Thursday, June 7, 2018

အသက်ရှည်ကြောင်း အကျင့် (၁၀) မျိုး

အသက်ရှည်ကြောင်း အကျင့် (၁၀) မျိုး

ကိုယ်ကျန်းမာမှု၊ စိတ်ချမ်းသာမှုနဲ့ ပြည့်ဝတဲ့ အသက်ရှည်ခြင်းဆိုတဲ့ ဂုဏ်ကို လူတိုင်းတောင့်တကြတယ်။ဒုက္ခ္ခတွေများစွာ ရင်ဆိုင် ကြုံတွေ့နေရတဲ့သူတွေကတော့အသက်ဆက်ရှင်ဖို့ စိုးရွံ့ကောင်း စိုးရွံ့ပါလိမ့်မယ်။ ဒါပေမယ့် တကယ်တော့ အဲဒီ ဒုက္ခတွေများနေတဲ့ လောကထဲကနေ ဓမ္မဖြင့် သုခကို ရှာပြီးနေရတာပါ။


“ဓမ္မော ဟဝေ ရက္ခတိ ဓမ္မစာရီ” တရားသိပြီး တရား အတိုင်းလိုက်နာကျင့်သုံးတဲ့သူကို တရားက စောင့်ရှောက်ပါတယ်။ ဘုရားရှင်က ဓမ္မဖြင့် စိတ်ချမ်းချမ်းသာသာ အသက်ရှည်နိုင်ကြောင်း ဟောထားတာရှိပါတယ်။ “ဓမ္မပါလဇာတ်”ဆိုတာ လူတိုင်း နီးပါး သိပြီးသားပါ။

“ဘုရားရှင်” ဟာ ခမည်းတော် “သုဒ္ဓေါဓနမင်း” ကို ကျေးဇူးဆပ်တဲ့အနေနဲ့ ဟောခဲ့တာ။ ဒီမှာတော့ ဇာတ်ကြောင်း ကို မပြောတော့ဘူး။ အသက်ရှည်စေတဲ့ တရားလေးကိုပဲ ထုတ်နုတ်ဖော်ပြပေးပါမယ်။ “တက္ကသိုလ်ဒိသာပါမောက္ခဆရာကြီး” က “ဓမ္မပါလမင်းသား”ရဲ့ မိဘတွေကို ဘာကြောင့် သူတို့မိသားစုတွေ ငယ်ငယ်နဲ့ မသေကြသလဲဆိုတာကို မေးတော့ မိဘတွေက ဒီလို ဖြေပါတယ်။

ကျွန်ပ်တို့ဟာ.....အချိန်တိုင်း၊ အရာရာတိုင်းမှာ အမှန်တရားကိုပဲ တရားနည်းလမ်းကျကျ လိုက်နာကြပါတယ်။

 (၁)။ အသက်တိုင်းဟာ တန်ဖိုးရှိပါတယ်။ ဒါကြောင့် ကျွန်ပ်တို့ဟာ ယုတ်စွအဆုံး အသေးဆုံးသော သတ္တဝါကိုပင် အသက် သတ်ခြင်းမှ ရှောင်ကြဉ်ကြတယ်။ .

(၂)။ သူများရဲ့ ပျော်ရွှင်မှုကို မနာလိုမဖြစ်သလို ၊သူများပိုင်ဆိုင်မှုတွေကိုလည်း အငမ်းမရ မလိုချင်ကြပါ။ .

(၃)။ လူလိမ်တစ်ယောက်ဟာ ပြစ်မှုအမျိုးမျိုးကို ကျူးလွန်နိုင်တဲ့အတွက် ကျွန်ပ်တို့ဟာ ပြတ်လုံးသဘောအနေနဲ့တောင် မှားယွင်း တဲ့စကား မပြောဆိုကြပါဘူး။ .

(၄)။ လူမိုက်တွေကို ရှောင်ကြဉ်ပြီး ပညာရှိတို့ကိုပဲ ပေါင်းသင်းပါတယ်။ ပညာရှိတို့ ကဲ့ရဲ့မယ့် အပြုအမှု အပြောအဆိုမျိုးကို မပြု လုပ်ကြပါဘူး။ .

 (၅)။ လူတိုင်းကို စကားပြောဆိုခွင့်ပေးပါတယ်။ သူတို့စကားကိုလည်း သေချာနားစိုက်ထောင်ပါတယ်။ သို့သော်လည်း ပညာမဲ့သော အယူအဆတွေကို ပယ်ပြီး ၊ပညာရှိတို့ရဲ့ မှန်ကန်တဲ့ အယူအဆမျိုးကိုပဲ လိုက်နာပါတယ်။ .

 (၆)။ ပေးလှူဖို့ ပြင်ဆင်နေတဲ့အခါမှာလည်း ဝမ်းမြောက်တယ်။ပေးလှူနေစဉ်မှာလည်း ဝမ်းမြောက်တယ်။ ပေးလှူပြီးနောက်လည်း ဝမ်းမြောက်တယ်။ .

 (၇)။ ပစ္စေကဗုဒ္ဓါ၊ လှည့်လည်သွားလာနေထိုင်သူ၊ ရဟန်းပုဏ္ဏား၊ လူလေလူလွင့်၊ သူတောင်းစား အားလုံးကို မခွဲခြားပဲ ပေးလှူ ကြတယ်။ ထမင်းဆာရင် ထမင်း၊ ရေဆာရင် ရေ လိုတာလှူတယ်။ .

 (၈)။ လင်းမယားအချင်းချင်း သစ္စာရှိတယ်။ ဘယ်တော့မှ အခြားသူနဲ့ မဖောက်ပြားဘူး။ .

(၉)။ ဘယ်တော့မှ သူများဥစ္စာခိုးဖို့ စိတ်မကူးပါ။ .

 (၁၀)။ စိတ်ကို မကြည်မလင်ဖြစ်စေမယ့် မည်သည့်အရက်သေစာ၊ မူးယစ်ဆေးဝါးကိုမျှ မသောက်ကြပါ။ ဒါတွေဟာ “အသက်ရှည်ကြောင်း အကျင့်ဆယ်မျိုး”ပါပဲ။

မိဘတိုင်းက သားသမီးတိုင်းကို ဒီဆယ်မျိုးသင်ပေးကြတယ်။ သား သမီးတွေကလည်း ဒီဆယ်မျိုးကို သင်တယ်။သင်ပြီးရင် ကျင့်တယ်။ စည်းကမ်းတကျနေကြတယ်။ သားသမီးတွေတင်မကဘူး အိမ်မှာနေတဲ့ “ကျွန်”တွေကအစ လိုက်နာကြတယ်။ ဒါကြောင့် ထီးဟာ မိုးရေကို ကာကွယ်ပေးသလို၊ တရားကလည်း သူ့ကို ကျင့်သုံးတဲ့သူတွေကို စောင့်ရှောက်ပေးခြင်းဖြစ်ပါတယ်။

 အားလုံးသောစာဖတ်ပရိသတ်များလည်း ဒီဇာတ်တော်လာ အကျင့်များကို အတုယူကျင့်သုံးလို့ အသက်ရှည်ကျန်းမာ၊ ပျော်စရာဘဝလေးများ ပိုင်ဆိုင်နိုင်ကြပါစေ။

 ရွှေစမ်းမြေ အရှင်ကဝိဓဇသာရ