ဘုံဆွမ်းလောင်းလှူစိတ်ထားဖြူ
★ သံဃိကဒါနမြောက်အောင် လှူဒါန်းနိုင်ပါမူ အသင်္ချေယျ အပ္ပမေယျ။★ ကုသိုလ်ကောင်းမူဆိုတာ.. လုပ်ငန်းတခုဟာ ကုသိုလ်လုပ်တယ်ဆိုပေမဲ့လို့ အကုသိုလ်အမူတွေ ရောပါတတ်တယ်။ မလုပ်တတ်လို့ရှိရင် ကုသိုလ်ပါ မဟုတ်ဘူး အကုသိုလ်ပါ ဖြစ်လာတတ်တယ်။
★ ကုသိုလ်ရှင်တဦးတယောက်က ဘုံဆွမ်းလောင်းတယ်ဆိုရင်တောင်မှပဲ ဖြူစင်တဲ့စိတ်ဓာတ်ကို
ရှေးဦးစွာ တည်ဆောက်ပြီးတော့မှ လာသမျှပုဂ္ဂိုလ်တွေကို လောင်းလှူမယ်ဆိုတဲ့ စိတ်ဓာတ်၊ ဖြူစင်တဲ့စိတ်ဓာတ်၊ ကြံ့ခိုင်တဲ့စိတ်ဓာတ်တွေကို အရင်ပြုပြင်ဖို့ လိုအပ်တယ်။
★ ကုသိုလ်ကောင်းမူဆိုတာ မလှူခင်ကလည်း ၀မ်းသာနေရမယ်။ လှူနေတုန်းမှာလည်း ၀မ်းသာနေရမယ်။ လှူပြီးနောက်ပိုင်းမှာလည်း ၀မ်းသာနေရမယ်။
★ တခါတရံကျတော့ လာရောက်အလှူခံတဲ့ အလှူခံပုဂ္ဂိုလ်တွေနဲ့ ပတ်သက်ပြီးတော့ အလှူရှင်တွေဟာ စေတနာပျက်တာမျိုး၊ သဒ္ဓါပျက်တာမျိုးတို့ ဆိုတာ ကြုံတတ်တဲ့ အရာမျိုးသာဖြစ်တယ်။ အဲဒီလို စေတနာပျက်ဖွယ် အရာမျိုးတွေနဲ့ ကြံုလာလို့ရှိရင် စေတနာမပျက်အောင် ကိုယ့်ကိုကိုယ်ထိန်းနိုင်ရဲ့လားဆိုတဲ့ စိတ်ဓာတ်ကိုကြံ့ခိုင်အောင် ထားနိုင်ဖို့လိုအပ်တယ်ပေ့ါ။
★ ဘုံဆွမ်းလောင်းလှူတဲ့ ပုဂ္ဂိုလ်တွေဟာ စိတ်ထားဖြူဖို့ အင်မတန်မှ အရေးကြီးတယ်။ ဘယ်လိုစိတ်ထားသင့်လဲဆို့လိုရှိရင် ကြည်ညိုဖွယ်ကောင်းတဲ့ ရဟန်းသံဃာတွေပဲလာလာ၊ ကြည်ညိုဖွယ်မကောင်းတဲ့ ရဟန်းသံဃာတွေပဲလာလာ၊ လာသမျှရဟန်းသံဃာတွေကို စိတ်ထဲမှာ မြတ်စွာဘုရားရဲ့ တပည့်သာဝက အနွယ်အဆက်တွေပဲ၊ သံဃာဆိုတဲ့စိတ်ထားပြီး ပုဂ္ဂိုလ်ရဲ့အမူအရာ၊ ပုဂ္ဂိုလ်ရဲ့အခြေအနေကို တခုမှလေ့လာသုံးသပ်ခြင်းမရှိဘဲ သံဃာဆိုတဲ့ ရည်မှန်းတဲ့ စိတ်နဲ့ပဲ လှူဒါန်းသင့်တယ်ပေါ့။
