Wednesday, June 6, 2018

"ကိုယ်ချင်းစာနာစိတ်ကြီးမားနိုင်လွန်းပါတယ်"

"ကိုယ်ချင်းစာနာစိတ်ကြီးမားနိုင်လွန်းပါတယ်"

ကိုယ်ချင်းစာနာတယ်ဆိုတာ ကောင်းတဲ့စိတ်ဓာတ်တစ်မျိုးပါ။ လူ့ပတ်ဝန်းကျင်လူမှုနယ်ပယ်မှာ ကိုယ်ချင်းစာနာတဲ့စိတ်ဓာတ်နဲ့ ပေါင်းသင်းကြ ဆက်ဆံကြရမယ်။ဒီစိတ်ဓာတ်မျိုးနဲ့သာဆက်ဆံကြရင် အချင်းချင်းမှာ ပြဿနာဆိုတာမဖြစ်နိုင်ပါဘူး။အဆင်ပြေကြပါတယ်။ ကိုယ်ချင်းစာနာတယ်ဆိုတာကလည်း ကိုယ်လောဘကြီးတိုင်း သူများတွေလည်းလောဘကြီးမယ်လို့ အဲ့ဒီလိုမျိုးဖြစ်ရတဲ့ စိတ်မျိုးမဟုတ်ပါဘူး။


 ကိုယ့်ဘဝမှာ ကိုယ့်အတွေ့အကြုံအရ ကိုယ်ချမ်းချမ်းသာသာ နေခဲ့ရရင် သူများတွေလည်းချမ်းချမ်းသာသာနေစေချင်တဲ့ စိတ်ဓာတ်ဟာကိုယ်ချင်းစာနာတဲ့ စိတ်ဓာတ်ပါပဲ။ကိုယ်ဒုက္ခပင်ပန်းဆင်းရဲ ကြုံခဲ့ရရင်လည်း သူများတွေကိုဒီလိုဒုက္ခပင်ပန်းဆင်းရဲတွေ မကြုံစေချင်တာ မျိုးကသာ ကိုယ်ချင်းစာနာတဲ့စိတ်ဓာတ်ပါ။ ဒီလိုကိုယ်ချင်းစာနာတဲ့စိတ်ဓာတ်ဟာ သူတော်ကောင်းတွေမှာသာ ကိန်းပါတယ်။ ဖြစ်တတ်ပါတယ်။

သူတော်ကောင်းတွေ ကိုယ်ချင်းစာနာတတ်တယ်ဆိုတာ သူတော်ကောင်းတွေက မကောင်းတဲ့အလုပ်ကို မလုပ်ဘူး။ကောင်းတဲ့အလုပ်ကိုလုပ်တယ်။ ကောင်းတဲ့အလုပ်ကိုလုပ်တဲ့အတွက်ကြောင့်လည်း သူတော်ကောင်းစိတ်ဓာတ်တွေမြင့်မားတယ်။ စိတ်ဓာတ်မြင့်မားလာရင် ကိုယ်လုပ်တဲ့အလုပ်ကို ပီတိဖြစ်အောင် လုပ်တတ်လာတယ်။ စိတ်ချမ်းသာအောင်လုပ်တတ်လာတယ်။ ဒီကောင်းတဲ့အလုပ်ကိုလုပ်ရင်းနဲ့ပဲ ပီတိဖြစ်ရတာမျိုး ဒီကောင်းတဲ့အလုပ်ကို လုပ်ရင်းနဲ့ပဲ စိတ်ချမ်းသာရတာမျိုး ဒီကောင်းတဲ့အလုပ်လုပ်ရင်းနဲ့ပဲ ကိုယ်နဲ့ဆက်ဆံရတဲ့သူတွေရဲ့ စိတ်ထားတွေကို နားလည်မှုပေးနိုင်တာမျိုး။

 ဒီကောင်းတဲ့အလုပ်လုပ်ရင်းနဲ့ပဲ ကိုယ်ဘာလုပ်သင့်တယ် ကိုယ်ဘာမလုပ်သင့်ဘူးဆိုတာကို ဝေခွဲစရာမလိုပဲ သေချာသိနေပြီးတော့မှ လုပ်နိုင်လာတာမျိုး သူတော်ကောင်းတွေ ကောင်းတဲ့ အလုပ်ကိုလုပ်ပြီးတဲ့အခါတိုင်းမှာ လုပ်ပြီးတိုင်း လုပ်ပြီးတိုင်း ကိုယ့်ရဲ့အားနည်းချက် ကိုယ့်ရဲ့အားသာချက်တွေကို ပြန်ပြန်ပြီးတော့ စဉ်းစားဆင်ခြင်တယ်ဆိုတဲ့ အသိဉာဏ်ရှိတာမျိုးဆိုတဲ့ စွမ်းရည်ထူးတွေ ရရှိလာတယ်။

