ပျင်းရိတဲ့ပုဂ္ဂိုလ်ဆိုတာ
★ လောကမှာ အကုသိုလ်တွေ ထူပြောနေတဲ့ လူပျင်းတစ်ယောက်ဟာ အသက်တစ်ရာ ရှည်ပေမယ့်လို့ တန်ဖိုးမရှိဘူး။ ကြိုးစား အားထုတ်မှု လုံ့လ ဝီရိယရှိတဲ့ ပုဂ္ဂိုလ်တစ်ယောက်ရဲ့ တစ်နေ့တာ အသက်ရှင်ရတာက ပိုကောင်းသေးတယ်။★ ဆိုလိုတာက လူပျင်းတစ်ယောက်ရဲ့ အနှစ်တစ်ရာ အသက်ရှင်မှုဟာ
ကြိုးစားအားထုတ်သူတစ်ယောက်ရဲ့ တစ်နေ့တာ အသက်ရှင်ရတာလောက်တောင် တန်ဖိုးမရှိဘူးလို့ ဒီလိုဆိုလိုတယ်။
★ ကြိုးစားအားထုတ်မှု လုံ့လဝီရိယရှိတဲ့ ပုဂ္ဂိုလ်ရဲ့အနှစ်တစ်ရာ အသက်ရှည်တာကျတော့ တန်ဖိုးမဖြတ်နိုင်ဘူး၊ အသက်ရှည်လေ ပိုကောင်းလေ၊ တစ်နေ့ အသက်ရှည်တောင် သူ့အတွက် တန်ဖိုးတွေ တက်လာတယ်၊ ဒီလို ဆိုလိုတာပေါ့။
★ မြတ်စွာဘုရားက 'ကုသီတော ဟီနဝီရိယော' ကုသီတ ဆိုတာ စက်ဆုပ်ဖွယ် နစ်မြုပ်သွားတဲ့ ပုဂ္ဂိုလ်မျိုး၊ ဆိုပါစို့ - လူတစ်ယောက်ဟာ လောကမှာ ကောင်းကျိုး ချမ်းသာတွေရအောင် မကြိုးစားဘူး၊ စီးပွားဥစ္စာ တိုးတက်အောင်လည်း မကြိုးစားဘူး၊ ကုသိုလ်ရေးနဲ့ ပတ်သက်ပြီးတော့လည်း မကြိုးစားဘူး၊ စီးပွားဥစ္စာ တိုးတတ်အောင်လည်း မကြိုးစားဘူး၊ ကုသိုလ်ရေးနဲ့ ပတ်သက်ပြီးတော့လည်း မကြိုးစားဘူး။
★ ပျင်းရိပြီး လု့ံလဝီရိယမရှိတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဟာ အသက်ရှည်နေလည်း သူ့အတွက် ဘာတန်ဖိုးမှ တက်မလာဘူး၊ ဘာတန်ဖိုးမှ တက်မလာသည့်အတွက်ကြောင့် အနှစ်တစ်ရာ အသက်ရှည်လည်း သူ့အတွက် တန်ဖိုးမရှိဘူး။
★ ပျင်းရိနေသည့် အတွက်ကြောင့် အကုသိုလ် အညစ်အကြေးတွက သူ့သန္တာန်မှာ ပိုလို့ပိုလို့ များလာတာ ဖြစ်တယ်၊ ဒါကြောင့်မို့ ပျင်းရိတဲ့ ပုဂ္ဂိုလ်တစ်ယောက်ရဲ့ အသက်ရှင်မှုဟာ တန်ဖိုးမရှိဘူး၊ လု့ံလဝီဂိယရှိရှိနဲ့ ကြိုးစားအားထုတ်တဲ့ ပုဂ္ဂိုလ်တွေရဲ့ အသက်ရှင်မှုကတော့ တန်ဖိုးရှိတယ်။
★ ဒီနေရာမှာ "ပျင်းရိတယ်၊ လုံ့လဝီရိယရှိတယ်" ဆိုတာ ဘယ်လိုသိရမလဲ၊ လူတွေကတော့ ထင်ကောင်းထင်လိမ့်မယ်၊ နေ့စဉ်နဲ့အမျှ စားဝတ်နေရေးတွေ လုပ်နေတာ မပျင်းဘူးပေါ့၊ လုပ်စရာ ကိုင်စရာတွေ ရှိတာ တက်တက်ကြွကြွ လုပ်ပေးတယ်၊ ဒါကို လူပျင်းလို့ မခေါ်နိုင်ဘူးလို့ ပြောကောင်း ပြောလိမ့်မယ်။
★ ဓမ္မရှုထောင့်ကနေ ကြည့်လို့ရှိရင် လူပျင်းဆိုသည်မှာ ဘယ်လိုဟာလဲ၊ ကာမဂုဏ်အာရုံ အတွေးတွေထဲမှာ နစ်မြုပ်ပြီး နေတဲ့ပုဂ္ဂိုလ်၊ ကာမဂုဏ်အာရုဏ် ခံစားဖို့ရာ တွေးပြီးတော့ အဲဒီ အတွေးရေယဉ်ကြောမှာ လွင့်မျောနေတဲ့ ပုဂ္ဂိုလ်ကို လူပျင်းလို့ပဲ သတ်မှတ်တယ်။
