Friday, June 8, 2018

"ဓမ္မနာကိုနာယူခြင်းရဲ့အကျိုး

"ဓမ္မနာကိုနာယူခြင်းရဲ့အကျိုး

" သုတွာ ဓမ္မံ ဝိဇာနန္တိ၊ နရာ ကလျာဏပါပကံ-
 အသုတွာ ဓမ္မံ နဇာနန္တိ၊ နရာ ကလျာဏပါပကံ။ တရားနာခြင်းနဲ့ပတ်သက်လို့ အရှင်အင်္ဂုလိမာလ-လို့နောင်သောအခါ ရဟန္တာကြီးပေါ့။ရဟန္တာမဖြစ်ခင် ရှေ့နားကတော့ လူသတ်သမား လူဆိုးကြီးပေါ့။ အဲ့ဒီရှေ့နားမှာတော့ တက္ကသိုလ်မှာ ပညာထူးချွန်တဲ့ ။ကျောင်းသားတစ်ယောက်။

 ဘယ်လိုထူးချွန်လဲ ဘယ်လောက်ချွန်သလဲဆိုတော့- သူများ(၇)နှစ်လောက် သင်ရမယ့် ပညာကို (၁)နှစ်၊ (၂)နှစ် နဲ့သူအကုန်ပီးတယ်။ ခေတ်လိုပြောရင် PhD တစ်ဘွဲ့ကို သူများတွေ(၇)နှစ် (၈)နှစ်လုပ်ရင် သူက တစ်နှစ် ၊(၂)နှစ်နဲ့ပီးတယ်။ အဲ့ဒီတော့ မင်းဟာကွာ မတော်မရော်ဘူး (၇)နှစ်လောက်ရေးရမယ့် Thesis ကို မင်း(၁)နှစ်နဲ့ပြီးတယ်ဆိုပြီး ဘွဲ့မယူနဲ့ဦး ဆရာဝင်လုပ်ဦးဆိုပြီးတော့ တက္ကသိုလ်မှာ ဆရာကြီးလည်း လုပ်ရတယ်။ သာဝတ္ထိကသူဋ္ဌေးသားပဲ။အဲ့ဒါ သူပြောသွားတာ။ သုတွာ ဓမ္မံ ဝိဇာနန္တိ၊ နရာ ကလျာဏပါပကံ- ဘန္တေ -ဘဂဝါ ဘုန်းတော်ကြီးတော်မူသော အိုမြတ်စွာဘုရား ၊ နရာ-လူတို့သည် ၊ ဓမ္မံ သုတွာ န- တရားကို နာရမှ၊ ကလျာဏပါပကံ- ကောင်းမှုနဲ့မကောင်းမှု ဒီနှစ်ခုကို ၊ ဇာနန္တိ- သိကြတယ်ဘုရား။
တရားနာရမှ ကောင်းမှုမကောင်းမှု ဒီနှစ်ခု သိရမယ်။ တရားနာခြင်းရဲ့အကျိုးကျေးဇူးလေ။ ဟေ့တပည့်တွေ ၊ တရားရရင် ဘာနဲ့ဘာသိလဲ? ကောင်းမှုကို ကောင်းမှန်းသိတယ် ကောင်းကျိုးပေးလိမ့်မယ်ထိ သိတယ်။ မကောင်းမှုဆိုလို့ ရှိရင် မကောင်းမှန်းလည်းသိတယ်။ ဒုက္ခပေးလိမ့်မယ်လို့လည်းသိတယ်။ အဲ့ဒီအသိနှစ်မျိုး ဘယ်ကရလဲ တရားနာလို့ရတာ။ အသုတွာ ဓမ္မံ နဇာနန္တိ၊ နရာ ကလျာဏပါပကံ- တရားတာ မနာရဘူးဆိုရင် လူတွေဟာ ကောင်းမှုလည်း မသိတော့ဘူး မကောင်းမှုလည်း မသိတော့ဘူး။
အားလုံးသိပြီးသားတွေ ဘုန်းကြီးတို့ မပြောတော့ဘူး။ အလွန် အလွန်ကို ပညာချွန်တဲ့ ကျောင်းသားတစ်ယောက်ဟာ၊ လူသတ်သမားကြီး လူဆိုးကြီး ဖြစ်သွားတာ။ တိုင်းပြည်အတွက် သိပ်အသုံးဝင်မယ့် သားကောင်းတစ်ယောက်ဟာ တောတွင်းလူဆိုးကြီး ဖြစ်သွားတယ်။ အဲ့ဒါသူ မြတ်စွာဘုရားနဲ့တွေ့တဲ့အချိန်ကျတော့ သူပြန်လျှောက်တာ။တပည့်တော် တရားမနာရလို့ မိုက်မိတာဘုရား။
