Monday, June 4, 2018

ကုသိုလ်တန်ဖိုး

ကုသိုလ်တန်ဖိုး

 မိမိကိုယ်တိုင် စစ်မှန်သောသဒ္ဓါ တရားကို လက်ကိုင်ထားလျက် ဗုဒ္ဓမြတ်စွာ၏ဂုဏ်အား လေးလေးနက် နက် စူးစူးစိုက်စိုက်ယုံကြည်ပြီး ဗုဒ္ဓမြတ်စွာကို ဖူးမြော်ရန် သွားရောက် ခြင်း၌ ဆင်တစ်သိန်း၊မြင်းတစ်သိန်း၊ ရထားတစ်သိန်း၊ သတို့သမီးကညာ တစ်သိန်းတို့၏တန်ဖိုးသည် စစ်မှန် သော သဒ္ဓါတရားနှင့် ဗုဒ္ဓမြတ်စွာအား ဖူးမြော်ရန်သွားရောက်သည့် ခြေတစ်လှမ်း၏ ကုသိုလ်တန်ဖိုးနှင့် နှိုင်းစာလျှင် နှစ်ရာငါးဆယ့်ခြောက် စိတ် စိတ်၍ တစ်စိတ်သာ ရှိသေး သည်ကို အနာထပိဏ်သူဌေးကြီး ဖြစ်ရပ်က သာဓကတစ်ရပ် ဖြစ်ချေ သည်။


 အနာထပိဏ်ဆိုသည့် အဓိပ္ပာယ် ကို မြန်မာပြန်ဆိုပါက ကိုးကွယ်ရာ မဲ့သူများကို ထမင်း အမြဲကျွေးသော သူ၊ ကုသိုလ်ရှင်ကြီးဟု အဓိပ္ပာယ်ရ လေသည်။ အနာထပိဏ် ဆိုသည့် အမည်မှာ အမည်ရင်း မဟုတ်ဘဲ တိုင်းသားပြည်သူ လူအများတို့က ဂုဏ်ပြုပြီး ပေးအပ်ခေါ်ဆိုကြသည့် ဘွဲ့အမည် ဖြစ်လေသည်။ အမည်ရင်းမှာ သုဒတ္တ မည်၏။ သာဝတ္ထိ မြို့နှင့်တကွ ရာဇဂြိုဟ်၊ ဝေသာလီ၊ ဗာရာဏသီ စသည့်မြို့ကြီးများတွင် အနာထပိဏ်သူဌေးကြီးဟုထင်ရှား ကျော်ကြား လူသိများလေသည်။

 တစ်နေ့တွင် အနာထပိဏ် သူဌေးသည် လှည်းပေါင်းငါးရာဖြင့် သာဝတိ်္ထမှ ရာဇဂြိုဟ်ပြည်သို့ ကုန် ရောင်းကုန်ဝယ်ခရီး ထွက်ခဲ့လေ၏။ရာဇဂြိုဟ်တွင် သူ၏ယောက်ဖ တော်စပ်သည့် သူဌေးတစ်ဦး ရှိ၏။ ထိုသူဌေးအိမ်တွင် အမြဲတမ်းတည်းခို် ပြီး သာဝတ္ထိမှပါလာသည့်ကုန်ပစ္စည်း များကို ရောင်း၊ ရာဇဂြိုဟ်မှ ကုန် ပစ္စည်းများကို ပြန်လည်ဝယ်ယူ စသဖြင့် အမြဲပင် လုပ်ဆောင်နေကျ ဖြစ်လေ၏။

ရာဇဂြိုဟ်သူဌေးကလည်း အနာထပိဏ်သူဌေးရောက်လာလျှင် ပျာပျာသလဲနှင့် အရေးတယူကြိုဆို ပြီး ကျွေးမွေးဧည့်ခံပြုစုလေ့ရှိသည်။ ဤသို့ဖြင့် ယခုအခေါက်တွင် အနာထပိဏ်သူဌေးရောက်လာသည့် အခါ ရာဇဂြိုဟ်သူဌေးသည် ယခင့် ယခင်အခေါက်များကကဲ့သို့ ပျူပျူ ငှာငှာ ပျာပျာသလဲ ဧည့်ခံခြင်းမပြု ဘဲ ဝတ်ကျေတန်းကျေသဘောမျိုး နေရာထိုင်ခင်းပေးပြီး ချက်ပြုတ်နေ မှုကိစ္စများကို ကိုယ်တိုင် ကြီးကြပ် ဝီရိယစိုက်လျက် စီမံလုပ်ဆောင်နေ သည်ကိုတွေ့လိုက်ရသည်။

