အနာမဲ့သူ အရှင်ဗာကုလ(သို့မဟုတ်) အံ့ချီးဖွယ်ရာတွေနဲ့ ပြည့်စုံသူ အရှင်ဗာကုလ
ဗာ=နှစ်ခုသော၊ ကုလ=မိသားစု၊ အမျိုး။ ဗာကုလ=(မိသားစု အမျိုးနှစ်ခုရှိသူ)။တနည်းဆိုရသော် ( အမျိုးနှစ်မျိုးတို့၏ရင်ခွင်မှာကြီးပြင်းသောယောက်ျား) ဒွေးကုလ=အမျိုးနှစ်မျိုးတို့မ ှစောက်ရှောက်သောယောက်ျားမြတ် အရှင်ဗာကုလမထေရ်အလောင်းသူတော်ကောင်းဟာ ဂေါတမမြတ်စွာဘုရားရှင်လက်ထက်၊ ဘုရားအဖြစ်ပွင့်ထွန်းတော် မမူသေးမီမှာပဲ ကောသမ္ဘီပြည် သူဌေးကြီးရဲ့အိမ်တော်မှာ ပဋိသန္ဓေနေပါတယ်။ ပဋိသန္ဓေတည်နေချိန်ကစပြီး သူဌေးကြီးရဲ့ အိမ်တော်ဟာ အောင်မြင်မှု၊ ကြွယ်ဝမှု၊ကျော်စောမှုတွေနဲ့ ပြည့်စုံပြီး အထွတ်အထိပ် ရောက်ခဲ့ပါတယ်။
ဖွားမြင်ပြီးတဲ့ နောက် ငါးရက်မြောက်နေ့မှာ မိခင်သူဌေးကတော်ကြီးဟာ ဘုန်းကံကြီးမားတဲ့သားရတနာလေးကိုအသက်ရှည်၊ အနာကင်းဖို့ ရည်ရွယ်ပြီး ယမုံနာဖြစ်အတွင်းကို ရေချိုးဆင်းဖို့ အခမ်းအနားနဲ့ ပို့စေပါတယ်။ ကောသမ္ဘီပြည်ဟာယမုံနာမြစ်ကမ်းနဘေးမှာတည်ရှိပြီးပြည်သူ၊ ပြည်းသားတွေက ယမုံနာမြစ်ရေဖြင့်ရေချိုးသန့်စင်လျှင် ကျမ်းမာ၊ အနာကင်း၊ အသက်ရှည်တယ်လို့အယူရှိကြသလို၊ ယုံလည်းယုံကြည်ကြသည့်အပြင် ယမုံနာမြစ်ကိုလည်း ဗြဟ္မာပြည်ကစလို့ ဗြဟ္မာပြည်မှာဆုံးလျက်ရှိသည်ဟုပြောဆိုလေ့ရှိသည်။
ယနေ့တိုင်တစ်ချို့အိန္ဒိယမြောက်ပိုင်းတွင် နေထိုင်သူတွေကယူဆယုံကြည်နေကြဆဲဖြစ်၏။ ယမုံနာမြစ်အတွင်းမှာ အထိန်းတော်ကြီးဟာ သားလှရတနာလေးကို ငုပ်ချည်၊ ပေါ်ချည်လုပ်ကာရေချိုးပေးနေတုန်း ငါးကြီးတစ်ကောင်ဟာ သူငယ်ကို အစာအမှတ်နဲ့ ပြေးဟတ်ဖို့ အနားကပ်လာပါတယ်။
အထိန်းတော်ကြီးကတဒင်္ဂကြောက်လန့်ပြီး ထွက်ပြေးသော် သားငယ်မှာလက်ထဲကလွတ်ထွက်သွားပြီး မြစ်ရေစီးဆင်းမှုနဲ့မျောပါသွားလျက်ရှိသည်။ ငါးကြီးကလည်း နောက်မှလိုက်၍အစာအဖြစ်မျိုမိလေ၏။ သားငယ်လေးဟာ ဘုန်းကံ ကြီးမားသူ ဖြစ်တဲ့အလျှောက် ငါးဗိုက်ထဲမှာ ဆင်းရဲဒုက္ခမရောက်ဘဲ အိပ်ရာပုခက်ထဲမှာ အိပ်စက်လဲလျောင်းရသလို ချမ်းသာစွာ နေထိုင်ရပါတယ်။
