Monday, June 4, 2018

စာမဖွဲ့လိုတော့ပါ ဒုက္ခဝေဒနာ

စာမဖွဲ့လိုတော့ပါ ဒုက္ခဝေဒနာ

 လောကအတွင်း ကျင်လည်ကြ ရင်း အမျိုးသား အမျိုးသမီး မည်သူ ပင်ဖြစ်စေ တစ်ချိန်ချိန်၌ သံဝေဂ ကြီးစွာရ၍ တရားအားထုတ်လာကြ သည်လည်းရှိသည်။ အချိန်တန်သော ကြောင့် ပါရမီက နှိုးဆော်သဖြင့် တရားအားထုတ်ဖြစ်လာသူများလည်း ရှိကြသည်။ အချို့ကမူ ဆရာတော် ဘုရားကြီးများ၏ တရားတော်များကို နာကြားရ၍ အားထုတ်သင့်သည် ဟူသောအသိကြောင့် အားထုတ်ဖြစ် လာကြသည်လည်း ရှိသည်။
မည်သို့ ပင် စတင်အားထုတ်ဖြစ်လာကြသည့် အခြေခံချင်း ကွဲပြားကြသော်လည်း တရားရလိုခြင်းဟူသော ရည်မှန်း ချက်များကား အားထုတ်ကြသူတိုင်း ၌ တူညီစွာရှိနေကြမည်သာ ဖြစ်ပေ သည်။ စတင်အားထုတ်ခါစ ယောဂီ သစ်တစ်ဦးအဖို့ ယောဂီဟောင်းကြီး များကိုကြည့်၍ အားကျအတုယူလေ့ ရှိကြသည်။

 အထူးသဖြင့် တရား စခန်းများတွင် အချိန်ဆက်တိုက်သုံး ၍ နာရီကြာကြာထိုင်နိုင်သော ယောဂီ ဆိုလျှင် အထင်ကြီးလေးစားကာ အားကျကြရသည်။ ယောဂီသစ် တစ်ဦးအတွက် အကြီးမားဆုံးရန်သူ မှာခံရခက်သော ဝေဒနာဆိုးများ ဖြစ် နေသဖြင့် ထိုဝေဒနာကို တည်ငြိမ် သော ဣန္ဒြေဖြင့် ရှုမှတ်နိုင်သော ထိုထိုယောဂီတို့အား အထင်ကြီး ကြခြင်းလည်း ဖြစ်သည်။

စိတ်အားထက်သန်စွာ အားထုတ်နေသောထိုအချိန်တွင် ဒုက္ခ ဝေဒနာကုန်ဆုံးဖို့ ဝေဒနာကျော်ဖို့ ဆိုသည်မှာ တရားယောဂီတိုင်း၏ စိတ်သန္တာန်အတွင်း၌ နိဗ္ဗာန်ရဖို့ထက် ပင် အရေးကြီးနေသော မျှော်လင့် ချက်ဖြစ်ကာ လမ်းလွဲနေတတ်ပါ သည်။ ဝေဒနာတွေကုန်ဆုံးမှ ဝေဒနာကျော်မှ တရားရလိမ့်မည်ဟု လည်း လွဲမှားစွာသိမြင် နားလည်နေ တတ်သည်။ တကယ်တမ်းမှာမူ တရားအသိ  ဉာဏ် (၀ိပဿနာ ဉာဏ်၊ မဂ် ဉာဏ်၊ ဖိုလ် ဉာဏ်)ရခြင်းနှင့် ကြမ်းတမ်း ဆိုးရွားသော ဒုက္ခဝေဒနာတို့ကို ခံစား ရခြင်း၊မခံစားရခြင်းမှာကားတိုက်ရိုက် သက်ဆိုင်သည်မဟုတ်။

 ဒုက္ခဝေဒနာ ကို ခံစားရသည်ဖြစ်စေ၊ သုခဝေဒနာ ကို ခံစားရသည်ဖြစ်စေ၊ ထိုဝေဒနာ (ခံစားမှု)အပေါ်မှ အသိ ဉာဏ်ရဖို့သာ ပဓာနဖြစ်သည်။ ရုပ်ငြိမ်ခြင်းသည် စိတ်ငြိမ်ဖို့အတွက် အထောက်အကူ ပြုသည်မှာ မှန်သော်လည်း ထိုက် သင့်သော သမာဓိကိုရရှိပါက အချိန် ကြာကြာမထိုင်သော်လည်း တရား အသိ ဉာဏ် တိုးတက်ရရှိနိုင်ပါသည်။ ထိုအကြောင်းနှင့်ဆက်စပ်၍ မြတ်စွာဘုရားရှင် ဗောဓိမင်းသား အားဟောကြားခဲ့သော တရား တစ်ပုဒ်ကို သတိရမိသည်။

