Wednesday, June 6, 2018

“လောကကို အကျိုးပြုလိုခြင်း”

“လောကကို အကျိုးပြုလိုခြင်း”


❦ကိုယ့်ကိုယ်ကို အတတ်နိုင်ဆုံးအဆင့်အတန်းမြင့်တဲ့ စိတ်နေသဘောထား နဲ့အသိဉာဏ် ရှိတဲ့ လူသားတစ်ယောက်ဖြစ်အောင်မြှင့်လိုက်ခြင်းအားဖြင့် လောကကြီးတစ်ခုလုံးကိုအကျိုးပြုလိုက်တာပဲ။

❦ကိုယ့်ကိုယ်ကို နည်းမျိုးစုံနဲ့ အဖက်ဖက်ကပိုကောင်းအောင် ကြိုးစားနေတာ၊အကျင့်စာရိတ္တ၊စိတ်နေသဘောထား၊လုပ်ရည်ကိုင်ရည်ပိုကောင်းအောင် ကြိုးစားနေတာ၊ပိုပြီး ဉာဏ်ပညာ ရင့်ကျက်တဲ့သူဖြစ်အောင် ကြိုးစားတာဟာတစ်လောကလုံးကို အထိရောက်ဆုံးနည်းနဲ့ အကျိုးပြုတာပဲ။


❦အကောင်းဆုံးဆိုတာ ဘာလဲဆိုတာကိုကိုယ်သိထားတဲ့ အသိဉာဏ်ပေါ်မှာ အခြေခံပြီးတော့ကိုယ့်မှာရှိတဲ့ အကောင်းဆုံးစိတ်ထားတွေ နဲ့အကောင်းဆုံး အသိဉာဏ်တွေကို ထုတ်ပြီးတော့ကိုယ့်အသိနဲ့ကိုယ်၊ကိုယ့်စိတ်ဓာတ် နဲ့ ကိုယ်၊ကိုယ့်စိတ်နဲ့ ကိုယ့်ကိုယ် အကောင်းဆုံးကိုအားသွန်ပြီးတော့ လုပ်နေမှသာ အဲဒီလူက လူပီသတယ်။အဲဒီလိုလူဟာ လောကကိုအကျိုးပြုတယ်။

❦ကိုယ့် choice နဲ့ ကိုယ် ကိုယ့်ဘဝကိုအကောင်းဆုံး နေသွားနိုင်တဲ့လူဟာလောကကြီးကိုလည်း အများဆုံးအကျိုးပြုတဲ့လူ ဖြစ်တယ်။

 ❦ကိုယ့်ဟာကိုယ် စိတ်ချမ်းသာအောင် နေတတ်တာကိုကလောကကြီးရဲ့အကျိုးကို ဆောင်ရွက်ပြီးသားဖြစ်ပါတယ်။ ❦လောကမှာ ကြွားရရုံသဘောမျိုးနဲ့ လောကကို နေသွားတဲ့လူဟာ လောကကို အကျိုးပြုတဲ့လူမဖြစ်နိုင်ဘူး။ရိုးသားမှုအပြည့်နဲ့ ကိုယ့်ရဲ့တကယ့် အရည်အချင်း၊တကယ့်စိတ်စေတနာတွေကို ဖော်ထုတ်ပြီးတော့အသုံးချနေတဲ့သူသာလျှင် လူ့လောကကိုတကယ်အကျိုးပြုတဲ့လူ ဖြစ်မယ်။

 ❦အဆင့်မြင့်တဲ့ ခံယူချက်ရှိမှ၊ပြတ်သားတဲ့မူရှိမှ၊ရိုးသားမှုရှိမှ အများအကျိုးကိုထိထိရောက်ရောက် ဆောင်ရွက်နိုင်မယ်။ဒါမှလည်း ခေါင်းဆောင်ကောင်း ဖြစ်မယ်။

❦ငါမသေချင်ဘူး၊ငါမသေချင်သေးဘူးဆိုတာကအသက်မသေရုံလေး နေချင်တယ်လို့ ဆိုလိုတာမဟုတ်ဘူး။ငါလုပ်နိုင်သမျှ အကောင်းဆုံးတွေကို အများဆုံးလုပ်မယ်ဆိုတဲ့စိတ်နဲ့ မသေချင်တာ။ငါဟာလောကကြီးအတွက် ဝန်ထုပ်ကြီး ဖြစ်မနေရဘူး။

 ❦သူ့ဉာဏ်ကို သူ ထုတ်မသုံးပဲနဲ့ တစ်ယောက်ယောက်ကခိုင်းတာကို မျက်စိမှိတ်ပြီးတော့ လုပ်တဲ့သူမျိုးဖြစ်သွားအောင်သူ့ကို ပုံသွင်းလိုက်မယ်ဆိုရင် သူ့ကိုလည်းဖျက်ဆီးရာရောက်သလို၊လောကကြီးကိုပါ ဖျက်ဆီးရာရောက်သွားတယ်။

