ကုသိုလ်ကောင်းမှု
★ ကုသိုလ်ကောင်းမှုဆိုတာ စဉ်ဆက်မပြတ်လုပ်ဖို့က အရေးကြီးတယ်။ ပန်းလေးတပွင့် လှူပြီးတော့ ကိုးဆယ့်တစ်ကမ္ဘာ အပါယ်မလားဘူးဆိုတဲ့ အပါဒါန်မှာ ဆိုတဲ့ ကိုးဆယ့်တစ်ကမ္ဘာ အပါယ်မလားတာ "ဧကပုပ္ဖံ ရေဇိတွာန" ဆိုတဲ့ ပန်းလေးတပွင့်လှူတာနဲ့ ကိုးဆယ့်တစ်ကမ္ဘာ အပါယ်မလားတာဟာ တချို့က သံသရာရှည်ကြာတယ် ဖြစ်နိုင်ပမလား။★ ဒီကုသိုလ်လေးဟာအင်မတန်မှ သေးငယ်တဲ့ကုသိုလ်လေး ဖြစ်လို့ ကိုးဆယ့်တစ်ကမ္ဘာ အပ္ပါယ်မလားဘဲ နောက်ဆုံးမှာ ဒီပန်းလေးတပွင့်လှူခဲ့တဲ့ ကုသိုလ်ကောင်းမှုရဲ့ စွမ်းအားနဲ့ဘဲ မဂ်ပန်းဖိုလ်ပန်း ဆင်မြန်းနိုင်ခဲ့တယ်လို့ ဒီလိုဆိုတာ။
★ အဲ့တော့ သဘောပေါက် နားလည်ရမှာကတော့ ပန်းလေးတပွင့်လှူဒါန်းလိုက်တဲ့ ကုသိုလ်က ကောင်းရာသုဂတိဘုံကို ပို့ဆောင်ပေးလိုက်တယ်၊ လူ့ပြည်ရောက်တယ်၊ နတ်ပြည်ရောက်တယ်။ အဲဒီမှာ "သပ္ပုရိသ သံသေဝ သဒ္ဓမ္မသာဝန" သူတော်ကောင်းတရားနဲ့ ပေါင်းမိခြင်း၊ သူတော်ကောင်း တရားကိုနာယူခြင်း "ပတိရူပဒေသ" သူတော်ကောင်းနဲ့ ဆုံတွေ့နိုင်တဲ့နေရာမျိုးမှာ နေခြင်း ဆိုတဲ့ ဒီအထောက်အကူ အကြောင်းတရားတွေကြောင့် ပန်းလေးတပွင့်လှူတဲ့ ကုသိုလ်က ပို့ပေးလိုက်တဲ့ လူ့ဘဝမှာ ကုသိုလ် ကောင်းမှုတွေ ဆက်လုပ်တာဖြစ်တယ်။
★ အဲဒီကုသိုလ်ကောင်းမှုတွေ ဆက်ဆက် လုပ်သွားတာကြောင့် ကိုးဆယ့်တစ်ကမ္ဘာအပါယ်မလား ဘူးလို့ ဒီလိုဆိုလိုတာ၊ ပန်းတပွင့်လှူပြီးတော့ မေ့မေ့လျော့လျော့ နေတယ်၊ အကုသိုလ်တွေ လုပ်နေမယ်ဆိုရင်တော့ အပါယ်လားမှာပဲ။
★ ပန်းလေတစ်ပွင့် လှူလို့ အပါယ်မလားဘူးဆိုတာ ပန်းလေးတပွင့်က အကြောင်းပြုလိုက်တော့ ကောင်းတဲ့ဘဝကိုရောက်၊ အဲဒီကောင်းတဲ့ ဘဝမှာ ကောင်းတဲ့အလုပ်တွေကို ဆက်ဆက် လုပ်လိုက်သည့် အတွက်ကြောင့် ဒီပုဂ္ဂိုလ်ဟာ သံသရာထဲမှာ သုဂတိဘုံအဆင့်ဆင့် ရောက်ရှိပြီး ကောင်းတဲ့အလုပ်တွေ ဆက်ဆက် လုပ်သွားခြင်း အားဖြင့် ကုသိုလ်အရှိန်အဝါတွေ တိုးလာပြီး နောက်ဆုံးမှာ ပန်းလေးတပွင့်က စလိုက်တဲ့ ကုသိုလ်ကောင်းမှုရဲ့ အစွမ်းတန်ခိုးနဲ့ပဲ နိဗ္ဗာန်ချမ်းသာကို မျက်မှောက်ပြုနိုင်ပြုနိုင်တဲ့ အဆင့်ကိုရောက်သွားတယ်။ ဒီလိုအဓိပ္ပါယ် မှတ်ယူကြရမှာ ဖြစ်တယ်ပေါ့။
