ကိလေသာကင်းတဲ့ပုဂ္ဂိုလ်ဟာ သူပြန်မမွေးတော့ဘူးဆိုတာသိလား
★ ဘဝတစ်ခုမှာ ပြန်လည်မွေးဖွားခြင်းနဲ့ စပ်ပြီးတော့ မေးခွန်းတွေကို ဆက်ဆက်ပြီးတော့ မေးတဲ့အထဲမှာ မိလိန္ဒမင်းက “ဘန္တေ နာဂသေန ယော န ပဋိသန္ဒဟတိ၊ ဇာနာတိ သော န ပဋိသန္ဒဟိဿမီ” သူမေးတဲ့ မေးခွန်းကတော့ နောက်ဘဝ ပြန်မမွေးဘူးဆိုရင် အဲဒီပုဂ္ဂိုလ်ကိုယ်တိုင်က ငါတော့ ပြန်မမွေးတော့ဘူး နောင်ဘဝ ငါ့မှာ မရှိတော့ဘူးလို့ သိသလားတဲ့ ဒီမေးခွန်းမေးတာ။★ အဲတော့ ဘဝတခု အဆုံးသတ်သွားလို့ ပြန်မွေးတဲ့ပုဂ္ဂိုလ် ပြန်မမွေးတဲ့ပုဂ္ဂိုလ် ရှေ့ပိုင်းမှာ မေးထားတဲ့အခါ ရှင်နာဂသေနက ဖြေဆိုထားတာတွေရှိတယ်။ “သကိလေသော ပဋိသန္ဒဟိဿသီတိ၊ နတ္ကိလေသာ ပဋိသန္ဒဟိဿသီတိ” ကိလေသာ မကင်းသေးဘူးဆိုရင် ပြန်မွေးမယ်တဲ့။ ကိလေသာကင်းပြီဆိုရင် ပြန်မမွေးတော့ဘူး။ အဲဒီပြန်မမွေးဘူးဆိုတဲ့ ကိလေသာကင်းတဲ့ ပုဂ္ဂိုလ်ဟာ သူပြန်မမွေးတော့ဘူးဆိုတာ ကြိုတင်ပြီးတော့ သိနေသလား ဒီမေးခွန်းမေးတာ။ သူမမွေးဘူး ဆိုတာ သူသိသလား ဆိုတော့ ရှင်နာဂသေနက ဖြေတယ်။ အာမ မဟာရာဇာ မင်းကြီး သူသိတာပေါ့တဲ့ သူပြန်မမွေးဘူးဆိုတာ သူသိတာပေါ့။
★ အဲဒီတော့ မိလိန္ဒမင်းကြီးက ထပ်မေးတယ်။ “ကထံ ဘန္တေ ဇာနာတီတိ“ သူပြန်မမွေးဘူး ဆိုတာ သူဘယ်လိုလုပ် သိတာလဲ ဘယ်လိုလုပ် သိလဲ။ ကိုယ့်ကို ပြန်မွေးမယ် မမွေးဘူးဆိုတာ ဘယ်လိုလုပ်ပြီးတော့ သူသိနိုင်တာတုန်းလို့ ဒီမေးခွန်းမေးတယ့်အခါမှာ ရှင်နာဂသေနက general point နဲ့ဖြေထားတယ်။
★ “ယော ဟေတု ယော ပစ္စယော မဟာရာဇ ပဋိသန္ဒဟနာယ၊ တဿ ဟေတုဿ တဿ ပစ္စယဿ ဥပရမာ ဇာနာတိ” ပြန်လည်မွေးဖွားခြင်းရဲ့ ပြန်လည်မွေးဖွားခြင်းကို ဖြစ်စေတတ်တဲ့ အကြောင်း၊ ထောက်ပံ့ ကူညီတတ်တဲ့အကြောင်းတွေ အဲဒီပြန်လည် မွေးဖွားမှုကို ဖြစ်ပေါ်စေတတ်တဲ့ အကြောင်းနဲ့ ထောက်ပံ့ကူညီမှုဆိုတဲ့ အကြောင်းနှစ်ခု ရပ်စဲသွားတာကို ရပ်စဲသွားလို့ အဲဒီအကြောင်းနှစ်ခု ရပ်စဲချုပ်ငြိမ်းသွားတာကို သိပြီးတော့ ပြန်မမွေးဘူးလို့ သူသိတယ်တဲ့။ ဒီအဖြေလေးကို ဖြေတာ။