 အဲ့ဒီလိုစွမ်းရည်ထူးငါးမျိုးနဲ့နေနိုင်လာတဲ့ သူတော်ကောင်းတွေက ကိုယ်ပီတိဖြစ်ဖူးရင် သူတစ်ပါးတွေကိုလည်း ပီတိဖြစ်စေချင်တယ်။ ကိုယ်စိတ်ချမ်းသာရသလို သူများတွေကိုလည်း စိတ်ချမ်းသာစေချင်တယ်။ ဒါမျိုးက ကိုယ်ချင်းစာနာစိတ်ပါပဲ။ ဒါ့ထက် ကိုယ်ချင်းစာနာစိတ်ပိုသာသွားတာက ကိုယ့်စိတ်ကိုလည်း ကိုယ်နားလည်လာတယ်။ကိုယ်နဲ့ဆက်ဆံရတဲ့သူတွေရဲ့ စိတ်ကိုလည်း နားလည်လာပြီး ကိုယ်ကနားလည်မှုပိုပြီးပေးနိုင်တယ်။ ဒါမျိုးကလည်း ကိုယ်ချင်းစာနာစိတ်ပါပဲ။

ကိုယ်လုပ်ရမယ့်အလုပ်တွေကို အမှားအမှန်အကောင်းအဆိုး ကွဲကွဲပြားပြားစဉ်းစားစာမလိုပဲ သိမြင်နားလည်ပြီးတော့ ကောင်းသထက်ကောင်းအောင် လုပ်လာနိုင်ပြီဆိုရင် သူများတွေကိုလည်း  အဲ့ဒီလိုသိမြင်နားလည်နိုင်တဲ့ စိတ်မျိုးဖြစ်စေချင်တာလည်း ကိုယ်ချင်းစာနာစိတ်ပါပဲ။ကိုယ့်လုပ်ငန်းကို ကိုယ်ပြန်ပြီးတော့ ကိုယ့်စိတ်ဓာတ်ကိုကိုယ်ပြန်ပြီးတော့ စဉ်းစားဆင်ခြင်တဲ့ ဉာဏ်မျိုးကို်ယ့်မှာ ရှိသလို သူများတွေကိုလည်း ဖြစ်စေချင် ရှိစေချင်တာလည်း ကိုယ်ချင်းစာနာတဲ့စိတ်တစ်မျိုးပါပဲ။

 ကိုယ်ချင်းစာနာတဲ့စိတ်မှာ ပီတိဖြစ်တယ်ဆိုတာ နှစ်သက်စရာပီတိဖြစ်စရာအာရုံတွေကြုံလို့ ပီတိဖြစ်ရတာကတစ်မျိုး ကိုယ့်စိတ်ကိုကောင်းအောင်ထားတတ်လို့ ပီတိဖြစ်ရတာကတစ်မျိုးလို့ ပီတိဖြစ်ကြောင်း နှစ်မျိုးရှိပါတယ်။ စိတ်ချမ်းသာတာကလည်း အဲ့ဒီလိုအာရုံအကောင်းဆုံးနဲ့ စိတ်ကောင်းထားတတ်လို့ဆိုပြီး အကြောင်းနှစ်မျိုးရှိတာပါပဲ။

အဲ့ဒီတော့ သူများတွေအတွက် ပီတိဖြစ်ဖို့ စိတ်ချမ်းသာဖို့ဆိုရင် ကိုယ်ချမ်းသာစရာတွေ စိတ်ချမ်းသာစရာတွေ ကြုံအောင် ဆုံအောင်စွမ်းနိုင်သမျှ လုပ်ပေးတာကလည်း ကိုယ်ချင်းစာနာစိတ်ပါပဲ။ကိုယ်နဲ့ဆက်ဆံရတဲ့ တွေ့ကြုံရတဲ့သူတွေကို ပီတိဖြစ်အောင် စိတ်ထားတတ်ဖို့ စိတ်ချမ်းသာအောင် စိတ်ထားတတ်ဖို့ သင်ပေးပြပေးတာလည်း ကိုယ်ချင်းစာနာတဲ့စိတ်ဓာတ်အခြေခံကနေဖြစ်သွားတာပါပဲ။