ထိုအခါ အနာထပိဏ်သူဌေးစိတ်ထဲတွင် ငါ့ယောက်ဖဟာ ငါ့ထက်ပိုပြီး ဂရု တစိုက် အလေးအမြတ်ပြုခဲ့တဲ့လူရယ် လို့ မရှိခဲ့ပါဘူး။ ဘယ်သူ့ကိုများ ကျွေးမွေးမှာမို့လို့ အခုလိုဘောဇဉ် အမွန်အမြတ်တွေ ကိုယ်တိုင် ချက်ပြုတ်လုပ်ဆောင်နေရသလဲဟု တွေးနေမိလေသည်။ ထိုသို့တွေးတော အကဲခတ်နေရာမှ နောက်ဆုံးတွင် ဘယ်လိုလဲ ယောက်ဖကြီး၊ ကိုယ်တိုင် ကိုယ်ကြပ် ဒီလိုဝေယျာဝစ္စတွေလုပ် နေကြတာ သားပေးသမီးယူအာဝါဟ ၀ိ၀ါဟ မင်္ဂလာကိစ္စအတွက်လား၊ ဒါမှမဟုတ် ရာဇဂြိုဟ်ပြည့်ရှင်ဘုရင် မင်းကြီး ဗိမ္ဗိသာရနဲ့ မှူးမတ်ဗိုလ်ပါ များအတွက် ဖြစ်ပါသလားဟု ဖွင့်ဟ မေးမြန်းမိလေသည်။

ထိုသို့မေးလိုက်သည့်အခါ ရာဇဂြိုဟ်သူဌေးက အို-သာဝတ္ထိ သူဌေးကြီးရယ်၊ ခင်ဗျားအပေါ် ဝတ္တရား လစ်ဟင်းရသည်များကို အနူးအညွတ် တောင်းပန်ပါတယ်။ ကျွန်ုပ်ဗျာများနေရတာက သားပေး သမီးယူကိစ္စ အတွက်လည်း မဟုတ်ပါဘူး။ ဘုရင် ဗိမ္ဗိသာရ မင်းကြီးအတွက်လည်း မဟုတ်ပါဘူး။ လောကသုံးပါးမှာ အထွတ်ဆုံး အမြတ်ဆုံးဖြစ်တဲ့ မြတ်စွာဘုရားနဲ့ တကွ သံဃာတော်များကို နက်ဖြန် နံနက်မှာ ဆွမ်းကပ်ရအောင် စီစဉ် နေခြင်းသာဖြစ်ပါတယ်ဟု တောင်းပန် ဖြေကြားလိုက်လေသည်။

ထိုသို့ ရာဇဂြိုဟ်သူဌေး ဖြေ ကြားလိုက်သည့်စကားထဲမှ မြတ်စွာဘုရား ဆိုသည့်အသံကို အနာထ ပိဏ်သူဌေးကြားလိုက်ရသည့်အခါ သူ့တစ်ကိုယ်လုံး ပီတိငါးဖြာထုံလွှမ်း သွားလေသည်။ သေချာသည်ထက် သေချာအောင်လည်း သုံးကြိမ် သုံးခါတိုင် ဆက်၍ဆက်၍မေးလေ၏။ ရာဇဂြိုဟ်သူဌေးကလည်း မြတ်စွာ ဘုရားဟုသုံးကြိမ်တိုင်အောင် ဆက်၍ ဖြေကြားလေသည့်အခါအနာထပိဏ် သူဌေးကြီးမှာ ပီတိငါးဖြာနှင့်အတူ ဗလဝသဒ္ဓါများ ဆက်၍ ဖြစ်ပေါ် နေလေတော့သည်။