နောက်ဆုံးတော့ သူငယ်တော်ရဲ့ တန်ခိုးရှိန်ကြောင့် အဲဒီငါးကြီးဟာ ခံတွင်းပူလောင်၍ပြင်းပြသောဒဏ်၊ ဝေဒနာခံစားရပြီး ယမုံနာမြစ်ရေစုန်အတိုင်းပါသွားကာဗာရာဏသီပြည် သောင်းကမ်းတစ်ခုအနားတွင်တင်လျက် အသက်ဆုံးရှုံးရလေသည်။ ထိုအချိန်တွင် တံငါသည်တွေက ငါးကြီးအားတွေ့မြင်၍သယ်ဆောင်ကာဗာရာဏသီမြို့ထဲလှည့်လည်ရောင်းချသော် ကုဋေရှစ်ဆယ်ကြွယ်ဝပြီးသားသမီးရတနာမရသော သူဌေးဇနီးမောင်နှံတို့သည်ဤငါးကိုအကောင်လိုက်ဝယ်လေ၏။
တံငါသည်လက်ထဲက တစ်ဆင့် သူဌေးကတော်ကြီးလက်ထဲကိုငါးရောက်သွားသောအခါ၊ တစ်ခါမှ သားငါးမကိုင်တွယ်ဖူးတဲ့ သူဌေးကတော်ကြီးသည် ဒီနေ့မှကိုင်ချင်စိတ်ပေါက်ပြီးငါးကြီးကိုဝမ်းဗိုက်မှမခွဲခြမ်းပဲ ကျောဘက်မှဓားနဲ့ ခွဲခြမ်းလေရာ ဝမ်းဗိုက်ထဲတွင်အိပ်ပျော်နေတဲ့ ရွှေအဆင်းလို ၀ါဝင်းပြီး ချစ်စဖွယ်ကောင်းသောကလေးငယ်ကို တွေ့ရလေ၏။
ထိုနောက်ဝမ်းသာအားရ ပွေ့ချီလျက် သူဌေးကြီးအား သားအဖြစ်နဲ့မွေးစားရန် ပြသပါတယ်။ သူဌေးကြီးကလည်း ချက်ချင်းဗာရာဏသီမြို့ထဲကို စည်လည်စေပြီး ဘုရင်မင်းမြတ်ထံကိုလည်း သံတော်ဦးတင်လျှောက်ထားပါတယ်။ ဗာရာဏသီမင်းကြီးက "ငါးဝမ်းထဲမှာ အနာမဲ့စွာ ချမ်းသာစွာ နေနိုင်တဲ့ဒီကလေးဟာ ဧကန္တဘုန်းကံ ကြီးမားသူဖြစ်တယ်။ သင်သူဌေးကြီး သားအဖြစ်နဲ့ မွေးစားစေ"လို့ အမိန့် တော်မြတ် ချမှတ်ပေးလေ၏။
သူဌေးကြီးတို့ ဇနီးမောင်နှံဟာ ဝမ်းမြောက်ဝမ်းသာ သားအဖြစ်နဲ့ အိမ်တော်မှာ ပြုစုကျွေးမွေးကြပါတယ်။ မိဘအရင်းဖြစ်တဲ့ ကောသမ္ဘီပြည်က သူဌေးကြီးတွေကလည်း အထိန်းတော်ပြောကြားချက်အရ ယမုံနာမြစ်ကြောင်းတစ်လျှောက်စုန်ဆင်း၍မြို့ရွာသောင်ကမ်းမှန်သမျှလိုက်လံရှာဖွေလျက်ရှိကြ၏။ နောက်ဆုံးတွင် တံငါသည်နဲ့တွေ့ဆုံပြီးအကြောင်းစုံကို ကြားသိရတဲ့အခါ မွေးမယ်တော်နဲ့ ကျွေးမယ်တော်တို့ဟာ သူ့သား ငါ့သား အငြင်းပွားရာမှ ဗာရာဏသီမင်းကြီးခုံရုံးတော်ထံ အဆုံးအဖြတ်ခံဖို့ ရောက်သွားပါတယ်။