 ဒီကိုယ်ချင်းစာနာတဲ့စိတ်ဓာတ် ဒီပီတိ၊ဒီသုခ၊ ဒီနားလည်မှု၊ဒီသဘောပေါက်မှု၊ ဒီလိုဆင်ခြင်မှုတွေရှိတဲ့ စွမ်းရည်ထူးစိတ်ဓာတ်မျိုး သူတော်ကောင်းကြီးတွေမှာ ဖြစ်သွားကြရင် သူတို့လုပ်တဲ့အလုပ်မှန်သမျှတွေက ပင်ပန်းတယ်ဆိုတာ မရှိတော့ပါဘူး။ ကိုယ်လည်းမပင်ပန်းတော့ဘူး။စိတ်လည်းမပင်ပန်းတော့ဘူး။ "ဟာ... ဒီလောက်နေ့တစ်ဓူဝ သွားနေလာနေ လုပ်နေကိုင်နေတာ ပင်ပန်းမှာပေါ့။ခန္ဓာကိုယ်ကြီးပင်ပန်းနေမှာပေါ့၊

 ဘေးလူတွေကကြည့်ရင် ပင်ပန်းမယ်လို့ထင်တာ၊သူတို့က အလုပ်တွေလုပ်တဲ့အခါ "ပီတိမဖြစ်ဖူးတော့ ပင်ပန်းမယ်ထင်ကြတာ၊သူတို့က ဒီအလုပ်မျိုးကိုလုပ်ပြီး စိတ်ချမ်းသာမှု မရနိုင် ပင်ပန်းမယ်ထင်ကြတာ။ တကယ့်ပီတိ သုခဖြစ်နေတဲ့ ပုဂ္ဂိုလ်တွေကျတော့ ဒီအလုပ်ကိုနေ့မအား၊ညမအားလုပ်နေကြပေမယ့် အများအတွက် တလောကလုံးအတွက် အကျိုးရှိအောင်လုပ်တယ်။

ကိုယ်နဲ့ပေါင်းသင်းဆက်ဆံတဲ့ဆွေးမျိုးသားချင်း၊ ပတ်ဝန်းကျင်အသိုင်းအဝိုင်းအတွက် အကျိုးရှိအောင်လုပ်တယ်။ နောက်ကိုယ့်ရည်မှန်းချက်ကို အများအတွက် ပြည့်စုံအောင်လုပ်တယ်ဆိုတဲ့ ပုဂ္ဂိုလ်မျိုးတွေမှာ ဒီစိတ်ဓာတ်စွမ်းရည်ထူး ငါးမျိုးရှိလို့ပဲ လုပ်နိုင်ကြတာပါ။

သူတော်ကောင်းတွေက အဲ့ဒီလိုလုပ်နိုင်တဲ့အခါမှာ ဘေးလူကြည့်ရင် ပင်ပန်းလိုက်တာလို့ ထင်ခံရပေမယ့် ဒီလိုပုဂ္ဂိုလ်မြတ်တွေမှာ ပင်ပန်းတယ်ဆိုတာ မရှိပါဘူး။ တကယ့်ကိုမရှိပါဘူး။အဲ့ဒါကိုယ်ချင်းစာနာတဲ့စိတ်ရဲ့ စွမ်းအားပဲ၊ တစ်ခါတုန်းက ကျေးဇူးတော်ရှင်သီတဂူဆရာတော်ဘုရားကြီးကို ကိုယ့်ဆရာသမားဖြစ်လို့ လျှောက်ထားမိတယ်.... "ဆရာတော်ဘုရား ဆရာတော်သာသနာပြုနေတာ ပင်ပန်းလိုက်တာဘုရား ... သက်တော် ရှည်စေချင်ပါတယ်....ဘုရား"လို့ နောက်ထပ်လည်း ကြုံတိုင်းကြုံတိုင်း လျှောက်ထားမိတယ်၊ ဒီလောက်တောင် ခရီးတွေသွား ပင်ပန်းလိုက်တာဘုရားလို့ လျှောက်ထားမိတယ်။ "ဒုက္ခဆင်းရဲဆိုတာ ခန္ဓာငါးပါးပဲ ၊အမြဲဆင်းရဲနေတာပဲ၊ ထိုင်နေလည်း ခန္ဓာငါးပါး၊ သွားနေလည်း ခန္ဓငါးပါး၊ဘာထူးမှာလဲ မပင်ပန်းဘူးတဲ့...."