❦အာဟာရချို့တဲ့ရင် ခန္ဓာကိုယ် ထွားသင့်သလောက်မထွားနိုင်တော့ဘူး။ အဲသလိုပဲ စိတ်ပိုင်းဆိုင်ရာလိုအပ်ချက်တွေ မရရင်လည်း စိတ်ဟာ မထွားနိုင်တော့ဘူး။စိတ် လူစဉ် မမီတော့ဘူး၊စိတ်အားနည်းနေမယ်။စိတ်ဓာတ် ကျနေမယ်။သူ့ ဉာဏ် နဲ့သူ ဘာမှမစဉ်းစားတော့ဘူး။မဆုံးဖြတ်တော့ဘူး။“ဘာလုပ်ရမယ် ဆိုတာ ပြောပါ၊ပြောတဲ့အတိုင်း လုပ်ပါ့မယ်” ဆိုတဲ့လူ ဖြစ်သွားရော။ခလုပ်နှိပ်လိုက်ရင် နှိပ်တဲ့ အတိုင်းလုပ်တဲ့“စက်ရုပ်” ဖြစ်သွားရော။အဲဒီလိုလူတွေ များလာရင် လူ့အသိုင်းအဝိုင်းကြီးမတိုးတက်နိုင်တော့ဘူး။ကိုယ်ပိုင်ဉာဏ်လည်း မရှိတော့ဘူး။ကိုယ်ပိုင်စိတ်ဓာတ်လည်း မရှိတော့ပဲနဲ့ခိုင်းတာကိုလုပ်တဲ့လူတွေ များလာရင်လူ့အသိုင်းအဝိုင်းဟာ မတိုးတက်တော့ဘူး။ခိုင်းမှ လုပ်တဲ့လူ၊“ကိုယ့်စိတ်ကူးနဲ့ ကိုယ် စဉ်းစဉ်းစားစားလေးကောင်းအောင် လုပ်လိုက်ပါ” ဆိုရင်မလုပ်တတ်တော့တဲ့သူတွေ များနေရင်လူ့ အသိုင်းအဝိုင်းကြီး မတိုးတက်နိုင်ဘူး။လောကကို အကျိုးပြုတဲ့လူတွေ များများဖြစ်ပေါ်လာဖို့အရေးကို လေးလေးနက်နက် စဉ်းစားစေချင်တယ်။ဒါ့ကြောင့် အကောင်းဆုံးစိတ်ထားတွေ နဲ့အကောင်းဆုံးအရည်အချင်းတွေကို အများဆုံးထွက်ပေါ်လာအောင် ဘယ်လိုလုပ်ပေးရမလဲဆိုတာကို ပညာရေး ရှုထောင့်ကနေလည်း ကြည့်ရမယ်။ဘာသာရေး ရှုထောင့်ကနေလည်း ကြည့်ရမယ်။စီးပွားရေး မှာတောင်မှ လူတွေရဲ့ အသိဉာဏ် နဲ့စိတ်ထားတွေ မြင့်မားရေးဘက်ကိုပါထည့်စဉ်းစားတဲ့ စီးပွားရေးပဲ ဖြစ်ရမယ်။ကိုယ့်အားကိုယ်ကိုးတဲ့လူ၊ကိုယ့်အရည်အချင်းနဲ့ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်တဲ့လူတွေများများဖြစ်လာအောင် စဉ်းစားပေးရမယ်။

 ❦လူတွေကို ကိုယ့်ကိုယ်ကိုယုံကြည်မှုမရှိအောင်၊ကိုယ့်ကိုယ်ကိုအထင်သေးအောင်တစ်နည်းနည်းနဲ့လုပ်လိုက်မယ်ဆိုရင် အဲဒီလူရဲ့ဘဝကိုဖျက်ဆီးလိုက်သလို ဖြစ်သွားပြီးတော့ လူ့အသိုင်းအဝိုင်းကြီးကိုသူ့အနေနဲ့ အကျိုးပြုနိုင်တဲ့ စွမ်းရည်သတ္တိကိုပါဖျက်ဆီးလိုက်သလို ဖြစ်သွားတယ်။

