Wednesday, June 6, 2018

မိုးရေစီးကြောင်းနှင့် ဖိနပ်လေး

မိုးရေစီးကြောင်းနှင့် ဖိနပ်လေး

♣ တောင်ပေါ်က ကျလာတဲ့ မိုးရေစီးကြောင်းမှာ ခုံဖိနပ်စုတ်လေး တစ်ဖက်ရယ်…. ရာဘာဖိနပ်စုတ်လေး (ကြက်ပေါင်ဖိနပ်) တစ်ဖက်ရယ် မျောလာတယ်။ "ဟယ် ဖိနပ်ကလေး.. အံမယ်.. သူတို့နှစ်ခုက ရေစီးနဲ့မျောလာတာ ဟိုနားတစ်ဖက်၊ ဒီနားတစ်ဖက်" မြင်ရတာ အံ့သြသွားတယ်။


★ ဘယ်သူစီးတဲ့ဖိနပ်မှန်းမသိ အမျိုးသမီးစီး "ခုံဖိနပ်အစုတ်လေးတစ်ဖက်" နဲ့ တစ်အိမ်တစ်နေရာက ဘယ်သူစီးမှန်းမသိတဲ့ ယောက်ျားစီး "ကြက်ပေါင်ဖိနပ် (ရာဘာဖိနပ်)" က လာဆုံတယ်။ သူ့ဟာသူ နှစ်ခု တွဲသွားတာ.. အံမယ်… တယ်ဟုတ်ပါလားပေါ့။

★လာဆုံပြီး ကိုယ့်ရှေ့ရောက်… ငါးပေလောက်ရှိတဲ့ ကျောက်တုံးကြီးနဲ့ ဝင်တိုက်မိတော့ ဖိနပ်လေးနှစ်ရံ ကွဲသွားရော…. ။ ဘယ်တော့များ ဒီဖိနပ်လေးနှစ်ရံ ပြန်ဆုံဦးမလဲလို့ လိုက်ကြည့်တာ…. စိတ်ထဲမှာ ကိုယ်က ဒီနှစ်ခုကို သွားကိုင်ပြီး ဆုံပေးလိုက်ချင်တာ။ နေဦးကွာ.. ကြည့်ဦးမယ်ဆိုတော့ လား လား.. ရေစီးနဲ့ပါသွားတာ။ နှစ်ခု ပြန်မဆုံဘူး။ ညောင်ပင်ကြားကနေ ရေက လေးငါးပေလောက် ရေတံခွန်လိုကျနေတဲ့နေရာရောက်တော့ ခုံဖိနပ်က အရင် အောက်ထဲထိုးကျပြီးတော့ ချောင်း၊ ရေမြောင်းကနေ၊ ဟိုးမြစ်ထဲအထိ စီးသွားတယ်။ ရော်ဘာဖိနပ်စုတ်( ကြက်ပေါင်ဖိနပ်) ကတော့ သူက မကျချင် ကျချင်နဲ့ ဟို ငြိ ဒီငြိနဲ့ ကျသွားတယ်။

★ ကံဆုံရင်တော့လည်း ဒီမိုးရေစီးထဲမှာကိုပဲ ဖိနပ်ကလေးနှစ်ခုက လာဆုံတယ်။ ★ ဆုံဖို့မလွယ်တာ ဆုံပြီးတော့ ကျောက်တုံးလည်းတွေ့ရော ကွဲသွားတယ်။

★ ဆုံဖို့ ခဲယဉ်းတာ ဆုံလာတယ်။ ဆုံလာတာ တွဲတာမှ သိပ်မကြာသေးဘူး။ ကျောက်တုံးနဲ့ တိုက်ပြီး ကွဲထွက်သွားပြီ။

★☆ တွေ့ဖို့ ဆုံဖို့ ခဲယဉ်းတဲ့ ဖိနပ်အစုတ်လေး နှစ်ဖက်တောင်မှ ဆုံချိန်တန် ဆုံပြီးတော့ အခန့်မသင့်ရင် ကွဲသွားသေးတာပဲ။ တွေ့ပြီဆိုကတည်းက ဆုံချိန်တန်ရင်တော့ ဆုံမှာပဲ။ ကွဲချိန်တန်ရင်တော့ ကွဲမှာပဲဆိုရင်... ဘယ်သူ့ကို လက်ဆွဲပြီးတော့ မခွဲတမ်းနေမယ်ဆိုတဲ့ စိတ်မျိုးဟာ လျော့သွားတယ်။

