Thursday, June 7, 2018

သက်ရှိထင်ရှား ဆရာတော်ကြီး(၈)ပါး ဩဝါဒများ

သက်ရှိထင်ရှား ဆရာတော်ကြီး(၈)ပါး ဩဝါဒများ

လက္ခဏာရေးသုံးပါးနဲ့ ခန္ဓာ

အနိစ္စဆိုတာလည်း ခန္ဓာ၊ ဒုက္ခဆိုတာလည်း ခန္ဓာ၊ အတူတူပဲ၊ ခန္ဓာကို တွေ့ရင် အနိစ္စကို ဆက်တိုက် တွေ့ရမယ်။ ခန္ဓာကို တွေ့ရင် ဒုက္ခကိုလည်း ဆက်တိုက် တွေ့ရမယ်။ ခန္ဓာကိုတွေ့ရင် အနတ္တဆိုတာလည်း တွေ့ရမယ်။ သဘောက အနိစ္စဆိုတာ ခန္ဓာ၊ ဒုက္ခဆိုတာ ခန္ဓာ၊ အနတ္တဆိုတာ ခန္ဓာ။


(သီတဂူ ဆရာတော်ဘုရားကြီး ဒေါက်တာ အရှင်ဉာဏိဿရ ) .

 ပြဿနာတစ်ခု ဖြေရှင်းမယ်ဆိုရင်

 ●●●●●●●●●●●●●●●●●●●

 ပြဿနာတစ်ခုဖြေရှင်းတော့မယ်ဆိုရင် မဖြေရှင်းမီ ကြိုတင်သိထားရမယ့် အချက်တွေက...

(၁) ပြဿနာ

(၂) ပြဿနာဖြစ်ရခြင်းအကြောင်း

 (၃) ပြဿနာပြေလည်ခြင်း

 (၄) ပြဿနာပြေလည်ရန် နည်းလမ်း ဆိုတာတွေပဲဖြစ်တယ်။ မြတ်စွာဘုရားဟောထားတဲ့ သစ္စာလေးပါး ဆိုတာ ယခုလိုဟာမျိုးပဲ။

 အေး.... ဒါကြောင့်မို့ ` ဘဝဆိုတာ သိရမယ် ´၊ ဘဝကို တည်ဆောက်နေတဲ့ အကြောင်းတရားကို သိရမယ်၊ ဘဝချုပ်ငြိမ်းသွားတာကို သိရမယ်။ ဘဝချုပ်ငြိမ်းကြောင်း နည်းလမ်းကို သိရမယ့် မဂ္ဂင်ရှစ်ပါးအကျင့်တရား၊ ဒီအကျင့်လမ်းကြောင်းအတိုင်း လျှောက်လှမ်းမယ်ဆိုရင်တော့ ဘဝနိရောဓ ဆိုတဲ့ ပန်းတိုင်ကို မျက်မှောက်ပြုနိုင်ကြမှာ ဖြစ်ပါတယ်။

 (ဒေါက်တာနန္ဒမာလာဘိဝံသ ပါမောက္ခချုပ် ဆရာတော်)

. လူ့အားမာန်

●●●●●●●●

 ခြေထောက်မပါ၊ မြွေသတ္တဝါလည်း လိုရာကိုပြေး၊ ရောက်နိုင်သေး၏။

 ဦးခေါင်းမပါ၊ ပုဇွန်မှာလည်း လိုရာကိုပြေး၊ ရောက်နိုင်သေး၏။

ငါ့မှာလက်ခြေ၊ စုံလင်ပေခဲ့ တစ်ထွေဦးခေါင်း၊

 ပြည့်စုံရှောင်းခဲ့ အပေါင်းအင်္ဂါ၊ စုံလင်ပါသော်

 လိုရာပန်းတိုင်၊ ငါလှမ်းကိုင် အနိုင်ရဖို့၊ သေချာလှ။

 ကြက်တူရွေးပင်၊ စကားသင်ပေး ပြောတတ်သေး၏။

 မျောက်ကလေးပင်၊ လူ့တို့သင်ပေး ကတတ်သေး၏။

 ငါကားလူသား၊ ငါ လူသားတည့် လူသားတို့မာန်၊

လုံလသန်၍ ဉာဏ်ရည်ကိုပြု၊ ဇွဲဖြင့်တုသော် လူတို့ပြည်မှာ၊ မစွမ်းရာ ဘယ်ဟာ မရှိကြ။

(တိပိဋကဓရ ယောဆရာတော်ကြီး)

. မကောင်းတာကို

●●●●●●●●●●

 မကောင်းမှန်းသိဖို့သာ လိုရင်း

မကောင်းမှုဆိုတာ နည်းနည်းမှကြောက်စရာမလို၊ မကောင်းမှန်းမသိတာ (သို့) မကောင်းကို အကောင်းထင်နေတာသာလျှင် ကြောက်စရာ။ ငရဲ၊ ပြိတ္တာ၊ အသူရကာယ်၊ တိရစ္ဆာန်ဘုံတွေဆီ ဒီမကောင်းမှုတွေကြောင့် ရောက်မှန်းသိလျှင် ဒီမကောင်းမှုတွေ လုပ်ချင်ပါဦးမလား။

ဒါကြောင့် မကောင်းတာကို မကောင်းမှန်းသိဖို့သာ လိုရင်းဖြစ်ပါတယ်။

(မဟာဗောဓိမြိုင် ဆရာတော်ကြီး။) .

