အပြစ်ဆိုသည်မှာ
★ အပြစ်ဆိုသည်မှာ မကောင်းတဲ့အကျိုးကို သယ်ဆောင်လာတတ်တဲ့ သဘောကိုပြောတာ။ လောဘရှိလို့ ကိုယ်ပစ္စည်းကို နှမြောတာ။ ကိုယ့်ပစ္စည်းကို တွယ်တာတာ။ ကိုယ့်မိသားစုအပေါ် တွယ်တာတာ အပြစ်မရှိဘူးလို့ ထင်သလား။ အပြစ်ရှိတယ်။★ ဘယ်လိုအပြစ်ရှိတုန်းဆိုရင် အဲဒီ တွယ်တာမှုက သောကဆိုတဲ့
ဆိုးကျိုးကို ယူလာတတ်တယ်၊ ဘယ်သူက ယူလာတာလဲဆိုတော့ လောဘက ယူလာတာ။ ဒါအနည်းဆုံးအပြစ်ပဲ၊ တွယ်တာတဲ့ နေရာမှန်သမျှ သောကဆိုတာ လာတာပဲ။ သောကဆိုတာ ကောင်းသလားဆိုတော့ မကောင်းဘူး။ စိတ်ပူစေတယ်။
★ အသက်အရွယ်ကြီးတဲ့သူတွေဆို ပိုဆိုးတယ်။ မိဘတွေဟာ သားသမီးတွေနဲ့ ပက်သက်လာရင် အချိန်တန်လို့ အိမ်ပြန်ရောက်ရင်ရောက်၊ အိမ်ပြန် မရောက်ဘူးဆိုရင် တမျှော်မျှော်နဲ့ အိပ်မပျော် ဖြစ်လာတယ်။ အမျိုးမျိုး တွေးတယ်လေ။ အပြင် ထွက်သွားပြီဆိုရင် ဟဲ့ ဘာများ ဖြစ်လာမတုန်းတဲ့။
★ ကားရှိတဲ့ပုဂ္ဂိုလ်ကလည်း ကားမောင်းသမားနဲ့ အပြင်လွှတ်လိုက်ရပြီဆိုရင် ကား အိမ်ပြန်မရောက်မချင်း ဟဲ့ တိုက်များလာလေမလား။ မှောများ လာမလားနဲ့ သောကဖြစ်လာရတယ်။ မဖြစ်ဘူးလား။
★ ပစ္စည်းရှိတဲ့သူကလည်း ပစ္စည်းအတွက်ကြောင့်ကြ၊ သားသမီးရှိတဲ့သူကလည်း သားသမီးအတွက်ကြောင့်ကြ။ အဲဒါ လောဘကပေးတဲ့ ပြသာနာတွေပေ့ါ။ လောဘကပေးတဲ့ problem တွပဲ။ လောဘမရှိဘူးဆိုရင် ဒါတွေငြိမ်းနေမှာ သေချာတယ်။
★ မြတ်စွာဘုရားက ဟောထားတယ် “ပိယတော ဇာယတေ သောကော” တဲ့၊ ဟော ရှင်းရှင်းလေးပဲ။ ချစ်ခင်တွယ်တာမှုသည် သောကကို မွေးဖွားပေးတတ်သည်တဲ့၊ လူတွေကတော့ သောကကင်းဝေး နေထိုင်ရေး ဆိုကာ ကြိုးစားကြတယ်။
★ သို့သော် ချစ်ခင်တွယ်တာမှုကိုတော့ မလျှော့ဘူး။ ချစ်ခင်တွယ်တာမှုကို မလျှော့ဘဲနဲ့ သောကကို ဘယ်လျှော့လို့ ရမှာတုန်း။ အကြောင်းနဲ့ အကျိုးက ဆက်နေတာကိုး။