 ပီတိဆိုသည်မှာ အလွန့်အလွန် (လွန်ကဲစွာ)ကြည်နူးစိတ်ဖြစ်ပေါ်ခြင်း မျိုးကိုခေါ်၏။

 ၁။ ခုဒ္ဒကာပီတိ-ကြက်သီးထသွားခြင်း။

၂။ ခဏိကာပီတိ-လျှပ်ပြက်သကဲ့သို့ တစ်ခဏကြာအောင် နှစ်သက်ခြင်း။

 ၃။ သြက္ကနိက္ကပီတိ-လှိုင်းတံပိုးထသကဲ့သို့ သိမ့်ခနဲ၊ ငြိမ့်ခနဲ ဖြစ်သွားအောင် နှစ်သက်ခြင်း၊

၄။ ဥဗ္ဗေဂါပီတိ -မိမိကိုယ်ကို ကြွမြောက်သွားသည် ဟု ထင်ရလောက်အောင် ကြည်နူး နှစ်သက်ခြင်း။

 ၅။ ဖရဏာပီတိ- အကြောပေါင်း တစ်ထောင် စိမ့်သွားအောင် ကြည်နူးနှစ်သက်ခြင်း။ ဗလဝသဒ္ဓါဆိုသည်မှာ (ဗလဝ) အလွန်တရာအားကြီးခြင်း၊ (သဒ္ဓါ) ယုံကြည်ခြင်း၊ ယုံကြည်မှု၌အင်အား အပြည့်အဝ ရှိခြင်းဟု အဓိပ္ပါယ်ရသည်။

 အနာထပိဏ်သူဌေးသည် မြတ်စွာဘုရားဆိုသည့်စကားကိုကြား လိုက်သည်နှင့်တစ်ပြိုင်နက် အရဟံ သမ္မာသမ္ဗုဒ္ဓဆိုသည့် ဂုဏ်တော်ကြီး များကို ကြည်နူးစွာ အောက်မေ့မိ လေသည်။ ထိုအခါ မြတ်စွာဘုရားရှင်အား ချက်ချင်းဆိုသလိုဖူးမြော်ချင်စိတ်များ တဖွားဖွားဖြစ်ပေါ်လာတော့သည်။ ထို့ကြောင့် ယခုမြတ်စွာဘုရားရှင် အဘယ်တွင် သီတင်းသုံးနေပါ သနည်းဟုမေးလိုက်၏။

ရာဇဂြိုဟ် သူဌေးက မြတ်စွာဘုရားရှင်သည် ရာဇဂြိုဟ်မြို့ပြင်ရှိ သီတဝနတောရ ကျောင်းတွင် သီတင်းသုံးနေပါတယ် ဟုပြောသဖြင့် အနာထပိဏ်သူဌေး သည် ယခုချက်ချင်းပင် ဘုရားရှင် ထံသို့အရောက်သွားမည် ပြောလေ၏။

ရာဇဂြိုဟ်သူဌေးက ယခုအချိန်သည် နေဝင်စပြုနေချိန် ဖြစ်သော ကြောင့် မြို့ပြင်လမ်းကို သွားရန် အချိန်မကောင်းတော့ကြောင်း၊ နက်ဖြန်နံနက် အရုဏ်တက်သည့် အခါ ဘုရားရှင် ဆွမ်းစားကြွလာမည် ဖြစ်၍ ထိုအခါကျမှပင် အားရပါးရ ဖူးမြော်နိုင်ကြောင်း နှစ်သိမ့်စကား ပြောဆိုပြီး ဘုံစဉ်ခုနစ်ထပ်ပေါ်၌ အိပ်ရာခန်းနား စီစဉ်ပေးလိုက်လေ သည်။ အနာထပိဏ်သူဌေးသည် အိပ်ရာပေါ်တွင် လှဲလျောင်းနေရ သော်လည်း စိတ်တွင် ဘုရားရှင်၏ ဂုဏ်တော်များကိုအောက်မေ့နေပြီး ဘုရားရှင်သီတင်းသုံးရာ သီတဝန တောရကျောင်းသို့သာလျှင် အရောက် သွားချင်နေလေသည်။ အချိန်ကလည်း ညဉ့်နက်သည်ထက် နက်လာ၏။