★ နောက်တစ်ခုက လူတစ်ဦးတစ်ယောက်ကို ဒေါသနဲ့ ညှဉ်းပန်းနှိပ်စက်လိုတဲ့ စိတ်ဓာတ်တွေနဲ့ ကြံတွေးနေတဲ့ ပုဂ္ဂိုလ်ဟာ၊ ပျင်းရိတဲ့ပုဂ္ဂိုလ်။
★ တစ်နည်းအားဖြင့် ပြောမယ်၊ ကိုယ့်သန္တာန်မှာ လောဘတွေ ဒေါသတွေ မောဟတွေ မကောင်းတဲ့ စိတ်ရဲ့အညစ်အကြေးတွေ ဖယ်ရှားဖို့ မကြိုးစားဘူးဆိုရင် လူပျင်းလို့ပဲ သတ်မှတ်တယ်။
★ ဘယ်လောက်ပဲ စီးပွားရှာရှာ ကြိုးုကြိုးစားစားလုပ်နေနေ မိစ္ဆာဝိတက်လို့ဆိုတဲ့ မှားယွင်းတဲ့ အတွေးတွေရဲ့နောက်လိုက်ပြီး ဒါတွေကို လက်ခံနေသမျှ ကာလပတ်လုံး တွန်းလှန်ဖယ်ရှားဖို့ မပြုတဲ့ ပုဂ္ဂိုလ်ဟာ၊ မကောင်းတဲ့ အကုသိုလ်နဲ့ ပက်သက်ပြီး - ကာမဝိတတ် ကာမဂုဏ်အာရုံ ခံစားဖို့တွေ တွေးတယ်၊ - လောဘနဲ့ကြံတွေးတယ်၊ - ဗျာပါဒဝိတတ် ဒေါသနဲ့ ကြံတွေးတယ်၊ - ၀ိဟိံသာဝိတက် တစ်ဖက်သားကို ညှင်းဆဲဖို့ သတ်ဖြတ်ဖို့ အတွေးတွေနဲ့ တွေးတယ်၊ အဲဒီ အကုသိုလ် အတွေးတွေ လက်ခံပြီး တွန်းလှန်ဖယ်ရှားခြင်း မလုပ်တဲ့ပုဂ္ဂိုလ်ဟာ လူပျင်းပဲ၊ အဲဒီ ပုဂ္ဂိုလ် တစ်ယောက်ရဲ့ အနှစ်တစ်ရာ အသက်ရှည်မှုဟာ လုံးဝတန်ဖိုးမရှိဘူးလို့ ဒီလိုဆိုရမယ်။
★ ဒါကြောင့်မို့ ဘုန်းကြီးတို့တတွေ ပျင်းရိတယ်ဆိုတဲ့အဆင့်က လွတ်အောင် ဘာလုပ်ရမလဲ ကိုယ့်သန္တာန်မှာ မဖြစ်သေးတဲ့ လောဘ ဒေါသ မောဟတွေဆိုတဲ့ အကုသိုလ်တရားတွေ ကိုယ့်သန္တာန်မှာ မဖြစ်အောင် ကြိုးစားရမယ်၊ ဖြစ်လာတဲ့ အကုသိုလ်တရားတွေကို တွန်းလှန်ဖယ်ရှားဖို့ ကြိုးစားရမယ်၊ မဖြစ်သေးတဲ့ ကုသိုလ်တရားတွေ ကိုယ့်သန္တာန်မှာ ဖြစ်လာအောင် ကြိုးစားရမယ်၊ ဖြစ်ပြီးသား ကုသိုလ်တရားတွေ တိုးပွားအောင် ကြိုးစားရမယ်၊
★ အဲဒီလို ကြိုးပမ်းအားထုတ်မှုလေးရပ်နဲ့ ပြည့်စုံတဲ့ ပုဂ္ဂိုလ်မှ ကြိုးပမ်း အားထုတ်နေတဲ့ ပုဂ္ဂိုလ်မှ တစ်ရက် အသက်ရှည်လည်း တန်ဖိုးရှိတယ်၊ ဒီလို ကြိုးစားနေသည့်အတွက်ကြောင့် အသက်ရှည်လေ ပိုကောင်းလေပဲ။
ကျေးဇူးတော်ရှင်ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး 🙏 🙏 🙏
‘အသက်ရှည်လေ ပိုကောင်းလေ’ တရားတော်မှ ကောက်နှုတ်ချက်ဖြစ်ပါသည်။
ဆရာတော်ဘုရား တရားတော်များ(mp3)နာယူရန်
⤵️ https://www.thitsarparamisociety.com/dr-nandamarlabiwinsa
Photo credit Ye Htet Act