သိနေတာကိုက အင်မတန်အဖိုးတန်လှပြီ
❆ ထိုင်တဲ့အခါမှာ ပေါ်လာတဲ့စိတ်တွေက အရမ်းများတယ်။ တော်ကြာ ငယ်တုန်းကအကြောင်းတွေ ရောက်လာလိုက်၊ တော်ကြာ ၁၀-နှစ်လောက်က လုံးဝသတိမရတဲ့လူက ဖြုန်းကနဲ ပေါ်လိုက်ဘုရား။ကိစ္စမရှိဘူး ဒီလိုစိတ်ပျံ့တာကို လိုက်ကြည့်ရတာ တော်တော်ပျော်စရာကောင်းတယ်။
" စိတ်ဆိုတာ" ဘယ်လိုနေလဲ။ သူ့အကြောင်းကိုပဲ ပထမသိဖို့လိုတာ။ သူ့သဘာဝက ဘယ်လိုလဲ သတိထားကြည့်ရင် တွေ့လိမ့်မယ်။ အဲဒီလို စိတ်တွေ ဟိုရောက်ဒီရောက် ရောက်အောင် ကိုယ်က တမင်တကာခိုင်းသလားလို့ တစ်ခါမှ မစဉ်းစားဖူးတဲ့ ငယ်တုန်းက အကြောင်းတွေပေါ်လာအောင် ဘယ်သူကခိုင်းတာလဲ။
သူ့ဟာသူဖြစ်နေတာနော်။ ပထမအဆင့်အနေနဲ့ အနတ္တသဘောကို သေချာမြင်အောင် ကြည့်ပါ။ ဒီစိတ်ကိုပဲ ငါငါဆိုပြီး နေကြတာနော်။ စိတ်ကိုပဲ အသက်လိုသဘောထားပြီး နေကြတာ၊ ဒီစိတ်က အသက် ဒီစိတ်ကငါပဲ။ လူတွေက ဒီခန္ဓာကြီးသေသွားတာတောင် ငါက မသေသေးဘူး။
ငါသေတယ်လို့ပြောပေမဲ့ ခန္ဓာကိုယ်ကြီးကို "ငါ" လို့ခေါ်ထားတဲ့အရာကြီးရဲ့ နေအိမ်သဘောမျိုး သဘောထားချင်တာ။ ဘဝသံသရာလို့ပြောတဲ့အခါ ခန္ဓာအသစ်ကြီးယူသွားပြီလို့ တွေးကြပြောကြတာရှိတယ်။ ဒါ သမုတိသစ္စာသဘောနဲ့ တွေးကြည့်ရင်မမှားပါဘူး။
ပရမတ္ထသစ္စာနဲ့ဆိုရင် မှားတယ်။ အဲဒီ "ငါ့စိတ်" ဆိုတာကို သေချာစောင့်ကြည့်ရင် တွေ့ရမယ်။ သူ့ဟာသူ ဘယ်လောက်တွေးတွေး တွေးပါစေ။ အဲဒီ တွေးတာကို သေချာကြည့်ပါ။ ဒီအတွေးတွေ ငါတကယ် လုပ်ယူတာလားလို့။ စိတ်တွေဟိုဟာတွေး ဒီဟာတွေးတာကို လိုက်သိနေတာကိုက တော်တော်လေး အဖိုးတန်တယ်။ သိတဲ့အားကောင်းလာရင် စိတ်ရဲ့သဘာဝကိုပိုနားလည်လာတယ်။
လောဘဖြစ်လာတယ်ဆိုရင်လည်း လောဘကိုသိတယ်၊ ဒေါသဖြစ်လာရင်လည်း ဒေါသမှန်း၊ မာနဖြစ်လာရင်လည်း မာနမှန်း သိလာတယ်။ အဲဒီလိုသိဖို့က (ဖြစ်တာ)ကိုသိဖို့ အရေးကြီးတယ်။ လောဘရဲ့သဘာဝက တစ်ခုခုကိုရအောင်လုပ်ခိုင်းတယ်။ သူ့စိတ်ထဲမှာထင်တာတော့ ငါလိုချင်တယ်လို့ထင်တယ်။ အမှန်တော့ လောဘက လိုချင်တာ၊ ဒီလောဘက လိုချင်နေတုန်းမှာ ဒီလိုချင်တဲ့အာရုံကိုရရင် အင်မတန်ချမ်းသာမယ်လို့ ထင်နေတာ။ ဒီလောဘက ထင်နေတာ။