 မြို့ပြင်ခရီးဆိုတော့ လည်း ချောက်ချားစရာကောင်းပေ လိမ့်မည်။ ရာဇဂြိုဟ်သူဌေးပြောသကဲ့ သို့ပင် နံနက်မိုးသောက် အရုဏ် တက်ချိန်တွင် မြတ်စွာဘုရား ကြွလာ မှသာ ဖူးမြော်ပါတော့မည်ဟု စိတ် နှလုံးတုံးတုံးချ၍ အိပ်စက်လိုက်ပါ တော့၏။

သို့သော် သဒ္ဓါစိတ်သည် နှိုးဆွ ပြင်းထန်ခြင်း ဖြစ်ရသည့်အတွက် မကြာခဏ နိုးလိုက်၊နိုးလိုက်ဖြစ်နေ ရသည်။ နောက်ဆုံးအကြိမ် နိုးလာ သည့်အခါတွင်အောင့်အည်းသည်းခံ မနေနိုင်တော့ဘဲ ဘုရားထံမှောက် အရောက်သွားတော့မည်ဟု စိတ် ဆုံးဖြတ်လိုက်၏။

ထိုသို့ စိတ်ဆုံးဖြတ် လိုက်သည်နှင့် တစ်ပြိုင်နက် အနာထပိဏ်သူဌေး၏ တစ်ကိုယ်လုံး မှာအလင်းရောင်များ ဝင်းဝင်းလက်လက် ထွက်ပေါ်လာလေတော့ သည်။ သဒ်္ဓါစိတ်က နှိုးဆော်နေသည့် အနာထပိဏ်သူဌေးသည် မိမိ အိပ် စက်ရာဘုံခုနစ်ဆင့်မှဆင်းလာသည့် အခါ တံခါးအဆင့်ဆင့်က ပွင့်ပြီး သားဖြစ်နေသည်။ မြို့တွင်းလမ်းမ တစ်လျှောက်မှာလည်း မိမိကိုယ်မှ အလင်းရောင်ကြောင့် အမှောင်ထု ကိုလွယ်ကူစွာဖြတ်သန်းလာနိုင်ခဲ့၏။ မြို့တံခါးကြီးသို့ ရောက်သည့်အခါ တွင်လည်း တစ်စုံတစ်ဦးက ကြိုတင် ဖွင့်ထားပေးသကဲ့သို့ အလွယ်တကူပင် ထွက်လာနိုင်ခဲ့လေသည်။

သီတဝနတောအုပ်သည် ရာဇ ဂြိုဟ်မြို့နှင့်အလွန်တရာမျှ အလှမ်း ဝေးလေသည်။ တောအုပ်သို့ သွား ရာလမ်းခရီးအကြား၌ သုသာန် တစပြင်ကိုဖြတ်သွားရလေရာ ပစ္စလက်ခတ် စွန့်ပစ်ထားသော လူသေကောင်များကို တွေ့ရလေ သည်။ အပုပ်နံ့တွေက တထောင်းထောင်း ထ,နေသလို၊ ယင်ကောင်တွေကလည်း တဝုန်းဝုန်း နှင့် မသတီစရာကောင်းနေ၏။ထို့အပြင် တောခွေး၊ ခွေးအတို့၏ အူသံတွေကလည်း အမင်္ဂလာ အသံနှင့် ရင်ထိတ်စရာ ဖြစ်နေ၏။ အနာထပိဏ်သူဌေးသည် ရုတ်တ ရက် ကြောက်လန့်စိတ် ဝင်သွားမိ သဖြင့် ကိုယ်မှ အလင်းရောင်များ ပျောက်ကွယ်သွားလေ၏။

