"အချိုးအကွေ့များစွာ ဖြတ်ကျော်လာသည့် သီတဂူဆရာတော်ကြီး"
ဘဝအချိုးအကွေ့၊ အတက်ကွေ့ အဆင်းကွေ့၊ ၊အကောက်ကွေ့၊ တစ်ဆစ်ချိုးအကွေ့၊ ဂငယ်ကွေ့ U Turn- အန္တရာယ်ကွေ့၊ အတက်အကျ အနိမ့်အမြင့် လောကဓံကွေ့၊ ကြမ်းတမ်းသောကွေ့၊ သိမ်မွေ့သောကွေ့၊ ပြေပြစ်သောကွေ့၊ ကြမ်းတမ်းခက်ခဲသောကွေ့ စသည်ဖြင့် ကဗျာ စာပေ တေးသီချင်းတို့၌ မကြာမကြာ ဘဝဖြတ်သန်းတွေ့ ကြုံခဲ့ရသည့် ကွေ့နှင့်ပတ်သက်သော အကြောင်းအရာများကို နယ်ပယ်ရပ်ဆိုင်ရာ ပညာရှင် အသီးသီးတို့က ရေးဖွဲ့စပ်ဆို သီကျူးကြလေ၏။ဒွန္ဒသဘောအရ ကွေ့တစ်ခုကို ကျော်ဖြတ်ရသည့် Turning Point-၌ ဆူးငြောင့်ခလုတ်များကို ကျော်ဖြတ်ရခြင်းနှင့် Progressive Tendancy (အတက်လမ်း၊ တိုးတက်သည့်လမ်း)ကို ကျော်ဖြတ်ရခြင်းဟု ယေဘုယျခွဲခြားနိုင်၏။ ကမ္ဘာကျော်ပုဂ္ဂိုလ်များ၏ ဘဝအကွေ့အစောင်း အလှည့်အပြောင်းများ၌ ထိုသဘောကို ကမ္ဘာ့စာပေတို့၌ တွေ့ရှိလေ့လာ မှတ်သားရပေ၏။
ရံခါမှာတော့ ဒုက္ခအခက်အခဲ အချိုးအကွေ့ကပင် နောင်အနာဂတ်မှာ ကောင်းကျိုးရဖို့ အောင်မြင်ဖို့ လမ်းစ ဖြစ်တတ်ပါ၏။ ဥပမာ ကမ္ဘာကျော်စာရေးဆရာကြီး အိတ်ချ်ဂျီဝဲ- H.G.Well-သည် ခြေထောက်သွက်သွက်ခါအောင် ကျိုးခဲ့ဖူး၏၊ ကိုလန်ဘတ်စ် (Columbus)၊ ဝေါ့ဒစ္စနေ (Walt Disney)၊ ဝူးလ်ဝပ်သ် (Woolworth)၊ ဇိန်ဂရေး(Zane Grey)၊ မိုးဇက်(Mozart)တို့သည် ဆင်းရဲဒုက္ခ အချိုးကွေ့ နွံတွင်းမှာ ကျဆင်းခဲ့ကြဖူး၏။
သက်တော် (၈၁)သို့ ချင်းနင်းဝင်ရောက်နေသည့် ကျေးဇူးရှင်သီတဂူ ဆရာတော်ကြီးသည်လည်း ဘဝမှာ အခက်ခဲပေါင်းများစွာ ကျော်ဖြတ်လာသည့် နာမည်ကျော် ဆရာတော်ကြီး တပါးပင် ဖြစ်ပေ၏။ သို့သော် ထိုပုဂ္ဂိုလ်တို့သည် ဆင်းရဲဒုက္ခ နွံတွင်းကွေ့တွေကို ဒူးထောက် အရှုံးမပေးပဲ ဇွဲမာန်တင်းပြီး ကြိုးစားခဲ့ကြသောကြောင့် တကယ့်ကမ္ဘာကျော် ပုဂ္ဂိုလ်တွေ ဖြစ်လာခဲ့ကြ၏။
ဓားကောင်း လက်နက်ကောင်း သံကောင်းတို့သည် တူထုချက် မီးနှင့် မကင်းနိုင်သလို အောင်မြင်သူတိုင်း ရင့်ကျက်သူတိုင်း တည်ကြည်သူတိုင်း ဘဝကို ကောင်းမွန်စွာ ဖြတ်သန်းနေကြသူတိုင်း ဘဝလောကဓံမုန်တိုင်း အခက်ခဲများနှင့်တော့ တကွေ့မဟုတ် တစ်ကွေ့မှာ တွေ့ကြုံဖူးကြပေမည်။ ေ
ကျးဇူးတော်ရှင် သီတဂူဆရာတော်ကြီးသည်လည်း ယခုအခါ မြန်မာပြည်တွင်သာမက ကမ္ဘာမှာပါ အောင်မြင်ကျော်ကြားသည့် ပုဂ္ဂိုလ်တစ်ပါးဖြစ်နေသော်လည်း ဆရာတော်ဘုရားကြီး၏ ငယ်စဉ်အခါမှစ၍ ဘဝပုံရိပ် တစ်စိပ်တဒေသကို လေ့လာကြည့်ပါက သူ၏ဘဝမှာ ဘဝအချိုးကွေ့များစွာ အခက်အခဲများစွာ ကျော်ဖြတ်လာရတာကို တွေ့နိုင်မည် ဖြစ်ပါ၏။
သီတဂူဆရာတော်ကြီးသည် သူ၏ ဘဝဖြတ်သန်းခဲ့ရမှု အချိုးအကွေ့ပုံရိပ်များကို အလျဉ်းသင့်သလို တပည့်များအား ပြောပြသြဝါဒ ပေးလေ့ရှိ၏။ အကျွန်ုပ်တို့အတွက် စိတ်ဝင်စားစရာ အတုယူအားကျစရာလည်း ကောင်းလှပါ၏။
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် သဲကုန်းမြို့နယ် တပ်ရွာတွင် ခမည်းတော် ဦးမောင်ညို+ မယ်တော် ဒေါ်သန်းတင်တို့မှ ၁၂၉၈ခုနှစ်၊ တပေါင်း လပြည့်နေ့တွင် မီးရှူးသန့်စင် ဖွားမြင်လာသော ဆရာတော်ကြီးလောင်းလျာသည် တပ်ရွာကျောင်းဆရာတော် ဘဒ္ဒန္တဣန္ဒဝံသမထေရ်ကို ဥပဇ္စျာယ်ပြု၍ ၁၃၁၃ခုနှစ်မှာ ရှင်သာမဏေပြုကာ မြန်မာသက္ကရာဇ် ၁၃၁၈ခုနှစ်၊ သာသနာနှစ်(၂၅၀၀) ပြည့်တဲ့နှစ် သဲကုန်းမြို့ အလယ်တန်းကျောင်းဆရာတော် ဦးဓမ္မစက္ကကို ဥပဇ္စျာယ်ပြီး မြသိန်းတန် စေတီအတွင်းရှိ ခဏ္ဍသိမ်၌ မြင့်မြတ်သော ရဟန်းဘောင်သို့ တက်ရောက်ခဲ့၏။
၁၃၁၈ခု ရဟန်းခံပြီးတော့ သဲကုန်းမြို့ တပ်ရွာအလယ်ကျောင်း ဆရာတော် ဦးဣန္ဒဝံသ(ဘကြီးဘုန်းကြီး)၏ လမ်းညွှန်မှုဖြင့် ရန်ကုန် ရွှေမြို့တော်ကြီးသို့ စာသင်ကြွတော်မူ၏။ ရန်ကုန် တာမွေ သိမ်ကုန်းပရိယတ္တိစာသင်တိုက်မှာ ယင်းတိုက်ကြီး၏ ဆရာတော် ဦးသာသန၊ ဆရာတော် ဦးကုမာရ၊ တို့၏ စာချကောင်းသောကြေင့် သုံးနှစ်အတွင်း(၁၃၁၈ခုနှစ်မှ၁၃၂၀)ခုနှစ်ထိ ပထမပြန် ငယ်လတ်ကြီး စာမေးပွဲများ ဆက်တိုက် အောင်မြင်တော်မူခဲ့၏။ ရန်ကုန်မြို့တော်ကြီးသည် ဝသန္တမိုးဥတု မိုးတွင်းအခါ၌ မိုးက အငြိုးကြီးစွာ အရမ်းရွာလေ့ရှိသည်။ မိုးရွာသည့်အတွက် ပတ်ဝန်းကျင်ရှိ သစ်ပင်ပန်းမာလ်တို့က စိမ်းလမ်းစိုပြေလို့ မြင်သူတိုင်းအတွက် ကြည်နူးဖွယ် ဖြစ်နိုင်သော်လည်း သပိတ်ပိုက်ပြီး အိမ်စဉ်လှည့်လည် ဆွမ်းခံစားရသည့် စာသင်သားများအဖို့ ပင်ပန်းလှ၏။