မင်းကြီးလည်းဘယ်ဘက် ကိုမှ အသာပေးပြီး မဆုံးဖြတ်နိုင်တာမို့ ဒီသားငယ်ဟာ ကောသမ္ဘီသူဌေးအိမ်၊ ဗာရာဏသီ သူဌေးအိမ် နှစ်အိမ်လုံးရဲ့ အမွေခံသာဖြစ်စေ"လို့ ဆုံးဖြတ်ချက် ချမှတ်တော် မူပါတယ်။ အဲဒီအချိန်ကစပြီး သားငယ်တော်ဟာ သူဌေးကြီးနှစ်ဦးရဲ့ အိမ်တော်တွေမှာပဲ တစ်လ၊ တစ်လမှတိုးကာနှစ်လ၊ သုံးလ၊ လေးလ အလှည့်ကျ နေထိုင်ကြီးပြင်းလာခဲ့ရသလို သူငယ်တော်ရဲ့ နာမည်ဟာလည်း"ဗာကုလ သူဌေးသား " လို့ အမည် တွင်ခဲ့ပါတယ်။
ဗာကုလသူဌေးသားရဲ့ လူဘဝစည်းစိမ်ချမ်းသာတွေဟာ အင်မတန် ကြီးကျယ် ခမ်းနားလှပါတယ်။ ဗာကုလသူဌေးသား အရွယ်ရောက်တဲ့အခါ ကောသမ္ဘီပြည်၊ ဗာရာဏသီပြည် နှစ်ခုလုံးမှာရှိတဲ့ မယ်တော် ခမည်းတော်တွေက နွေ မိုး ဆောင်း ရာသီ သုံးမျိုးအတွက် စံအိမ်တော် ၃-ခုစီ တည်ဆောက်ကြပြီး ကချေသည် မောင်းမ မိဿံ အခြွေအရံ များစွာတွေကို ပြုစုဖျော်ဖြေ ခစားစေကြပါတယ်။
ဗာကုလသူဌေးသားဟာ တစ်မြို့တစ်မြို့မှာ လေးလ လေးလပဲ စံနေပါတယ်။ ကောသမ္ဘီပြည်မှာ လေးလပတ်လုံး သူဌေးစည်းစိမ်ကို ခံစားသုံးဆောင်နေထိုင်ပြီးတဲ့အခါ ကြီးကျယ်ခမ်းနားလှတဲ့ နန်းတော် ဆောင်ပါတဲ့ ကရဝိတ်ဖောင်တော်ပေါ်မှာ ကချေသည် မောင်းမမိဿံတွေနဲ့တကွ ဗာကုလသူဌေးသားကို သယ်ဆောင်ပြီး ဗာရာဏသီပြည်ကို ပို့ဆောင်ပေးပါတယ်။
ဗာကုလသူဌေးသားဟာ ဖောင်တော်ပေါ်မှာ ကြီးကျယ်တဲ့ သူဌေးစည်းစိမ်ကို ပျှော်ရွှင် ချမ်းမြေ့စွာ ခံစားသုံးဆောင်ရင်း လေးလကြာမှ ဗာရာဏသီကို ဆိုက်ရောက်ပါတယ်။ အဲဒီလိုနည်းနဲ့ ကောသမ္ဘီမှာ လေးလ၊ လမ်းခရီးမှာ လေးလ၊ ဗာရာဏသီမှာ လေးလ စသည်ဖြင့် တစ်နှစ်တာကို ကုန်လွန်စေပြီး ချမ်းချမ်းသာသာ နေလာခဲ့တာ နှစ်ပေါင်း ရှစ်ဆယ်တိုင်အောင်ဖြစ်ပါတယ်။
ဗာကုလသူဌေးသား အသက်(၈၀)အရွယ်ရောက်ချိန်မှာ ဗုဒ္ဓဘုရားရှင်ဟာပထမဝါဆိုပြီး ကောသမ္ဘီပြည်ကို ကြွချီတော်မူလာခဲ့ပါတယ်။ ဗုဒ္ဓဘုရားရှင်ရဲ့ တရားတော်ကို နာယူရတဲ့အခါ ဗာကုလသူဌေးသားဟာ သဒ္ဓါတရား ကြီးမားစွာဖြစ်ပေါ်ပြီး သာသနာ့ဝန်ထမ်း ရှင်ရဟန်းပြုပါတယ်။ အရှင်ဗာကုလမထေရ်ဟာ ရဟန်းပြုတော်မူပြီးတဲ့နောက် (၇) ရက်မျှသာ ပုထုဇဉ်ဘဝနဲ့ နေရပြီး (ဂ)ရက်မြောက်အရုဏ်မှာ "ဆဠာဘိည၊ ပိဋိသမ္ဘိဒါ ပတ္တရဟန္တာ"အရှင်မြတ်ဖြစ်တော်မူခဲ့ပါတယ်။