★ အဲဒီမှာ “ယော ဟေတု ယောပစ္စယော” ဟေတုနဲ့ ပစ္စယ နှစ်ခု ခွဲပြီးတော့ဖြေထားတာရှိတယ်။ လောကလူတွေဟာ ပြန်ပြန်ပြီးတော့ မွေးနေတာ ဘာ့ကြောင့်မွေးလဲဆိုတော့ မွေးရခြင်းရဲ့ အကြောင်းရှိလို့ မွေးတာပေါ့။ မွေးရခြင်းအကြောင်းတွေက ဘာတွေတုန်းဆို ကံတရားရယ်၊ ကိလေသာရယ် ကံနဲ့ကိလေသာပေါင်းစပ်ထားလို့ရှိရင် အဲဒီကံ ကိလေသာမကင်းသေးဘူးဆိုရင် ဒီပုဂ္ဂိုလ် ပြန်မွေးမှာပဲ။
★ ကံတရားကို ဟေတုလို့ပြောပြီးတော့ ကိလေသာကို ပစ္စယာလို့ပြောတယ်။ လောကမှာ အကြောင်းက နှစ်မျိုးနှစ်မျိုးရှိတယ်။ Producing cause ဆိုတာ ထုတ်လုပ်တဲ့အကြောင်းတစ်ခု ထုတ်လုပ်တဲ့အကြောင်း၊ Supporting cause ဆိုတာ ထောက်ပံ့ကူညီတဲ့အကြောင်း။ အကြောင်ဟာ နှစ်မျိုးရှိတယ်။
★ ဆိုပါစို့ မျိုးစေ့လေးတစ်ခုက အပင်ပေါက်လာတယ်ဆိုလို့ရှိရင် အဲဒီအပင်ကို ထုတ်လုပ်တဲ့အကြောင်းက မျိုးစေ့၊ ကူညီထောက်ပံ့တဲ့အကြောင်းက မြေနဲ့ရေ ဒီလိုဆိုတယ်။ မြေနဲ့ရေကြောင့် မျိုးစေ့ဟာအပင်ကို ထုတ်တယ်။ အဲတော့ မျိုးစေ့ကို “ဟေတု” မြေနဲ့ရေကို “ပစ္စယ”။ ဒါကြောင့်မို့လို့ ဇနကဟေတု producing cause၊ ဥပါဌမကာဟေတု supporting causeလို့ အကြောင်းနှစ်မျိုးခွဲပြီးတော့ စကားလုံးနှစ်လုံးကိုပြောလိုက်တာ ဟေတုနဲ့ပစ္စယ။
★ ဟို ဟေတုပစ္စည်းနဲ့ မတူဘူးနော် ဒီဟာ။ ဟေတုပစ္စည်းလို့ပြောတာက အဓိပ္ပါယ်တစ်ခု။ စာပေဂျမ်းကန်မှာ ဟေတုနဲ့ပစ္စယ ပဋ္ဌာန်းကလွဲလို့ ဟေတုနဲ့ပစ္စယ နှစ်ခုပြောထားပြီဆိုရင် အဲဒီလိုနားလည်ရတယ်။ ဟေတုပစ္စယော၊ အာရမ္မဏပစ္စယော ဒီပစ္စယောတွေက အားလုံးနဲ့တူညီတဲ့ အကြောင်းတစ်ခုကိုပြောတာ။ ကျေးဇူးပြုတယ်ဆိုတဲ့အဓိပ္ပါယ်နဲ့ပြောတာ။
