကို မင်္ဂလာမြင်း ခြေထောက် ထော့နဲ့နဲ့ ဖြစ်နေတဲ့ အကြောင်းသွားလျှောက်ပါတယ်။ မင်းကြီးကလည်း မြင်းခြေထောက်မှာ အနာတခုခု ဖြစ်နေလို့နေမှာပဲ ဆိုပြီး ဆေးဆရာစေလွှတ်ပြီး ကုခိုင်းလိုက်ပါတယ်။
ဆေးဆရာကလည်း မင်္ဂလာမြင်းခြေထောက်မှာ ဘာရောဂါဖြစ်နေလဲလို့ သေချာစစ်ဆေးကြပါတယ်။ဆေးဆရာကလည်း ဘာရောဂါမှမရှိကြောင်း မင်းကြီးကို လျှောက်တင်တယ်။ ဒီတော့ မင်းကြီးက ဘုရားအလောင်း ပညာရှိအမတ်ကို တဖန် ပြန်ကြည့်ခိုင်းပါတယ်။ ဘုရားအလောင်း ပညာရှိအမတ်ကတော့ စဉ်းစားပါပြီ။မြင်းမှာ ဘာရောဂါမှ မရှိဘူးဆိုတော့ တခြား အာရုံဘက် တွေးပြီး ရှာပါတယ်။
နောက်ဆုံးတော့ ထော့နဲ့ထော့နဲ့ ခြေခွင်နေတဲ့မြင်းထိန်းကို သွားတွေ့တယ်၊ မြင်းထိန်းကို တွေ့လိုက်တာနဲ့ ဘုရားလောင်းပညာရှိက အဖြေကို ချက်ချင်း သိလိုက်ပါပြီ။
အရှင်မင်းကြီး အရှင်မင်းကြီးရဲ့မင်္ဂလာမြင်း ခြေထောက် ထော့နဲ့နဲ့ ဖြစ်ရတာဟာ သူ့မြင်းထိန်းကိုအတုလိုက်ပြီး ဖြစ်သွားတာပါဘုရား ၊ဒါဆို အရင်တိုင်း ပြန်ဖြစ်အောင် ဘယ်လိုလုပ်ရမလဲ,ဒါကလွယ်ပါတယ်ဘုရား ခန္ဓာကိုယ် ကောင်းမွန်တဲ့ မြင်းထိန်းတယောက်ကို မြင်းရဲ့ နှာရှုပ်ကြိုးကို ကိုင်ခိုင်းပြီး ရှေ့ကနေ သွားခိုင်းပါဘုရား။ဒါဆို အရင်တိုင်း ပြန်ဖြစ်သွားပါလိမ့်မည် ဘုရား။
မင်းကြီးလည်း ဘုရားလောင်း ပညာရှိပြောတဲ့အတိုင်းပြုလိုက်တာ အရင်တိုင်း ပြန်ကောင်း သွားပါတယ်။
(ငါးရာ့ငါးဆယ်ဇာတ်ဝထ္ထု••ဂိရိဒတ္တဇာတ်)
'ဓာတ်ဆိုတာ ကူးဆက်တက်တဲ့ သဘောရှိတယ်'ဆိုတာ ဒီဓမ္မပုံဝထ္ထုလေးက အလွယ်ဆုံးနည်းနဲ့ ပြလိုက်တာပဲ။တကယ်ဆို မင်္ဂလာစည်းကမ်းအရ လူမိုက်ကိုမမှီဝဲ မဆည်းကပ်ခြင်းသည် မင်္ဂလာမည်တယ် ဆိုတဲ့အတိုင်း လူမိုက်ကို မှီဝဲဆည်းကပ်လို့ အကျိုး ပျက်စီးသွားတဲ့သာဓက ဝထ္ထုတပုဒ်လောက် ထုပ်ပြလိုက်ဖို့ပါ။
ဒါပေမဲ့ ဓာတ်ဆိုတာ ကူးဆက်တက်တဲ့သဘော ရှိတယ်ဆိုတာလေး ပြောချင်စိတ်က အာရုံညွတ်နေတာနဲ့ ဒီဓမ္မ ပုံဝထ္တုလေးကိုပဲထုတ်ပြလိုက်တာပါ။ မကြာသေးခင်က ယောဆရာတော်ဘုရားရဲ့'ဓာတ်'ဆောင်းပါးနဲ့
အရှင်ဆန္ဒာဓိကရဲ့'ဓာတ်'ဆောင်းပါးလေးကိုဖတ်ထားရတာလည်း ပါပါတယ်။
ယောဆရာတော်ဘုရားက အရှင်ဇနကာဘိဝံသရဲ့ဓာတ်ကူးဆက်ချင်ပါတယ်တဲ့။
အရှင်ဆန္ဒာဓိကလည်း ယောဆရာတော်ဘုရားရဲ့ဓာတ် ကူးဆက်ချင်ပါတယ်တဲ့။စာရေးသူကလည်း ယောဆရာတော်ဘု့ရားရဲ့ဓာတ်နဲ့ အရှင်ဆန္ဒာဓိကရဲ့ဓာတ်ကူးဆက်ချင်ပါတယ်။
စာရေးသူ...အရှင်နှစ်ပါးဆီ ရောက်တဲ့အခါ အရှင်တို့ရဲ့ဓာတ်ကလေးတွေနာရီပိုင်း လောက်ထိ ကူးဆက် နေတက်ပါတယ်အဲဒီအချိန်လေးမှာ ငြိမ်းအေးမှု တခုခုကို ရနေခဲ့ပါတယ် ။ ဒါပေမယ့် ကိုယ့်နေရာ ပြန်ရောက်တဲ့ အခါမှာတော့ ဓာတ်တွေ ပြန်ပျောက်သွားတာတော့ အမှန်ပါ။