အဲဒီတော့ သူဖြစ်ချင်တာကို လျှေက်လုပ်တော့တာပဲ။ သူလိုချင်တာ ရတော့ရော တကယ်ကျေနပ်လို့လား၊ တကယ်မကျေနပ်ဘူး။ သူ့ သဘာဝကို သိဖို့အရေးကြီးတယ်နော်။ ဒေါသ တအားဖြစ်လာရင် တစ်ကိုယ်လုံးတဖျင်းဖျင်းနဲ့ မြည်နေသလိုပဲ။ ခန္ဓာကိုယ်တခုလုံး Vibrate ဖြစ်လာတယ်။ အသက်ရှူမမှန်ဘူး၊ တင်းကျပ်လာတယ်။ ဒီ တုန်လာတာကိုသိရင် ဒေါသပြေမသွားတောင် နဲနဲတော့လျော့သွားတယ်။ ဒီလိုသိတဲ့အားကောင်းလာရင် ဒေါသဟာ နည်း_နည်း သွားမယ်။
စိတ်ထဲမှာက ဖြစ်တဲ့အကြောင်းတွေက လောဘဖြစ်စရာအကြောင်း၊ ဒေါသဖြစ်စရာ မာနဖြစ်စရာအကြောင်း၊ သို့မဟုတ် ဣဿာမစ္ဆရိယ ဖြစ်စရာအကြောင်း၊ ဒါတွေက သိပ်အဖြစ်များတယ်။ မေတ္တာဂရုဏာလည်း ပါတော့ပါမှာပေါ့။ အင်မတန် သတိကောင်းတဲ့သူမှ ကုသိုလ်စိတ်အဖြစ်များတာလို့ ဆိုနိုင်တယ်။ သတိ သမာဓိနည်းတဲ့သူဆိုရင် အကုသိုလ်စိတ် အဖြစ်များတယ်။ ပုထုဇဉ်မှာ လောဘ ဒေါသ မောဟ ရှိတယ်။ အနာဂါမ်ကျမှ လောဘ ဒေါဘ လုံးဝမရှိတော့တာ။ မာနက ရှိနေသေးတယ်။ အရဟတ္တမဂ်ကျမှ မာနက ကုန်တယ်။ သတိနဲ့ သိနေရင်း ပြောပါ၊ ပြုပါ။
သိတဲ့အားကောင်းလာရင် သူ့အလိုလိုစိတ်သန့်ရှင်းလာလိမ့်မယ်။ ဘယ်လိုအကုသိုလ်ဖြစ်ဖြစ် ဖြစ်တဲ့အခါ ဖြစ်တဲ့စိတ်မှာ _ "သတ္တိ" ရှိတယ် ထိုသတ္တိက အကျိုးပေးချိန်တန်ရင် အကျိုးပေးမှာပဲ။ ကိုယ်ပြုခဲ့တဲ့မကောင်းမှုက အခုဘဝမှာတောင် ပြန်အကျိုးပေးတာမျိုးတွေ သတိထားရင်တွေ့ရတယ်။ သတိပိုထားပါ။ သတိနဲ့နေပါ။ ကျင့်ပါ။ သိတဲ့အားကောင်းလာရင် စိတ်ရဲ့သဘာဝကို ပိုပြီးနားလည်လာတယ်။ သဘာဝတရားတွေကို ပိုပိုသိလာတယ်။ သောကဖြစ်စရာ စိတ်ညစ်စရာ ပေါ်လာရင် သတိလေး-ပါ-နေရင် ချက်ခြင်းသိလာတော့ ကြာကြာမဖြစ်တော့ဘူး။ ခဏလေးနဲ့ ငြိမ်းအေးသွားတယ်။
စိတ်ဆင်းရဲမှု အများကြီးသက်သာပြီး ကြမ်းတမ်းတဲ့ လောဘ ဒေါသ ကိလေသာတွေ အဖြစ်နည်းသွားတယ်။ ဘယ်လိုစိတ်ပဲဖြစ်ဖြစ် ဖြစ်နေတဲ့စိတ်ရဲ့သဘာဝကို သေချာကြည့်ပါ။ သိတယ်ဆိုတဲ့ အကြောင်းတရားကို ပြည့်စုံအောင် ဆောင်ရွက်နေပါက ဖြစ်သင့်တဲ့အကျိုးတရားဟာ သူ့ဟာသူ ဖြစ်လာလိမ့်မယ်။ သတိဟာ အင်မတန်မြင့်မြတ်တဲ့ ကုသိုလ်ဖြစ်တယ်။ သတိပင်လျှင် ကုသိုလ်ပါ။ သတိနဲ့ နေလိုက်တိုင်းနေလိုက်တိုင်း အင်မတန်ကြီးတဲ့ ကုသိုလ်ဖြစ်တယ်။ သိနေရင် တန်ဖိုးရှိနေပြီ။ သတိနဲ့နေခြင်းဖြင့် အဓိပ္ပါယ်ရှိတဲ့ဘဝကို နေနိုင်ကြပါစေ။
ဆရာတော်ဦးဇောတိက ( မဟာမြိုင်တောရ )
Credit. To. အလင်းစေတမန်