သီလရှိတဲ့ပုဂ္ဂိုလ်
★ သီလရှိတဲ့ ပုဂ္ဂိုလ်တစ်ယောက်နဲ့ သီလမရှိတဲ့ ပုဂ္ဂိုလ်တစ်ယောက် ဘယ်လိုကွာခြားလဲဆိုရင် လူတစ်ယောက်ဟာ သီလမရှိတော့ဘူးဆို ဘယ်အခါ စဉ်းစာစဉ်းစား ဆင်ခြင်သုံးသပ်လိုက်တိုင်း၊ စိတ်မချမ်းသာမှုတွေနဲ့ ကြုံတယ်၊ သီလရှိတဲ့ ပုဂ္ဂိုလ်ကတော့ အပြစ်ကင်းနေသည့် အတွက်ကြောင့် ဘယ်ဘက် က လှည့်စဉ်းစား စဉ်းစာ စိတ်ထဲမှာ ကြည်နူးဝမ်းသာမှု ဖြစ်တယ်။★ သီလမရှိဘူး ဆိုလို့ရှိရင် ကုသိုလ်မှန်သမျှဟာ ပြိုကျပျက်စီးသွားမယ်၊ ဒါကြောင့်မို့ သီလဟာ ကုသိုလ်တရားတွေရဲ့ အဓိကတည်ရှိနေမှု အတွက် အထောက်အကူ ဖြစ်တယ်။ ဒါကြောင့်မို့ သီလရှိတဲ့ ပုဂ္ဂိုလ်ရဲ့အသက်ရှည်မှုဟာ အင်မတန် တန်ဖိုးရှိတယ်၊ အသက်ရှည်လေ ပိုကောင်းလေပဲ။
★ ကိုယ်ကျင့်သီလ ပျက်ပြားနေတဲ့ ပုဂ္ဂိုလ်ဟာ အသက်ရှည်လေ ဒုက္ခတွေများလေလေ၊ အသက်ရှည်လေလေ အပြစ်တွေများလေလေ၊ စိတ်ဆင်းရဲမှုတွေ များလာလေလေ၊ ဒုက္ခသုက္ခတွေနဲ့ ကြုံတွေ့မှု ဖြစ်လာလေလေ ဖြစ်တယ်။
★ ဒါကြောင့်မို့ လူတိုင်းဟာ အသက်ရှည်ဖို့ ကောင်းသလားလို့ဆို ကိုယ်ကျင့်သီလ ရှိတဲ့ပုဂ္ဂိုလ်မှ အသက်ရှည်လေ ပိုကောင်းလေ၊ ကိုယ်ကျင့်သီလ မရှိဘဲနဲ့ အသက်ရှည်မယ်ဆိုရင် အပြစ်တွေ ပိုလေးလာတယ်။
★ ဒါကြောင့်မို့ အသက်ရှည်လေ ပိုကောင်းလေ ဖြစ်ဖို့ရာအတွက် ကိုယ့်ကိုယ်ကို ဘာလုပ်ရမလဲဆိုရင် ကိုယ်ကျင့်သီလရှိအောင် လုပ်ရမယ်၊ အနည်းဆုံး ငါးပါးသီလလုံရမယ်၊ ကိုယ့်ကိုယ်ကို နေ့စဉ်နဲ့အမျှ ငါးပါးသီလခံယူ ဆောက်တည်ထားပြီးတဲ့ နောက် ပြန်လည် ဆန်းစစ်ကြည့်သင့်တယ်။
★ နေ့တိုင်း နေ့တိုင်း လူတွေ အရောင်းအဝယ် လုပ်ပြီးတဲ့အခါ စျေးတွက်တွက်ကြတယ်လေ၊ ဒီနေ့ ဘယ်လောက်ရောင်းရတယ်၊ အရင်းဘယ်လောက် အမြတ်က ဘယ်လောက်ဆိုတာကို တွက်ကြတယ်။
★ နေ့စဉ် နေ့စဉ် နံနက်ခင်းအိပ်ရာထလို့ ဘုရားရှေ့မှာ ငါးပါးသီလခံ၊ ခံပြီးတော့ ညအိပ်ရာဝင်တဲ့အခါကျတော့ ပြန်စစ်၊
★ ပါဏာတိပါတာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ ငါတည်ဆောက်မယ်၊ မိမိစိတ်လိုက်မာန်ပါ သေစေလိုတဲ့စိတ်နဲ့ မည်သည့် သတ္တဝါများ ငါသတ်မိလဲ၊ ပါဏာတိပါတ သိက္ခာပုဒ် ငါလုံရဲ့လား၊ လုံတယ်ဆိုရင် စိတ်ထဲမှာ ကြည်နူးဝမ်းသာတယ်။
★ အဒိန္နာဒါနာရော လုံရဲ့လားလို့ဆို အဒိန္နာဒါန လုံရင် စိတ်ထဲမှာ ကြည်နူးစရာ၊ ကာမေသု မိစ္ဆာစာရ လုံရဲ့လား၊ ကိုယ့်ကိုယ်ကို ကိုယ်စစ်ဆေးတယ်၊ မုသာဝါဒ လုံရဲ့လား၊ သုရာမေရာယရော ကင်းရဲ့လား ဆိုတာတွေကို စစ်ဆေးကြည့်လိုက်တဲ့အခါ...