★ ဆုံအောင်လည်း ကိုယ်လုပ်တာမဟုတ်ဘူး။ တစ်ဖက်စီ မျောလာပြီးဆုံသွားကြတာ။

 ★ ကွဲအောင်လည်း ကိုယ်လုပ်တာ မဟုတ်ဘူး။ အခန့်မသင့် ကျောက်တုံးနဲ့ထိပ်တိုက်တွေ့ပြီး ကွဲထွက်သွားတာပဲ။

★ ပြန်ဆုံမလား ကြည့်ပြန်တော့လည်း ချောက်ထဲကျ၊ မြစ်ထဲရောက်၊ မြစ်ထဲတော့ လိုက်မကြည့်နိုင်တော့ဘူး။ ဆုံမလား။ မဆုံဘူးလား။

★ ငယ်ကတည်းက ခင်တဲ့သူနဲ့ တစ်သက်လုံးဆုံဖို့ဆိုတာ ဘယ်လိုမှ မသေချာဘူး။ ● မိဘဖြစ်ရင် သားသမီးနဲ့ဆုံမယ်။ ● ခင်ပွန်းယောက်ျားဖြစ်ရင် ဇနီးမယားနဲ့ ဆုံမယ်။ ● ဇနီးမယားဖြစ်ရင် ခင်ပွန်းယောကျ်ားနဲ့ဆုံမယ်။ ● သားသမီးဖြစ်ရင် မိဘနဲ့ဆုံမယ်။ ● ဆရာဖြစ်ရင် တပည့်နဲ့ဆုံမယ်။ တစ်နေရာစီ၊ တစ်နေရာစီကလာပြီး ဆုံတာပဲ။

 ★☆ ဒီလူနဲ့မှ အတင်းပြန်ဆုံဖို့ထက်၊ တစ်ယောက်နဲ့တစ်ယောက် ဆုံကြတဲ့အခါမှာ အဆင်ပြေကြဖို့ အရေးကြီးတယ်။ ♡ တစ်ယောက်စိတ်ချမ်းသာအောင် တစ်ယောက်က ကူညီလို့၊ ♡ ကိုယ်စိတ်ချမ်းသာအောင် သူကူညီ၊ ♡ သူစိတ်ချမ်းသာအောင်ကိုယ်ကူညီ။ ♡ ဘယ်သူနဲ့ဆုံမှ ဆိုတာထက် ဘယ်သူနဲ့ ဆုံဆုံ အဆင်ပြေဖို့က အရေးကြီးတယ်။ ♡ ဘယ်သူနဲ့တွဲချင်တယ်ဆိုတာထက် ကြုံလာတဲ့သူနဲ့ အဆင်ပြေအောင် နေသွားပေးရင် မကောင်းဘူးလား။ ● တစ်ဦးတစ်ယောက်ကိုလက်တွဲပြီးတာ့ ဒါမှဒါ ဆိုတာကြီးက ဘယ်မှာ သေချာမှာတုန်း။

★☆ ဘဝဆိုတာဒီလိုပါလား။ လောကကြီးက ဒီလိုပါပဲ။ ♥ ကံဆုံရင် ကြုံကြရမှာပေါ့။ ဆုံကြရမှာပေါ့။ ♥ ကံကုန်ရင် ကွဲကြရမှာပေါ့။ ♥ ကံဆွဲရင်လည်း တွဲကြရမှာပေါ့။ ♥ ကံခွဲရင်လည်း ကွဲကြရမှာပေါ့

★ဒီအသိလေးဝင်လာရင်၊ သိလာရင် လောကမှာ ဖြတ်သန်းရတဲ့အခါ မျက်ရည်စိုရွဲရတာတွေ ဖြစ်နိုင်ဘူး။ အတင်အဓမ္မ အော်ကြီးဟစ်ကျယ်နဲ့ ပျော်တာမျိုးလည်း မဖြစ်နိုင်ဘူး။ ပုံမှန်လေးနဲ့ ဘဝဖြောင့်အောင် လျှောက်လှမ်းနိုင်ပါတယ်။

(ဘဝဖြောင့်ကြောင်းတစေ့တစောင်း တရားတော်မှ ထုတ်နှုတ်ပူဇော်ပါသည်။)

Credit to May Thu Khine