အရှင်ဗာကုလမထေရ်ဟာ အရှင်သာရိပုတ္တရာ ၊ အရှင်မောဂ္ဂလာန်၊ အရှင်မ ခေမာထေရီတို့နဲ့အတူ မဟာအဘိညာဉ်ရ ပုဂ္ဂိုလ်(၄)ဦးထဲမှာ အပါအဝင်ဖြစ်သလို နှစ် သတ်မှတ်ချက်အလိုက် မကျိန်းစက် မအိပ်တော်မူကြတဲ့ သာသနာ့ဝန်ထမ်း ရှင်ရဟန်း အာဇာနည်မထေရ်(၁၁)ပါးထဲမှာလည်း တစ်ပါးအပါအဝင်ဖြစ်တော်မူပါတယ်။ အရှင်ဗာကုလမထေရ်ဟာ ရဟန်းဖြစ်တော်မူချိန်ကစပြီး နှစ်ပေါင်း(၈၀)ကာလပတ်လုံး တံကဲပျဉ်၊ နံရံ၊ တိုင်ကိုမှီပြီး တစ်ခါမှ မကျိန်းစက်ဘူး၊ အိပ်ရာဝင် ကာလဲလျောင်းပြီး တစ်ခါမှ မအိပ်ခဲ့ဘူးပါ။
အရှင်ဗာကုလမထေရ် ရဟန်းပြုချိန်ကစပြီး ကောသမ္ဘီပြည်၊ ဗာရာဏသီပြည်မှာ ရှိနေကြတဲ့ ရှေးလူဖြစ်စဉ် သူဌေးသားဘဝက အလုပ်အကျွေးအဖျော်အဖြေ ကချေ သည် မောင်းမမိဿံတွေဟာ မိမိတို့ရဲ့ မိဘအိမ်သို့ ပြန်ကြကာ မိမိတို့ရဲ့ မိဘအိမ်မှာ နေထိုင်ကြရင်းက သင်္ကန်း၊ ဆွမ်း စတာတွေကို စီရင်ပြီး အရှင်ဗာကုလမထေရ် မြတ်ထံသို့သာ လှူဒါန်းကြပါတယ်။
အရှင်ဗာကုလမထေရ်ဟာ လဝက်=(၁၅-ရက်) ပတ်လုံး ကောသမ္ဘီနေသူတွေက ပေးပို့လှူဒါန်းတဲ့ သင်္ကန်း၊ ဆွမ်းတို့ကို သုံးဆောင်တော်မူပြီး ၊ နောက်လဝက်(၁၅-ရက်) ပတ်လုံး ဗာရာဏသီနေ သူတွေက ပို့သလှူဒါန်းတဲ့ဆွမ်း၊ သင်္ကန်းတို့ကို ဘုဉ်းပေးသုံး ဆောင်တော်မူပါတယ်။ အရှင်ဗာကုလမထေရ်ဟာ ရဟန်းပြုချိန်ကစပြီး နှစ်ပေါင်း(၈၀)ကာလအတွင်း ဒါယကာတွေ ပင့်ဖိတ်တဲ့ဆွမ်းကို တစ်ကြိမ်မှ လက်မခံဖူးသလို၊ "ဒါယကာတစ်ဦးဦးက ငါ့ကို ပင့်ဖိတ်ပါမူ ကောင်းလေစွ"လို့ စိတ်တောင်မှ မကူးမိဖူးသူ ဖြစ်တော်မူပါတယ်။
ရွာနီးကျောင်းမှာ ၀ါမဆိုဘဲ အမြဲတောရဆောက်တည်တော်မူကာ မြို့ရွာအတွင်း အိမ်တံစက်မြိတ်အောက်မှာ တစ်ကြိမ်တစ်ခါမျှ ဆွမ်းမစားဖူးသူလည်း ဖြစ်တော်မူပါ တယ်။ ရဟန်းဝါတော်နဲ့အမျှ အရှင်ဗာကုလမထေရ်ဟာ ဆွမ်း၊ သင်္ကန်း၊ ကျောင်း၊ ဆေး ပစ္စည်းလေးပါးကိစ္စမှာ တစ်စုံတစ်ရာ ကြောင့်ကြစိုက်မှု တစ်ခုမျှမရှိဘဲ ပံ့သကူသင်္ကန်း၊ ပိဏ္ဍပတ်ဆွမ်း၊တောကျောင်းနဲ့ပဲ ပျှော်မွေ့တော်မူပါတယ်။