ထိုတရား တွင် - ဗောဓိမင်းသား၊ ငါသည် စင်စစ်ဘုရားမဖြစ်မီ ဥရုဝေလတော မှထွက်၍ သေနာနိဂုံးတွင် တရား အားထုတ်မည့်ဆဲဆဲ၌ ရှေးအခါက မကြားဖူးခဲ့ကုန်သော ဥပမာ ၃-ချက် သည် ငါ့အား ဉာဏ်၌ပေါ်လာ၏။ ပထမ ဥပမာကား - အစေးနှင့်တကွစိုနေသော သဖန်းသားတစ်ချောင်းသည် ရေ၌ လည်း စိမ်ထား၏။ မီးကိုအလိုရှိ သော ယောကျ်ားတစ်ယောက်သည်၊ မီးပွတ်ခုံကိုယူ၍လာပြီးလျှင် ထိုသဖန်းသားအစိုကို ရေမှယူ၍ မီး ပွတ်ရာ၏။ မီးကားထွက်မလာ။ မီးမရ ချေ။

အကြောင်းမှာမူ ထင်းကလည်း အတွင်း၌ အစေးနှင့် စိုနေသည် အပြင်ကလည်း ရေစိုနေသောကြောင့် ဖြစ်၏။ ထိုအတူ တရားရလို၍ အားထုတ်ကြသော အချို့သမဏ၊ ဗြာဟ္မဏတို့သည် ခန္ဓာကိုယ်အတွင်း ၌လည်း ကိလေသာ အစေးအညှော် လိုချင်မှု လောဘတဏှာတို့ ရှိနေ၏။ အပြင်အပကလည်း ဝတ္ထုကာမတို့ ခြံရံနေ၏။ ထိုသို့သော တရားရလိုသူ သမဏ၊ ဗြာဟ္မဏတို့သည် လုံ့လ ဝီရိယစိုက်၍ မည်မျှပင် အားထုတ် စေကာမူ ထိုလုံ့လ ဝီရိယကြောင့် ဖြစ်သော ကြမ်းတမ်းစပ်ရှားကုန် သော ဆင်းရဲဒုက္ခတို့ကိုသာလျှင် ခံစားရမည်ဖြစ်၏။  ဉာဏ်အမြင် စင်ကြယ်သော သိအပ်သောတရား တို့ကိုကား သိမည်မဟုတ်ပေ။

 ဒုတိယဥပမာထင်သည်ကား - အစေးနှင့်တကွစိုနေသော သဖန်းသားတစ်ချောင်းသည် ရှိ၏။ ရေမှဝေးသော ကုန်းတစ်ခုတွင်ထား ၏။ မီးကိုအလိုရှိသော ယောကျ်ား သည် မီးပွတ်ခုံကို ယူခဲ့၍ ထိုသဖန်း သားထင်းအား မီးပွတ်တိုက်ငြားအံ့။ မီးမထွက်ရာချေ။ အကြောင်းမှာမူ ရေမှဝေးသော ကုန်း၌ ထားစေကာ မူ အတွင်း၌ အစေးအစိုရှိနေသော ကြောင့်ပင် ဖြစ်၏။

ထို့အတူ တရားရှာသည့် အချို့ သော သမဏ၊ ဗြာဟ္မဏတို့သည် အပြင်အပ ဝတ္ထုကာမတို့နှင့်ဝေးကွာ နေသော်လည်း ကိုယ့်အတွင်း သန္တာန်ဝယ် လိုချင်မှုလောဘစသော ကိလေသာအစေးတို့နှင့် စိုစွတ်နေကြ ကုန်၏။ ထိုသူတို့သည် တရားရလို၍ လုံ့လဝီရိယကြီးစွာလျက် အားထုတ် ပါသော်လည်း ယင်းကြောင့်ဖြစ်သော ကြမ်းတမ်းစပ်ရှားဆိုးရွားစွာသော ဆင်းရဲဒုက္ခတို့ကိုသာလျှင် ခံစားရ မည်ဖြစ်၏။  ဉာဏ်အမြင်စင်ကြယ်စေ သည့် သိအပ်သောတရားတို့ကိုကား သိလိမ့်မည် မဟုတ်ပေ။

