ပညာရှိသူတော်ကောင်းတို့၏အားသည် သည်းခံခြင်းတရား
မိမိကစိတ်အလိုကိုမလိုက်ဘဲ စိတ်ကိုသာမိမိအလိုကိုလိုက်စေနိုင်သော သူတို့သာလျှင် လောကကြီးကို အလှဆင်နိုင်ကြပေလိမ့်မည်။ ရိုးသားသောသူကို ငါသည်ချစ်ခင်လှပါ၏ ငါချစ်သောငါဖြစ်ပါရစေ။ မရိုးသားသောသူကို ငါသည်ရွံမုန်းလှပါ၏ ငါမုန်းသော ငါ မဖြစ်ပါရစေနှင့် ။လောဘကြီးသောသူကို ငါသည် စက်ဆုပ်လှ၏ထို့အတူငါလောဘကြီးခဲ့ လျှင်လည်းသူတစ်ပါးတို့ကစက်ဆုပ်ကြ ပေလိမ့်မည် ။
ထို့ကြောင့်ငါသည်လောဘမကြီးအောင် ကြိုးစားသင့်သည် အလိုနည်းသောသူကို ငါသည်မြတ်နိုးလှ၏ ။ ထို့အတူငါအလိုနည်းခဲ့လျှင်လည်းသူတပါးတို့ကမြတ်နိုးကြလိမ့်မည်ထို့ကြောင့်ငါသည် အလိုနည်းဖို့ ကြိုးစားသင့်သည် ။ ဒေါသ၊ မာန၊ အတ္တ၊ မနာလိုမှု၊ ဝန်တိုမှု စသောစကားလုံးတို့ကို လောဘ၏နေရာ၌ အစားထိုး၍ဆိုတတ်နှလုံးသွင်းတတ်ပါစေ။
မေတ္တာကြီးသော၊ နားလည်သော၊ ခွင့်လွှတ်တတ်သော၊ သည်းခံသော၊ နူးညံသော၊ စွန့်လွှတ်နိုင်သော၊ ပညာဉာဏ်ကြီးသော၊ရိုးသားဖြောင့်မတ် သောစသည့်စကားလုံးတို့ကိုအလိုနည်း သောနေရာ၌ နှလုံးသွင်းတတ်ပါစေ။ ဘာကိုမှ မလိုချင်လျှင် ဘာကိုမှကြောက်စရာမရှိ ရဲရင့်မှုဟာ မလိုချင်ခြင်းမှာ ရှိတယ် ။ ဘာကိုမှ မလိုချင်လျှင် ဘယ်လိုမှ ညစ်နွမ်းစရာမရှိ စင်ကြယ်ခြင်းဟာ မလိုချင်ခြင်းမှာ ရှိတယ် ။ ဘာကိုမှ မလိုချင်လျှင် ဘယ်လိုမှ ဆင်းရဲစရာမရှိ ချမ်းသာခြင်းဟာ မလိုချင်ခြင်းမှာရှိတယ် ။
ဘာကိုမှ မလိုချင်လျှင် ဘယ်လိုမှ ပူစရာမရှိ အေးချမ်းခြင်းဟာ မလိုချင်းခြင်းမှာရှိတယ် ။ ဘာကိုမှ မလိုချင်လျှင် ဘယ်လိုမှ ပင်ပန်းစရာမရှိ သက်သာခြင်းဟာ မလိုချင်ခြင်းမှာရှိတယ် ။ ရချင်တာလေးနည်းနည်းအတွက်နှင့် မရချင်တာတွေအများကြီးကို သိမ်းပိုက်ထားရသည် ။
