Thursday, June 7, 2018

ဥပေက္ခာ

ဥပေက္ခာ

★ ကိုယ်ကိုယ်တိုင် ပထမဆုံး ငြိမ်းချမ်းအောင် လုပ်ရမယ်၊ ကိုယ်ကိုယ်တိုင် ငြိမ်းချမ်းချင်ဖို့ ဘာလုပ်ရမလဲဆိုရင် ပတ်ဝန်းကျင်က ပုဂ္ဂိုလ်တွေရဲ့ အကျိုးကိုလိုလားတဲ့ မေတ္တာထားပါ၊ ဆင်းရဲဒုက္ခရောက်လာတဲ့ ပုဂ္ဂိုလ်ကို ကူညီပါ။ ကရုဏာထားပါ၊ ချမ်းသာတဲ့ ပုဂ္ဂိုလ်ကို ဝမ်းမြောက်ဝမ်းသာဖြစ်ပါ။ မုဒိတာပွားပါ။

★ လူ့လောကဆိုတာ ချမ်းသာတာလည်း သူ့ကံနဲ့ သူပဲ၊
ဆင်းရဲတာလည်း သူ့ကံနဲ့သူပဲ၊ စိတ်လှုပ်ရှားမှုကင်းကင်းနဲ့ အေးအေးချမ်းချမ်း နေချင်တယ်ဆိုရင်တော့ ဥပေက္ခာ ပွားပါ။

 ★ ဥပေက္ခာရဲ့ သဘောတရားကို မြန်မာလူမျိုးတွေက အဓိပ္ပါယ်ကောက် လွဲနေတယ်၊ မခေါ်မပြော၊ ဂရုမစိုက်ဘဲနေတာကို ဥပေက္ခာလို့ ထင်နေကြတယ်။ အမှန်မှာ ဥပေက္ခာက မေတ္တာထက်လည်း သာတယ်၊ ကရုဏာထက်လည်း သာတယ်၊ မုဒိတာထက်လည်း သာတယ်။

 ★ ဥပေက္ခာဆိုတဲ့ သဘောတရားက လူဆိုတာ သူ့ကံနဲ့သူဖြစ်တာ။ ဆဲသွားရင်လည်း ငါ့ဆဲရမလားလို့ စိတ်မဆိုးနဲ့။ ဥပေက္ခာသမားသည် လာရောက်ပြီးတော့ ချီးမွမ်းပြီးတော့ အကူအညီပေးရင်လည်း အော် ဒီကောင်က တော်တယယ်၊ ငါ့ကို ချီးမွမ်းဖော်ရတယ်၊ ငါ့ကို ကူညီဖော် ရတယ်ဆိုပြီးတော့လည်း ဝမ်းမသာဘူး။

 ★ ဆိုလိုတာက စိတ်ဓာတ်အလွန်တည်ငြိမ်တဲ့ ပုဂ္ဂိုလ်အနေအထားမျိုးကို ဥပေက္ခာလို့ ခေါ်တယ်။ စိတ်ဓာတ် အလွန်တည်ငြိမ်တယ်။ စိတ်ဓာတ် တည်ငြိမ်ပြီး လူကို လျှစ်လျူမရှုဘူး၊ လူရဲ့အပြုအမှုကိုသာ လျှစ်လျူရှုပြီး လုပ်သင့်တာ လုပ်တယ်။

★ ဆိုပါစို့ လူတစ်ယောက် အကူအညီလိုနေတယ်။ ဒုက္ခရောက်နေတယ်။ သို့သော် သူက ဆဲပြီးတော့ ခိုင်းတယ်။ စိတ်မဆိုးဘူး။ လုပ်ပေးတယ်။ တစ်ယောက်က ချော့ပြီးတော့ ခိုင်းတယ်။ ဝမ်းမသာဘူး လုပ်ပေးတယ်။ အဲဒါ ဥပေက္ခာပဲ။ ဝမ်းသာတယ်တို့ စိတ်ဆိုးနေတယ်တို့ ဆိုတာက စိတ်မှာ တည်ငြိမ်မှုမရှိတာကို ပြတယ်။ တည်ငြိမ်မှုမရှိတဲ့ သဘောကိုပြနေတာ။

 ★ ဥပေက္ခာမှာ တည်ငြိမ်မှုမရှိဘူးဆိုတာ မရှိဘူး။ ဒါကြောင့်မို့ ဥပေက္ခာကို ဘာသာပြန်တဲ့အခါမှာ (equinimity)နဲ့ ပြန်တာ (mental calmness) စိတ်က တည်ငြိမ်နေတာ စိတ်ဓာတ်တည်ငြိမ်နေတာ။

 ★ အခု မြန်မာတွေက ဘယ်လိုု အဓိပ္ပါယ် ကောက်လဲဆိုလို့ရှိရင်တော့ ဥပေက္ခာဆိုတာ အေး ကိုယ်နဲ့မတည့်တဲ့သူ ဒီကောင်မခေါ်မပြောဘဲ နေလိုက်တယ်၊ ဥပေက္ခာပြု ထားတယ် မခေါ်မပြောဘူး၊ စကားလည်း မပြောဘူး၊ သူ့ဘာမှ မလုပ်ဘူး၊ အဲဒါ ဥပေက္ခာ။ ဒီလိုပဲ မဟုတ်ဘူး။ အဲဒီ ဥပေက္ခာကတစ်မျိုး ဒီမွန်မြတ်တဲ့ ဥပေက္ခာ မဟုတ်ဘူး။

 ★ မွန်မြတ်တဲ့ ဥပေက္ခာဆိုတာ တစ်ဖက်သားလုပ်တာကို ဂရုစိုက်ပြီးတော့ မနေဘူး၊ လုပ်သင့်တာလုပ်တယ်၊ ဒါမှ တစ်ကယ့် ဥပေက္ခာ၊ ဆဲလည်း ဂရုမစိုက်ဘူး၊ လုပ်သင့်တာလုပ်မယ်။ ချီးမွမ်းရင်လည်း ဂရုမစိုက်ဘူး လုပ်သင့်တာလုပ်မယ်၊ လုပ်သင့်တာကို လုပ်ပေးတယ်၊ စိတ်ဓာတ်ကတော့ တည်တည်ငြိမ်ငြိမ်ထားတယ်၊ ဒါမှ တကယ့် ဥပေက္ခာ ပါ။

 ★ ဆိုလိုတာက ဥပေက္ခာသည် လူပုဂ္ဂိုလ်ကို လျစ်လျူရှုတာ မဟုတ်ဘူးတဲ့။ ပုဂ္ဂိုလ်လုပ်တဲ့ အပြုအမှုကို လျစ်လျူရှုတာ။ သူပြောချင်တာတွေ ပြောပါစေ ဂရုမစိုက်ဘူး။ ငါလုပ်သင့်တာ ငါလုပ်သွားမယ်။ အဲဒါမှ ဥပေက္ခာ။

 ကျေးဇူးတော်ရှင်ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး 🙏 🙏 🙏

‘ဘဝခရီးဝယ် ရွေးချင်ရမယ့်လမ့်’ တရားတော်မှ ကောက်နှုတ်ချက်ဖြစ်ပါသည်။

ဆရာတော်ဘုရား တရားတော်များ(mp3)နာယူရန်

⤵️ https://www.thitsarparamisociety.com/dr-nandamarlabiwinsa

Photo credit Ye Htet Act

 Credit --- Shwe Thu