တတိယဥပမာထင်လာသည် ကား - ရေမှဝေးစွာထားသော, ကုန်း၌ သာလျှင် ချထားအပ်သော, ခြောက် သွေ့သော ထင်းချောင်းတစ်ခုသည် ရှိ၏။ မီးကိုလိုသော ယောကျ်ား တစ်ယောက်သည်လာ၍ ထိုထင်း ချောင်းကိုယူပြီးလျှင် မီးဖြစ်စေအံ့ဟု မီးပွတ်ခုံဖြင့် ပွတ်တိုက်ငြားအံ့။ ထို ထင်းချောင်းသည် ခဏချင်းဖြင့်သာ လျှင် မီးထွက်လေရာ၏။ အကြောင်း မူ ထိုထင်းချောင်းသည် ရေနှင့်လည်း ဝေး၍ အလွန်ပင် ခြောက်သွေ့နေ သောကြောင့်ပင်တည်း။

ထို့အတူပင် တရားရှာသည့် အချို့သော သမဏ,ဗြာဟ္မဏတို့သည် မိမိခန္ဓာကိုယ်အတွင်းသန္တာန်၌လည်း လိုချင်မှု လောဘတဏှာစသော ကိလေသာအညစ်အကြေးတို့ကို ပယ်ရှင်းပြီးဖြစ်၏။ အပြင်အပ၌လည်း ဝတ္ထုကာမတို့ကို ဝေးစွာဖယ်ထားပြီး ဖြစ်၏။ ထိုသို့ ကိလေသာအစေး အညှော်ကိုမဖြစ်ပေါ်အောင် ပယ်ရှင်း ထားသော ထိုသူတို့သည် လုံ့လ ဝီရိယကြီးစွာထား၍ အားထုတ်ရာ၌ ထိုလုံ့လဝီရိယကြောင့်ဖြစ်သော ဆင်းရဲတို့ကို ခံစားရသည်ဖြစ်စေ၊ မခံစားရသည်ဖြစ်စေ  ဉာဏ်အမြင် စင်ကြယ်၍ ထိုးထွင်းသိရမည့် တရား တို့ကို သိမည်ပင်ဖြစ်၏ဟု  ဉာဏ်၌ ထင်မြင်လာကြောင်း ဟောကြားတော် မူခဲ့ပါသည်။ ထိုတရားတော်အရ လုံ့လ ဝီရိယကြီးစွာထား၍ အားထုတ်သော ယောဂီတစ်ဦးသည် ထိုလုံ့လဝီရိယ ကြောင့်ဖြစ်သော ဆင်းရဲဒုက္ခဝေဒနာ တို့ကို ခံစားရခြင်း,မခံစားရခြင်းသည် ထိုးထွင်းသိရမည့် တရားတို့ကို သိ မြင်ရာ၌ အရေးကြီးသော ပဓာန အချက်မဟုတ်ကြောင်း သိမြင်နိုင်ပါ သည်။

အဓိကအရေးကြီးသောအချက် မှာ ခန္ဓာကိုယ်အတွင်းရှိ ကိလေသာ အညစ်အကြေးကို ပယ်ရှားနိုင်ခြင်း နှင့် အပြင်အပဝတ္ထုကာမတို့ကို ဝေးစွာ ဖယ်ထားနိုင်ရေးသည်သာ အဓိကကျကြောင်း တွေ့ရှိရပါမည်။ ဆက်လက်၍ ခန္ဓာကိုယ်တွင်းရှိ ကိလေသာအစေးအညှော် လိုချင်မှု လောဘတဏှာတို့ကို ပယ်ရှင်းနိုင် ခြင်းနှင့် အပြင်အပဝတ္ထုကာမတို့ကို ဝေးစွာဖယ်ရှားနိုင်ရေးတည်းဟူသော ထိုနှစ်ချက်အနက် မည်သည်ကပို၍ ပဓာနကျကြောင်း လေ့လာသင့်ပေ သည်။

 သို့ဖြစ်၍ ဘုရားရှင်၏  ဉာဏ်၌ ထင်မြင်လာသော ဥပမာ(၃)ချက်ကို မူတည်ပြီး ဆင်ခြင်ကြည့်သည့်အခါ တရားမရနိုင်သည့် အနေအထား နှစ်မျိုးအနေဖြင့် (၁) အတွင်းရော အပြင်ပါစိုသူ၊ (၂) အတွင်းစို၍ အပြင်ခြောက် သူဟုသာတွေ့ရှိရပြီး အတွင်းခြောက် ၍ အပြင်စိုသူကို တရားမရနိုင်ဟု ဟောကြားတော်မမူခဲ့သည်ကို တွေ့ရှိ ရပါသည်။ ယင်းအချက်မှာ တစ်ဦး တစ်ယောက်၏ ပြင်ပပုံသ္ဌဏာန်နှင့် သွားလာနေထိုင်ပုံကိုကြည့်၍ အရိယာ စစ်ဟုတ်မဟုတ် သာမန်လူတို့ မသိ နိုင်ကြောင်း နားလည်နိုင်သည်။ ပြင်ပအာရုံကာမဂုဏ်များကို ခံစား၍ သာယာနေသည်ဟု ထင်ရ သော်လည်း အတွင်းကိလေသာ ခြောက်သွေ့ကုန်ခန်းနေသော အရိယာသူတော်ကောင်းများ များစွာ ပင် ရှိနေနိုင်ပါသည်။