လူဘဝ အနှစ်(၈၀)ရဟန်း ဘဝအနှစ်(၈၀)သက်တမ်း (၁၆၀) အတွင်း နွားနို့တစ်ညှစ်စာ အချိန်ကလေးလောက် တောင်မှ အနာရောဂါ မဖြစ်ပွားဘူးဘဲ ဆေးဖြစ်ဝါးဖြစ်ဆိုရင်သျှစ်သျှားသီးတစ်စိတ်စာကို တောင်မှ ဘုဉ်းပေးသုံးဆောင်ရဖူးခြင်း ရှိတော်မမူပါဘူး။
တစ်သက်တာပတ်လုံး ညောင်းညာကိုက်ခဲခြင်းမျှ မဖြစ်ပေါ်ဘူးတာကြောင့် သီတင်းသုံးဖော် တစ်ဦးဦးကို တစ်ခါမျှ နှိပ် နယ်ခိုင်းခြင်းလည်း ရှိတော်မမူပါ။ ရေချိုးခန်းမှာဝင်ပြီး ရေမချိုးဖူးသလို၊ ဆပ်ပြာအသုံးပြုပြီးတော့့လည်း ရေးချိုးတော်မမူဘူးပါ။ ဒါကြောင့်မို့ ရှင်တော်ဘုရားဟာအရှင်ဗာကုလ မထေရ်ကို ကျန်းမာခြင်းအရာမှာ အသာလွန်ဆုံး ဧတဒဂ်ဘွဲ့ထူးကို ပေးအပ်တော်မူခဲ့ တာလည်း ဖြစ်ပါတယ်။
အရှင်ဗာကုလမထေရ်ဟာ ရဟန်းဖြစ်ပြီးချိန်ကစပြီး ၀ါတော်(၈၀) အတွင်းမှာ အမျိုးသမီးတွေကိုတစ်ကြိမ်တစ်ခါမျှ တရားမဟောဖူးသလို"မိန်းမဆိုတဲ့ အမှတ် လက္ခဏာ နဲ့ လည်း တစ်ကြိမ်တစ်ခါမျှကြည့်တော်မမူဖူးပါဘူး။ ရဟန်းအဖြစ်နဲ့ နေစဉ် ကာလပတ် လုံး ကာမဂုဏ်အာရုံနဲ့ ပတ်သက်တဲ့ စိတ်ကူး အကြံအစည် အမှတ် သညာ တစ်ကြိမ် တစ်ခါမှလည်း ဖြစ်ဖူးခြင်း လုံးဝရှိတော်မမူပါ။
အမျက်ဒေါသနဲ့ စပ်ပြီးတော့လည်း သူတစ်ပါးကို ပျက်စီးစေလိုတဲ့ နှိပ်စက်ညှဉ်းပန်းလိုတဲ့ စိတ်ကူး၊ အကြံအစည်၊ အမှတ်သညာ တစ်ကြိမ်တစ်ခါမှ ဖြစ်ပေါ်ဖူးခြင်း ရှိတော်မမူခဲ့ပါ။ ဒီအချက်တွေဟာ သူတစ်ပါးတွေနဲ့ ဘယ်လိုမှ မတူညီနိုင်တဲ့ အရှင်ဗာကုလမထေရ်ရဲ့ အံ့ဖွယ်ရာတွေ ဖြစ်ပါတယ်။ အရှင်ဗာကုလမထေရ်ဟာ လူဝတ်ကြောင် အမျိုးသမီးတွေနဲ့ ကင်းရှင်းရုံမျှမကဘဲ ရဟန်းဝတ်ဘိက္ခုနီ၊ သိက္ခမာန်၊ သာမဏေမတွေနဲ့လည်း တွေ့ဆုံဆက်ဆံခြင်း အလျဉ်း ရှိတော်မမူပါဘူး။
