Friday, June 8, 2018
❝ သေရမှာကို ဘယ်အချိန်ကြောက်လဲ ❞
❝ သေရမှာကို ဘယ်အချိန်ကြောက်လဲ ❞
✦ "ကြည့်ချင်လိုက်တာ၊ နားထောင်ချင်လိုက်တာ နမ်းချင် စားချင် ထိချင် တွေးချင်လိုက်တာ"ဆိုတဲ့ အဲဒီစိတ်တွေက ထိုးဆွနေလို့ ဒီခန္ဓာကိုယ်ကြီးဟာ လှုပ်လက်ခတ်နေတယ်။
✦ ဒီမြင်ချင်စိတ်တွေကြောင့်ပဲ သေတတ်တဲ့ခန္ဓာကြီးကိုရခဲ့တာ။ ဒီကြားချင်စိတ်တွေကြောင့်ပဲ၊ ဒီနမ်းချင် စားချင် ထိချင် တွေးချင် စိတ်တွေကြောင့်ပဲ သေတတ်တဲ့ခန္ဓာကြီးကို ရခဲ့တာ။
✦ သေတတ်တဲ့ခန္ဓာကြီးကိုရထားလို့ မချိမဆန့် သေရဦးမယ်။ ရုပ်ပျက်ဆင်းပျက် ပျက်စီးရဦးမယ်။ ဒီလိုနဲ့ပဲ သေခဲ့ပေါင်းလည်း များလှပြီ။ ပျက်စီးခဲ့ပေါင်းလည်းများလှပြီ။
✦ ဒါကို မမှတ်သေးဘဲနဲ့ … အခုလည်း မြင်ချင်နေပြန်တယ်။ ကြားချင် နမ်းချင် စားချင် ထိချင် တွေးချင် နေပြန်တယ်။ ဒါဟာ သေဖို့ ကြိုးစားနေတာ မဟုတ်လား။ ဒါဟာ ပျက်စီးဖို့ ကြိုးစားနေတာမဟုတ်လား။
✦ မြင်ရတာက ဘယ်လောက်ကောင်းလို့လဲ။ ကြားရတာက နမ်းရ စားရ ထိရ တွေးရတာတွေကရော ဘယ်လောက်ကောင်း လို့လဲ။ သူတို့က အသေခံရလောက်အောင် ကောင်းလို့လား။
✦ ဘယ်လောက်ကောင်းတယ်၊ မကောင်းဘူး ဆိုတာကို ပိုင်ခြား သိနိုင်ဖို့အတွက် မြင်ရတိုင်း မြင်ရတဲ့သဘောကို သတိထားပါ ဝေဖန်စီစစ်ပါ။ ကြားရတိုင်း နမ်းရတိုင်း စားရ ထိရ တွေးရတိုင်း သူတို့ရဲ့သဘောတွေကို သတိထားပါ။ဝေဖန်စီစစ်ပါ။ ဒီခြောက်မျိုး ဖြစ်ပေါ်လာတိုင်း ဖြစ်ပေါ်လာတိုင်း သတိထားပါ။ သူတို့ကို အမှန်အတိုင်းသိပါ။ သူတို့ကိုဝေဖန်စီစစ်ပါ။ သူတို့ကိုဖြစ်နေတဲ့ အတိုင်း သိ သိနေပါ။
✦ သူတို့ကိုသာ သတိထားဝေဖန်စီစစ်နေမယ်ဆိုရင် သူတို့ဟာ "ဖြစ်ပြီးရင် မရှိတော့တဲ့သဘော"တွေပဲလို့ အမှန်အတိုင််း သိလိမ့်မယ်။ "ဖြစ်စရာအကြောင်းရှိနေလို့ ထပ်ထပ်ဖြစ်တယ် ဖြစ်တိုင်း ဖြစ်တိုင်းလည်း ပြီးဆုံး ပျောက်ကွယ်သွားတဲ့ သဘောတွေ"ပဲ လို့ အမှန်သိလိမ့်မယ်။
✦ ဒီအသိကို ကြိမ်ဖန်များစွာဖြစ်အောင် လုပ်နေမယ်ဆိုရင် ဒါဟာ အသေလွတ်ဖို့ ကြိုးစားနေတာ။
✦ အဲသလို အသေလွတ်ဖို့ ကြိုးစားတယ်ဆိုတာကလည်း "အသေကို တကယ်ကြောက်မှ" ကြိုးစားဖြစ်မှာ။ အသေကို တကယ်မကြောက်ရင် အသေလွတ်ဖို့ တကယ်ကြိုးစားမှာ မဟုတ်ဘူး။
✦ လူတွေဟာ အသေကိုတော့ကြောက်ကြပါတယ်။ ကြောက်တာမှ တော်တော့်ကို ကြောက်ကြပါတယ်။ ဒါပေမဲ့ ဘယ်အချိန်မှ ကြောက်ကြလည်းဆိုတော့ သေခါနီးမှပဲ ကြောက်ကြတယ်။ သေခါနီးမှ ကြောက်တဲ့အကြောက်ကတော့ "အပါယ် ရောက်မယ့်အကြောက်" ပဲဖြစ်မယ်။
✦ အသေကို မသေခင် အစောကြီးထဲက ကြောက်ရမှာ။ ဒါမှ အသေလွတ်အောင် နည်းလမ်းရှာချိန် ကြိုးစားချိန် ရမှာ။
(သစ္စာရွှေစည်ဆရာတော်)
အမှောင်ပျောက်၍ အလင်းရောက်ပါစေ။
Credit --- အလင်းစေတမန်