ထိုင်သမာဓိ ထ မရှိ
ယောဂီတို့ ထိုင်နေ ရှုနေ စျာန်သမာဓိတွေကောင်းနေတဲ့ခါကျတော့ ပေါင် ခြေ ကိုယ် လက်မရှိဘူးပေါ့.. ထသွားတော့ပြန်ကြည့် ရှိနေသေးရင် မဟုတ်သေးဘူး ထိုင်သမာဓိ ထမရှိကော.. ခုနက ထိုင်နေလို့သာ သမာဓိနဲ့ ပေါင် ခြေ ကိုယ် လက် ပြုတ်နေတာ သမာဓိမရှိတော့ ပြန်မြင်နေရတယ် ဒါက အယူပြုတ်တာမဟုတ်သေးလို့...။ဦးဇင်းတို့ အယူနဲ့ပြုတ်သွားတာကျတော့ ယောဂီတို့ကိုကြည့်ရင် လောကလိုသာရှိတယ်ပြောနေပေမယ့် ဓါတ်နဲ့ကြည့်ရင် ဓါတ်လေးပါး., ခန္ဓာငါးပါးနဲ့ကြည့်ရင် ခန္ဓာငါးပါး., ရုပ်နာမ်နဲ့ကြည့်ရင် ရုပ်နာမ်., အသုဘနဲ့ ကြည့်ရင် အသုဘ., စိတ်တွေပြောင်းသွားတာကော.. စိတ်ပြောင်းတော့ မြင်တဲ့အပေါ်မှာ နှလုံးသွင်းစိတ်လေးကွာသွားတယ်.. နှလုံးသွင်းစိတ်ကွာသွားတဲ့အတွက် အသုဘလို့နှလုံးသွင်းလိုက်ရင် အသုဘပေါ့...။
အသုဘလို့ပြောရင် ယောဂီတို့က ဒီ ပုပ်တာ ပွတာကြီးကို အသုဘသွားယူဦးမယ်.. ဦးဇင်းပြောတဲ့ အသုဘက ပုပ်တယ် ပွတယ်မပါဘူး ဦးဇင်းတို့ ယောဂီတို့မှာ ဒီ ကိုးပေါက် ကိုးဒွါရသော အပေါက်တွေက ယိုစီးထွက်ကျနေတာတွေက တခုမှကောင်းတာမပါဘူး တခုမှနှစ်သက်စရာ သာယာစရာမပါဘူး.. အခုရရှိထားတဲ့ရုပ်တုံးကြီးက ဦးဇင်းသိတာက ကုန်စိမ်းတန်းထဲမှာ မကောင်းတဲ့ပစ္စည်းတွေဖိသိပ်ထည့်ထားပြီး အပုပ်ရည်တွေစီးကျနေတဲ့ အထုပ်တထုပ်လို့မြင်တယ်.. ကိုယ့်ရုပ်ကိုယ် အဲ့လိုမြင်တော့ ဒီစိတ်က အရင်တုန်းကအကောင်းထင်တယ် အခုတော့ မထင်တော့ဘူး.. အဲ့လိုမြင်နေတော့ စိတ်ကမသာယာတော့ဘူး.. အဲ့လိုမသာယာတဲ့စိတ်ကို အသုဘလို့ပြောတာ ဟို ပုပ်တယ် ပွတယ်လို့သိတာက လောကထဲကသိတဲ့အသုဘ.. ဒီဘက်မှာကျ ပုပ်တယ် ပွတယ် မပါပဲနဲ့ ကိုယ့်စိတ်က ကိုယ့်ရုပ်ကြီးကို အပုပ်ထုပ်ကြီးလိုမြင်နေတာကို အသုဘလို့ပြောတာ...။
ကိုယ့်ရုပ်ကိုယ် အဲ့လိုမြင်ပြီး မသာယာ မလိုချင်မှလည်း တရားကျင့်တဲ့ယောဂီတွေ သံသရာမှ လွတ်ရာလွတ်ကြောင်းရုန်းထွက်ချင်တော့မယ်.. အဲ့လိုမဟုတ်ရင်တော့ ဒီရုပ်ကိုတွယ်တာမှုတွေ သမုဒယပေါ့လေ ဖြစ်ပြီးရုန်းထွက်လိုစိတ်ရှိမှာမဟုတ်ပါဘူး...။
တရားတွေကတော့ပြသား ထိုင်တာကြာလာလေ ပူတယ် တင်းတယ် တောင့်တယ် ကိုက်တယ် ဆိုတဲ့ ဒုက္ခကတော့ဖေါ်ပြနေတယ် အဲ့ဒုက္ခကို ဒုက္ခမှန်းမသိတော့ သမုဒယကသွားတွယ်နေတယ်.. သမုဒယကသွားတွယ်တဲ့အတွက် ဒုက္ခရောက်ရတာကော သမုဒယမတွယ်ရင် ဒုက္ခမရောက်ရဘူး.. အဲ့ဒီတော့တရားကျင့်ရင်းနဲ့ ဒုက္ခမြင်ရင် သမုဒယပြတ်တယ် သမုဒယလို့သီးသန့်ဖြတ်စရာမလိုပါဘူး.. ဘုရားကလည်း ဒုက္ခသစ္စာဟောထားခဲ့တယ် ဒုက္ခသစ္စာသာမြင်အောင်ကြည့်.. ဒုက္ခမြင်ရင် သမုဒယပြတ်တယ်.. သမုဒယပြတ်ရင် နိရောဓနဲ့ မဂ္ဂက သူ့ဟာသူရောက်ပြီးသား ဦးပဇင်းတို့သိတာ.. သမုဒယပြတ်တော့ နိရောဓနဲ့ မဂ္ဂဆိုတာကပြောပေးရတာ ဦးပဇင်းသိတာတော့ နိရောဓလည်းမပါဘူး မဂ္ဂလည်းမပါဘူး ဒီရုပ်ပေါ်မှာ သွားသွားကပ်စွဲတဲ့စိတ်က သွားစွဲရင်ဒုက္ခခံစားရပါလား ဒုက္ခပါလားသိသွားတော့ ထွက်မစွဲတော့ဘူး.. မစွဲတော့တဲ့အတွက် ခံစားရတဲ့ဒုက္ခတွေချုပ်ငြိမ်းသွားတယ်.. အဲဒီလိုကိုယ်ခံစားရတဲ့စိတ်ချုပ်ငြိမ်းသွားတာကို နောက်က စိတ်တစိတ်ကလိုက်သိပေးနေတယ် အော် ငါခုမှ လွတ်ငြိမ်းတော့တယ် ချမ်းသာတော့တယ်ဆိုတာ.. အဲ့လိုလွတ်မြောက်တဲ့နေရာကို နိရောဓလို့ခေါ်တယ် ပြန်သိပေးနေတဲ့စိတ်ကို မဂ္ဂလို့ခေါ်တယ်.. ဒါလည်း ဆရာသမားတွေဟောပြပေးလို့ ဦးဇင်းတို့က နိရောဓတွေ မဂ္ဂတွေသိတာ.. ဦးဇင်းတို့သိတာက လွတ်ငြိမ်းတာပဲသိတယ်...။
ဦးဇင်းတို့ကလည်း ကိုယ်ကျင့်လို့ သိလို့ သိသလိုပြောပေးနိုင်တာ.. ယောဂီတို့ ကျင့်တဲ့ခါကျရင် သေသေချာချာကျင့် ဦးပဇင်းတို့ပြောရင် ပြောသလိုလုပ်.. ပြောသလိုလုပ်ရင်တော့ လွတ်မြောက်မှုရကြမှာပါပဲ...။
( ၉/၁၀/၂၀၁၅ တရားစခန်းအတွင်း ဆရာတော်ဦးကေလာသ ရဲ့ဟောတရားအား ကောက်နှုတ်ပူဇော်ပါသည် )
ဓမ္မဒါနဖြင့်
ဝိဇ္ဇောဒယသဲအင်းဓမ္မရိပ်သာ
သာသနာပြုအဖွဲ့ (စင်္ကာပူ)