★ အေး သုတ္တန်ပါဠိတော်တွေမှာ ဟေတုနဲ့ပစ္စယ နှစ်ခုတွဲဖက်ပြီးတော့လာပြီဆိုရင် ဘယ်လိုနားလည်ရတုန်းဆိုတော့ ဟေတုဆိုတာ ထုတ်လုပ်တဲ့အကြောင်း ပစ္စယဆိုတာ အကူအညီအကြောင်းလို့ နှစ်ခုရှိတယ်။ ဆိုပါစို့ မှောင်နေတဲ့အခန်းထဲမှာ မီးထွန်းလိုက်တယ် သို့မဟုတ် အလင်းမီးဖွင့်လိုက်တယ်။ ဖွင့်လိုက်တဲ့အခါကျတော့ အဲဒီအခန်းထဲမှာရှိတဲ့ နဂိုက မှောင်နေတုန်းက မမြင်ရတဲ့ စားပွဲ၊ ကုလားထိုင် စတဲ့ပရိဘောဂတွေ မြင်လိုက်ရတယ်။
★ အဲဒီစားပွဲကုလားထိုင်တွေကို အလင်းရောင်က ထုတ်လုပ်ပေးတာလားဆိုတော့ ထုတ်လုပ်တာမဟုတ်ဘူး။ နဂိုကတည်းကရှိနေတာ သို့သော် မီးရဲ့ အကူအညီ အလင်းရောင်ရဲ့အကူအညီကြောင့် စားပွဲ ကုလားထိုင်ကိုမြင်ရတာ။ အဲဒါမျိုးကို အကူအညီအကြောင်းလို့ခေါ်တယ်။ ထုတ်တာမဟုတ်ဘူး သူကနော်။
★ Producing cause နဲ Supporting cause ဒီအကြောင်းနှစ်ခုကို ကွဲကွဲပြားပြားနားလည်ရမယ် ဘယ်နေရာပဲဖြစ်ဖြစ်။ ဘယ်အရာကထုတ်လုပ်တဲ့ အကြောင်းဖြစ်ပြီး ဘယ်အရာက အထောက်အကူပြုတာလဲဆိုတာ ဒီနှစ်ခုကို ကွဲကွဲပြားပြား သိဖို့လိုအပ်တယ်ပေါ့။
★ အခုဒီမှာလဲ ရှင်နာဂသေနကဖြေတယ် “ယော ဟေတု ယောပစ္စယော ပဋိသန္ဒဟနာယ” ဘဝတစ်ခုမှာ ပြန်လည်မွေးဖွားဖို့ဆိုတဲ့နေရာမှာ ဟေတုဆိုတဲ့ ထုတ်လုပ်တဲ့အကြောင်းနဲ့ ပစ္စယလို့ခေါ်တဲ့ အထောက်အကူအကြောင်း နှစ်ခုရှိတယ်တဲ့။
★ အဲဒီ ဟေတုဆိုတဲ့ ထုတ်လုပ်တဲ့အကြောင်းရယ်၊ ပစ္စယလို့ခေါ်တဲ့ အထောက်အကူအကြောင်း နှစ်ခု ပြတ်စဲသွားပြီဆိုရင် မမွေးတော့ဘူး။ အဲဒီအကြောင်းမရှိတော့ဘူးလို့သိခြင်းဟာ ပြန်လည်မမွေးဖွားတော့ဘူးလို့ သိနိုင်ခြင်းရဲ့အကြောင်းပဲ။ ဒီလိုဖြေလိုက်တာနော်။ အကြောင်းကိုကြည့်ပြီး အကျိုးမဖြစ်ဘူးဆိုတာကိုပြောတာပဲ ဒီလိုပြောတယ်ဆိုတာ။
★ အဲဒီတော့ မိလိန္ဒမင်းကြီးက ရှင်းအောင်ထပ်မေးတယ်။ “သြပမ္မံ ကရောဟီတိ” အရှင်ဘုရား ဥပမာလေးနဲ့ပြောပါဦး ဥပမာစကားလေးနဲ့ပြောစမ်းပါဦးဆိုတော့ ”ယထာ မဟာရာဇ ကဿကော ဂဟပတိကော ကသိတွာစ ဝပိတွာ စ ဓညာဂါရံ ပရိပူရေယျတိ“ ရိုးရိုးလေးပဲ လူတိုင်းသိတဲ့ ဥပမာနဲ့ပြောတယ်။