 သဖန်းသားပင်ဖြစ်သော်လည်း အတွင်းကအစိုအစေး မရှိတော့သော သဖန်းသားထင်းတစ်ချောင်းကို ရေ တွင်စိမ်ထားရာမှ ဆယ်ယူ၍ ရေနှင့် ဝေးစွာထားပါလျှင် အချိန်ကာလ အနည်းငယ်အတွင်းမှာပင်ခြောက်သွေ့ ပြီး မီးပွတ်၍ရနိုင်သော ထင်းဖြစ် လာနိုင်ပါသည်။ ထို့အတူပင် တရားရ လိုသော ကာမဂုဏ်နယ်သား ပုထုဇဉ် များအနေဖြင့် ပြင်ပအာရုံ ကာမဂုဏ် များကို (၁၀)ရက်တာ၊ (၁) လတာ စသည်ဖြင့် ခေတ္တစွန့်ခွာ၍ စိတ်အား ထက်သန်စွာ သတိ ဝီရိယထား ကြိုးစားအားထုတ်လျှင်ပင် ထိုက်သင့် သော တရားထူးတရားမြတ်ကို ရရှိ နိုင်ပါသည်။

 ဘုရားရှင်လက်ထက်က ပြင်ပ အာရုံ ကာမဂုဏ်များကို စွန့်ခွာကာ တောထွက်၍ တရားကျင့်သော ရဟန်းကြီးတစ်ပါး၏ တန်ဆောင်မုန်း လပြည့်ည နက္ခတ်ပွဲသဘင်နေ့ ရောက်တိုင်း တရားမရ၍ ငိုနေရပုံမှာ ဝတ္ထုကာမထက် ခန္ဓာတွင်းက ကိလေသာကာမကို ဖယ်ရှား သုတ်သင်နိုင်ဖို့က ပို၍အရေးကြီး ကြောင်း ထင်ရှားစေပါသည်။ ကိလေသာ ကာမကို ပယ်ရှားနိုင်သူ အတွက်မှာကား မည်မျှပင် ပြင်ပ ဝတ္ထုအာရုံ ကာမဂုဏ်တို့နှင့် ထိတွေ့ ဆက်ဆံနေသည်ဖြစ်စေ လောဘ၊ ဒေါသအစေးများဖြင့် မစိုစွတ်နိုင် တော့ပါချေ။

ကိလေသာကာမကို ပယ်ရှား ရာ၌ကား ဘုရားရှင်နှင့်စွမ်းအားရှိ သော အာဇာနည် ပုဂ်္ဂိုလ်ကြီးများသာ အချိန်တိုအတွင်း၌ အမြစ်ပါမကျန် ပယ်သတ်နိုင်စွမ်းရှိကြပါသည်။ အများစုမှာမူ ဖြည့်ကျင့်ခဲ့သော ပါရမီ အနည်းအများနှင့် လက်တွေ့ အားထုတ် အလုပ်လုပ်နေသော ဗိုလ် ငါးပါးအားကောင်းမကောင်းအပေါ်၌ မူတည်၍သာ ကိလေသာကို လျော့ သည်ထက်လျော့, ပါးသည်ထက်ပါး အောင် အချိန်ယူ၍ ကြိုးစားပယ်ရှား ကြရသည်။

ထိုသို့ မိမိခန္ဓာအတွင်းရှိ ကိလေသာကာမကို ပယ်သတ်လိုသူ တစ်ဦးအတွက် အရင်ဦးဆုံး ခန္ဓာကို မြင်ဖို့လိုပါသည်။ ခန္ဓာဆိုသည်ကပင် အပေါင်းအစုကိုဆိုခြင်းဖြစ်၍ ဘာတွေ နဲ့ ပေါင်းစုထားသလဲ သိရပါမည်။ သိမြင်ရာတွင်လည်း ငါ၊ သူ၊ ယောကျ်ား၊ မိန်းမဟု သမုတ်ထား သော ပကတိမျက်စိဖြင့် မြင်နေရ သော ခွေးဟောင်သည့် ခန္ဓာကို ဆို သည်မဟုတ်ပါ။ ဒြပ်ရှိမဟုတ်သော ဒြပ်မဲ့ခန္ဓာကိုမြင်အောင် ကြည့်နိုင်ရပါ မည်။