★ ငါ့မှာ ပါဏာတိပါတာ ကျူးလွန်တာလည်း မရှိဘူး၊ အဒိန္နာဒါနယ၊ ကာမေသုမိစ္ဆာစာရ၊ မုသာဝါဒ၊ သူရာမေရယ ကျူးလွန်တာလည်း ငါ့မှာမရှိဘူး၊ ငါရဲ့ဘဝဟာ တန်ဖိုးရှိလိုက်တာ၊
★ ရဟန္တာပုဂ္ဂိုလ်ဆိုတာ ဒီလိုတန်ဖိုးရှိတဲ့ပုဂ္ဂိုလ်ကို ခေါ်တာ၊ ငါဟာ ဒီနေ့ ရဟန္တာတွေကျင့်တဲ့ အကျင့်မျိုး၊ သောတာပန်တွေကျင့်တဲ့ အကျင့်မျိုး၊ ငါကျင့်လို့ ရသွားပြီလို့ စိတ်ထဲမှာ ကြည်နူးဝမ်းသာဖြစ်ရတယ်၊ ဒါ မြတ်စွာဘုရားပေးတဲ့ နည်းစနစ်ပါပဲ။
★ ကိုယ့်ကိုယ်ကို ကြည်နူးလာတယ်၊ စိတ်ထဲကနေ ဆင်ခြင်သုံးသပ်ပြီး ကြည်နူးဝမ်းသာတယ်၊ သီလပေး ဆောက်တည်ပြီးတော့ အမှတ်တမဲ့ မနေရဘူး၊ ပြန်လည်ဆင်ခြင် သုံးးသပ်ခြင်းအားဖြင့် ကိုယ့်မှာ ကြည်နူးဝမ်းသာမှုတွေက ကုသိုလ်တရားတွေ တိုးတယ်။
★ ဒါကြောင့်မို့ သီလဆောက်တည်ထားပြီးတော့ ထိုသီလနဲ့ ပတ်သက်တဲ့ ဆင်ခြင်သုံးသပ်မှုတွေ လုပ်ရတယ်၊ လုပ်တဲ့အခါမှာ အဖြေထွက်လာတယ်၊ အကယ်၍ ငါ သီလတွေ ပျက်တယ်ဆိုရင် မပျက်အောင် ဂရုစိုက်၊ နောက်တစ်ခါ မဖြစ်အောင် ကြိုးစား။
★ ကျေနပ်စရာ ကောင်းအောင် သီလပြည့်စုံတယ် ဆိုရင်လည်းပဲ ဝမ်းသာပီတိ ကြည်နူးတဲ့စိတ်နဲ့ ကုသိုလ်တရားတွေကို တိုးတက်လာတယ်၊ ဒါကြောင့်မို့လို့ မြတ်စွာဘုရားက ဟောတာ သီလမရှိတဲ့ ပုဂ္ဂိုလ် အသက်တစ်ရာ နေရပေမဲ့ တန်ဖိုးမရှိဘူးတဲ့၊ သီလရှိတဲ့ပုဂ္ဂိုလ်က တစ်ရက်လောက် နေရရင်ကိုပဲ တန်ဖိုးရှိတယ်။
ကျေးဇူးတော်ရှင်ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး 🙏 🙏 🙏
‘အသက်ရှည်လေ ပိုကောင်းလေ’ တရားတော်မှ ကောက်နှုတ်ချက်ဖြစ်ပါသည်။
ဆရာတော်ဘုရား တရားတော်များ(mp3)နာယူရန်
⤵️ https://www.thitsarparamisociety.com/dr-nandamarlabiwinsa
photo credit Ye Htet Act
Credit --- Shwe Thu