★ စပါးဂိုဒေါင်ကြီးရှိတယ် အဲဒီစပါးဂိုဒေါင်ကြီးကို လယ်သမား လယ်လုပ်ငန်းနဲ့ အသက်မွေးတဲ့လူတစ်ယောက်ဟာ သူ့မြေကွက်ကြီးမှာစပါးတွေကိုစိုက်ဖို့ ထွန်ယက်တယ် ပျိုးတယ်။ စပါးပျိုးဖို့ ထွန်ယက်တယ် စိုက်ပျိုးတယ်။ အဲဒီလို ထွန်ယက်စိုက်ပျိုးပြီးတော့မှ သူဘာလုပ်လဲဆိုတော့ ရလာတဲ့စပါးတွေနဲ့ စပါးဂိုဒေါင်ကြီးကို ဖြည့်တင်းတယ်ပေါ့။ ဒါလုပ်ရိုးလုပ်စဉ်ပဲနော်။
★ စပါးဂိုဒေါင်ကြီးကို ဖြည့်လိုက်တယ်ပေါ့။ အဲဒီလိုစပါးဂိုဒေါင်ကြီးကိုဖြည့်တာ အဲဒီလယ်သမားဟာနှစ်စဉ် နှစ်စဉ်လုပ်နေကြပဲ။ ရာသီဥတုအချိန်တန်လာလို့ရှိရင် လယ်ထွန်တယ် ထွန်ပြီးရင်စပါးစိုက်တယ်။ ရလာတဲ့စပါးတွေ ရိတ်သိမ်းပြီး ဂိုဒေါင်ထဲဖြည့်တယ် ဒါသူလုပ်နေကြ။ အဲတခါကျတော့ သူ လယ်ယာလုပ်ငန်း သူမလုပ်နိုင်တော့ဘူး။ မလုပ်နိုင်တဲ့အခါကျတော့ ဘာလုပ်လဲ သူဟာ ထွန်လည်းမထွန်တော့ဘူး စပါးလည်း မစိုက်တော့ဘူး ထွန်လည်းမထွန် စပါးလည်းမစိုက်တော့ဘူး။
★ ထွန်ပြီးယက်ပြီးလို့ သိမ်းထားတဲ့စပါးတွေကိုပဲ သူဟာ ထိုင်ပြီးတော့စားတယ် ရောင်းပြစ်လိုက်တယ်။ ဂိုထောင်ထဲထည့်ထားတဲ့ဟာတွေ နောက်ထပ်ထပ်ပြီးတော့ ဂိုဒေါင်ကိုမဖြည့်တော့ဘူး။ ရှိပြီးသားစပါးတွေကို သူထုတ်ရောင်းတယ် သို့မဟုတ် စားပြစ်တယ်။ သို့မဟုတ် သူလုပ်ချင်သလို အဲဒီဂိုဒေါင်ထဲကဟာတွေကို ထုတ်ထုတ် ထုတ်ထုတ်ပြီးတော့ အသုံးချပလိုက်တယ်။
★ အသုံးချပစ်ပြီးတော့ နောက်ထပ်လဲ ထွန်တာ ယက်တာ စိုက်ပျိုးတာမလုပ်တော့ဘူး ဆိုလို့ရှိရင် အဲဒီလယ်သမားဟာ သူ့ကိုယ်သူသိသလားတဲ့။ ငါ စပါးဂိုဒေါင်ကြီးကို စပါးမဖြည့်တော့ဘူးဆိုတာ သူ့ကိုယ်သူသိသလားတဲ့။ စပါးဂိုဒေါင်ထဲက စပါးတွေ ထုတ်သုံး ထုတ်ရောင်း နောက်ထပ်လည်း မစိုက်တော့ဘူး မထည့်တော့ဘူးဆို စပါးဂိုဒေါင်ကြီးကို သူဖြည့်မယ် မဖြည့်တော့ဘူးဆိုတာကို မသိနိုင်ဘူးလားဆိုတော့ “အာမဘန္တေ ဇာနေယျ” အရှင်ဘုရားသိနိုင်တာပေါ့တဲ့။ ရှင်းရှင်းလေးရယ် ဒီဥပမာဟာနော်။ အရှင်ဘုရား သိနိုင်တာပေါ့တဲ့။