မိုးမရွာသည့်နေ့မှာ နေရှိန်က အပြင်းသား၊ မိုးသားကင်း၍ နေရှိန်ပြင်းသည့် နေပူကျဲကျဲအောက်မှာ ထီးဖိနပ် အကာအကွယ်မဲ့ အိမ်စဉ်လျှောက်လည်ပြီး ဆွမ်းခံစားခဲ့ရသည့် ဒုက္ခမျိုးကို သီတဂူဆရာတော်ကြီး စာသင်သားဘဝ ငယ်စဉ်ကလည်း တွေ့ကြုံရခဲ့ရမည်ကို ယုံမှားဖွယ် မရှိပေ။ အဘယ်ကြောင့်ဆိုသော် သာသနာ့ဝန်ထမ်း စာသင်သားတိုင်း တွေ့ကြုံရမြဲ ဖြစ်သောကြောင့်ပေတည်း။
ဆရာတော်လောင်းလျာသည် ရန်ကုန်မှာ အခြားစာသင်သားနည်းတူ ဒုက္ခသုခကို ဖြတ်သန်း ကျော်လွှားရင်း ပထမကြီးအောင်တော့ မန္တလေး ရွှေမြို့တော်ကြီးသို့ ဓမ္မာစရိယ(စာချတန်း) စာဝါတက်ဖို့ ၁၃၂၁ခုနှစ်မှာ ပြောင်းရွေ့ခဲ့သည်။ မိုးကောင်း ခင်မကန်တိုက် မိုးတားကျောင်းဆရာတော် ဦးပညာဘိဝံသ၊ ဝေယံဘုံသာကျောင်းတိုက် ဆရာတော် ဦးကလျာဏာဘိဝံသ၊ မိုးကောင်းတိုက် ဝါးတန်းစာချကျောင်း ဆရာတော် ဦးဉာဏာဘိဝံသ၊ မိုးကောင်းတိုက် ဒေးဝန်းကျောင်းဆရာတော် ဦးဇောတိကာဘိဝံသစသော မန်းစာချအကျော် ဆရာတော်တို့ထံမှာ စာချတန်းစာဝါများ လိုက်ခဲ့ပြီး သီတဂူဆရာတော် လောင်းလျာ ရဟန်းတော်လေး၏ ကြိုးစားမှု ကံဉာဏ်လုံ့လဝီရိယတို့ကြောင့် (၂)နှစ်အတွင်းမှာပင် (၁၃၂၂ခုနှစ်တွင်) လွယ်ကူစွာ ဓမ္မာစရိယစာမေးပွဲ အောင်မြင်တော်မူခဲ့သည်။
ငယ်လတ်ကြီး ဓမ္မာစရိယ စာချတန်းများကို ငါးနှစ်အတွင်းမှာပင် ပြီးစီး အောင်မြင်တော်မူခဲ့သည်။ မန်းရွှေမြို့မှတဖန် ရန်ကုန်ရွှေမြို့တော်သို့ ကမ္ဘာ့သာသနာပြုနိုင်ရန် ဗုဒ္ဓဓမ္မများကို ကမ္ဘာသုံး အင်္ဂလိပ်စာဖြင့် သင်ကြားမည်ဟူသော ရည်ရွယ်ချက်ကောင်းဖြင့် သံဃာ့တက္ကသိုလ် တက်ရောက်ဖို့် ၁၃၂၄ခုနှစ်မှာ ပြောင်းခဲ့ရပြန်သည်။ ရန်ကုန် ကမ္ဘာအေး သံဃာ့တက္ကသိုလ် အပရဂေါယာန အဆောင်မှာ စာသင်ရသည်။
နောင်တစ်ချိန်မှာ သီတဂူဆရာတော်လောင်းလျာ ရဟန်းပျို အရှင်ဉာဏိဿရသည် ကမ္ဘာနှင့် ရင်ဘောင်တန်းပြီး သာသနာပြုနိုင်ဖို့ ရည်ရွယ်ချက် ကြီးကြီးမားမားဖြင့် သံဃာ့တက္ကသိုလ်မှာ တက်ရောက် ပညာသင်ယူနေကြောင်း မိမိဇာတိနယ်မြေ ပြည်မြို့မှာ ကျောင်းထိုင်နေသည့် သက်တော်ရှည် ဆရာတော်ကြီး တစ်ပါးအား အားပါးတရ လျှောက်ကြည့်မိသည်။ သို့သော် ပြည်-သက်တော်ရှည် ဆရာတော်ကြီးထံမှ ကြားလိုက်ရသည့် စကားက မျှော်လင့်ချက်ကို ရိုက်ချိုးခံရသလို ဖြစ်ခဲ့ရ၏။
“ဟေ့ မောင်ဉာဏိဿရ မင်းတက္ကသိုလ်မှာ သင်နေတဲ့ အင်္ဂလိပ်စာတွေက တိရစ္ဆာနကထာ- တိရိစ္ဆာန်စကားတွေကွတဲ့။ သာသနာအတွက် ဘာမှ အကျိုးမရှိဘူး”ဟု ပြစ်ပြစ်ခါခါ အပြောခံခဲ့ရဖူးသည်ကို တစ်ညမှာ သီတဂူ ဆရာတော်ကြီးထံ ထေရုပ္ပဋ္ဌာက ပြုစဉ်က စာရေးသူတို့ သီတဂူကထိကများ တဆင့် ကြားနာခဲ့ဖူး၏။ သို့သော် သီတဂူလျောင်းလျာ ရဟန်းတော်လေး အရှင်ဉာဏိဿရ ကမ္ဘာအေး သံဃာ့တက္ကသိုလ်မှာ သင်ယူခဲ့သည့် အင်္ဂလိပ်စာက ကမ္ဘာ့သာသနာပြုဖို့ ယခုအချိန်မှာ သီတဂူဆရာတော်အတွက် များစွာ အကျိုးရှိသည်ကို တိုင်းသူပြည်သားများက သိရှိလက်ခံ ထားကြလေပြီ။
ထိုခေတ်အခါက မျိုးချစ်စိတ်ဓာတ် ပြင်းထန်လွန်းလို့လား မသိပါ၊ အင်္ဂလိပ်စာ သင်လျှင်ကိုပင် တိရစ္ဆာနကထာဟု ရှေးဆရာတော်ကြီး တော်တော်များများက ထင်မြင်နေကြပေသည်။ သီတဂူဆရာတော်သည် ထိုခေတ်အမြင်ဟောင်းအတွေးအခေါ်များကို ဖောက်ထွက်လျက် အခက်ခဲကြားမှ အင်္ဂလိပ်စာကို ရဟန်းပညာရှိ လူပညာရှိ အင်္ဂလိပ် ဆရာ့ဆရာကြီးများထံ အပတ်တကုတ် သင်ယူလေ့လာခဲ့ပေ၏။
သီတဂူလောင်းလျာ အရှင်ဉာဏိဿရသည် မိမိ၏ ရည်မှန်းချက် ပန်းတိုင်အတွက် လုပ်သင့်လုပ်ထိုက် သည်ထင်၍ စိတ်ဓာတ်မကျဘဲ ကြိုးစားသင်ရင်း လေ့လာရင်းဖြင့်ပင် အချိန်တန်တော့ ကမ္ဘာအေး သံဃာ့တက္ကသိုလ်မှ (ဗုဒ္ဓဒေသနာဆရာဖြစ်သင်တန်း) ဒီပလိုမာစာမေးပွဲကို ၁၃၂၆ ခုနှစ်မှာ အောင်မြင်ခဲ့သည်။ ကံမကောင်း အကြောင်းမလှစွာပင် ခရစ်နှစ်-၁၉၆၂ခုနှစ်မှာ ဗိုလ်ချုပ်ကြီး ဦးနေဝင်းက စစ်အာဏာသိမ်းတော့ ပါဠိတက္ကသိုလ် ဗုဒ္ဓတက္ကသိုလ် သံဃာ့တက္ကသိုလ် အက်ဥပဒေများကိုပါ ဖျက်သိမ်းခံ လိုက်ရသည်။
(ယခုအချိန်အထိ ပါဠိကတက္ကသိုလ် ဗုဒ္ဓတက္ကသိုလ် သံဃာ့တက္ကသိုလ် ဆိုင်ရာများဆိုင်ရာ အက်ဥပဒေများ ပြန်လည် အသက် မဝင်လာသေးပေ၊ သက်ဆိုင်ရာ မျက်မှောက်ခေတ် ဥပဒေပြု လွှတ်တော်အမတ်များက ခေတ်နှင့်အညီ ဥပဒေနှင့်အညီ ပြန်လည်ထပ်မံ အသက်သွင်းဖို့ လိုအပ်မည်ဟု စာရေးသူက ထင်မြင်ယူဆပေသည်၊ ယခုခေတ် ဗုဒ္ဓတက္ကသိုလ် ကောလိပ်များစွာတို့ မြန်မာပြည် တလွှားမှာ ဖွင့်လှစ်ထားသော်လည်း စနစ်တကျ ပြဌာန်းထားသည့် အက်ဥပဒေများဖြင့် ဖွင့်လှစ်သင်ကြားနေရခြင်းမျိုး မဟုတ်ပါ)။
