“သံဃာကိုဆဲရေး၍ အရှင်လတ်လတ်ငရဲပို့ခံရသော ရေဝတီ”
ဗာရာဏသီတွင် နန္ဒိယဥပါသကာသည် ထင်ရှားသော သူဌေးတစ်ဦးဖြစ်သည်။ မိဘတို့ကိုပြုစုလုပ်ကျွေးသည်။ ရတနာသုံးပါးကိုအလွန်ကြည်ညို၍ အမြဲမပြတ် လှူဒါန်းသည်။ နောက်ဆုံးမိဂဒါဝုန်၌ ကျောင်းဆောက် လှူဒါန်း၍ နန္ဒိယကျောင်းဒါယကာဟု ထင်ရှားခဲ့သူဖြစ်ပြီး တာဝတိံသာနတ်ပြည်၌ နတ်ဗိမာန်ကြိုတင် ပေါက်နေသူလည်းဖြစ်ပါသည်။နန္ဒိယသတို့သားကို မိဘတို့က အိမ်နီးနားချင်း “ရေဝတီ”ဆိုသောအမျိုးသမီးနှင့် လက်ထပ်ပေးခဲ့သည်။ နန္ဒိယသည် ရေဝတီကို မကြိုက်မနှစ်သက်။ မိဘစကားကို မပယ်ရှားလို၍ လက်ထပ်ယူခဲ့သည်။ မိမိမယားဖြစ်လာသော ရေဝတီကို နန္ဒိယက ရဟန်းသံဃာများ၏အလှူဝတ်ကိုမပြတ်ပြုရန် အမြဲနှိုးဆော်သည်။တိုက်တွန်းသည်။ပြုလုပ်စေသည်။
ရေဝတီက သဒ္ဓါတရားမရှိ၊ ရတနာသုံးပါးမကြည်ညို။ လင်ရှေ့တွင်သာ သဒ္ဓါတရားရှိသယောင်၊ ရတနာသုံးပါးကြည်ညိုသယောင်ပြုသည်။ လင်ကွယ်ရာတွင်မူ ထင်ရာလုပ်သည်။ တစ်နေ့ လင်ဖြစ်သူနန္ဒိယက အလုပ်ကိစ္စအတွက် ခရီးရှည်သွားစရာရှိ၍ မယားရေဝတီကို အလှူဝတ် မပျက်ရန် မှာထားခဲ့သည်။ ေ
ရဝတီက လင်ရှေ့တွင်သာ “ဟုတ်ကဲ့” ဟုဝန်ခံပြီး လင်သွားသောအခါ နှစ်ရက်သုံးရက်သာ၊လှူဒါန်းပေးကမ်းမြဲအတိုင်း ပေးကမ်းသည်။ နှစ်ရက် သုံးရက်ကျော်သော် ဆင်းရဲသား၊ ခရီးသွား၊ သူတောင်းစားတို့အား ပေကမ်းစွန့်ကြဲခြင်းဝတ်ကို ဖြတ်လိုက်သည်။
ရဟန်းသံဃာတို့အားလည်း ဆန်ကွဲထမင်း ပုန်းရည်ဟင်းကိုသာ လှူလေသည်။ ရဟန်းသံဃာများ ဆွမ်းစားပြီးပြန်ကြွသောအခါ ဆွမ်းစားသည့်နေရာတွင် မိမိစားပြီးသောစားကြွင်း စားကျန် ထမင်းလုံး၊ ငါးဖတ်၊ အမဲဖတ်တို့ကို ဖြန့်ကြဲထားပြီးလျှင် အိမ်နီးချင်းကို ခေါ်ပြ၍- “ရဟန်းတွေလုပ်ထားတာကို ကြည့်ပါ၊ သဒ္ဓါ၍လှူအပ်ထားသောထမင်း ဟင်းကျန််များကို ခုလို ဖျက်ဆီး လုပ်ကောင်းပါသလား” ဟု လုပ်ကြံပြောဆို စွပ်စွဲလေသည်။