★ ကဲ ဒီတော့ ကိုယ့်လောဘ ကိုယ် control လုပ်ရင်လုပ်။ မလုပ်ရင် ဘာဖြစ်လာမတုန်းဆိုတော့ ကိုယ့်ပစ္စည်းကို လိုချင်တဲ့ လောဘတင်မကဘူး သူများ ပစ္စည်းကိုလိုချင်တဲ့လောဘ ဖြစ်လာပြီဆိုရင်တော့ ပြသာနာတွေ ဖြစ်လာမှာပဲ။ ခိုးမှုတွေ ဓါးပြတိုက်မှုတွေ ရာဇဝတ်မှု ကျူးလွန်မှုတွေဟာ အဲဒီလောဘကြောင့် ဖြစ်ရတာ။
★ အဲဒီတော့ လောဘရဲ့ အပြစ်က ဘယ်လောက်ထင်ရှားလဲ၊ အဲဒါကြောင့်မို့လို့ ပညာရှိတွေက လောဘကို မကောင်းဘူးလို့ ပြောကြတာ။ ဒါလက်တွေ့ပဲလေ။
★ မကောင်းတဲ့့ လောဘကို မထိန်းနိုင်ဘူးဆိုရင် ထိုပုဂ္ဂိုလ်သည် သာမန် လူကောင်းတစ်ယောက်ကနေ သူခိုးလို့ သမုတ်ခံရမယ်။ သူခိုးဘဝ ရောက်သွားပြီီ ဓားပြဆိုတဲ့ဘဝ ရောက်သွားပြီ။ ဘယ်သူကပေးလိုက်တဲ့ နာမည်လဲဆိုတော့ လောဘကပေးတဲ့ နာမည်ပဲ။ အကယ်၍သာ သူများပစ္စည်းလိုချင်တဲ့ လောဘမျိုး မရှိဘူးဆိုရင် သူသည် သူခိုး ဓားပြအဖြစ် ဘယ်နည်းနဲ့မှ မရောက်နိုင်ဘူး။
★ ထို့အတူပဲ မောဟဆိုတဲ့ သဘာဝတရားရှိတယ်။ သူက ယဉ်ယဉ်လေးရယ်။ မောဟဆိုတာ အေး တွေဝေနေတာ၊ ဘာပြသာနာမှာ မရှိဘူးလို့ ထင်ရတယ်။ မောဟကမှ ပို ပြသာနာကြီးတာ။ သူက လုပ်သင့်တာရယ် မလုပ်သင့်တာရယ် မသိဘူး။
★ မသိတော့ ဘာတွေဖြစ်လည်းဆိုတော့ မလုပ်သင့်တာတွေ လုပ်တယ်။ လုပ်သင့်တာတွေ မလုပ်ဘူး။ အဲဒီတော့ မလုပ်သင့်တာကို လုပ်လို့ရှိရင် အပြစ်ဖြစ်သလို လုပ်သင့်တာကို မလုပ်လို့ ရှိရင်လည်း အပြစ်ဖြစ်တယ်။ အဲဒီ နှစ်ခုဟာ အတူူတူပဲ။
★ လူတွေကတော့ ထင်ကြတယ်။ ဟာ ဒီလူက မလုပ်သင့်တာတွေ လုပ်တာကိုး။ ဒါကြောင့် ပြသာနာ တက်တာပေါ့လို့ ပြောကြတယ်။ မလုပ်သင့်တာကို လုပ်ရင်သာ အပြစ်ဖြစ်တယ် ထင်နေကြတာ။
★ လုပ်သင့်တာ မလုပ်ရင်လည်းပဲ အပြစ်ပဲ။ ဆုံးရှုံးနစ်နာတာ အတူတူပဲ။ အဲဒါ ဘယ်သူကြောင့် ဒီလိုဖြစ်ရတာတုန်းဆိုတော့ မောဟကြောင့်ဖြစ်ရတာ။ မလုပ်သင့်တာကို လုပ်တယ်။ လုပ်သင့်တာကို မလုပ်ဘူး။ သည့်အတွက် ဆုံးရှုံးနစ်နာမှုတွေ မြောက်မြားစွာ ဖြစ်လာတယ်။
ကျေးဇူးတော်ရှင်ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး 🙏 🙏 🙏
‘ဘဝခရီးဝယ် ရွေးချင်ရမယ့်လမ့်’ တရားတော်မှ ကောက်နှုတ်ချက်ဖြစ်ပါသည်။