“သေမည့်နှစ်မှာမှ စစ်ထဲဝင်”ဆိုသလို သံဃာ့တက္ကသိုလ်မှ ဒီပလိုမာ စာမေးပွဲ အောင်မြင်တော်မူခဲ့သော်လည်း စစ်အာဏာသိမ်းလိုက်သဖြင့် သီတဂူဆရာတော် လောင်းလျာသည် သံဃာ့တက္ကသိုလ်မှ အောင်လက်မှတ် မရရှိခဲ့ပေ။ ထို့ကြောင့် သီတဂူဆရာတော်ကြီး၏ တက္ကသိုလ်စာသင်သား ဘဝဖြတ်သန်းလာခဲ့ရသည်မှာ လွယ်ကူသည်ဟု မဆိုနိုင်ပေ။ ဆရာတော်၏ ငယ်လတ်ကြီး ဓမ္မာစရိယ သံဃာ့တက္ကသိုလ် စာသင်သားဘဝ နေထိုင်စရိတ်အတွက် ရဟန်းဒါယကာကြီးက တစ်လလျှင် မြန်မာကျပ်ငွေ သုံးဆယ် ထောက်ပံ့ခဲ့သည်ဟု ဆရာတော်ကြီးက မကြာခဏ သြဝါဒပေးခဲ့ဖူးသည်။ ယနေ့မျက်မှောက်ခေတ် စာသင်သားများ ဘဝနှင့် နှိုင်းယှဉ်၍ ဆရာတော်ကြီးက သူ့၏ စာသင်သားဘဝ အချိုးအကွေ့ ဖြတ်သန်းခဲ့ရသည်ကို မလွယ်ကူကြောင်း ပြောပြလိုဟန်ရှိပေသည်။
ဆရာတော်ကြီးတို့ခေတ်ကာလက အခြားစာသင်သား သံဃာတွေများလည်း တလမှာ သုံးဆယ်ကျပ် သက်ဆိုင်ရာ ဒါယကာဒါယိကာမတို့ အထံမှ အထောက်အပံ့ ရရှိပါ့မလားဟုပင် စာရေးသူက တွေးမိသည်။ မိမိအမြင် သုံးဆယ်ကျပ် အထောက်အပံ့ ရရှိသည်မှာ ကံကောင်းသည်ဟု ဆိုရမည်ထင်သည်။ စာရေးသူတို့နောက်ပိုင်းခေတ် စာရေးသူမှာတော့ မူငယ်လတ်ကြီး ဓမ္မာစရိယတန်း ပြီးသည်အထိ အထောက်အပံ့ ကောင်းကောင်း မရရှိခဲ့ပေ။ အထူးသဖြင့် စာမေးပွဲအောင်သဖြင့် ဆုရရှိလာသည့် သင်္ကန်းထီး ဖိနပ်လေးများကို ရောင်းကာ စာရေးသူလည်း စာသင်သားဘဝ ဖြတ်သန်းခဲ့ရသည်။
သို့သော် ခရစ်နှစ်-၂၀၀၃-ခု၊ စစ်ကိုင်း သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် စတင်မတက်ရောက်ခင်မှာ ခြောက်လစာ တလလျှင် ငါးထောင်ကျပ် အင်္ဂလိပ်စာသင်တန်းတက်ဖို့ မိမိ၏ ရဟန်းဒကာများက ထောက်ပံ့သည်။ ၂၀၀၃ခုနှစ် စစ်ကိုင်း သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ရောက်သွားတော့ မထောက်ပံ့တော့ပေ။ တဖန် သီရိလင်္ကာနှင့် အိန္ဒိယ ပညာသင်သွားတော့ ရဟန်းဒါယကာမိသားစုက ပညာသင်စရိတ် ထောက်ပံ့သည်။ ယခုအချိန်အထိပင် မိမိအခက်ခဲရှိက ရဟန်းဒါယကာမိသားစုက ထောက်ပံ့ပေးသည်။ ထို့ကြောင့် စာရေးသူက ကံကောင်းသည်ဟုပင် ဆိုရပေမည်။
ခေတ်ရေစီးကြောင်း ပြောင်းလဲမှုက တစ်ခေတ်နှင့် တစ်ခေတ် မတူနိုင်ပါ။ သီတဂူဆရာတော် စာသင်သားဘဝက လာဘ်လာဘအနေအားဖြင့် ဝါဆိုဦးသင်္ကန်းတစ်စုံ၊ ကထိန်သင်္ကန်းတစ်စုံ လောက်ကိုသာ ရရှိသည်ဟုဆို၏။ သီတဂူဆရာတော် လောင်းလျာသည် ရရှိလာသည့် ပေါ်ပလင်သင်္ကန်း တစ်စုံကို မိမိဝတ်ရုံသုံးစွဲပြီး ကျန်တစ်စုံကို ရွှေတိဂုံဘုရား စောင်းတန်း သင်္ကန်းဆိုင်မှာ ရောင်းချကာ မြန်မာငွေ (၁၈)ကျပ်လောက်ရ၍ ကျောင်းသားဘဝ စာသင်သားဘဝ လိုအပ်ရာရာ အသုံးပြုလျက် ဖြတ်သန်းခဲ့ရသည်။ ရိုးသားစွာပင် သီတဂူဆရာတော်က ဝန်ခံထားသည်။ သင်္ကန်းရောင်းရသည့် ပိုက်ဆံလေး ခါးကြားညှပ် သင်္ကန်းကြားညှပ်ကာ မောင်ဂိုမာလမ်းတစ်လျှောက် လမ်းဘေးပလက်ဖောင်းပေါ်က စာအုပ်အဟောင်းဆိုင်တွေမှာ တစ်မတ်တန် တစ်ကျပ်တန် မိမိဖတ်ချင်သည့် စာအုပ်များကို မွှေနှောက်ဖွေရှာ ဝယ်ယူလေ့လာ ဖတ်မှတ်ခဲ့ရသည်တဲ့။ ထိုအရာလေးကပင် နှောင်းလူတို့အတွက် တကယ်တော့ ချစ်စရာ အတုယူ အားကျစရာ ဖြစ်ပေသည်။
စာသင်သားဘဝ ချွေတာစွာ ဆရာတော် ငွေကြေး အသုံးပြုခဲ့ရသည်။ စာပေချစ်မြတ်နိုးသည့် ပုဂ္ဂိုလ်ပီပီ ငယ်စဉ်အခါက ဆရာတော်ဖတ်ရှု့ခဲ့သည့် စာအုပ်များကို စနစ်တကျ သိမ်းဆည်း ထားနိုင်ခဲ့သောကြောင့် ဆရာတော်ကြီး ငယ်စဉ်စာသင်သားဘဝက ဝယ်ဖတ်ခဲ့သည့် စာအုပ်တချို့ ယခုအချိန်အထိ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် စာကြည့်တွေတိုက်မှာ တွေ့ရတတ် ပါသေးသည်။
သီတဂူဆရာတော်ကြီးကိုယ်တိုင် တပည့်တို့အား သြဝါဒပေးခဲ့သည့် သူ၏ သံဃာ့တက္ကသိုလ် ကျောင်းသားဘဝ Life Story အချိုးအကွေ့အခက်အခဲလေးက တကယ်ပင် စိတ်ဝင်စားစရာ ကောင်းသည်ဟု ဆိုနိုင်ပါသည်။ ဆက်လက် ဖတ်ကြည့် စေချင်ပါ၏။ “အေးကွာ ဒို့ ကမ္ဘာအေး သံဃာ့ တက္ကသိုလ်မှာ ကျောင်းတက်တော့ ပထမ ဒုတိယနှစ်ထိ အဆောင်မရဖူး၊ ဘယ်မှာနေလဲလို့ဆိုတော့ ကျူးဗန်းကျွန်းရဲ့မြောက်ဘက်နားက ချောတွင်းကုန်း ဘုန်းကြီးကျောင်းမှာနေတယ်။ ချော်တွင်းကုန်း ကနေ ကမ္ဘာအေး လမ်းလျှောက်ရင် နီးနီးလေးပဲ။ အဲ့ဒီတုန်းက ကပစ-ဆိုတဲ့ စက်ရုံတွေ အများကြီး ရှိတယ်။