★ ဒါကြောင့်မို့ ကုသိုလ်ဆိုတာ စဉ်ဆက်မပြတ် လုပ်ဖို့လိုအပ်တယ်ပေါ့။ ကုသိုလ်ကောင်းမှုရဲ့ အကျိုးရလာတဲ့ ဘဝမှာ ကုသိုလ်ကောင်းမှု မလုပ်တော့ဘဲနဲ့ အချိန်ဖြုန်းနေခြင်း၊ မကောင်းမှု အကုသိုလ်တွေ လုပ်ခြင်း အားဖြင့် သံသရာထဲမှာ တဝဲလည်လည်ဖြစ်ပြီး အကုသိုလ် အကျိုးပေး အလှည့်ရောက်တဲ့အခါမှာ အပါယ်ဘုံတို့ဘာတို့ကို ကျသွားနိုင်တတ်တယ်ပေါ့။
★ ဒါကြောင့်မို့ ကုသိုလ်ကောင်းမှုလုပ်လို့ လူ့ဘဝရောက်လာကြတဲ့ ဘုန်းကြီးတို့တတွေဟာ မေ့မေ့လျော့လျော့ မနေကြဘဲနဲ့ ကုသိုလ်တရားကို ဆက်လက်လုပ်ဖို့ လိုအပ်တယိ။ အဲလိုဆက်လက် လုပ်သွားတာ စိတ်ချရပြီလားလို့ဆိုရင် စိတ်ချရတဲ့ အတိုင်းအတာ တခုရောက်ဖို့အတွင် အနဲဆုံး သောတာပန်ဖြစ်သွားမှ စိတ်ချရပြီလို့ဆိုရမယ်။
★ သို့သော် သောတာပန်မဖြစ်ဘဲနဲ့ အပါယ်ဘုံက မလွတ်ဘူးလားလို့ဆိုရင် လွတ်တဲ့ ပုဂ္ဂိုလ်တွေရှိပါတယ်။ လုံးဝ အာမခံချက်ရှိသွားတာတော့ (၁) “ဗုဒ္ဓေ အဝစ္စ ပဿဒ” ဘုရားပေါ်မှာ နှစ်နှစ်ကာကာ ယုံကြည်ခြင်းဆိုတဲ့သဒ္ဓါ၊ (၂) “ဓမ္မေ အဝေစ္စ ပဿဒ” ဆိုတဲ့ ဓမ္မပေါ်မှာ အသိဉာဏ်နဲ့ တွဲဖက်လာတဲ့ ယုံကြည်မှု သဒ္ဓါ။ (၃) “သံဃေ အဝေစ္စ ပဿဒ” အရိယာ သံဃာတွေအပေါ်မှာ အသိပညာနဲ့ တွဲဖက်လာတဲ့ သဒ္ဓါနဲ့ (၄) “အရိယာကန္တသီလ” လို့ခေါ်တဲ့ အရိယာသူတော်စင်တွေ မြတ်မြတ်နိုးနိုးအသက်ထက် တန်ဖိုးထားပြီးတော့ စောင့်ထိန်းတဲ့ ငါးပါးသီလ။ ဒီအချက်၄ချက်နဲ့ ပြည့်စုံသွားပြီဆိုရင် သောတာပန် မဖြစ်သေးတောင် သောတာပန် ပုဂ္ဂိုလ်ကဲ့သို့ အာမခံချက်ရတယ်။
★ သောတာပန်ဖြစ်သွားရင်လဲ ဒီအချက်တွေနဲ့ပြည့်စုံပြီး အမြင်မှားခြင်းတွေ ဆိုတဲ့ "မိစ္ဆာဒိဋ္ဌိ"၊ သံသယလို့ဆိုတဲ့ "ဝိစိကစ္ဆာ" တွေက ကင်းစင်ပြီးတော့ အမြင်မှန်ခြင်းနဲ့ သံသယကင်းခြင်း၊ ဘဝခရီးမှာ တရားဓမ္မနဲ့ ပတ်သက်ပြီး သံသယ ကင်းကင်းရှင်းရှင်းနှင့် ကောင်းမှုကုသိုလ်ကို စိုက်လိုက်မတ်တတ် ပြုသွားနိုင်တဲ့ အနေအထား ရောက်သွားပြီဆိုလို့ရှိရင် အပ္ပါယ်ဘုံဘဝက လွတ်မြောက်သွားမှာပဲ ဖြစ်တယ်။ ကောင်းရာသုဂတိ ဘုံတွေချည်းပဲရတယ်။
ကျေးဇူးတော်ရှင်ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး 🙏 🙏 🙏 (ဗုဒ္ဓသမီးတော်များ၏ ရင်တွင်းစကား အပိုင်း(၅၄) မှ ကောက်နှုတ်ချက်ဖြစ်ပါသည်။)
Credit --- Shwe Thu