 ထိုအဖြစ်ကြောင့် အနာထပိဏ် သူဌေးသည် သူ့ခရီးကိုပြန်လှည့်ရန် စိတ်ကူးလိုက်မိသည်။ ထိုအခါ သူ့ နောက်မှ စောင့်ရှောက်လိုက်ပါလာ သည့် သိဝကနတ်ဘီလူးက- ““သူဌေးကြီး မကြောက်ပါနှင့်၊ ဘုရား ထံတော် အရောက် ဆက်၍သာ လျှောက်ပါ။ အသင် လျှောက်နေ သောခြေလှမ်းတစ်လှမ်း၏ တန်ဖိုး သည်ကား အလွန်ပင် ကြီးမားပါ တယ်။ လောကစည်းစိမ်ချမ်းသာ တွေနဲ့ယှဉ်လိုက်ရင် ဆင်တစ်သိန်း၊ မြင်းတစ်သိန်း၊ ရထားတစ်သိန်း၊ ရတနာခုနစ်ပါးဆင်ယင်ထားတဲ့ သတို့သမီးကညာ တစ်သိန်းတို့ရဲ့ တန်ဖိုးက အသင်သူဌေးကြီး ခြေ တစ်လှမ်းတန်ဖိုးရဲ့တစ်ဆယ့်ခြောက် စိတ်ကို တစ်ဆယ့်ခြောက်စိတ် ပြန်စိပ်ခြင်း(သို့မဟုတ်) နှစ်ရာ ငါးဆယ့်ခြောက်စိတ်မှာ တစ်စိတ် လောက်တောင်မှအဖိုး မတန်သေး ပါဘူး။

ဒါကြောင့် ရဲရဲဝံ့ဝ့ံဆက်သွား ပါ””ဟု အားပေးစကား ပြောလေ သည်။ အနာထပိဏ်သူဌေးသည် သိဝကနတ်ဘီလူး၏အသံကို ကြားရ သည့်အခါ မိမိနောက်တွင် အဖော် တစ်ယောက်ပါသေးသည်ဟု စိတ်ကို တင်းလျက် ဆက်လျှောက်လိုက် သည့့်အခါ သဒ္ဓါစိတ်က အနိုင်ရပြီး သူ့ကိုယ်မှ အလင်းရောင်များ ပြန်လည် ထွက်ပေါ်လာလေသည်။ သိဝကနတ်ဘီလူးသည် သောတာပန်အရိယာ ဖြစ်၏။

 အနာထပိဏ်သူဌေးကလည်း သောတာပန် ဖြစ်မည့်ပုဂ်္ဂိုလ် ဖြစ်၏။ ထို့ကြောင့် ကလျာဏမိတ္တသမ္ပဒါ၊ သူတော်ကောင်းမိတ်ဆွေနှင့် တွေ့ရ ခြင်း ဖြစ်၏။အနာထပိဏ်သူဌေး လည်း ဆက်၍လျှောက်လာခဲ့သည်။ တစ်ကြိမ် နှစ်ကြိမ်မျှ ကြောက် လန့်စိတ်ကြောင့် ပြန်လှည့်မည် ကြံ သော်လည်း နောက်မှ ပါလာသည့် သိဝကနတ်ဘီလူးက တိုက်တွန်း အားပေးလာရသည်။ အချိန်က အရုဏ်တက်လုနီး လေပြီ။ အနာထပိဏ်သူဌေးသည် လည်း မြတ်စွာဘုရားသီတင်းသုံးရာ သီတဝနတောအုပ်သို့ရောက်လာ၏။

 မြတ်စွာဘုရားသည် စင်္ကြံလျှောက် နေရာမှ တောရကျောင်းအတွင်းဝင် ၍ ထိုင်တော်မူလေသည်။ တောရကျောင်းဝသို့ ရောက် လာသော အနာထပိဏ်သူဌေးအား ချစ်သား သုဒတ္တ၊ လာလော့ဟု နှုတ်ခွန်းဆက် ကြိုဆိုတော်မူလိုက် သည်။ ထိုအခါ အနာထပိဏ်သူဌေး သည် လူသိအလွန်နည်းသော သူ၏ ငယ်နာမည်ရင်းကို ဖော်ထုတ် ခေါ် တော်မူလိုက်သည့် မြတ်စွာဘုရား ရှင်အပေါ်၌ သဗ္ဗညုတ ဉာဏ်တော် ရှင်ကြီးစင်စစ်ဖြစ်ပါပေတယ်ဟု ၀ိစိကိစ္ဆာရှင်းစွာဖြင့် ဘုရားရှင်၏ ခြေတော်ရင်း၌ တုပ်ဝပ်ရိုကျိုး ရှိခိုးဦးချလိုက်လေသည်။