အဲ့ဒီနားမှာ ကာကွယ်ရေး ပစ္စည်းစက်ရုံတွေ အင်းလျားလမ်း အင်းလျားကန်ရဲ့ ပတ်ဝန်း ကျင်မှာ အများကြီးပဲ။ ချော်တွင်းကုန်း ဘုန်းကြီးကျောင်းကလည်း တစ်ကျောင်းတည်း ဆိုတော့ အဲဒီကျောင်းမှ အဲ့ဒီဘုန်းကြီးကိုချည်းပဲ ကာကွယ်ရေး ပစ္စည်းစက်ရုံတွေက စနေနဲ့ တနင်္ဂနွေတိုင်း ဆွမ်းကပ်တယ်။ ဒို့က ချော်တွင်းကုန်း ဆရာတော်ရဲ့ နောက်လိုက်အဖြစ်နဲ့ အမြဲတန်းလိုက်ရတယ်။ (၅)ကျပ်၊(၁၀)၊(၂၀)၊(၃၀)၊ ဆွမ်းစားတိုင်း ရတယ်ပေါ့ကွာ။ ဆွမ်းကပ်တဲ့အိမ်က လှူတာက တပါးစီ တပါးစီ လှူတာ။ ဒါပေမယ့် ဒို့တစ်နှစ်-နှစ်နှစ်လောက် အဲဒီကျောင်းမှာ နေခဲ့တာ ဆွမ်းစားက တစ်ခါမှ အဲ့ဒီပိုက်ဆံကို ဒို့မရခဲ့ဖူးဘူး။
ကျောင်းဘုန်းကြီးက အကုန်သိမ်းတာပဲ။ ချော်တွင်းကုန်း ဘုန်းကြီးက ရသမျှပိုက်ဆံလေး အကုန်သိမ်းတယ်လေ။ တစ်ပြားမှ မကျန်ဘူး။ ဝါဆိုဦးမှာ သင်္ကန်းတစ်စုံပေးတယ်။ ကျန်တာ အကုန်သိမ်းတယ်။ အဲ့ဒီ ဘဏ္ဍာငွေတွေနဲ့ ပစ္စည်းတွေကို အကုန်ထိန်းသိမ်းတာက သူ့နှမ သီလရှင်ကြီးက ထိန်းသိမ်းတာ။ မောင်နှမနှစ်ယောက် ကျောင်းထိုင်တယ်ဆိုပါတော့ကွာ၊ ကြောက်လိုက်ရတာ။ သူ့ကျောင်းမှာ နေခွင့်လေး ရရင် တော်ပြီဆိုပြီးတော့ ဒို့ စိတ်ထဲလျော့ပြီးတော့ ဒီလိုနေခဲ့တယ်။ အဲ့ဒီတော့ စာသင်သား ဘဝရဲ့ ခရီးဟာ မင်းဒို့တတွေ အခုလျှောက်လမ်းဆဲဖြစ်တယ် မဟုတ်လား။
ဘယ်နေ့ ဘယ်ချိန် ဒီခရီး ပြီးဆုံးမလဲဆိုတာ မပြောနိုင်ဘူး။ မင်းတို့ အတွေးအခေါ်တွေ မမှားဖို့တော့ အရေးကြီးတယ်။ ငါ့ရဟန်းဒကာကလည်း တစ်လ ကျပ်(၃၀)၊ ကြားထဲ ပိုရတဲ့ပိုက်ဆံလေးလည်း ကျောင်းထိုင် ဘုန်းကြီးက အကုန်သိမ်းတော့ တနေ့တစ်ကျပ်ကို အငတ်ခံ ချွေချွေတာတာ သုံးပြီးတော့ ဒီလို နေလာခဲ့တာ ဘဝအခက်ခဲလေးတွေကို ဒီလိုပဲ ကျော်ဖြတ်လာခဲ့ရတာ။
အဲ့ဒီတော့ ငါ့ရဲ့ Life Story-လေးကို မင်းတို့တပည့်တွေကို နည်းနည်းပြောပြတာ။ အဲ့ဒီတော့ မင်းတို့ ဘဝကို သာသနာအတွက် စွန့်လွှတ်မြုပ်နှံမယ်ဆိုတဲ့ စိတ်ဓာတ်တွေမွေးကြ။ ရေဆန် လေဆန်မှာ ခြေကန်တက်မယ်ဆိုတဲ့ စိတ်ဓာတ်မျိုးတွေ မွေးကြ။ အဲ့ဒီလို စိတ်ဓာတ်မျိုးနဲ့ ဒို့ချီတက်လာတာ ဉာဏိဿရရယ်လို့ အခု ဒီအခြေအနေထိ ရောက်သွားတယ်ကွာ။
ဤကား သီတဂူဆရာတော်၏ စာသင်သားဘဝ အချိုးကွေးလေးမျှသာတည်း။ စာရေးသူ မတင်ပြနိုင်သည့် ဆရာတော်၏ ငယ်ဘဝ အချိုးအကွေ့ အခက်ခဲများစွာ ရှိမည်တော့ သေချာပါသည်။ သံဃာ့တက္ကသိုလ်ကျောင်းဆင်း သီတဂူဆရာတော် လောင်းလျာသည် ၁၃၂၆ ခုနှစ်မှာတော့ ဗမာဗုဒ္ဓဘာသာ သာသနာပြုကျောင်းကို ဧရာဝတီတိုင်း လေးမျက်နှာမြို့၊ အင်းဝကျောင်းတွင် ဖွင့်လှစ်တည်ထောင်ပြီး ဆင်းရဲသား နိုင်ငံရင်သွေး သားငယ်သမီးငယ် သုံးရာကျော်တို့ကို အလယ်တန်းပညာအထိ (၂)နှစ် ပညာရင်နို့ သောက်စို့စေခဲ့ သင်ကြားပေးခဲ့၏။
၁၃၂၈ ခုနှစ်မှာတော ့” ပရိယတ္တိယေဝ သာသနဿ မူလံ”ဆိုသည့်အတိုင်း သာသနာ၏ တကယ့်ဇစ်မြစ် အသက်သွေးကျောသဖွယ်ယ်ဖြစ်သော ပရိယတ္တိ စာသင်တိုက်မှာ စာချဘုန်းကြီး ဘဝကို စတင်ခဲ့လေ၏။ စစ်ကိုင်းတောင်ရိုးတွင် ဟံသာဂီရိ ကျောင်းတိုက်၌ ငယ်လတ်ကြီးစာချတန်း စာသင်သား သံဃာတော်တို့အား ပရိယတ္တိစာပေများ စာချပေးခဲ့သည်။ ဆရာတော်သည် အဟောအပြော အလွန်ကောင်းသလို ထိုခေတ်က ဟံသာဂီရိကျောင်းတိုက်မှာ စာချကောင်းသည်ဟု ချီးမွမ်းခံရ၏။
၁၃၂၉ ခုနှစ်မှာ စစ်ကိုင်းတောင်ရိုး အနီးစခန်း ဆရာတော်ကြီးထံတော်တွင် ဝိသုဒ္ဓိမဂ်၊ ပဋိသမ္ဘိဒါမဂ်စသော ခက်ခဲနက်နဲသည့် လောကုတ္တရာ စာပေများကို ပါဠိမြန်မာဘာသာနှင့် နှိုင်းယှဉ်ကာ အင်္ဂလိပ်လို သင်ယူခဲ့သည်။ အနီးစခန်း ဆရာတော်ကြီးထံ သင်ယူလေ့လာခဲ့မှုသည် နိုင်ငံကျော် ဓမ္မကထိက ဖြစ်လာဖို့ အထောက်ကူ ပြုရုံသာမက ယခုအခါ သီတဂူဗုဒ္ဓတက္ကသိုလ်များ၊ သီတဂူဝိပဿနာ အကယ်ဒကမီများ တည်ထောင် သောအခါ များစွာ အကျိုးပြုနေတော့သည်။ သီတဂူဆရာတော်သည် ရန်ကုန် မန္တလေးမြို့ကြီးများတွင် ခက်ခဲစွာ စာသင်သားဘဝနှင့် စာချဘုန်းကြီး ဘဝမှာ ပရိယတ္တိစာပေများကို လေ့လာသင်ယူ သင်ကြားပို့ချပေးခဲ့ပြီးနောက် “ဓူရနှစ်ပြင်၊ အလုပ်ခွင်၊ နေ့စဉ်ဝင်မှ၊ သမဏ”ဆိုသည့်အတိုင်း ပဋိပတ်ဘက်သို့ ကိုယ်တွေ့ လက်တွေ့နှင့် စာတွေ့ ပေါင်းကူးနိုင်ဖို့ ဝိပဿနာကျင့်စဉ်ကောင်း နည်းနာနိဿယများကို ရှာဖွေခဲ့သည်။