အသိဉာဏ်ရဖို့

●●●●●●●●●

 We eat to live, we don't live to eat. အသက်ရှင်ဖို့ စားနေရတာ၊ စားဖို့အသက်ရှင်နေတာ မဟုတ်ဘူး။ စားဝတ်နေရေးဟာ ခန္ဓာဝန် ထမ်းတာပါ။ မလုပ်မဖြစ်ဘူး၊ လုပ်ရမယ်။

ဒါပေမဲ့ လူ့ဘဝရတာဟာ အသိဉာဏ်ရဖို့ပါ။ အဲဒီ အသိဉာဏ်ရဖို့ ကြိုးစားကြပါ။

 ဆရာတော် ဦးဇောတိက (မဟာမြိုင်တောရ)

. အမှားနဲ့အမှန်၊ အဆိုးနဲ့အကောင်း

 ●●●●●●●●●●●●●●●●●●●

သံသရာတစ်လျှောက်မှာ မသိတဲ့အလျှောက် မိုက်မိုက်မဲမဲ ပြုဖူးတဲ့ အကုသိုလ်အမှုတွေဟာ ရှိကြပါတယ်။ ပြီးပြီးသား ကိစ္စတွေဟာ ဘာတတ်နိုင်တော့မှာလဲ။

မကောင်းမှုမပြုဖူးသူဆိုတာ ဘယ်မှာရှိနိုင်ပါမလဲ။ အနည်းနဲ့အများ၊ ပြုဖူးသူချည်းပါပဲ။

အခုလို အမှားနဲ့အမှန်၊ အဆိုးနဲ့အကောင်း ခွဲခြားပြီးသိတတ်လာတဲ့အချိန်ကစလို့ မကောင်းမှုတွေ မဖြစ်အောင်၊ မပြုမိအောင် ရှောင်ကြဉ်ရမှာပေါ့။

 (ဆရာတော် ဓမ္မဒူတ အရှင်ဆေကိန္ဒ)

. အမှားက ခင်းပေးတဲ့လမ်း

●●●●●●●●●●●●●●●●

 အမှားဆိုတာ ဘဝရဲ့ လမ်းပြကြယ်တစ်မျိုးပါ။ တစ်ခါတစ်ရံ အမှားတွေက ကိုယ်လျှောက်ရမယ့်လမ်းကို ထင်ထင်ရှားရှား မီးမောင်းထိုးပြတတ်ပါတယ်။

 ကိုယ့်စိတ်နဲ့ကိုယ် မဆုံးဖြတ်နိုင်ဖြစ်နေလို့ ကံတရားက အမှားကို ကိုယ်စားလှယ်လွှတ်ပြီး ရွေးချယ်ပေးလိုက်တဲ့လမ်းဟာ တကယ်တော့ ကံခင်းပေးတဲ့လမ်းပါပဲ။

ကံတရားရဲ့ကိုယ်စား အမှားက ခင်းပေးတဲ့လမ်းဟာ တကယ်လည်း ကိုယ့်ဘဝအတွက် အသင့်တော်ဆုံးဆိုတာကို ဉာဏ်နဲ့ သိခဲ့ရင် အဲဒီ အမှားခင်းပေးတဲ့ လမ်းမှန်ပေါ်မှာပဲ ယုံယုံကြည်ကြည်၊ တည့်တည့်မတ်မတ် လျှောက်လှမ်းသင့်ပါတယ်။

ဆရာတော် အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ)

ကိုယ့်နေရာမှာ ကိုယ်နေ

 ●●●●●●●●●●●●●●

မကောင်းတဲ့ လူနဲ့ ပေါင်းမိလို့ လူကောင်းတစ်ယောက် ပျက်စီးရသလို၊ မကောင်းတဲ့ အာရုံနဲ့ ပေါင်းမိရင် ကောင်းတဲ့စိတ်ကလေး ပျက်စီးသွားပါတယ်။

 ကောင်းတဲ့စိတ်ကလေး မပျောက်ပျက်အောင် ကိုယ့်အရှုခံ အာရုံမှာ ကိုယ်နေတာဟာ အကောင်းဆုံးပါ။

 (ဓမ္မဒူတ ဒေါက်တာ အရှင်ပညိဿရ )

Credit --- "လှိုင် တိုး"