★ ကြွလာတဲ့ပုဂ္ဂိုလ်တွေပေါ်မှာ ဆင်ဖြင်သုံးသပ်မူမပြုဘဲနဲ့ ကိုယ်လှူတဲ့အလှူရဲ့ သံဃိကဒါန သံဃာကိုရည်မှန်း လှူတဲ့အလှူအာရုံကို တစိုက်မှတ်မှတ်ထားပြီးတော့ ကြည်းနူးတဲ့သဒ္ဒါတရားကို ထိန်းသိမ်းစောင့်ရှောက်နိုင်ရမယ်။
★ သံဃာတွေကြွလာတာမြင်လို့ရှိရင် စိတ်ထဲက မြတ်စွာဘုရားလက်ထက်က ရဟန္တာတွေရဲ့အဆက်အနွယ်ပဲလို့ ဘယ်ကျောင်းက ဘယ်ကိုယ်တော်ဆိုတာ တွေးမနေနဲ့။ ဘုရားလက်ထက်က ဘုရားရဲ့ကိုယ်စားလှယ်ဆိုတဲ့ စိတ်ထားပြီး ဘယ်ပုဂ္ဂိုလ်ပဲဖြစ်ဖြစ် တရိုတသေ လောင်းလှူနိုင်ဖို့အရေးကြီးတယ်။
★ အဲဒီလိုလောင်းလှူတဲ့အခါမှာလည်း မလေးမစားနဲ့ မပြောမိအောင် သတိထားရမယ်။ ပြောလိုက်တယ်ဆိုကတည်းက ၀စီကံလို့ခေါ်တယ်။
★ ရဟန်းသံဃာက ကြည်ညိုဖွယ်ရာ မဆောင်လင့်စကား မဆောင်တာက သူ့တာဝန်၊ သူ့အတွက် သူနဲ့သာဆိုင်တယ်။
★ ကိုယ်လောင်းလှူသမျှဟာ မည်သည့်ပုဂ္ဂိုလ်ကိုပဲလောင်းလောင်း လှူသမျှဟာ ရဟန္တာဆိုတဲ့ သံဃာဆိုတဲ့ ရည်စူးချက်နဲ့လှူသည့် အတွက်ကြောင့် မြတ်စွာဘုရားဟောတဲ့အတိုင်း အကျိုးကျေးဇူးဟာ ဒီဒါနကောင်းမူရဲ့အကျိုးဟာ အသင်္ချေယျ အပ္ပမေယျ မရေမတွက်နိုင်လောက်အောင် အကျိုးများမယ်လို့ ဒါဟာလက်ခံနိုင်စရာရှိတယ်။
★ အလှူဒါနနဲ့ပတ်သက်ပြီးတော့ အလှူရှင်နဲ့အလှူခံ ဒီနှစ်ခုကို ခွဲခြမ်းစိတ်ဖြာပြီးတော့ မြတ်စွာဘုရားဟောထားတာရှိတယ်။ အလှူရှင်က သီလရှိတယ်၊ အလှူခံက သီလမရှိဘူး။ အဲဒီလို အလှူရှင်ကတော့ သီလရှိတယ်၊ အလှူခံက သီလမရှိဘူး လှူလိုက်တယ်။
★ အဲဒီလှူလိုက်တဲ့ အလှူက အလှူရှင်က သီလရှိသည့်အတွက်ကြောင့် ဒီအလှူရဲ့အကျိုးဟာ ကြီးမာတယ်။ အလဟသမဖြစ်ဘူး။ ဒါကိုကြည့်မယ်ဆိုရင် အလှူရှင်တွေက ကိုယ့်ဘက်က သီလေရှိအောင် ကျိုးစားကြရမယ်။ ကျေးဇူးတော်ရှင်ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး 🙏 🙏 🙏 “ဘုံဆွမ်းလောင်းလှူစိတ်ထားဖြူ” တရားတော်မှ ကောက်နှုတ်ချက်ဖြစ်ပါသည်။ Credit --- Shwe Thu