အမျိုးသားတွေကိုလည်း ဥပဇ္စျာယ်ဆရာအဖြစ်နဲ့ ရှင်ပြုပေးခြင်း၊ရဟန်း ခံပေးခြင်း၊ တပည့်အဖြစ် လက်ခံခြင်း လုံးဝ ပြုတော်မမူသလို ရှင်ငယ်၊ ရဟန်းငယ်တွေ ကိုလည်း အလုပ်အကျွေးအဖြစ် အနီးအပါးမှာ လုံးဝထားတော်မမူပါ။ ၀ါတော်(၈၀) သက်တော်(၁၆၀) ပရိနိဗ္ဗာန်ဝင်စံချိန်အထိ ကိုယ့်ဘဝ၊ ကိုယ့်ခန္ဓာဝန်ကို ကိုယ့်ဘာသာ ထမ်းရွက်တော်မူသွားတဲ့ အံ့ဖွယ်မထေရ်ကြီးတစ်ပါး ဖြစ်တော်မူပါတယ်။
သက်တော်(၁၆၀)ပြည့်လို့ သက်တမ်းကုန်ဆုံးလုနီးတဲ့အခါ အရှင်ဗာကုလမထေရ် ဟာ တစ်ကျောင်းဝင် တစ်ကျောင်းထွက် လှည့်လည်တော်မူကာ"အရှင်ဘုရားတို့ ညီမူရာတန်စောင်းအတွင်းသို့ ကြွတော်မူကြပါ။ ယနေ့ တပည့်တော်ရဲ့ ပရိနိဗ္ဗာန် ဝင်စံ ချုပ်ငြိမ်းမှု ဖြစ်ပါလိမ့်မယ်။ အရှင်ဘုရားတို့ ကြွတော်မူကြပါ"လို့ ကိုယ်တော်တိုင် လျှောက်ထားဖိတ်ကြားပြီး သံဃာစုဝေးစေပါတယ်။သီတင်းသုံးဖော် သံဃာတော်များ စုရုံးစည်းဝေးမိတဲ့အခါ "ငါဟာ အသက်ရှင်စဉ်မှာ ငါ့ရဲ့ ခန္ဓာကိုယ်အတွက် သူတစ်ပါး တွေကို တာဝန်မတက်စေခဲ့သလို ယခုလို ပရိနိဗ္ဗာန် ဝင်စံချိန်မှာလည်း ငါ့ရဲ့ ခန္ဓာကိုယ် ဟာ သီတင်းသုံးဖော် သံဃာတော်တွေအတွက် ပလိဗောဓ ကြောင့်ကြဖွယ် မဖြစ် ပေါ်ပါစေနဲ့"လို့ နှလုံးသွင်းဆင်ခြင်တော်မူကာ စျာန်အဘိညာဉ်ကို ဝင်စားတော်မူပြီး ရဟန်းသံဃာတော်တွေရဲ့ အလယ်မှာ ထိုင်တော်မူလျက် ပရိနိဗ္ဗာန် ဝင်စံတော်မူပါတယ်။
ပရိနိဗ္ဗာန် ဝင်စံတော်မူတာနဲ့တစ်ပြိုင်နက် ထိုင်တော်မူဆဲ ရုပ်ကလာပ်တော်ဟာ သူအလိုလို မီးထတောက်ပြီး လောင်ကျွမ်းကာ မုလေးပန်းရုံအဆင်းရှိတဲ့ ဓာတ်တော် တွေသာ ကြွင်းကျန်ရစ်တော်မူပါတယ်။ အရှင်ဗာကုလမထေရဟာ လက်ဝဲတော်ရံ မဟာသာဝကအပါး(၄၀)ထဲမှာ တစ်ပါး အပါအဝင်ဖြစ်သလို ကျန်းမာခြင်း အရာမှာ ဧတဒဂ် ရတော်မူပြီး တန်ခိုးကြီးတော်မူတဲ့ သက်တော်ရှည် ရဟန္တာအရှင်မြတ်ကြီးတစ်ပါးလည်း ဖြစ်တော်မူပါတယ်။ အရှင်ဗာကုလမထေရ်မြတ်ရဲ့ ပါရမီခရီးမှာ အားကျကြည်ညိုဖွယ်ရာကောင်းသလို ကိုယ့်ဘဝ ကိုယ့်ကံကြမ္မာကို ကိုယ်ဖြစ်ချင်တဲ့ပုံစံအတိုင်း ကိုယ်ဖြစ်ချင်သလို ဖြစ်အောင် အကွက်ချစီမံတော်မူပုံဟာလည်း အတုယူ လိုက်နာဖွယ် ကောင်းလှပါတယ်။