 ထို့နောက် ဘုရားရှင်ဟောကြား တော်မူသည့် တရားကို နာယူရပြီး နောက် သောတာပတိ်္တမဂ်ကို ဆိုက်ရောက်သွားလေတော့သတည်း။ သောတာပန်သိဝကနတ်ဘီလူး အားပေးစကား သတံ ဟတီ်္ထ သတံ အဿာ၊ သတံ အဿတရီရထာ။ သတံ ကညာသဟဿာနိ၊ အာမုက္က မဏိ ကုဏ္ဍလာ။ ဧကဿ ပဒဝီတိဟာရဿ၊ ကလံ နာဂ္ဃန္တိ သောဠသိံ။ (မဟာသေဋ္ဌိ = အနာထပိဏ် ဂုဏ်သိရ်လျှံညီး၊ အို သူဌေးကြီး) သတံ ဟတ္ထီ သဟဿာနိ = မင်းထိုက်စိုးတန်အဖိုးတန်ရတနာ သင်္ချာတွက်ကိန်း ဆင်တစ်သိန်း တို့သည် လည်းကောင်း၊ သတံ အဿာ သဟဿာနိ = မင်းထိုက် စိုးတန် အမျိုးမှန်သည့် အဖိုးတန်ရတနာ သင်္ချာတွက်ကိန်း မြင်းတစ်သိန်းတို့သည်လည်းကောင်း၊ သတံအဿတရီရထာ သဟဿာနိ = မင်းထိုက် စိုးတန် အမျိုးမှန်သည့် အဖိုးတန် ရတနာသင်္ချာတွက်ကိန်း အဿထိုရ်မြင်းကသည့် ရထား တစ်သိန်းတို့သည်လည်းကောင်း၊ အာမုက္က မဏိကုဏ္ဍလာ= ပတ္တမြား နားတောင်း၊သွယ်ပျောင်းစုံလင် တန်ဆာဆင်အပ်ကုန်ပြီးသော၊ သတံကညာ သဟဿာနိ = မင်းထိုက်စိုးတန် အမျိုးမှန်သည့် အဖိုးတန်ရတနာ သင်္ချာတွက်ကိန်း သတို့သမီး တစ်သိန်းတို့သည် လည်းကောင်း၊ ဧကဿ ပဒဝီတိဟာရဿ= မြတ်စွာဘုရားကိုဖူးမြော်မည်၊တရား တော်ကိုနာယူမည်၊သံဃာတော်ကို ပြုစုလုပ်ကျွေးပါမည်ဟု ရည်ရွယ် မှန်းထား ကျောင်းတော်သို့ အရောက်သွားသည့် ယောက်ျား လူစွမ်းခြေတစ်လှမ်း၏(၀ါ)တစ်လှမ်း ၌ဖြစ်ပွားသောစေတနာ၏ သောဠိသိံကလံ=တစ်ဆယ့်ခြောက်စိပ်၊ တစ်ဆယ့်ခြောက် ပြန်စိပ်၍ တစ်စိပ် လောက်မျှ (၀ါ)နှစ်ရာငါးဆယ့် ခြောက်စိပ်စိပ်၍ တစ်စိပ်လောက်မျှ၊ နာဂ္ဃန္တိ = အဖိုးမထိုက်တန်ကြကုန်။

ပါဠိမြန်မာပြန်(ကျေးဇူးရှင် မင်းကွန်း ဆရာတော်ဘုရားကြီး၏ မဟာ ဗုဒ္ဓဝင် တတိယတွဲမှ)

 ဥက္ကလာမြင့်သန်းအောင်