သီတဂူသာသနာပြုလုပ်ငန်းများ မစတင်မီမှာ သီတဂူဆရာတော်သည် ၁၃၃၃ခုနှစ်မှာ မွန်ပြည်နယ် ပေါင်မြို့ ကျုံကရွာ သပိတ်အိုင်တောရမှာ လေးနှစ်ကျော် သပိတ်အိုင်ဆရာတော်ကြီးထံ၌ အသက်ခန္ဓာ မငဲ့ညှာပဲ မှက်ခြင်ယင် လေပူနေပူ မြွေကင်းသန်းဒဏ် အန္တရာယ်များစွာကို ခံတုကာ စနစ်တကျ တောရတည်ဆောက်လျက် တရားအားထုတ်ခဲ့သည်။ ဤခဲ့သို့ သပိတ်အိုင် တောရဆရာတော်ကြီး ဦးကိတ္တိထံမှ ဝိပဿနာတရားကို ကောင်းမွန်စွာ အားထုတ်ခဲ့ခြင်းကပင် ၁၃၇၄ ခုနှစ်မှာ စစ်ကိုင်းတောင်တန်းနှင့် မင်းဝံတောင်တန်းကြား တောင်ဖီလာတောင်ခြေ တောင်ဖီလာစေတီအနီး စစ်ကိုင်းတောင်ကို မေးတင်ကာ မြေဧက (၇၀)ကျော်ပေါ်မှာ သီတဂူကမ္ဘာ့ဝိပဿနာအကယ်ဒမီကို တည်ထောင်ခြင်း၏ ရှေးဦးနိမိတ် ဖြစ်ခဲ့လေ၏။
သပိတ်အိုင်မှ အပြန် ၁၃၃ရခုနှစ်မှာတော့ ကျေးဇူးရှင် အနီးစခန်းဆရာတော်ကြီး ကျန်းမာရေး မကောင်းသဖြင့် ပြုစုစောင့်ရှောက်ရင်း စစ်ကိုင်းတောင်ရိုးမှာ သီတင်းသုံးကာ မန္တလေးမြို့ မလွန်ဆန်လှူသင်းကြီးမှာ စတင်၍ ထိုခေတ်အခါက ဓမ္မကထိကအကျော် အနီးစခန်းဆရာတော်၊ မင်းကွန်းတိပိဋကဆရာတော်ကြီးတို့နှင့် တွဲဖက်လျက် တရားဟောခဲ့ရာမှ ယနေ့ အသက် (၈၁)ရောက်သည်အထိ ရွှင်လန်းတက်ကြွစွာဖြင့် နေ့စဉ်ရက်ဆက် တိုင်းသူပြည်သား များအား တရားရေအေး တိုက်ကျွေးနေဆဲ ဖြစ်ပေ၏။
၁၃၃၃၈ ခုနှစ်မှာတော့ ပထမမစိုးရိမ်ဆရာတော်ကြီးက မစိုးရိမ်(၇)တိုက် အပါဝင်ဖြစ်သော သမိုင်းဝင် လျှော်ဖြူချောင်ကို အပ်နှံသဖြင့် “သဒ္ဓမ္မသီတဂူချောင်”ဟူသော အမည်သစ်ဖြင့် ကျောင်းထိုင်ဘုန်းကြီး ဘဝ စတင်ဖြတ်သန်းလာခဲ့၏။ စစ်ကိုင်းတောင်ရိုး၌ သီတင်းသုံးတော်မူစဉ် စစ်ကိုင်းတောင်ရိုးပျော် ရဟန်းသံဃာများ ဆရာလေးဆရာကြီးများ ရေအခက်ခဲရှိတာကို သီတဂူဆရာတော် စိတ်မကောင်း ဖြစ်မိသည်။
“ဧရာရစ်ဝိုင်း မြို့စစ်ကိုင်း၊ ရေစစ်ကိုင်း၊ လှိုင်းပုခန်းငယ်”ဆိုသလို ကြည်လင်အေးမြသည့် မြစ်မင်းဧရာဝတီမြစ်ရေသည် မိုင်ပေါင်း (၁၂၃၈) ခရီးရှည်ကြီးကို စီးဆင်းဖြတ် သန်းလာခဲ့ရာ စစ်ကိုင်းတောင်ရိုးတခွင် ကျက်သရေရှိစွာ ရစ်ခွေစီးဆင်းနေသော်လည်း စစ်ကိုင်းတောင်ရိုးမှ ဘုန်းေတော်ကြီးကျောင်းများ သီလရှင်ကျောင်းများသည် တောင်ကမ်းပါးယံ စသည်မှာ ရေကန်လေးများ မိုးရေခံဖို့ တည်ဆောက်လျက် မိုးအခါ မိုးမင်းပေးသည့် ရေကိုသာ ခံထားသိုလှောင်ထားပြီး ယင်းမိုးလှောင်ရေကိုသာ အဓိကထား သုံးဆောင်နေရသည်။ သီတဂူဆရာတော်ကြီးသည် မူလရေစက်ဟောင်း ရေလှူအသင်းအတွက် ပထမဦးစွာ ထောက်ပံ့ ကူညီခဲ့သေးသည်။ မူလရေစက်ဟောင်းက ရေပေးသည်ဆိုသော်လည်း အချို့ချောင်များ ရေ မရရှိနိုင်ပါ။
နောက်ပိုင်းတွင် မူလရေစက်ကြီး အသင်းက သီတဂူဆရာတော်အပေါ် အထင်အမြင် လွဲမှားပြီး ကတည်းက သီတဂူဆရာတော်သည် သီးခြားခွဲထွက်လျက် တောင်ရိုးပျော် သူတော်တို့ အတွက် ရေအခက်အခဲများစွာကို ကျော်လွှားနိုင်ရန် “သူတော်စင်များအား ရေဖြင့် မပင်မပန်း ချမ်းသာစေရမယ်၊ တောင်စစ်ကိုင်း ချောင်တိုင်းဝေမယ်”ဟူသော မွန်မြတ်သော ရည်ရွယ်ချက်ဖြင့် ၁၃၄၂ခုနှစ်မှာ ဗုဒ္ဓနေ့မှ အစပြု၍ သီတဂူရေအလှူတော် ပရဟိတလုပ်ငန်းကြီးကို စတင်ဖွဲ့စည်း တည်ထောင်တော်မူခဲ့သည်။
သီတဂူရေအလှူတော် ပရဟိတအသင်းကြီးကို မူလရေစက်ဟောင်းကြီးမှ ခွဲထွက်ကာ တည်ထောင်ပြန်တော့လည်း တချို့သောသူများက သီတဂူဆရာတော်ကြီးအား အကောင်း မမြင်ကြပေ။ အပြစ်အမျိုးမျိုး ပြောဆိုခဲ့ကြပြန်၏။ အခက်ခဲများစွာကို ကျော်ဖြတ်ပြီး ဆရာတော်ကြီးက အလုပ်နှင့် လက်တွေ့ သက်သေ ပြလိုက်တော့ ကဲ့ရဲ့သံများလည်း တဖြည်းဖြည်း ပျောက်ကွယ် သွားခဲ့သည်။ သီတဂူရေအလှူအသင်းကြီးက အကျိုးများလွန်းသဖြင့် စစ်ကိုင်း ရွှေကျင်သာသနာပိုင် ရွှေဟင်္သာဆရာတော်ကြီး၊ မင်းကွန်းတိပိဋကဆရာတော်ကြီးစသော သူတော်ကောင်းကြီးတို့က စိတ်ဓာတ် ခွန်အားဖြစ်စေလျက် သီတဂူဆရာတော်ကြီး၏ သာသနာပြုလုပ်ငန်းများကို အားတက်သရော ဝိုင်းဝန်းကူညီ သာသနာပြုပေးတော်မူခဲ့ကြသည်။
သီတဂူရေအလှူတော် စီမံကိန်းကို ဖော်ဆောင်ရာ၌ ခေတ်မီရေစက်ကိရိယာများဖြင့် ဧရာဝတီကမ်းနဖူး ပထမစက်ရုံမှ ရှင်ပင်နံကိုင်းတောင်ထိပ် လသာအမှတ်(၁) အမှတ်(၃) ပင်မရေလှောင်ကန်ကြီးများသို့ မောင်းတင်ပို့ကာ ထိုမှတဆင့် စစ်ကိုင်းတောင်ရိုး ကားလမ်းမှ ဖြတ်သွယ်၍ တောင်ရိုးတောင်ဘက်ပိုင်း မဟာသုဗောဓာရုံကျောင်းတိုက်၊ ရွှေစေတီကျောင်းတိုက် အနီးအနား တစ်ဝိုက်မှ ချောင်းအားလုံးသို့ တိုက်ရိုက် ဖြန့်ဝေ လှူဒါန်းနိုင်ခဲ့သည်။ စစ်ကိုင်းတောင်ရိုး မြောက်ဘက်ပိုင်းအတွက်ကား ဒေါ်မြမြကန်သို့ လေးလက်မှပိုက်လိုင်းဖြင့် အမြဲရေလွှတ်တင်၍ ဒုတိယစက်ရုံမှ ပန်းပဲတန်းကန်၊ ဝေနေယျသုခကန် ရေချမ်းစင်ကန် ဥမင်သုံးဆယ်ကန် စသည့်ရေကန်ကြီးများသို့ မောင်းတင်ပို့ပြီး တောင်ရိုးတစ်လုံးနီးပါး ရေပေးဝေလှူဒါန်းနိုင်ခဲ့၏။