တစ်ခါတစ်လေ ရယ်မောကာ အဲ့ဒီလိုပြောတယ်၊ တစ်ခါတစ်လေကျတော့ "ဘာပင်ပန်းရမှာတုန်း... ကိုယ့်အလုပ် ကိုယ်လုပ်ရတာပဲ" ဆိုတာမျိုး မိန့်ပြန်တယ်။ ဒီဆရာတော်သမားတော်မျိုးကို သာသနာတော်အတွက် မျိုးဆက်သစ်တိုင်းက အတုယူအားကိုးသဘောကျကြတယ်။

ကိုယ်ဆရာသမားကို ပင်ပန်းမှာစိုးတဲ့ စိတ်နဲ့သာပြောနေရတာ ဆရာသမားမှာ ပင်ပန်းတယ်ဆိုတာ မရှိပါဘူး။လူလည်းမပင်ပန်းဘူး၊ စိတ်လည်းပင်ပန်းဘူးတဲ့။ တကယ့်စိတ်ဓာတ်မြင့်မြတ်တယ် မမြင့်မြတ်ဘူးဆိုတာ ကိုယ်ချင်းစာနာတဲ့စိတ်ဓာတ်စွမ်းအားတွေ အပေါ်ကြည့်မြင်ပြီး သိနိုင်ပါတယ်။ကိုယ်ချင်းစာနာတဲ့စိတ်ဓာတ်တွေ ဘယ်လောက်ကြီးမားသလဲဆိုရင် ပီတိ သုခတွေနဲ့ယှဉ်ပြီးတော့ နားလည်မှုအသိတရားတွေနဲ့ယှဉ်ပြီးတော့ ဆောင်ရွက်တဲ့လုပ်ရပ်တွေ အပေါ်ကြည့်မြင်ပြီး သိနိုင်ပါတယ်။

 ရှေးရှေးတုန်းက စစ်ကိုင်းတောင်တစ်ရိုးလုံးမှာ သောက်ရေ သုံးရေတွေအလွန်ရှားပါးတယ်။ အရင်တုန်းကဆိုရင် တောင်ရိုးပျော်သီလရှင်လေးတွေ ရှင်သာမဏေကိုရင်တွေ ရဟန်းသံဃာတွေ အားလုံးလိုလိုစစ်ကိုင်းတောင်ထိပ်ကနေ ဧရာဝတီမြစ်ဆီလာပြီး ရေချိုးဆင်းရတယ်။ရေသယ် ရေခပ်ရတယ်။အလွန်ပင်ပန်းကြတယ်။ သောက်ရေ သုံးရေအတွက် စစ်ကိုင်းတောင်ရိုး ရေစက်ကြီး ရှိတယ်။ဒါပေမယ့် မလောက်ငှသေးတော့ သီတဂူဆရာတော်ကြီးရဲ့ သီတဂူရေအလှူတော် ရေစက်ကြီးဖြစ်ပေါ်လာတယ်။

အဲ့ဒါကသီတဂူဆရာတော်ကြီးရဲ့ မြင့်မြတ်တဲ့ကိုယ်ချင်းစာနာတဲ့စိတ်ဓာတ်ကြောင့်ပဲ။ နောက်ထပ်သီတဂူအာယုဒါနဆေးရုံကြီးတွေ မြန်မာတစ်နိုင်ငံလုံး တည်ထောင်ပြီး ကျန်းမာရေးစောင့်ရှောက်မှု အထောက်အကူပြု စွမ်းဆောင်တာတွေ၊ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်ကြီးတွေ တည်ထောင်ပြီး သာသနာပြုမှုတွေ၊ နိုင်ငံတကာလှည့်လည်ပြီးောတ့ သာသနာအတွက်ဆောင်ရွက်တာတွေကတော့ အကြိမ်ကြိမ်ရေတွက်လို့ မကုန်ပါဘူး။