နန္ဒိယပြန်လာ၍ ထိုအကြောင်းကိုသိသော် ရေဝတီကို အိမ်မှနှင်ချပြီး ရှေးကပေးကမ်းမြဲဝတ်နှင့်အလှူကို ပြန်လုပ်သည်။ နန္ဒိယသည် အိမ်နီးချင်းမိတ်ဆွေများ၏တောင်းပန်မှုကြောင့် ရေဝတီကို အိမ်မှာပြန်နေခွင့်ပြုခဲ့သည်။ ဥစ္စာအားလုံးကိုမအပ်တော့ဘဲ စားသောက်ရုံသာ ပေးထားသည်။ နောင်အခါ နန္ဒိယသေသော် တာဝတိံသာနတ်ပြည်၌ ဖြစ်ရသည်။
ရေဝတီသည် နန္ဒိယသေသော် အလှူဝတ်အားလုံးကို ဖြတ်ပစ်သည်။ “သူတို့ကြောင့် ငါ၏လာဘ်လာဘနှင့် အခွင့်အရေးများ ဆုံးရှုံးရသည်” ဟု ပြောဆိုကာ ရဟန်းသံဃာများနှင့် ဆင်းရဲသားအလှူခံများကို ဆဲရေးလေသည်။ ထိုအခါ ဝေဿဝဏ်နတ်မင်းကြီးသည် ဘီလူး နှစ်ကောင်ကိုခေါ်ကာ ရေဝတီကို ရှေ့ခုရက်တွင် အရှင်လတ်လတ်ငရဲပစ်ချမည့်အကြောင်း ဗာရာဏသီမြို့၌ ကြွေးကြော်စေသည်။
ကြွေးကြော်သံကြား၍ မြို့သူမြို့သားတို့ အလွန် ထိတ်လန့်ကြောက်ရွံ့ကြလေသည်။ ရေဝတီမှာ ပြာသာဒ်ပေါ်တက်ပြီး တံခါးပိတ်နေလေသည်။ ဆဲရေးပြီး(၇)ရက်မြောက်သောနေ့တွင် ဝေဿဝဏ် နတ်မင်းကြီးစေခိုင်းထားသောဘီလူးနှစ်ကာင်သည် ရေဝတီကို- “အလွန်ယုတ်မာသောရေဝတီ...ထလော့” ဟုပြောပြီး လက်နှစ်ဘက်ကို တစ်ဘက်စီကိုင်ပြီး လူအများမြင်စေ ဟုဆိုပြီး တစ်လမ်းဝင်တစ်လမ်းထွက် လှည့်လည်ပြသည်။ ထို့နောက် တာဝတိံသာကိုခေါ်၍ နန္ဒိယ၏ နတ်စည်းစိမ်ကိုပြသကြသည်။
ထိုအခါ ရေဝတီက ထိုဗိမာန်အကြောင်းကိုမေးသည်။ နန္ဒိယဗိမာန် ဟု ပြောသောအခါ နန္ဒိယနှင့်အတူတူ စံနေပါရစေ ဟုတောင်းပန်သည်။ ဘီလူးနှစ်ကောင်က- “နင်၏နေရာသည် ဤနေရာမဟုတ်၊ ငရဲသာ ဖြစ်ချေသည်။ နင့်မှာ နန္ဒိယနှင့်အတူ နေရမည့်ကုသိုလ်မရှိ” ဟု ပြောပြီး ငရဲသို့ဆက်လက်ခေါ်လာကာ မစင်ပုပ်ငရဲ ထဲသို့ ပစ်ချခဲ့ကြသည်။ မြင့်မြတ်သောရဟန်းသံဃာများကိုဆဲရေးသော ရေဝတီ၏နှုတ်ထွက်စကားကြမ်းသည် ဤပစ္စုပ္ပန်ဘဝမှာပင် ဒိဋ္ဌဓမ္မ အကုသိုလ်အကျိုးပေးပြီး အရှင်လတ်လတ် ငရဲသို့ပစ်ချခံရသည်။ သို့အတွက် နှုတ်ထွက်စော်ကား ဒေါသစကားကို အလျင်မပြုမိအောင် သတိနှင့်ရှောင်ပါလေ။ ။
Creadit to-【စာရိုက်ပူဇော်သူ - Admin Team of Young Buddhist Association】
Creadit to-【မဟာသဒ္ဓမ္မဇောတိကဓဇ တက္ကသိုလ် သျှင်သီရိ (ဓမ္မစရိယ၊ ဘီအေ)】၏
“တစ်စက္ကန့် ဒေါသစကား ပေးဆပ်ရသည်က အလွန်များမှ-