ယခုအခါ မင်းဝန်တောင်တန်း အပါအဝင် စစ်ကိုင်းတောင်ရိုး မြောက်ဘက် ဝါးချက် အာလောင်ရွာထိ ဘုန်းတော်ကြီးကျောင်းများအား ရေပေးဝေ လှူဒါန်းနေ၏။ “ရေရှားရပ်ထံ၊ ရေရရန်၊ ရေကန် ရေတွင်းလှူ” ‘‘အာရာမရောပါ ဝနရောပါ, ယေ ဇနာ သေတုကာရကာ၊ ပပ ဉ္စ ဥဒပါန ဉ္စ, ယေ ဒဒန္တိ ဥပဿယံ။(၇။ ဝနရောပသုတ်(သံ၊၁၊၃၀။)ဟူသော မြတ်ဗုဒ္ဓ၏ အဆုံးအမတိုင်း သီတဂူဆရာတော်ကြီးသည် ထာဝရနိဗဒ္ဓ ရေတွင်းရေကန် သီတဂူရေအလှူတော်ကြီးကို တည်ထောင်၍ ရေစင်ဖြင့် သူတော်စင်တို့အား ကြည်လင်အေးမြစေခဲ့၏။ သီတဂူ၏ရေအလှူသည် တောင်ရိုး၏ သဘာဝပတ်ဝန်းကျင်ကိုလည်း ထိန်းသိမ်းပြီးသား ဖြစ်တော့၏။
သီတဂူ နဇ္ဇောဒကသည် ခြောက်သွေ့သည့် စစ်ကိုင်းတောင်ရိုး၏ သဘာဝ သစ်ပင်ပန်းပင်များ၊ သီးပင်စားပင်များကိုလည်း ရှင်သန်စိုပြေလန်းဆန်း လှပစေသည်။ တောင်ရိုးပျော် သူတော်ကောင်းတို့ အေးချမ်းစွာ ဂန္ထဓူရ၊ ဝိပဿနာဓူရ အားထုတ်နိုင်ကာ ကိုယ်တွင်သက်ရာက် ငြိစွန်းနေသော မြူမှုန်အညစ်ကြေး များကိုလည်း ဆေးကြောသုတ်သင်ပေးရာရောက်သဖြင့် သီတဂူဆရာတော်သည် ဧရာဝတီမြစ်ရေဖြင့် တောင်ရိုးပျော် သူတော်စင်တို့အား အလှဆင်ပေးသည့် ဆရာတော်ဖြစ်သည်ဟု စာရေးသူ ဆိုချင်ပါ၏။
စီးဆင်းနေသည့် ဧရာဝတီမြစ်ရေကို တောင်အဆင့်ဆင့် ဖြတ်ကျော်ကာ ရေတင်ကာ သီတဂူရေအလှူ စီမံကိန်း အောင်မြင်စွာ ဖော်ဆောင်ခဲ့ရသည့်အခါမှာ အခက်ခဲများစွာရှိခဲ့သော်လည်း သီတဂူဆရာတော်ကြီး၏ ရဟန်းရှင်လူ ပြည်သူအတွက် နောက်မဆုတ်တမ်း တွေ့ကြုံလာသည့် အချိုးအကွေ့ အခက်ခဲများကို တည်ငြိမ်စွာ ကျော်လွှားကာ မလျော့သော ဇွဲလုံ့လတို့ဖြင့် အားထုတ်မှူကြောင့် ယခုအချိန်တွင် “ပြည်သူက ကြည်ဖြူ သီတဂူ”ဟု မိုးကောင်းကင်မှ လမင်းကြီးသည် လောကလူသားတွေက မျှောင်လင့်တောင့်တသလို ထင်ရှားပေါ်လွင် အေးမြသလို သီတဂူလမင်းကြီးသည်လည်း ကမ္ဘာ့အလယ် မြန်မာ့အလယ်မှာ တင့်တင့်တယ် ဂုဏ်ထည်စွာ ထွန်းလင်းတောက်ပြကာ အများသူငါက သီတဂူလမင်းကြီး၏ အေးမြသည့် မေတ္တာ၊ ကြီးမားသည့် ကရုဏာနှလုံးတို့ကို မျှော်လင့်တောင့်တနေကြောင်း ထင်ရှားပါပေ၏။
သီတဂူဆရာတော်ကြီးသည် နိုင်ငံအနှံ့တရားရေအေး တိုက်ကျွေးမှုကြောင့် ရရှိလာသည့် ဓမ္မပူဇာများနှင့် မြန်မာပြည် အရပ်ရပ်က သီတဂူကို သဒ္ဓါကြည်ဖြူ လှူဒါန်းလာကြသည့် အလှူရှင်တို့၏ ကောင်းမှု အထောက်ပံ့များဖြင့် နောကထပ်် ပရဟိတခြေလှန်းအသစ် တစ်ခုအဖြစ် (၁၃၄၇)နှစ် ကဆုန်လပြည့် ဗုဒ္ဓနေ့မှာ သီတဂူအာယုဒါန ဆေးရုံတော်ကို စတင်အုဋ္ဌ်မြစ်ချ တည်ထောင်၍ ၁၃၅၁ခုနှစ် တပေါင်းလပြည့်နေ့မှာ ဆေးရုံဖွင့်လှစ်နိုင်ခဲ့၏။ တိုင်းသားပြည်သူ လူမျိုးဘာသာ မရွေး လူသားအားလုံးအတွက် (အထူးသဖြင့် သံဃာတော်တို့အတွက်) သီတဂူအာယုဒါန ဆေးရုံတော်ကို တည်ဆောက်ပြန်တော့လည်း တစ်ချို့သော ဆရာတော်များနှင့် လူပုဂ္ဂိုလ်များက “သီတဂူဆရာတော်ဟာ လူသားတွေ လုပ်ရမယ့် အလုပ်တွေကို ဘုန်းကြီးတစ်ပါးအနေနဲ့ မအပ်မရာ လုပ်နေတယ်။ သာသနာ့ဝန်ထမ်း ရှင်ရဟန်းတို့နှင့် မအပ်စပ်ပါဘူး၊ ဒီအလုပ်တွေဟာ ကုလဒူသန အလုအလုပ်တွေပဲ ဖြစ်တယ်”စသည်ဖြင့် ကဲ့ရဲ့ပြစ်တင်ခြင်းကို ခံရပြန်၏။
သီတဂူဆရာတော်သည် တစ်စုံတရာ ခွန်းတုန့်မပြန်ခြင်း မပြုပဲ ဘဝအခက်ခဲ အချိုးအကွေ့ လောကဓံများကို အလုပ်နှင့် လက်တွေ့သက်သေပြကာ တည်ငြိမ်စွာ ကျော်လွှားခဲ့၏။ အမှန်မှာတော့ ဆရာတော်ကြီးသည် မြန်မာပြည်တလွှား တရားလှည့်လည် ဟောကြားတော်မူရင်း ခရစ်ယံ သာသနာပြုများက လူသားတို့အတွက် ဆေးရုံဆောက်ကာ အကျိုးပြုနေသည်ကို မြင်ရ တွေ့ရကာ အားကျတော်မူသဖြင့် ကောင်းသည့်အချက်ကို အတုယူလျက် သီတဂူအာယုဒါန ဆေးရုံတော်ကို ဘာသာမရွေး လူသားအားလုံးအတွက် တည်ဆောက်ခဲ့ခြင်း ဖြစ်၏။
ယခုအခါ သီတဂူအာယုဒါနဆေးရုံတော်မှ အစပြုကာ သီတဂူအာယုဒါန သီတဂူအာရောဂျဒါန အထွေထွေဆေးရုံ သီတဂူစက္ခုဒါနဆေးရုံ ယခုအချိန်ထိ ဆေးရုံပေါင်း(၃၃)ခုကို လူမျိုးနှင့် တိုင်းပြည် သာသနာအတွက် စွမ်းအားတမံ ဆေးရုံပရဟိတလုပ်ငန်းကြီးကို သူမတူအောင် အောင်အောင်မြင်မြင် ဆောင်ရွက်ကာ သာသနာပြုနိုင်လေပြီ။ စာသင်သားဘဝတုန်းက ရန်ကုန် ကမ္ဘာအေး သံဃာ့တက္ကသိုလ်မှ မျိုးစေ့ချ သန္ဓေယူလာသည့် စိတ်ဓာတ်များကြောင့် သီတဂူဆရာတော်ကြီးသည် ၁၃၅၄ ခုနှစ်မှာတော့ စစ်ကိုင်း သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် စီမံကိန်းကို စတင်အုဌ်မြစ်ချကာ ၁၃၅၈ ခုနှစ်တွင် စတင်ဖွင့်လှစ်ပြီး ဗုဒ္ဓဓမ္မနှင့် အင်္ဂလိပ်ဘာသာ ဒီပလိုမာသင်တန်းကို စတင်ပို့ချပေးနိုင်ခဲ့၏။