ဆရာတော်ကြီးရဲ့ စွမ်းဆောင်မှုတွေကိုဘေးက ကြည့်ရင်တော့ ဆရာတော်ကြီးပင်ပန်းလိုက်တာ ဆရာတော်ကြီးမပင်ပန်းဘူးလားလို့ အများစိတ်ထဲ ဖြစ်ခဲ့ကြမှာပါ။ဒါပေမယ့်ဆရာတော်ကြီးက ပီတိသုခအပြည့်နဲ့ ဗုဒ္ဓမြတ်စွာသာသနာအတွက် လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်နေတော့ ဆရာတော်ကြီးမှာ ပင်ပန်းတယ်လည်းမရှိဘူး။ စိတ်ဆင်းရဲတယ်လည်းမရှိပါဘူး။ဒီပီတိ၊ ဖရဏသုခဖရဏတာ၊ပစ္စဝေက္ခနိမိတ္တံ-ဆိုတဲ့ ဒီတရားစွမ်းရည်ထူး ငါးမျိုးရှိနေတဲ့ ပုဂ္ဂိုလ်မြတ်တွေအတွက်ကတော့ ဒီကိုယ်ချင်းစာနာ စိတ်ဓာတ်ကြီးမားတဲ့ ပုဂ္ဂိုလ်တွေအတွက်ကတော့ ဒီသီတဂူဆရာတော်ကြီးလို ပုဂ္ဂိုလ်မျိုးတွေအတွက်ကတော့ လုပ်ငန်းဆောင်ရွက်တဲ့အခါ ပင်ပန်းဆင်းရဲတယ်ဆိုတာ မရှိနိုင်တော့ပါဘူး။

ဆရာတော်ကြီးရဲ့ ကိုယ်ချင်းစာနာစိတ်ကို လှမ်းကြည့်မိတိုင်း ဆရာသမား မပင်ပန်းစေချင်တာက တစ်ပိုင်း၊ မပင်ပန်းပါလားလို့ တကယ်သိသွားတော့ ကိုယ်လည်းပဲသာသနာအတွက် လောကတ္ထ၊ဉာတတ္ထ၊အတ္တတ္ထအတွက်ဆိုရင် ဒီလို စွမ်းရည်ထူးငါးမျိုးနဲ့ ကိုယ်ချင်းစာနာတတ်အောင် ကြိုးစားရမှာပါလားလို့ အသိတရားတိုးမိပါတယ်။ ကျေးဇူးတော်ရှင်ဆရာတော်ကြီးရဲ့ ဂုဏ်ထူးစွမ်းရည်သတ္တိတွေ အများကြီးထဲက ကိုယ်ချင်းစာနာတတ်တဲ့ ဒီ ဂုဏ်ပုဒ်လေးတစ်ခုကိုပဲ ဖော်ထုတ်ပြီး အာရုံပြု ဦးခိုက်မိပါတယ်။

 ကျေးဇူးတော်ရှင် သီတဂူဆရာတော်ကြီး၏ ကမ္ဗည်းမထိုးစာတမ်း မဝင်မှတ်တမ်းမတင်ဖြစ်သော အတုယူအားကိုးသဘောကျရသော ဂုဏ်ထူးစွမ်းရည် ဝိသေသတို့ကား မိမိနှင့်တကွ သာသနာ့မျိုးဆက်သစ် ညီတောင်အဆက်ဆက် ၊ တပည့်အဆက်ဆက်တို့ရဲ့ စိတ်နှလုံး၊ ဟဒယသန္တာန်တို့တွင် အသီးသီးသမိုင်းတင်ထားပြီး ဖြစ်ကြပါတယ်။ ကိုယ်ချင်းစာနာစိတ် ကြီးမားနိုင်လွန်းလှပါတယ်။ကျေးဇူးရှင် ဆရာတော်ဘုရားကြီး၏ ဂုဏ်ကျေးဇူးကို ဦးခိုက်ပူဇော်လျက်...။

 တပည့် ဓမ္မဒူတ အရှင်ဆေကိန္ဒ။ _/\_ _/\_ _/\_

 ဣဒံမေ ပုညံ ပရေသံ ဟိတမိစ္ဆေယျံ၊ ဟိတံ မေ ဣစ္ဆတံ ပရော။

ဣဒံမေ ပုညံ ဗောဓိ ဉာဏဿ ပစ္စယော ဟောတု _

/\_ သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ_/\_

 Credit --- Pay Thoe