အဲ့ဒါကြောင့် တပည့်တော်ကို တရားလေးတစ်ပုဒ်လောက် ဟောပါ။ လူဆိုးကနေ လူကောင်းဖြစ်တာ။တရားနာရတာ။ အရှင် အင်္ဂုလိမာလ-ပြောတာ။ အဲ့ဒီတော့ တရားနာရရင် ဘာကျေးဇူးများလဲ ဘာအကျိုးရှိလဲ လို့ပြောရင် ဒို့တပည့်တွေ ပြောတတ်ပါစေတော့။ အရှင် အင်္ဂုလိမာလ-ပြောတဲ့အတိုင်းပြော။ "တရားရရင် ကောင်းမှုကိုသိတယ် မကောင်းမှုလည်းသိတယ်။" အဲ့ဒီအသိနှစ်မျိုးရှိမှ လူဆိုတာ ပီသတာ။ အဲ့ဒီအသိနှစ်မျိုး မရှိဘဲ ပြောင်းပြန်ကြီးများ သိနေလိမ့်မယ်ဆိုလို့ ရှိရင်ပေါ့။ အဲ့ဒါ-လူစာရင်းမှာ သူမဝင်ဘူး။
လူဆိုတဲ့ပုဂ္ဂိုလ် ပါဠိစာပေကဘာပြောထားလဲ။ မနုဿ-မန-ရယ်၊ ဥဿ-ရယ်။ဒီနှစ်လုံး။ မန-ဆိုတာ အသိ။ဥဿ-က သတ္တဝါ။ သိတဲ့သတ္တဝါကို မနုဿ-ခေါ်တာ။ ဘာကို သိတာလည်းဆိုတော့ (၂)ခု။ ကောင်းမှုနဲ့ မကောင်းမှု။ ပါဠိလိုပြောချင်ရင် ပြောလိမ့်မယ် ။ ပါပ-ရယ်၊ ပုညရယ်။ ဗုဒ္ဓက အဲ့ဒီနှစ်ခုကို ခွဲပြီးတော့ လူ့လောကကို သင်ပေးတာ။
 အဲ့ဒီတော့ ပါပကို ပုည။ ပုညကို ပါပ-လို့ ပြောင်းပြန်များသင်ပေးလိုက်မိရင် တစ်ကမ္ဘာလုံး ကောင်းမှုဆိုတာ ဘာမှ မရှိတော့ပဲ မကောင်းမှုတွေ လွှမ်းတဲ့ ဘာသာမဲ့ ကမ္ဘာကြီးဖြစ်သွားမှာကို စိုးရိမ်ရတယ်။ ကိုယ့်ဘာသာတရားတိုင်းကို ယုံကြည်နေတဲ့ဘာသာဝင်တိုင်းရဲ့ ကို်ယ့်ဆိုင်ရာ ဆိုင်ရာဘာသာတရားတွေပေါ်မှာ ယုံကြည်စိတ်ချပြီး၊ ကိုးကွယ်တဲ့အနေအထားကို အားလုံးတပည့်တွေ မင်းတို့ဆေးတက္ကသိုလ်က ကျောင်းသားတွေ တပ်မတော်အရာရှိတွေ၊ အားလုံး စဉ်းစားကြည့်လိုက်။
 ဘယ်ဘာသာကို ကိုးကွယ်တဲ့ ဘယ်ဘာသာဝင်မဆို ဘာသာတရားတွေပေါ်မှာ ယုံကြည်မှုတွေက တနေ့တခြား လျော့လာတယ်။ နောက်ယုံကြည့်မှု လုံးဝကင်းမဲ့ပြီးတော့မှ ဘာသာပျောက်တဲ့ ခေတ်ကြီးတစ်ခေတ်ကို၊ သိပ်မကြာဘူး ရောက်လိမ့်မယ်လို့ ထင်ရတယ်။ အဲ့ဒီတော့ Atheis -ဆိုတာ ဘာသာမဲ့ပဲ။ ဘာသာမဲ့ခေတ်ကြီးတစ်ခေတ်ရောက်သွားရင် ဘယ်လောက်-ဆိုးလိမ့်မလို့၊ သတ်လို့ ဖြတ်လို့ နှိပ်စက်လို့ ညှင်းဆဲလို့ လုယက်လို့ ။ ဘာသာတရားတွေရဲ့ အထိန်းအကွပ်အောက်မှ နေနေပါလျှက်နဲ့တောင်မှ ဒီကနေ့ သတ်ဖြတ်နှိပ်စက်ညှင်းဆဲမှုတွေဟာ ၊နိုင်ငံတိုင်း ကမ္ဘာတိုင်းမှာလိုနီးနီး တော်တော် သောင်းကြမ်းတယ်။