ဗုဒ္ဓခေတ်ကို အာရုံပြုကြည့်လိုက်ပါ။ အရှင်သာရိပုတ္တရာက ပညာကြီးတော့သူ့ရဲ့တပြည့်တွေကလည်းပညာကြီးကြပါတယ်။အရှင်မဟာမောဂ္ဂလာန်ကတန်ခိုးကြီးတော့ သူ့တပြည့်တွေကလည်း တန်ခိုးကြီးကြပါတယ်။ ဒေဝဒတ်ကအလိုဆိုးရှိတော့ တပြည့်တွေကလည်း အလိုဆိုးရှိကြတယ်။
ဓာတ်ကူးသွားတဲ့ သဘောပါ။ မျက်မောက်ခေတ်မှာလည်း ဒီတိုင်းပဲ။ကိုယ့်ဝန်းကျင်မှာ ပညာတက်တွေရှိနေရင်
ပညာတက် ဖြစ်သွားတက်ပါတယ်။ စီးပွားရေးသမားတွေ ရှိနေရင်လည်း စီးပွားရေးသမား ဖြစ်သွားတက်ပါတယ်။ နိုင်ငံရေးသမားရှိနေရင်လည်း နိုင်ငံရေးသမားဖြစ်သွားတက်ပါတယ်။
မသာမာတဲ့နည်းနဲ့ စီးပွားရှာတက်တဲ့ သူတွေရှိနေရင်လည်း မသမာတဲ့ စီးပွားရှာသူ ဖြစ်သွားတက်ပါတယ်။
ဓာတ်ဆိုတာ ကူးဆက်တက်တဲ့ သဘောရှိတယ်ဆိုပေမဲ့ ဓာတ်ကောင်းနဲ့ ဓာတ်ညံ့မှာဓာတ်ညံ့က ပိုပြီး ကူးဆက်မြန်ပါတယ်။
ဒါကြောင့် ဓာတ်ညံ့ရှိတဲ့ သူကို မမှီဝဲ မဆည်းကပ်ခြင်းဟာ မင်္ဂလာတရားနဲ့ အညီနေထိုင်တာပါပဲ။ စာမှာ ရိုက်ပြထားတာကတော့ လူမိုက်ကိုမမှီဝဲ မဆည်းကပ်ပါနဲ့တဲ့။ ဒီတော့ လူမိုက်ဆိုတာဘာလဲ? သူတပါးအသက်ကိုသတ်သူ၊သူတပါးဥစ္စာခိုးသူ၊သူတပါးပစ္စည်းဥစ္စာလုယူဓားပြတိုက်သူ၊စသည်ဖြင့် မြင်လိုက်ပါ။
မြတ်စွာဘုရားကတော့လူမိုက်ဆိုတာကိုဒီလိုဖွင့်ပြထားပါတယ်။
၁။မကောင်းတာတွေးနေတဲ့သူ
၂။မကောင်းတာပြောနေတဲ့သူ
၃။မကောင်းတာလုပ်နေတဲ့သူ
ဒီအင်္ဂါသုံးပါးနဲ့ညီနေရင်ပစ္စည်းဥစ္စာဘယ်လောက်ပဲချမ်းသာချမ်းသာ၊ပညာတွေဘယ်လောက်ပဲတက်တက်၊အနုပညာအရဘယ်လောက်ပဲ အောင်မြင်မှုတွေရနေနေ၊ ရာထူးအာဏာဂုဏ်သိမ်ဘယ်လောက်ပဲရှိရှိ၊မြတ်စွာဘုရားရဲ့အလိုအရတော့ လူမိုက်ပါပဲတဲ့။
မင်္ဂလာတရားတော်နဲ့အညီ လူမိုက်လက္ခဏာတွေရှိနေတဲ့ သူကိုမမှီဝဲ မဆည်းကပ်ပဲတော့နေပါရဲ့။ဒါပေမယ့် ကိုယ်ကိုတိုင်ကတော့မကောင်းတာတွေးနေမယ်၊ မကောင်းတာပြောနေမယ်၊မကောင်းတာ ပြုလုပ်နေမယ်ဆိုရင်တော့ကိုယ်ကိုတိုင် လူမိုက်ဖြစ်နေပြီး တကယ့် အတွင်းလူမိုက်နဲ့ ပေါင်းသင်း နေတာပါပဲ။
အမှန်တကယ်တော့ ကိုယ်ကိုတိုင် လူမိုက်မဖြစ်အောင် နေတက်ဖို့ အဓိကပါ။ ဒီတော့ ညအိပ်ရာ ဝင်ရင် နဖူးပေါ်လက်တင်ပြီး တနေ့တာရဲ့အတွေးအခေါ်၊အပြောအဆို၊ အပြုအမူတွေကို စဉ်းစား ကြည့်လိုက်ပါ။ 'ငါ ဒီနေ့ မကောင်းတာတွေ တွေးဖြစ်လား?မကောင်းတာတွေ ပြောဖြစ်လား?မကောင်းတာတွေ ပြုလုပ်ဖြစ်လား?။
တကယ်လို့များ တနေ့တာရဲ့ အချိန်ကာလတခုမှာ မကောင်းတာ တခုခုတွေးမိ၊ ပြောမိ၊ ပြုမိခဲ့တယ်ဆိုရင်တော့ ကိုယ့်ကိုကို အားနာမှု ကင်းမဲ့စွာနဲ့ လူမိုက်လို့ပဲသတ်မှတ်လိုက်ပါ။ ။ ။
✒✒✒...
အရှင်ရာဇိန္ဒ
ရဝေနွယ်(အင်းမ)