ရချင်တာလေးနည်းနည်းလေးကို စွန့်လွတ်လိုက်သည်နှင့် မရချင်တာတွေ အများကြီးနှင့်ပါ ကင်းကွာသွားတော့သည်။ ဖြစ်ချင်တာလေး သေးသေးအတွက်နှင့် မဖြစ်ချင်တာတွေကို သိမ်းပိုက်ထားရသည် ဖြစ်ချင်မှုသေးသေးကိုစွန့်လိုက်နိုင်လျှင် ဖြစ်ချင်တာတွေအများကြီးနှင့်ဇယား ပြတ်သွားတော့သည် ။ ကောင်းတာလေးနည်းနည်းကိုစွန့်လွှတ် လိုက်သည်နှင့်မကောင်းတာတွေ အများကြီးကို ရင်မဆိုင်ရတော့ပေ။
ပြောင်စင်အောင်သုတ်သင်၍မရသော ကိုယ်အညစ်ကြေးကို လျစ်လျူရှုပြီး စိတ်အညစ်ကြေးကိုသာအလေးထား၍ ဆေးကြောပါ။ စိတ်အညစ်အကြေးကင်းသည်ရှိသော် ထိုသူတော်ကောင်းကိုပုပ်သောခန္ဓာပင် ဖြစ်သော်လည်းပူဇော်ထိုက်ပေ၏ ။ ကိုယ်၌ဖြစ်နေသော ရောဂါကို သည်းခံ၍ စိတ်၌်ဖြစ်နေသော ရောဂါကိုဆေးကုပါလေ စိတ်၌ရာဂါကင်းသည်ရှိသော်ကိုယ်၌ရောဂါရှိသော်လည်းချမ်းသာနိုင်ပေ၏ ။
ဤလောကကြီးသည်အနတ္တ လောကကြီး ဖြစ်သည်၊ အတ္တလောကမဟုတ်အကြောင်း အကျိုးလောကကြီးဖြစ်သည်ဖြစ်ချင်တိုင်း ဖြစ်သည့် လောက မဟုတ်။ ဖြစ်ချင်တိုင်း ဖြစ်နေလျှင် စိတ်တိုင်းမကျသူဟူ၍ ဘယ်မှာရှိမည်နည်း ဖြစ်ချင်တိုင်းမဖြစ်ကြ၍သာ လောကသည် စိတ်တိုင်းမကျမှုတို့နှင့် ပြည့်နေသည်။ အမှန် စင်စစ် ဖြစ်ချင်တိုင်းဖြစ်သည် မဟုတ် ဖြစ်စရာရှိသည့်အတိုင်း ဖြစ်သည် ကောင်းအောင် လုပ်ထားလျှင် ကောင်းမည် ဆိုးအောင်လုပ်ထားလျှင် ဆိုးမည်။
ဆိုးအောင်လုပ်ထားပြီးမှ ကောင်းချင်၍မရ ကောင်းချင်သော ပုဂ္ဂိုလ်များအတွက် ကောင်းအောင် လုပ်ခြင်းမှတစ်ပါး တစ်ခြားအားကိုးရမရှိပြီ။ စားသောက်အပ်သောအစာအာဟာရ သည်မုချကျင်ကြီးကျင်ငယ်ကိုဖြစ်စေသကဲ့သို့ချစ်ခင်မြတ်နိုးမှုသည်မုချစိုးရိမ်ပူပန်ခြင်းကို ဖြစ်စေလိမ့်မည်။ ဒုက္ခကိုမည်သူကမှပေးသည်မဟုတ် ဒုက္ခဟူသည် လောဘကြောင့်ဖြစ်မြဲ ကိုယ့်လောဘ ကိုယ်လျှော့၍ ကိုယ့်ဒုက္ခ ကိုယ်လျော့အောင် ကြိုးစားသင့် ကြသည် ကိုယ့်လောဘ ကိုယ်ထိန်း၍ ကိုယ့်ဒုက္ခကိုယ်ငြိမး်အောင် ကြိုးစားသင့်ကြသည်။
(ကျေးဇူးတော်ရှင် သစ္စာရွှေစည်ဆရာတော် အရှင်ဥတ္တမ)
အမှောင်ပျောက်၍ အလင်းရောက်ပါစေ။
Credit --- အလင်းစေတမန်