★ “ကထံ ဇာနေယျ” ဘယ်လိုလုပ်သိတုန်း။ သူဘယ်လိုလုပ်သိတာတုန်းလို့ ရှင်နာဂသေနက ထပ်မေးတယ် “ယော ဟေတု ယောပစ္စယော ဓညာဂါရဿ ပရိပူရဏာယ” စပါးဂိုဒေါင်ကြီးကို ထပ်ဖြည့်ဖို့ အကြောင်းတရားတွေကို သူမလုပ်တော့ဘူးတဲ့။ ထွန်ယက်ခြင်း၊ စိုက်ပျိုးခြင်း၊ စပါးစုဆောင်းခြင်းဆိုတဲ့ ဒီအလုပ်တွေ သူမလုပ်တော့ဘူး။ အကြောင်းတရားတွေကို သူမလုပ်တော့ဘူး။
★ အဲတော့မလုပ်တော့ အဲဒီစပါးဂိုဒေါင်ကြီးကို ဖြည့်တင်းဖို့ စပါးစိုက်ပျိုးတဲ့အလုပ်ကို မလုပ်တာကို လုပ်ခြင်းဆိုတဲ့အကြောင်းတရား ရပ်ဆိုင်းလိုက်တာကို သူသိတယ်တဲ့။ သိသောကြောင့် ငါ့စပါးဂိုဒေါင်ကြီးထဲတော့ စပါးမဖြည့်နိုင်တော့ဘူးဆိုတာလဲ သူသိတယ်တဲ့ အဲဒီနည်းနဲ့သိတာ။ ဆိုလိုတာက ဖြည့်စရာအကြောင်း မရှိတော့ဘူူး။ ဖြည့်ဖို့မလုပ်တော့ဘူး မလုပ်တော့သည့်အတွက်ကြောင့် စပါးဂိုဒေါင်ကြီး မပြည့်တော့ဘူးဆိုတာကို သူသိတယ် အဲဒီလိုနည်းနဲ့သိတာလို့။
★ အဲဒီအတိုင်းပဲ နောင်ဘဝဖြစ်ဖို့ ထုတ်လုပ်တဲ့အကြောင်းတရားတွေ၊ ကံဆိုတဲ့ထုတ်လုပ်တဲ့အကြောင်းတရား နောင်ဘဝဖြစ်ဖို့ကိလေသာဆိုတဲ့ အထောက်အကူပြုတဲ့အကြောင်းတရားတွေ ဒီအကြောင်းတရားတွေရပ်စဲသွားပြီ နောင်ဘဝပြန်လည်မွေးဖွားဖို့ မွေးဖွားစေနိုင်တဲ့အကြောင်းတရားတွေ ရပ်စဲသွားပြီဆိုတာကို သိလိုက်တာနဲ့တပြိုင်နက် သူဟာ နောင်ဘဝမမွေးတော့ဘူးဆိုတာကို ယတိပြတ် သူဒီနည်းနဲ့သိတာပါလို့ ဒီလိုဖြေလိုက်တယ်။
★ အကြောင်းဖယ်လိုက်တဲ့အခါမှာ အကျိုးမလာဘူးဆိုတာ ဒါရှင်းရှင်းလင်းလင်းသိတယ်နော်။ အဲဒီလိုဖြေလိုက်တဲ့အခါကျတော့မှ မိလိန္ဒမင်းကြီးက “ကလ္လောသိဘန္တေ နာဂသေန” အရှင်ဘုရားဖြေတာ သင့်လျော်ပါတယ် သဘောပေါက်ပါပြီ ဒီလိုဆိုတယ်။ ဆိုလိုတာက အကြောင်းမရှိတော့ရင် အကျိုးကမလာဘူးဆိုတာနော်။
ကျေးဇူးတော်ရှင်ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး 🙏 🙏 🙏
‘မိလိန္ဒမင်းနဲ့ အရှင်နာဂသေနတို့၏ ဗုဒ္ဓဝါဒရေးရာအခြေအတင် ပြောဆိုချက်များ အပိုင်း(၇)’ တရားတော်မှ ကောက်နှုတ်ချက်ဖြစ်ပါသည်။
Credit --- Shwe Thu