❦လူတွေမှာ ဘဝ နဲ့ ပတ်သက်ပြီးတော့၊လောက နဲ့ ပတ်သက်ပြီးတော့၊အလုပ်အကိုင် နဲ့ ပတ်သက်ပြီးတော့သူတို့မှာ အရည်အချင်းများများ ရှိလာအောင်အကူအညီပေးရမယ်၊အထောက်အပံ့ ပေးရမယ်။စားဝတ်နေရေး နဲ့ ပတ်သက်ပြီးတော့အလုပ်ကို နားလည်အောင်၊လုပ်တတ်အောင်၊သူတို့ကို အခြေအနေတွေ ဖန်တီးပေးရမယ်။လုပ်ချင်အောင်လည်း အခြေအနေတွေ ဖန်တီးပေးရမယ်။လူဟာ များများသိလာတယ်၊များများတတ်လာတယ်၊များများလုပ်နိုင်လာတယ်ဆိုရင် “ငါဟာစွမ်းနိုင်တယ်” ဆိုတဲ့ခံစားမှုကိုရတယ်။သူ့ကိုယ်သူ ယုံကြည်မှု အများကြီးရတယ်။ကိုယ့်အကျိုးကိုလည်း ဆောင်ရွက်နိုင်တယ်၊အများအကျိုးကိုလည်း ဆောင်ရွက်နိုင်တယ် ဆိုရင်အဲဒီလူဟာ သူ့ဘဝကို အဓိပ္ပာယ်ရှိတယ်လို့ ခံစားရတယ်။ဒါကြောင့်လူတွေကို အစွမ်းအစပိုရှိတဲ့သူတွေဖြစ်လာအောင်စဉ်းစားပေးပြီးတော့ လိုအပ်တာလေးတွေကို ဖန်တီးပေးဖို့လိုတယ်။လူတွေရဲ့ အစွမ်းအစ၊ လုပ်ရည်ကိုင်ရည်တွေ နိမ့်ကျသွားရင်၊အသိဉာဏ်ပညာတွေ စိတ်ထားတွေ နိမ့်ကျသွားရင်၊လူ့အသိုင်းအဝိုင်းကြီးတစ်ခုလုံး ပျက်စီးသွားနိုင်တယ်။

❦လူ့အသိုင်းအဝိုင်းကြီးတစ်ခုလုံး ကောင်းလာဖို့ဆိုတာမှန်ကန်တဲ့အသိအမြင်၊မှန်ကန်တဲ့သဘောထား၊မှန်ကန်တဲ့စေတနာပေါ်မှာ အခြေခံတဲ့ မှန်ကန်တဲ့အလုပ်တွေကိုလူတွေများများလုပ်နိုင်ဖို့လိုတယ်။အဲဒါမှ အားလုံးအတွက် ကောင်းမယ်။ဒါမှလူ့အသိုင်းအဝိုင်းကြီးဟာ နေရတာစိတ်အေးချမ်းမှု ရမယ်။စိတ်ထဲမှာ လုံခြုံမှုလည်း ရမယ်။ပျော်စရာ အင်မတန်ကောင်းမယ်။အဲသလို အသိုင်းအဝိုင်းမှာဆိုရင် စိတ်ညစ်တယ်။စိတ်ဓာတ်ကျတယ်။ဘာလုပ်ရမှန်းမသိဘူး။ဘာမှ မတတ်နိုင်တော့ပါဘူး ဆိုတဲ့ ခံစားမှုမျိုးကအင်မတန်နည်းသွားမယ်။ဇိမ်ခံပစ္စည်းတွေ များများသုံးနိုင်ရုံ နဲ့ လူ့အသိုင်းအဝိုင်းကြီးကောင်းလာတယ်လို့ ပြောလို့မရဘူး။စိတ်ပိုင်းဆိုင်ရာ လိုအပ်ချက်လည်းပဲ ပြည့်စုံဖို့ အများကြီးအရေးကြီးတယ်။

 ❦ကိုယ့်ကိုယ်ကို ဒုက္ခပေးပြီးတော့“ငါ့ကိုယ်ငါ ဒုက္ခပေးတာ ဘယ်သူနဲ့မှ မဆိုင်ဘူး” လို့မပြောနဲ့နော်။ အဲဒါ အင်မတန် ဉာဏ်နည်းတဲ့အပြောဖြစ်သွားလိမ့်မယ်။ကိုယ့်ကိုယ်ကိုဒုက္ခပေးရင် လောကကြီး ဒုက္ခရောက်တယ်။ကိုယ်နဲ့ လောကကြီးဟာ ဆက်စပ်နေတယ်။ဘယ်လိုမှ သီးခြားဖြစ်သွားအောင် ထုတ်ယူပစ်လို့ မရဘူး။ထို့အတူကိုယ့်ကိုယ်ကို ကောင်းအောင်လုပ်လိုက်ရင်လောကကြီးကို ကောင်းအောင်လုပ်တာပါ။ငါ့ကိုယ်ငါ မဖျက်ဆီးသင့်ဘူး။ငါ့ကိုယ်ငါ ကောင်းအောင် နေသင့်တယ်။ငါ့ဟာငါ ကောင်းအောင်နေခြင်းသည်ပင်လျှင်လောကကြီးကို အကျိုးပြုနေတာ ဖြစ်တယ်။

【ဆရာတော်ဦးဇောတိက၊မဟာမြိုင်တောရ၏

“တွေးမိတိုင်းပျော်တယ်” မှ- ကူးယူပူဇော်မျှဝေပါသည်။】

 credit : ဓမ္မစာပေများ page