 ပိုဆိုးတာက ဘာသာတရားကို နာမည်ပြုပြီးတော့ သတ်ဖြတ် နှိပ်စက် ညှင်းဆဲတာတွေက ပိုဆိုးတယ်။ အဲ့ဒါကြောင့် တရားဆိုတာ နာပေး။ ဘယ်ဘာသာရဲ့ ဘယ်တရားမဆို သက်ဆိုင်ရာဘာသာဝင်တွေအကုန် ထပ်တလဲလဲနာပေး။ ဘာသာတရားတိုင်းမှာ လူတို့ရဲ့ ကိုယ်နှုတ် စိတ်သုံးပါးလုံးကို ယဉ်ကျေးအောင်ဆုံးမတဲ့ အဆုံးအမတွေဟာ ဘာသာတရားတိုင်းမှာရှိတယ်။
ဒါပေမယ့် သစ္စာတရား(၄)ပါး တရားကတော့ ဘာသာတရားတိုင်းမှာ ရှိလိမ့်မယ်မဟုတ်ဘူး။ ဗုဒ္ဓဟောတဲ့အထဲမှာပဲ သစ္စာလေးပါးဆိုတာ ရှိလိမ့်မယ်။ အိန္ဒိယပြည်ရဲ့ လွတ်လပ်ရေးခေါင်းဆောင်ကြီး လွတ်လပ်ရေးဖခင်ကြီး၊ မဟတ္တမဂန္ဒီရဲ့ မိန့်ခွန်းတွေ တော်တော်များများ ဘုန်းကြီးတို့ တော်တော်များများ ရှာဖွေစုဆောင်းပြီးတော့ ဖတ်ကြည့်တယ်။ တော်တော်ကောင်းတဲ့ စကားတစ်ခွန်းဘုန်းကြီးတို့တွေ့တယ်။
There is nothing new to teach in this world, but the Truth.
ဒါ မဟတ္တမဂန္ဒီ- ဤကမ္ဘာလောကမှာ သစ္စာလေးပါးမှတစ်ပါး၊ အခြားအသစ်အဆန်း သင်ကြားပို့ချစရာ ဘာမှ မရှိဘူး။
 ဘယ်လောက်ကောင်းလဲ။ သစ္စာတရားမှတစ်ပါး ဒါ့ထက်ကောင်းသော သင်ကြားပို့ချစရာ အသစ်အဆန်း ဘာမှ မရှိဘူး။နားလည်တဲ့လူကြီးတွေ သူတော်ကောင်းကြီးတွေ ဒီလိုပြောကြတယ်။ မဟတ္တမဂန္ဒီတို့ နေရူးတို့ ဆာအဒ္ဒဝပ်အာနိုးတို့ ဘာထရွန်ရပ်စဲ-တို့ ဒီလိုပြောကြတယ်။ အံသြစရာတွေပြောသွားတာ။ အဲ့ဒီတော့ ခုနက အင်္ဂုလိမာလ-ပြောသွားတာ။တရားမနာရလို့ အကောင်းအဆိုး မသိဘူး။ ဒီကနေ့ တပ်မတော်ဆေးတက္ကသိုလ်က တရားပွဲကျင်းပတာဟာ ဘာလုပ်တာလဲလို့မေးရင်တော့ အင်္ဂုလိမာလ-တက္ကသိုလ်ကျောင်းသား ဟောင်းကြီးပြောသလို ကောင်းမှုနဲ့မကောင်းမှုကို သိဖို့ပါပဲ။ မဟတ္တမဂန္ဒီကြီးပြောသလိုဆိုလို့ရှိရင် အမှန်တရားသိဖို့ပဲ။ အဲ့ဒီတော့ ဒီကနေ့ ဘုန်းကြီးတို့ ကြိုးစားပြီးတော့ ပြောပြမယ်။
ကျေးဇူးတော်ရှင်သီတဂူဆရာတော်ဘုရားကြီး
 ၂၃.၁၁.၂၀၁၇ ရက်နေ့က တပ်မတော်(ဆေး) တက္ကသိုလ်တွင်ဟောကြားခဲ့သော "ဇီဝကတရားတော်
" အပိုင်း(၂) ဆက်ရန်
 ဤဓမ္မဒါနအား အသံဖိုင်မှ ပူဇော်ရသောကုသိုလ်ကြောင့် ဣမိနာ ပုည ကမ္မေန ပရေသံ ဟိတမိစ္ဆေယျံ၊ ဟိတံ မေ ဣစ္ဆတံ ပရော။ ဣဒံမေ ပုညံ ဗောဓိဉာဏဿပစ္စယော ဟောတု။
 _/\_ သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ_/\_
 Credit --- Pay Thoe