အရှင်မြတ် ဟာ သာသနာတော်နဲ့ ကြုံတုန်းဆုံခိုက် လူ့ဘဝရဲ့ရတောင့်ရခဲ အခွင့်အရေး အရင်းအမြစ် အသီးအပွင့်အားလုံးကို သိမ်းကျုံးထွေးပိုက် ရယူတော်မူလိုက်နိုင်ပါတယ်။ အရှင်ဗာကုလမထေရ်အလောင်းအလျာ ၏ (အတိတ်ဒါန၊ ကုသိုလ်၊ ပါရမီ) အရှင်ဗာကုလမထေရ်အလောင်းအလျာဟာ လွန်လေပြီးသော(တစ်သင်္ချေကမ႓ာတစ်သိန်း) ကာလ အနောမဒဿီမြတ်စွာဘုရားလက်ထက်တွင် ရသေ့ဘဝဖြင့်ရသေ့စည်းစိမ်ချမ်းသာတို့ကိုခံစားပြီးတောထဲမှာစံမြန်းတော်မူလျက်ရှိသည်။
တစ်နေ့၌ အနောမဒဿီမြတ်စွာဘုရားရှင်နှင့်ရဟန္တာ အရှင်မြတ်များခြံရံလျက်အရှင်ဗာကုလမထေရ်အလောင်းအလျာရသေ့သီတင်းသုံးနေသောတောအုပ်မှဖြတ်လေ၏။ ရဟန္တာအရှင်မြတ်တစ်ပါးဆီမှအနောမဒဿီမြတ်စွာဘုရားရှင် လေနာရောဂါခံစားနေရကြောင်းသိရှိ၍ လေနာရောဂါကို ပျောက်ကင်းစေမည့်ဆေးဖေါ်ပေးရုံသာမက မိမိကိုယ်တိုင်လည်းရသေ့စည်းစိမ်ချမ်းသာစွန့်ကာ ကိုယ်တိုင်ကိုယ်ကျသွားရောက်ပြုစုကုသပေးပြီး "ဘဝသံသရာမှာ တပည့်တော်ရဲ့ခန္ဓာဟာ နွားနို့တစ်ညှစ်စာ အချိန်ကလေးတောင်မှ အနာရောဂါမဖြစ်ပါစေသား"လို့ ဆုတောင်းခဲ့သူဖြစ်သလို၊ ကမ႓ာတစ်သိန်း(သာရကမ႓ာ)ပဒုမုတ္တရ မြတ်စွာဘုရားရှင်လက်ထက်မှာလည်း ရသေ့ဘဝဖြင့်ရသေ့စည်းစိမ်ချမ်းသာတို့ကိုခံစားပြီးတောထဲမှာစံမြန်းတော်မူလျက်ရှိလေရာ ပဒုမုတ္တရ မြတ်စွာဘုရားရှင်နှင့်ရဟန်းရှစ်သောင်းငါးထောင်တို့သည် တောအုပ်ကိုအဖြတ်၌ နွေဦးအချိန် အဆိပ်ပင်၏ဝတ်မှုံပွင့်လွှာပျံ့လွှင့်နေသောလေအားရှုမိပြီး နှာမွှန်ကြကုန်လျက်ရှိသော် အရှင်ဗာကုလမထေရ်အလောင်းအလျာရသေ့သည်နှာမွှန် ပျောက်စေသောဆေးများဖေါ်ပေးကာကုသပေးပြီး "အနာရောဂါကင်းတဲ့အရာမှာ အသာဆုံး အမြတ်ဆုံး=ဧတဒဂ်ဘွဲ့ကို ရပါလို၏"လို့ ဆုထူးပန်ဆင်ခဲ့သူ ဖြစ်ပါတယ်။ ကိုးဆယ့်နှစ်ကမ႓ာ(သာရကမ႓ာ)၀ိပဿီမြတ်စွာဘုရားရှင်လက်ထက်အရှင်ဗာကုလမထေရ်အလောင်းအလျာဟာဆင်းရဲသားတစ်ဦးဖြစ်လေသော်လည်း၊ တစ်နေ့တွင်မိတ်ဆွေရောင်းရင်းတစ်ဦးကိုခေါ်၍အိမ်ပြင်ဆောက်ဖို့သစ်ခုတ်ရန်တောထဲသို့ဝင်သော် ရဟန်းတော်များတရားကျင့်နားနေဆောင်ဟောင်းနွမ်းယိုယွင်းမှုကိုတွေ့မြင်ပြီး၊ အတွေးစိတ်ဖြစ်မိလေသည်။
