လူတို့၏ အဖိုးတန် ရတနာ
လူတို့ အဖိုးတန် ရတနာဆိုတာ ဘယ်ဟာပါလဲ မြတ်စွာဘုရား … တဲ့။ အဖိုးတန်ဆုံး ရတနာက ပညာပါပဲတဲ့။ အသိအလိမ္မာဉာဏ်ပညာဆိုတဲ့နေရာမှာလဲ မြတ်စွာဘုရား သိစေချင်တဲ့ ရည်ရွယ်ချက်ကတော့ တရားနဲ့စပ်တဲ့ပညာ …. တဲ့။ မြတ်စွာဘုရား ဟောထားတဲ့ တရားတွေကို နာကြားပြီး သိကြား လိမ္မာတဲ့ ပညာ … တဲ့။တရားတွေ နာကြားပြီးသိတာက သုတမယ ပညာ။ အဲဒီ သုတမယ ပညာဖြစ်ဖို့ ရုပ်တရား နာမ်တရားတွေ၊ အနိစ္စတရား၊ ဒုက္ခတရား၊ အနတ္တတရားတွေ၊ ကုသိုလ်ကံ, အကုသိုလ်ကံ၊ အဲဒီကံတွေရဲ့ ကောင်းကျိုး, ဆိုးကျိုး တရားတွေပေါ့လေ။
နာကြားလို့ သိသင့်တဲ့ တရားတွေကို သိတာက သုတမယပညာ … တဲ့။ သုတမယပညာဉာဏ်နဲ့ သဘောပေါက်ပြီး ကြံစည်သိတာက စိန္တာမယပညာ။ ကြားပြီးမှပဲ စဉ်းစားကြံစည်လို့ ရပါတယ်။ နက်နဲတဲ့တရားတွေကို မကြားမနာရပဲနဲ့ စဉ်းစားကြံစည်တဲ့ စိန္တာမယပညာ မဖြစ်ပါဘူး။ မကြားပဲနဲ့ စိန္တာမယပညာ အစစ်ဖြစ်တာက ဘုရားနဲ့ အရိယာပုဂ္ဂိုလ်များမှာသာ ဖြစ်ပါတယ်။
နောက်ပြီးတော့ ဘာဝနာမယပညာဆိုတာက ၀ိပဿနာပညာပါ။ ၀ိပဿနာပညာက အရေးကြီးပါတယ်။ ၀ိပဿနာပညာ ပွားများချင်လို့ရှိယင် အခြေခံပညာကို သိရမယ် … တဲ့။ အခြေခံမဂ္ဂင်ကို မူလမဂ္ဂင် ခေါ်ပါတယ်။ ၀ိပဿနာ ပညာက ပုဗ္ဗဘာဂမဂ္ဂင် … တဲ့။
၀ိပဿနာပုဗ္ဗဘာဂမဂ္ဂင် ပြည့်စုံတဲ့အခါကျတော့ အရိယမဂ်ပညာ ဖြစ်လာတယ်။ ဒါက အဆုံးသတ်မဂ်ပညာပဲ။ အားလုံး သုံးဆင့်ရှိပါတယ်။ မူလမဂ္ဂင်က တမျိုး၊ ပုဗ္ဗဘာဂမဂ္ဂင်က တမျိုး၊ အရိယမဂ္ဂင်က တမျိုး၊ အဲဒီလို အဆင့် သုံးဆင့်, သုံးမျိုး ရှိတယ်။ ပုဗ္ဗဘာဂမဂ္ဂင် ပြည့်စုံယင် အရိယမဂ္ဂင်ဖြစ်တယ်။ အခြေခံ မူလမဂ္ဂင်ဆိုတာ “သမ္မာဒိဋ္ဌိ” လို့ အဋ္ဌကထာက ဖွင့်ပြထားတယ်။ ခြောက်မျိုး ဖွင့်ပြထားတယ်။ ကမ္မဿကတ သမ္မာဒိဋ္ဌိ။ ဒါလဲ ပညာပဲ။ ကံ, ကို ယုံကြည်ပြီး ကံ၏အကျိုးရှိတယ်လို့ သိတာက ကမ္မဿကတသမ္မာဒိဋ္ဌိ ဖြစ်တယ်။ အဲဒီ ကမ္မဿကတသမ္မာဒိဋ္ဌိကတော့ ဗုဒ္ဓသာသနာဝင် ပုဂ္ဂိုလ်တိုင်း ပြည့်စုံပြီးသားပဲ။ အခြေခံ ပြည့်စုံနေကြပါပြီ။
မပြည့်စုံသေးတဲ့ပုဂ္ဂိုလ်က ပြည့်စုံဖို့လိုတယ်။ ဒါကြောင့် ကံနဲ့ ကံရဲ့အကျိုးကို ယုံကြည်မှုဖြစ်အောင် ဟောပြောမှုတွေကို နာကြားရတယ်။ ကံ ကံရဲ့အကျိုးတွင် မကသေးဘူး။ နောက်ဆက်တွဲတွေလဲ ရှိသေးတယ်။ အဲဒါက သမာဓိဖြစ်အောင် ဒီလိုရှုရတယ်။ ဒီလိုရှုလို့ရှိယင် သမာဓိဖြစ်တယ်ဆိုတာ ယုံကြည်မှ၊ ပြီးတော့ ၀ိပဿနာဖြစ်အောင် မြင်တိုင်း၊ ကြားတိုင်း စသည် ဒွါရခြောက်ပါးက ဖြစ်ပေါ်တိုင်း ရှုမှတ်ရတယ်။ ရှုမှတ်လို့ရှိယင် ရုပ်, နာမ် နှစ်ပါးကို ပိုင်းခြားသိတယ်။ အနိစ္စ၊ ဒုက္ခ၊ အနတ္တသိတယ်။ ရုပ်, နာမ်သင်္ခါရငြိမ်းတဲ့ နိဗ္ဗာန်ကို မျက်မှောက်ပြုတာကိုလဲ သိတယ်ဆိုတာလဲ ယုံကြည်မှုရှိမှာ။
အဲဒါ ကမ္မဿကတ သမ္မာဒိဋ္ဌိရဲ့ နောက်ဆက်တွဲတွေပဲ။ နောက်ပြီးတော့ သီလလဲ စင်ကြယ်ရမယ်။ အဲဒါလဲ အခြေခံမဂ္ဂင်ပဲ။ သီလဆိုတာ မဂ္ဂင်ရှစ်ပါးထဲမှာပါတဲ့ “သမ္မာဝါစာ၊ သမ္မာကမ္မန္တ၊ သမ္မာအာဇီဝ ဆိုတဲ့ မဂ္ဂင်သုံးပါးပဲ ဖြစ်တယ်။ အဲဒီ မဂ္ဂင်တွေလဲ ဗုဒ္ဓသာသနာဝင်ပုဂ္ဂိုလ်တွေမှာ ငါးပါးသီလ ဆောက်တည်ကျင့်သုံးနေယင် ပြည့်စုံနေပါတယ်။ နောက်တခုက စျာနသမ္မာဒိဋ္ဌိ … တဲ့။
စျာန်နဲ့ ယှဉ်တွဲဖြစ်တဲ့ သမ္မာဒိဋ္ဌိ ဖြစ်ပါတယ်။ အဲဒါလဲ နှစ်မျိုးရှိတယ်။ ရိုးရိုး စျာနသမ္မာဒိဋ္ဌိ၊ ထူးခြားတဲ့ စျာနသမ္မာဒိဋ္ဌိ၊ အဲဒီ နှစ်မျိုးပါ။ ရိုးရိုးဆိုတာက သာမညရတဲ့စျာန်၊ ထူးခြားတာက အဘိညာဉ်အထိ ရတဲ့စျာန်။ ဒီစျာန်တွေက သမာဓိကိုအခြေခံ ဖြစ်တာပါ။ သမာဓိအခြေခံရှိမှ စိတ္တဝိသုဒ္ဓိ ဖြစ်ပါတယ်။ ၀ိပဿနာ ရှုမှတ်တယ်ဆိုတာက ဒွါရ ခြောက်ပါးက ဖြစ်ပေါ်လာတဲ့ ရုပ်နာမ်တွေကို ဖြစ်တိုင်းဖြစ်တိုင်း ရှုမှတ်ရတယ်။ ရှုရမှာက ဘယ်တရားလဲဆိုတော့ ဥပါဒါနက္ခန္ဓာငါးပါးကို နည်းမှန်, လမ်းမှန်အားဖြင့် နှလုံးသွင်း ရှုမှတ်ရမယ် တဲ့။ ဥပါဒါနက္ခန္ဓာ ဆိုတာ စွဲလမ်းနိုင်တဲ့ ခန္ဓာတွေပါ။
စွဲလမ်းနိုင်တဲ့ ခန္ဓာငါးပါးကို ရှုရတယ်။ စွဲလမ်းနိုင်တဲ့ ခန္ဓာတွေက မိမိသန္တာန်မှာ ရှိတာ ဖြစ်တယ်။ မိမိသန္တာန်မှာ ထင်ရှားပေါ်နေတဲ့ စွဲလမ်းစရာ အာရုံတွေဆိုတာရှိတယ်။ ဘယ်လိုထင်ရှားပေါ်နေသလဲဆိုယင် မြင်တိုင်း၊ ကြားတိုင်း၊ နံတိုင်း၊ စားသိတိုင်း၊ ထိသိတိုင်း၊ စိတ်ကူး စဉ်းစားကြံစည်တိုင်း ဒွါရခြောက်ပါးက ထင်ရှားပေါ်နေတယ်။ အဲဒါတွေအားလုံး ဥပါဒါနက္ခန္ဓာတွေချည်းပဲ။ ပရမတ္တဆိုတာ ဖြစ်ဆဲမှ ရှိတာပါ။ ပရမတ္တ ရုပ်, နာမ်တရားဆိုတာ ဖြစ်ဆဲမှာမှရှိတာ ဖြစ်ပြီးလို့ ချုပ်သွားယင် မရှိတော့ဘူး။
မဖြစ်သေးခင်လဲ မရှိဘူး။ အဲဒီလို သိအောင် ဖြစ်ခိုက် ဖြစ်ဆဲ တရားတွေကို ရှုမှတ်ရတယ်။ အရိယမဂ်ရဖို့ ပုဗ္ဗဘာဂမဂ်၊ ၀ိပဿနာမဂ်ကို ပွားရမယ်။ ပွားတဲ့အခါ ဘယ်လို ပွားရမလဲဆိုယင် ဖြစ်ခိုက် ဖြစ်ဆဲမှာ ရှုရမယ် … တဲ့။ အဲဒီလို ဖြစ်ခိုက် ဖြစ်ဆဲမှာ ရှုပါမှ သဘာဝမှန်ကို မုချသိနိုင်တယ် … တဲ့။ ရုပ် နာမ်တွေကို ဒီလို ဖြစ်ခိုက် ဖြစ်ခိုက်မှာ ရှုယင်း မှတ်ယင်းနဲ့ အနိစ္စ = မမြဲဘူးဆိုတာ ကိုယ်တိုင် သိလာနိုင်ပါတယ် … တဲ့။ တရားချစ်ခင် သူတော်စင်တို့အနေဖြင့် အသိတရားကို သတိထားပြီး ရတနာအစစ်ကို ရှာဖွေဖြစ်စေဖို့ တိုက်တွန်းလိုက်ရပါသည်။
မဟာစည်ဆရာတော်ဘုရားကြီး၏
ကောင်းခြင်းလေးဖြာ မင်္ဂလာတရားတော် မှ .. ကောက်နှုတ်ဖော်ပြပါသည်။
Credit --- Ahtar Tbzt