ယခုချိန်မှာတော့ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် စစ်ကိုင်း ရန်ကုန် မန္တလေး တောင်ငူ သံလျင်တို့မှာ စာသင်သားတို့ စာသင်ရင်း လမ်းမပျောက်ရန် ကမ္ဘာနှင့် ရင်ဘောင်တန်းနိုင်ရန် ဗုဒ္ဓစာပေများ ကမ္ဘာတလွှား ပြန့်ပွားနိုင်ရန် ရည်ရွယ်ချက်ဖြင့် တက္ကသိုလ်များ တိုးချဲ့တည်ထောင်လာခြင်း ဖြစ်သည်။ သီတဂူဆရာတော်ကြီးသည် ဗုဒ္ဓတက္ကသိုလ်များ တည်ထောင်ဖွင့်လှစ်နိုင်ခြင်းကြောင့် နိုင်ငံခြားတက္ကသိုလ်များမှ ပညာရှင် ပါမောက္ခကြီးများ၏ အထူးလေးစားမှုကို ခံရပေ၏။ ဆရာတော်ကြီး ကံကောင်းသည့် အချက်တစ်ခု ရှိ၏။ ထိုအရာမှာ ဆရာတော်ကြီးအား လူပညာရှိ ရဟန်းပညာရှိ သူတော်ကောင်းတို့က ဝိုင်းရံ ကူညီ အားပေးမှုကို အထူးရရှိသည့် အချက်တစ်ခုပင် ဖြစ်ပါပေ၏။
ပြည်တွင်းမှာလည်း သီတဂူ ပရိယတ္တိစာသင်တိုက်များ ဖွင့်လှစ်သင်ခြင်းစေခြင်း၊ အမေရိကန်၊ ရုရှားစသော ပြည်ပနိုင်ငံများ၌ သီတဂူဗုဒ္ဓဝိဟာရ၊ သီတဂူဓမ္မဝိဟာရ၊ သီတဂူ သံဃဝိဟာရ၊ မြန်မာထေရဝါဒစင်တာစသည်ဖြင့် ကျောင်းပေါင်းများစွာနှင့် ပြည်တွင်းပြည်ပ တည်ထားသည့် စေတီပေါင်းများစွာ၊ လိုအပ်သည့် နေရာမှာ စာသင်ကျောင်းပေါင်း များစွာတို့ကို သီတဂူ ဆရာတော်ကြီး၏ ဘဝတစ်ကွေ့မှ ကျပ်သိန်းပေါင်းများစွာ ကုန်ကျခံကာ တိုင်းပြည်နှင့် သာသနာအတွက် ကုသိုလ်ကောင်းမှုကြီးများကို သူမတူအောင် လုပ်ဆောင်နိုင်ခဲ့၏။
ဥပမာ ၁၃၆၉ ခုနှစ် မြန်မာပြည် ဧရာဝတီတိုင်း နာဂစ်လေမုန်တိုင်း တိုက်ခတ်ခြင်းကြောင့် ဆင်းရဲဒုက္ခရောက်သည့် တိုင်းသူပြည်သား ရဟန်းရှင်လူများအား ကျပ်သန်းပေါင်း ရှစ်ထောင်ရှစ်ရာခန့် ထောက်ပံ့လှူဒါန်းခဲ့၏။ နောက်ပိုင်းတွင်းလည်း မြန်မာပြည်တလွှား ရေဘေးဒုက္ခသည်တို့အား သီတဂူဆရာတော်ကြီး၏ လမ်းညွှန်မှုဖြင့် ကားကြီးကားငယ် အသွယ်သွယ်ကို အသုံးပြုလျက် လိုအပ်သည့်နေရာ ဒုက္ခရောက်သည့်နေရာအထိ တပည့်သံဃာတော်တို့က ကိုယ်တိုင်ကိုယ်ကျ သီတဂူအထောက် အကူပြုအဖွဲ့နှင့်အတူ အရောက်ပို့ကာ သွားရောက်လှူဒါန်းခဲ့ကြ၏။
ဒုက္ခရောက်နေသည့် ရခိုင်ဒေသသို့ သွားရောက်၍လည်း ကျပ်သိန်းပေါင်း များစွာ လှူဒါန်းခဲ့၏။ တိုင်းသူပြည်သားတို့ ဒုက္ခရောက်သည့်အခါတိုင်း သီတဂူဆရာတော်ကြီးသည် ကြီးမြတ်သော ကရုဏာနှလုံးသားဖြင့် လှူဒါန်း ထောက်ပံ့တော်မူခဲ့၏။ သီတဂူဆရာတော်ကြီး၏ စီမံခန့်ခွဲမှု ကောင်းခြင်း၊ အစစအရာအရာ စွမ်းဆောင်နိုင်ခြင်း၊ အသိဉာဏ်ကြီးမားခြင်း၊ ကရုဏာတရားကြီးမား၍ ပရဟိတစိတ်အား ထက်သန်းခြင်း စသည့် အကြောင်းများကြောင့် ပြည်တွင်းပြည်ပ အသိပညာရှင် အတတ်ပညာရှင်နှင့် တပည့်ဒကာဒကာမတို့က အားတက်သရော ဆရာတော်ကြီး၏ သာသနာပြုလုပ်ငန်းကြီးတို့ကို ပါဝင်ထမ်းဆောင်ခြင်းတို့ကြောင့် ဆရာတော်ကြီး၏ သာသနာပြုလုပ်ငန်းမှန်သမျှ အောင်မြင်သည် ချည်းပင် ဖြစ်၏။
အချုပ်အားဖြင့် သီတဂူဆရာတော်ကြီးသည် သက်တော် (၈၁) ပြည့်ချိန်အထိ ဘဝအချိုးအကွေ့မှာ နိုင်ငံပေါင်း (၅၀)ကျော် လှည့်လည် သာသနာပြုခဲ့၏။ အိန္ဒိယ အမေရိကန်စသော တစ်ချို့သော နိုင်ငံများသို့ အကြိမ်ပေါင်းများစွာ ကြွရောက် သာသနာပြုခဲ့၏။ ပြည်တွင်းပြည်ပ နိုင်ငံတကာ အစည်းအဝေးပေါင်း (၄၅) ခုလောက် ကိုယ်တိုင်ကိုယ်ကျ တက်ရောက် မိန့်ခွန်းပြောခဲ့၏။ မြန်မာပြည်တစ်ဝှန်း၌ စာသင်ကျောင်းပေါင်း (၄၇)ကျောင်းတို့ကို အသစ်တည်ဆောက် လှူဒါန်းခဲ့၏။ ထို့ပြင် စာသင်ကျောင်းပေါင်း (၉)ကျောင်း၌ ကွန်ပျူတာများနှင့် သင်ထောက်ကူပစ္စည်းများကို လှူဒါန်းခဲ့၏။ မြန်မာနိုင်ငံရှိ ဆင်းရဲသား ကျောင်းသား ကျောင်းသူ(၃၀၀)ကျော်တို့ကို ပညာသင်စရိတ် ထောက်ပံ့ပေးခဲ့၏။
ယခုအခါ နယ်ပယ်အသီးသီး၌ သီတဂူပညာရေး အထောက်ပံ့ကြောင့် ကျောင်းသားများသည် ဆရာဝန် အင်ဂျင်နီယာများစသည်ဖြင့် များစွာပေါ်ထွက်ခဲ့၏။ ခန့်မှန်းခြေ အားဖြင့် နိုင်ငံခြားပညာတော်သင် ဒေါက်တာဘွဲ့ရ(၄၅)ဦး၊ မဟာဝိဇ္ဇာ ရဟန်းတော်များစွာ၊ ဆရာဝန် (၄၅)ဦး၊ သူနာပြုဆရာဆရာမ (၃၀)၊ ဓာတ်ခွဲခန်းကျွမ်းကျင် ပညာရှင် (၆)ဦး၊ ဓာတ်မှန်ကျွမ်းကျင် ပညာရှင် (၅)ဦး၊ ဝိဇ္ဇာသိပ္ပံဘွဲ့ရ လူပုဂ္ဂိုလ်(၂၀)ဦး ပေါ်ထွက်ခဲ့၏။ (မှတ်ချက်။ ဂဏန်းများ အရေအတွက် ပိုမိုတိုးရုံသာ ရှိပါသည်)။