 ဥပမာအားဖြင့် “လေ”ကို ပကတိမျက်စိဖြင့် မမြင်နိုင်ပါ။ သို့သော် “လေ” ရှိသည်ကိုမူ လေ၏ လှုပ်ရှားမှုသဘော, တွန်းကန်သည့် သဘောကို ခံစား၍ သိရှိနိုင်ပါသည်။ အထည်ဝတ္ထုကို မြင်ရသည်မဟုတ် ဘဲ သဘောတရားကို ခံစားသိမြင်နိုင် ခြင်းကို  ဉာဏ်မျက်စိဖြင့် မြင်သည်ဟု ဆိုပါမည်။

ထို့အတူ ခန္ဓာကိုမြင်ရာတွင် လည်း ခန္ဓာဆိုသည်မှာ ဖောက်ပြန် ပြောင်းလွဲနေသော ရုပ်သဘောတရား နှင့် သိတတ်သော နာမ်သဘောတရား နှစ်မျိုးဖြင့် ပေါင်းစပ်ဖွဲ့စည်းထားခြင်း ဖြစ်ကြောင်း  ဉာဏ်မျက်စိက ခံစား သိဖြင့် ပထမဦးဆုံး မြင်ရပါမည်။ ထို့နောက်တွင်မှ ထိုနှစ်မျိုးတွင် ရုပ်ဆိုသည်မှာလည်း ပူလိုက်၊ အေး လိုက်၊ တောင့်လိုက်၊ တင်းလိုက်၊ မာလိုက်၊ နာလိုက် စသည်ဖြင့် အမျိုး မျိုး ပြောင်းလွဲဖောက်ပြန်နေသော သဘောတရားတို့ အစုအဝေးသာ ဖြစ်ကြောင်းနှင့် သိတတ်သည့် နာမ် တရားဆိုသည်မှာ - ဝေဒနာက္ခန္ဓာ - ခံစားမှု သဘောတရားအစု၊ သညာက္ခန္ဓာ - မှတ်သားမှု သဘောတရားအစု၊ သင်္ခါရက္ခန္ဓာ - ပြုပြင်စေ့ဆော် မှု သဘောတရားအစု၊ ၀ိညာဏက္ခန္ဓာ - သိမှု (စိတ်) သဘောတရားအစုဟူ၍ လေးပါး သော သဘောတရားအစုတို့ ပေါင်းစပ်ထားခြင်းသာဖြစ်သည်ဟု ဘုရားရှင်ဟောကြားတော်မူခဲ့သည် မှာ ဟုတ်မှန်လှကြောင်း  ဉာဏ်မျက်စိ ဖြင့် ခံစားသိမြင်ရပါမည်။

ထိုကဲ့သို့  ဉာဏ်မျက်စိဖြင့် ခန္ဓာ ကို စတင်၍မြင်ခြင်းကို ရုပ်၊ နာမ် ကွဲသည်ဟု ဆိုရပါမည်။ ထို့နောက်တွင်မူ ရုပ်တရားနှင့် နာမ်ခန္ဓာလေးပါး ပေါင်း(ခန္ဓာငါးပါး) တို့သည် အာရုံ ဒွါရတိုက်တိုင်း အကြောင်းအကျိုးဆက်စပ်၍ဖြစ်ပေါ် ပြောင်းလဲနေကြကြောင်း သိမြင်လာ ရသည်။ ထိုသို့မြင်ရာမှ ဘဝသံသရာ ဆိုသည်မှာ ယင်းကဲ့သို့ပင် ရုပ်နာမ် တို့ဆက်ကာဆက်ကာ ဖြစ်ပေါ် ပြောင်းလဲနေခြင်းသာဖြစ်ကြောင်း သဘောပေါက်လာရသည်။ ရှေ့ဘဝ နောက်ဘဝရှိခြင်းနှင့် ကံနှင့်ကံ၏ အကျိုးပေးတို့ အကြောင်းအကျိုး ဆက်စပ်နေပုံကိုလည်း အကြွင်းမဲ့ နားလည်သိမြင်လာသည်။ ယင်းကို ပင် ကမ်္မဿကတာသမ္မာဒိဋ္ဌိ, ခန္ဓာကို  ဉာဏ်ဖြင့် ထိတွေ့သိမြင်ခြင်းဟု ဆို ပါသည်။