ကျောင်းဆောင်ကိုအရင်ပြင်ပေးရမလား၊ မိမိတို့မိသားစုနေသောအိမ်ကိုအရင်ပြင်ရမလား။ ထိုနောက်ဖြစ်ပေါ်လာသည်က မိမိတို့နေတဲ့အိမ်ကိုမပြင်လျှင် မိသားစုသုံးဦးသာ ဆင်းရဲဒုက္ခခံရမည်။ ကျောက်ဆောင်ကိုမပြင်လျှင် ရဟန်းအပြင် သာသနာတော်အားယုံကြည်ကိုးကွယ်လျက်ရှိသောသူတွေ ပါဆင်းရဲဒုက္ခခံရမည်ဟု။ ထိုအတွက်ကြောင့်ကျောင်းဆောင်အရင်ပြင်ပေးသည့်အပြင် တိုးချဲကာ ရေအိမ်နေရာ၊ ရေချိုးသန့်စင်အခန်း၊ မီးတင်းကုတ်၊ ဆေးတင်းကုတ်များကိုလည်းစနစ်တကျဆောင်ရွက်ပေးသလို၊ ဘဒ္ဒကမ႓ာ ကဿပမြတ်စွာဘုရားရှင်လက်ထက်တော်မှာ ကျောင်းဆောင်အသစ်တွေကို ဆောက်လုပ်လှူဒါန်းပြီး ရဟန်းသံဃာတော်တွေကို ဆေးပစ္စည်းအမျိုးမျိုးနဲ့ မပင်မပန်း ချမ်းသာအောင် ပြုစုလုပ်ကျွေးခဲ့သူလည်း ဖြစ်ပါတယ်။
အရှင်မြတ်ရဲ့ လောကီ လောကုတ္တရာ ဘဝနှစ်ခုစလုံးဟာ အောင်မြင်ကြွယ်ဝ မှုတွေနဲ့ ပြည့်လျှံနေတာပါ။ ဆွေကြီးမျိုးကြီး ၂-အုပ်စုရဲ့ကြား အခြွေအရံ ပရိသတ်တွေ ရဲ့ အလယ်မှာ အသက်ရှည်ရှည်ကျန်းကျန်းမာမာ ချမ်းချမ်းသာသာ လိုတိုင်းရ၊ တတိုင်း ဖြစ်နေတဲ့ အခြေအနေဟာ ပျော်မွေ့ဖွယ်ရာဖြစ်သလို ရက်သတ္တပတ်မျှနဲ့ ဆဠာဘိည၊ ပဋိသမ္ဘိဒါပတ္တ၊ ဧတဒဂ်ရ၊ မဟာသာဝက ရဟန္တာအရှင်မြတ်ဘဝကို တက်လှမ်းတော်မူ နိုင်ခဲ့တာကလည်း အင်မတန် အားရကျေနပ်စရာ ကောင်းလှပါတယ်။
ဒါပေမယ့် အများအကျိုးသယ်ပိုးဆောင်ရွက်နိုင်မှု ရှုထောင့်ကကြည့်မည်ဆိုလျှင် အရှင်ဗာကုလမထေရ်ရဲ့ အံ့ချီးဖွယ်ရာတွေဟာ ပုဂ္ဂလိကအရာဝင်ပြီး၊ တသီးတသန့် ဆန်တာမို့ အရှင်ဗာကုလမထေရ်မြတ်ကို"သူတော်ကောင်း"ဆိုတဲ့ နာမဝိသေသနအစား "သူတော်စင်"ဆိုတဲ့ ဝေါဟာရနဲ့သာ ပူဇော်စေချင်ပါသည်။
သီတဂူဆရာတော်ဟောကြားတော်မူသော တရားတော်မှ မှီငြမ်းပြုထားခြင်းဖြစ်ပါသည်။
#မူရင်း Credit