အထွေထွေဆေးရုံ သီတဂူအာယုဒါန အာရောဂျဒါန သီတဂူစက္ခုဒါန(မျက်စိဆေးရုံ)စသည်ဖြင့် ဆေးရုံပေါင်း (၃၂)ရုံ တည်ဆောက်ကာ လူနာရှင် ပေါင်းများစွာကို ဆေးကုသကာ ဘေသဇ္ဇဒါန ကုသိုလ်ထူးကြီးကို သူမတူအောင် သီတဂူ ဆရာတော်ကြီးက စွမ်းဆောင်ခဲ့ပါသည်။ ထို့ပြင် မြန်မာပြည်ရှိ အစိုးရ ဆေးရုံပေါင်း (၇၁)ရုံနှင့် အခြားဆေးရုံပေါင်း (၈)ရုံတို့မှာ အဖိုးတန် ခေတ်မီဆေးရုံသုံး ပစ္စည်းများကိုလည်း လှူဒါန်းခဲ့သေးသည်။ ဗုဒ္ဓဘာသာဝင်တို့၏ အထွတ်အမြတ်ထားသော စေတီပုထိုးပေါင်း (၁၄၄)ဆူကို ပြုပြင်ခြင်း၊ အသစ်တည်ထား ကိုးကွယ်ခြင်းများကို ပြုလုပ်ခဲ့သည်။
“လူဆိုတာ ကိုယ့်သမိုင်းကို ကိုယ်ကိုယ်တိုင် ရေးကြတာပါ”ဟူသော စကားအရ သီတဂူဆရာတော်ကြီးသည် သူ့သမိုင်း လူ့သမိုင်းပေးတာဝန်အကြီးကြီးကို ကျေပွန်စွာ ထွန်းပြောင်စွာ ထမ်းဆောင်နိုင်ခဲ့၏။ စာရေးဆရာမကြီး လူထုဒေါ်အမာက (၄-၁-၈၇) ရက်စွဲပါ လက်ရေးမူစာမှာ “လူကိုအကဲဖြတ်ဖို့ကတော့ သူဘာတွေလုပ်သလဲဆိုတာနဲ့ အကဲဖြတ်ရင် မှန်ပါလိမ့်မယ်”ဟု ရေးသားခဲ့၏။ စာရေးဆရာကြီး ဗန်းမော်တင်အောင် (၁၉၂၀-၁၉၇၈)ကလည်း “လူတစ်ယောက်ရဲ့ တန်ဖိုးကို သူဖြတ်သန်း ကျော်လွှားနေတဲ့ ခေတ်ကြီးက သူ့ပခုံးပေါ် တင်ပေးလိုက်တဲ့ သမိုင်းပေး တာဝန်ကို သူဘယ်လောက် သယ်ပိုးထမ်းဆောင်ခဲ့တယ်ဆိုတဲ့ အချက်နဲ့ တိုင်းတာရပဲ”ဟု မှတ်ချက်ပြုခဲ့သည်ကို တန်ဘိုးရှိစွာ မှတ်သားရပါ၏။
“ကိုယ်စွမ်းကိုယ်စက သင့်အား ထိပ်ဆုံးသို့ ရောက်စေနိုင်သည်။ သို့သော် အကျင့်စာရိတ္တကသာလျှင် သင့်အား ထိပ်ဆုံး၌ ဆက်လက် တည်မြဲစေနိုင်သည်” (ဂျွန်ဝုဒင်း)က ဆိုပြန်၏။ မြတ်ဗုဒ္ဓကတော့ “သီလပညာက လောကမှာ လူသားအားလုံးကို အထွဋ်အထိပ်သို့ ရောက်စေ၏”ဟု မိန့်တော်မူခဲ့၏။ မြတ်ဗုဒ္ဓ၏ ဆုံးမချက်များနှင့် နာမည်ကျော်စာရေးဆရာတို့၏ စကားနှင့်အညီ သီတဂူဆရာတော်ကြီးကလည်း သူ့ဘဝတန်ဘိုး ရှိအောင် အောက်ပါ သီတဂူဆရာတော်ကြီး၏ ““ငါတို့ဖြစ်ရ ဤလောကဝယ် ဘဝသမိုင်း မရိုင်းစေရန် စိတ်မန်မချ မာနမပါ တို့စွမ်းရာဖြင့် တို့သာသနာတို့ပြည်ရွာကို သာယာစေမှု လုံ့လပြုအံ့။” သံဓိဋ္ဌာန်အတိုင်း သာသနာပြုလုပ်ငန်းများကို လုပ်ဆောင်ကာ ဘဝအချိုးအကွေ့ အခက်ခဲများကို အံ့သြစွာ ကျော်လွှားနိုင်ခဲ့၏။
ဤသို့ဖြင့် သီတဂူဆရာတော်ကြီးသည် ဘဝမှာ လောကဓံ အခက်အခဲ အန္တရာယ်ကွေ့၊ အတက်ကွေ့၊ အဆင်းကွေ့ ဘယ်ကွေ့ဖြစ်ဖြစ် ခံနိုင်ရည်ရှိအောင်၊ ကွေ့တတ် ရှောင်တတ်အောင် သတိပညာနှင့် ထိန်းနိုင်ခဲ့၏။ ကျွန်ုပ်တို့သည်လည်း သီတဂူဆရာတော်ကြီးစသော ကမ္ဘာကျော် ပုဂ္ဂိုလ်တို့၏ အောင်မြင်သည့် ဘဝဖြတ်သန်းမှုများကို အတုယူကာ အတက်ကိုတော့ (လေဆန်ကိုခြေကန်ကာ)ကြိုးစားရုန်းကန်၍ တက်ကြရမည် ဖြစ်၏။ အဆင်းကိုတော့ အလိုက်သင့် ဆင်းဖို့လို၏။ ပြုတ်မကျဖို့ အရေးကြီး၏။ ပြုတ်ကျက အကျနာတတ်၏။ U Turn- ဂ ငယ်ကွေ့ အန္တရာယ်ကွေ့နှင့် ကြုံလေတိုင်း နောက်ကြောင်းပြန် မလှည့်ဖို့တော့ အင်နှင့်အားနဲ့ ဇွဲမန်တင်းကာ ကြိုးစားရမည်ဖြစ်၏။ “ဟိုကွေ့ရောက်ရင် ဟိုတက်နဲ့လှော်၊ ဒီကွေ့ရောက်ရင် ဒီတက်နဲ့လှော်”ဟု စာပေ (စကားပုံ)အတိုင်း ဘဝအချိုးကွေးတိုင်းမှာ အရေးကြီးဆုံးက သတိနဲ့ပညာ အထိန်းအကွပ်ဖြင့် ဆက်လက် လျှောက်လှမ်းနိုင်ဖို့ အရေးကြီးလှ၏။
လူသားတိုင်းသည် မှားတတ်၏။ (To err is human beings)။ မိမိအမှားကိုသိလျှင် ပြင်တတ်ရမည် ဖြစ်၏။ ဘဝတစ်ကွေ့က အမှားသည် နောက်တစ်ကွေ့မှာ သင်္ခန်းစာယူကာ ပြင်ပြီး အမှန်ဖြစ်အောင်လုပ်ဖို့ အောင်မြင်စွာ ပြုလုပ်နိုင်ဖို့ အရေးကြီး၏။ ဘဝ လောကဓံအခက်အခဲနှင့် ကြုံသည့်အခါ စိတ်ဓာတ်က သုညအောက် အနှုတ်လက္ခဏာ မပြဖို့ ကြိုးစားရမှာ ဖြစ်သလို လောကဓံ အကောင်းနှင့် ကြုံပြန်တော့လည်း တက်ကြွမြင့်မောက် သွေးနထင် မရောက်အောင် သတိပညာတို့ဖြင့် ထိန်းကွပ်ကာ ကြိုးစားရမည် ဖြစ်၏။ အမြင့်ရောက်လို့ မိမိကိုယ်ကို မထိမ်းနိုင်က ပြုတ်ကျလျှင် ပိုမိုအထိနာတတ်၏။ (လယ်တီဆရာတော်ကြီး)က တက်ကြွားကြွကြွ၊ မြင့်လွန်းကလည်း၊ လျောကျနောက်ဆုံး ရှိချေ၏ဟု သတိပေးဆုံးမတော်မူခဲ့၏။
လောကဓံကြုံတိုင်း “အကောင်းလည်း မမြဲ၊ အဆိုးလည်းမမြဲ၊ အနိစ္စတရားပဲ”ဟု ဆင်ခြင်ကာ မိမိကိုယ်ကို အကောင်းဆုံး ဖြစ်အောင် ဘဝတန်ဘိုးရှိအောင် သတိပညာနှင့် ဘဝအချိုးအကွေ့တွေကို ကျော်လွှားကာ တည်ဆောက်ရပါစို့။ ဘဝအချိုးအကွေ့ အခက်အခဲများကို ကျော်လွှာနိုင်ကြပါစေ။
၇-၁၁-၂၀၁၇၊ နံနက် (၁၀)နာရီ။
Credit --- Pay Thoe