ထိုအဆင့်မှစတင်၍ အဝိဇ္ဇာ အမှောင်ကိုခွင်းပြီး အသိ ဉာဏ် အလင်းရောင် သိသိသာသာ ထွန်းလင်းလာခြင်းကြောင့် လောဘ၊ ဒေါသ၊ ဣဿာမစ်္ဆိရိယ စသော ကိလေသာအစိုင်အခဲများ စတင် အရည်ပျော်စပြုလာသည်ဟု တင်စားလိုပါသည်။ ယခင်က အကုသိုလ်ကို အထိန်းအကွပ်မဲ့ရဲရဲ ကြီး ပြုမိနေရာမှ တွန့်ဆုတ်လာကာ မပြုဖြစ်အောင် သတိ ဝီရိယကို အစွမ်းကုန်အားမွေး၍ ဣနြ်္ဒိယသံဝရ သီလကို ထိန်းသိမ်းစောင့်ရှောက်လာ တော့သည်။ ထိုအခါတွင် ရုပ်နာမ်ခန္ဓာကို ငါဟုထင်မြင်နေသော သက္ကာယဒိဋ္ဌိ နှင့် ဟုတ်မှဟုတ်ရဲ့လားဟု ကြိမ်ဖန် များစွာ တွေးတောမိနေသော ဝီစိကိစ္ဆာဝိတက်ကိလေသာများ လျော့နည်းပါးလျားလာပါတော့ သည်။ ထိုမှတစ်ဆင့်တက်၍ အကြောင်းအကျိုးဆက်စပ်၍ ဖြစ်ပေါ် ပြောင်းလဲနေကြသော ရုပ်နာမ်ခန္ဓာ တို့၏ မမြဲခြင်းသဘော (အနိစ္စ)၊ ထိုသို့မမြဲသဖြင့် ဆင်းရဲခြင်းသဘော (ဒုက္ခ)၊ အစိုးမရခြင်းသဘော (အနတ္တ)တို့ကို  ဉာဏ်ဖြင့်သိမြင်လာ သည်။

ထိုအခါ သက်ရှိသက်မဲ့ မည်သည်ကိုမဆို စွဲလမ်းမှုဖြင့် သိမ်းပိုက်ထားခြင်းသည် ဆင်းရဲဖို့ပင် ဖြစ်ကြောင်း ချစ်ခင်တွယ်တာစရာ အဖြစ် အပေါ်ယံသကာအုပ်ထား သော သညာ၏လှည့်ဖြားမှုနှင့် တဏှာလောဘ၏အတွင်းသရုပ်ကို ခါးသီးစွာ သိမြင်ခွင့်ရလာသည်။ မခိုင်မြဲသော ယာယီမျှသာဖြစ်သော၊ တစ်ချိန်တွင် ပျက်စီးသွားမည်မှာ ဧကန်ပင်ဖြစ်သော ခန္ဓာငါးပါးနှင့် တကွ ငါ, ငါ့ဥစ္စာမှန်သမျှကို စွဲလမ်းမှု ဖြင့်သိမ်းပိုက်ခြင်း လျော့နည်းရာမှ ကုန်ဆုံးသွားမှသာ ချမ်းသာစစ် ချမ်းသာမှန် ဧကန်ရမည်ဖြစ်ကြောင်း နားလည်လာသည်။ ထိုသို့ စွဲလမ်းမှု လျော့သည်ထက် လျော့ဖို့အတွက် လည်း မိမိစွဲလမ်းရာ ငါနှင့် ငါ့ဥစ္စာ တို့၏ အပြစ်ကို ကြိမ်ဖန်များစွာ ရှုကြည့်ပွားများရမည် ဖြစ်ကြောင်း  ဉာဏ်ကသိမြင်လာသည်။

အပြစ်ဆို သည်မှာ ခန္ဓာ၏ ဖြစ်ခြင်းပျက်ခြင်း သဘောတရားပင် ဖြစ်သည်။ ခန္ဓာ၏အပြစ်ကိုမြင်သော  ဉာဏ်ထက်သန်အားကောင်းလာသည် နှင့်အမျှ ငါနှင့်ငါ့ဥစ္စာအပေါ်၌ စွဲလမ်း သော လောဘတဏှာပါးသည်ထက် ပါးလာပါတော့သည်။ ဆိုရပါလျှင် သမ္မာဒိဋ္ဌိ ဉာဏ် အလင်း အားကောင်းလာသည်နှင့် အမျှ ငါနှင့်ငါ့ဥစ္စာအပေါ်၌ စွဲလမ်း သော လောဘတဏှာ ပါးသည်ထက် ပါးလာပါတော့သည်။

 ထိုကဲ့သို့ ခန္ဓာ၏ ဖြစ်ပျက်ကို သိမြင်သော ၀ိပဿနာ ဉာဏ်ကို အခြေခံ၍ပင် (၁) သောတာပတ်္တိမဂ် ဉာဏ်၊ (၂) သကဒါဂါမိမဂ် ဉာဏ်၊ (၃) အနာဂါမိမဂ် ဉာဏ်၊ (၄) အရဟတ္တမဂ် ဉာဏ် စသည်ဖြင့် မဂ် ဉာဏ်အဆင့်ဆင့်မြင့် တက်၍ကိလေသာ အာသဝေါ လုံးဝ ကုန်ခန်းသော ရဟန္တာအဖြစ်သို့ ရောက်ရှိရပါသည်။ မဂ် ဉာဏ်တစ်ခုချင်းအလိုက် ပယ်သတ်သော ကိလေသာများမှာ- (၁) သောတာပတ်္တိမဂ် ဉာဏ် တွင် ရှေ့ကပင် လျော့နည်းပါးလျား လာခဲ့သော သက္ကာယဒိဋ္ဌိ၊ ဝီစိကိစ္ဆာ၊ သီလဗ္ဗတပရာမာသ ကိလေသာတို့ ကို အကြွင်းမဲ့ပယ်သတ်၍ အပါယ် သို့ကျစေနိုင်သည့် ကာမရာဂနှင့် ပဋိဃသံယောဇဉ်ကိုလည်း ပယ်သတ် ပါသည်။ (၂) သကဒါဂါမိမဂ် ဉာဏ်တွင် ကြမ်းတမ်းသော ကာမရာဂ(လောဘ) သံယောဇဉ်နှင့် ပဋိဃ(ဒေါသ)၊ သံယောဇဉ်တို့ကို ပယ်သတ်ပါသည်။ ကာမဂုဏ်၌ တပ်မက်မှုနှင့် ပြစ်မှားမှု များ ခေါင်းပါးရုံသာရှိ၍ အမြစ်ပြတ် မပယ်သတ်နိုင်သေးသော်လည်း ပုထုဇဉ်များကဲ့သို့အကြိမ်ကြိမ် အဖန်ဖန်မဖြစ်၊ ရံဖန်ရံခါ၌သာ ဖြစ် တော့သည်။

သကဒါဂါမ် ပုဂ်္ဂိုလ်၌ ရှိနေသေးသော ကိလေသာများမှာ ပါးလွှာသော ယင်၏အတောင်ပံနှင့် ကျဲပါးသောတိမ်လွှာတို့ကဲ့သို့ အင်အားနည်းပါးသော ကိလေသာ များသာ ဖြစ်တော့သည်။ (၃) အနာဂါမိမဂ် ဉာဏ်တွင် ရှေ့သကဒါဂါမိမဂ် ဉာဏ်ဖြင့် ကျဲပါး အောင်ပြုလုပ်ခဲ့ပြီးသော ကာမရာဂ နှင့် ပဋိဃသံယောဇဉ်တို့ကိုပင် အကြွင်းမဲ့ပယ်သတ်လိုက်ပါသည်။

အနာဂါမ်တို့မည်သည် ကာမစ္ဆန္ဒ (ကာမဂုဏ်၌ တပ်မက်မှု)၊ ဗျာပါဒ (ပျက်စီးစေလိုမှု)၊ ဒေါသ(စိတ်ဆိုး အမျက်ထွက်မှု)၊ ကုက္ကုစ္စ(နောင်တ တစ်ဖန်ပူပန်မှု)၊ မိစ္ဆာသင်္ကပ္ပ (မှားယွင်းစွာကြံစည်မှု)၊ ပိသုဏဝါစာ (ချောပစ်ကုန်းတိုက်မှု)၊ ဖရုသဝါစာ (ကြမ်းကြမ်းတမ်းတမ်းပြောဆိုမှု) တို့မရှိတော့ချေ။ ထို့ပြင် လက်ဝတ် လက်စားတန်ဆာများ ဆင်ယင်ခြင်း၊ အတွေ့အထိ(ဖောဋ္ဌာဗ္ဗာရုံ)ကို သာယာခြင်းလည်း မရှိတော့အောင် အနာဂါမိမဂ် ဉာဏ်က ပယ်သတ် လိုက်ပါသည်။ (၄) အရဟတ္တမဂ် ဉာဏ်တွင် အောက်မဂ်သုံးပါးဖြင့် မပယ်သတ်ရ သေးသည့် အကုသိုလ်အကြွင်းအကျန် မှန်သမျှကို ပယ်သတ်ပြီးဖြစ်၍ သံသရာဘဝဇာတ်သိမ်းကာ (၃၁)ဘုံ မှ လွတ်မြောက်သွားတော့သည်။

မည်သည့်အာရုံနှင့် တွေ့ကြုံရ စေကာမူ တုန်လှုပ်ချောက်ချားခြင်း မရှိ၊ ပကတိငြိမ်သက်သည့် ဥပေက္ခာ သဘောသာဖြစ်တော့သည်။ ပစ္စည်း လာဘ်လာဘ၊ အခြွေအရံအသင်း အပင်း၊ ကျော်ဇောသတင်း ချီးကျူး ခြင်း စသည်တို့ကိုလည်း သာယာမှု မဖြစ်တော့ပေ။ မည်သည့်လောကဓံ နှင့် တွေ့ကြုံရသည်ဖြစ်စေ ဝမ်းနည်း ဝမ်းသာခြင်းမရှိ၊ တုန်လှုပ်ခြင်းမရှိ ပကတိငြိမ်သက်လျက် ရှိပေသည်။

 ခန္ဓာတွင်းရှိရှိသမျှ ကိလေသာအားလုံး ကို အရဟတ္တမဂ် ဉာဏ်က အကြွင်းမဲ့ ပယ်သတ်လိုက်ခြင်းကြောင့်ပင် ဖြစ်ပါ ၏။ ကိလေသာကာမကို ထိုသို့ပင်  ဉာဏ်အဆင့်ဆင့်ဖြင့် တစ်ရစ်ပြီး တစ်ရစ် ရှင်းလင်းပယ်သတ်ကြရာ တွင် လုံ့လဝီရိယကြီးစွာထား၍ အားထုတ်ခြင်းကြောင့် ကြမ်းတမ်း ဆိုးရွားသော ဒုက္ခဝေဒနာတို့ကို ခံစားရကောင်း ခံစားရနိုင်ပါသည်။ မခံစားရဘဲလည်းရှိနိုင်ပါသည်။  ဉာဏ် အမြင်စင်ကြယ်သော ထိုးထွင်းသိရ မည့်တရားတို့ကို သိမြင်အောင် အားထုတ်ကြရာ၌ ဒုက္ခဝေဒနာ ခံစား ရခြင်း, မခံစားရခြင်းသည် စာဖွဲ့၍ ပြောပြနေစရာမရှိပါ။

သူ့ထက် ကြီးမားသော သင်္ခါရဒုက္ခအောက်တွင် သာမန်ဒုက္ခဝေဒနာလေးများမှာ ငါ ပါးလာသည်နှင့်အမျှ မြုပ်ကွယ်၍ သွားရပါသည်။ မီးရလိုသူသည် အစိုဓာတ် အစေးဓာတ်ရှိနေသော သဖန်းသား ကို ထိုဓာတ်ကုန်ပြီး ခြောက်သွေ့ အောင် ကြိုးစားဖို့နှင့် ရေတွင်စိမ် ထားသည်ဆိုပါလျှင် အမြန်ဆယ်ယူ ၍ ရေနှင့်ဝေးသောကုန်းတွင် တင် ထားပါက ဧကန်ပင် မီးပွတ်၍ရနိုင် ပါသည်။ ထို့အတူ တရားရလိုသူများ အနေဖြင့် ပြင်ပဝတ္ထုအာရုံ ကာမ ဂုဏ်များမှ ဆယ်ယူရန် သတိကို ကောင်းစွာ မွေးမြူ၍ ဣနြ်္ဒိယသံဝရ သီလကိုလုံခြုံအောင်ထိန်းသိမ်း စောင့်ရှောက်ရပါမည်။ ထိုသို့ ထိန်းသိမ်းစောင့်ရှောက်ရာတွင် သာသနာ့ဘောင်သို့ဝင်မှ တောထွက် နိုင်မှရလိမ့်မည်ဟု မမှတ်ယူသင့်ပါ။

ကိုယ် စွမ်းနိုင်သလောက်ကစတင်၍ သတိကိုမွေးမြူထူထောင်ပေးရပါ မည်။ ထို့နောက်တွင်မှ ၀ိပဿနာ  ဉာဏ်ကို ထက်သန်အောင် ပွားများ လျက် ကိလေသာ အစိုအစေးကို တစ်ရစ်ပြီး တစ်ရစ်သုတ်သင် ရှင်းလင်းပစ်နိုင်ပါလျှင် ဧကန်ပင် တရားထူးတရားမြတ်ကို ရရှိနိုင်ပါ ကြောင်း မေတ္တာဖြင့် ရေးသားတင်ပြ ရပါသည်။

 မစံပယ်(စလင်း)