ဒိဋ္ဌေ ဒိဋ္ဌမတ္တံ ကျင့်စဉ်
ဘုရားရှင်သည် ဤ ဒိဋ္ဌေ ဒိဋ္ဌမတ္တံ ကျင့်စဉ်ကို မာလုကျပုတ္တသုတ္တန်(သံ၊၂၊၂၉၄။),ဗာဟိယသုတ္တန် (ဥဒါန၊၈၅။)တို့၌ ဟောကြားထားတော်မူခဲ့၏။ ယင်းကျင့်စဉ်၏ ဆိုလိုရင်းမှာ ဤသို့ ဖြစ်၏။ သို့သော် အချို့အချို့သော ဆရာမြတ်တို့ကား "မြင်လျှင် မြင်သည့်နေရာမှာသာ စိတ်ကို ထားပါ၊ နောက်ထပ် ဒီအာရုံပေါ်မှာ စိတ်တွေ မဖြစ်ပါစေနဲ့"ဟု ဆိုဆုံးမကြ၏။
ဤအချက်နှင့် ပတ်သက်၍ အနည်းငယ် ရှင်းလင်း တင်ပြလိုပေသည်။ ဧကန္တေန ပန စက္ခုဝိညာဏမေဝ ဒဿနကိစ္စံ သာဓေတိ။ (အဘိ၊ဋ္ဌ၊၁၊၃၂၀။) ဧကန်အားဖြင့် စက္ခုဝိညာဏ်စိတ်သည်သာလျှင် ရူပါရုံကို မြင်ခြင်း ဒဿနကိစ္စကို ပြီးစီးစေနိုင်၏။ (အဘိ၊ဋ္ဌ၊၁၊၃၂၀။)
" မြင်လျှင် မြင်သည့်နေရာမှာသာ စိတ်ကို ထားပါ၊ နောက်ထပ် ဒီအာရုံပေါ်မှာ စိတ်တွေ ထပ်မဖြစ်စေရ"ဟု ဆိုသဖြင့် ထိုစကားကို အဓိပ္ပါယ်ပြန်လိုက်လျှင် ယင်း ရူပါရုံပေါ်၌ စက္ခုဝိညာဏ်သာ ဖြစ်ပါစေ၊ ကျန် ဝီထိစိတ်များမဖြစ်ပါစေနဲ့ဟု ဆိုရာရောက်၏။ သာဝကတစ်ဦးသည် ထိုကဲ့သို့ ဖြစ်အောင် ကျင့်နိုင်ပါသလားဟု မေးရန် ရှိ၏။ အဖြေမှာ အောက်ပါအတိုင်း ဖြစ်၏။ (အဘိ၊ဋ္ဌ၊၁၊၃၀၉-၃၁၀၊၊)
ဆိုင်ရာ ဒွါရ နှစ်ခု နှစ်ခု၌ ထင်လာသော အာရုံသည် -- - ၁။ ပရိတ္တာရုံ ဖြစ်အံ့ ဝုဋ္ဌောတိုင်အောင်, ၂။ မဟန္တာရုံ ဖြစ်အံ့ ဇောတိုင်အောင်, ၃။ အတိမဟန္တာရုံ ဖြစ်အံ့ တဒါရုံတိုင်အောင်, မနောဒွါရ၌ ထင်လာသော အာရုံသည် -- -
၁။ ၀ိဘူတာရုံ ဖြစ်အံ့ တဒါရုံတိုင်အောင်,
၂။ အဝိဘူတာရုံ ဖြစ်အံ့ ဇောသို့တိုင်အောင် ဖြစ်ပြီးမှသာလျှင် ဘဝင်သို့ သက်နိုင်၏။
ထိုကြောင့် -- -
၁။ ဒိဋ္ဌေ ဒိဋ္ဌမတ္တံ ဘဝိဿတိ = မြင်လျှင် မြင်ကာမတ္တဖြစ်အောင် ကျင့်ပါ၊
၂။ သုတေ သုတမတ္တံ ဘဝိဿတိ = ကြားလျှင် ကြားကာမတ္တဖြစ်အောင်ကျင့်ပါ၊
၃။ မုတေ မုတမတ္တံ ဘဝိဿတိ = ထိလျှင် ထိကာမတ္တဖြစ်အောင် ကျင့်ပါ၊
၄။ ၀ိညာတေ ၀ိညာတမတ္တံ ဘဝိဿတိ = သိလျှင် သိကာမတ္တဖြစ်အောင်ကျင့်ပါ၊ဟူသည် -- - မြင်လျှင် မြင်ကာမတ္တ၌သာ စိတ်ထားရမည်၊ ကြားလျှင်ကြားကာမတ္တ၌သာ စိတ်ထားရမည်၊ ထိလျှင် ထိကာမတ္တ၌သာ စိတ်ထားရမည်၊ သိလျှင် သိကာမတ္တ၌သာ စိတ်ထားရမည် = စက္ခုဝိညာဏ်မျှသာ ဖြစ်စေရမည်၊ သောတဝိညာဏ်မျှသာ ဖြစ်စေရမည်၊ ဃာနဝိညာဏ်, ဇိဝှါ၀ိညာဏ်, ကာယဝိညာဏ်မျှသာ ဖြစ်စေရမည်၊ ရှေးသို့ ဆက်လက်၍ ဝီထိစိတ်များ မဖြစ်အောင်ကျင့်ရမည်ဟု ဆိုလိုသည်ကား မဟုတ်၊
အဟုတ်မှာမူ --
၁။ မြင်အပ်သောတရား မြင်တတ်သောတရား,
၂။ ကြားအပ်သောတရား ကြားတတ်သောတရား,
၃။ ထိအပ်သောတရား ထိတတ်သောတရား,
၄။ သိအပ်သောတရား သိတတ်သော နာမ်တရားတို့၏ ဆိုင်ရာဝီထိအလိုက်၊ မှီရာရုပ်တရားတို့အားရှုပွားရမည်ဟူလို အကျယ်မှာ... အသင် ယောဂါဝစရ ပုဂ္ဂိုလ်သူမြတ်သည် -- -
၁။ မြင်အပ်သော ရူပါရုံ, မြင်တတ်သော စက္ခုဒွါရဝီထိ မနောဒွါရဝီထိ နာမ်တရားစု,
၂။ ကြားအပ်သော သဒ္ဒါရုံ, ကြားတတ်သော သောတဒွါရဝီထိ မနောဒွါရဝီထိ နာမ်တရားစု,
၃။ တွေ့အပ်သော ဂန္ဓာရုံ, ရသာရုံ, ဖောဋ္ဌဗ္ဗာရုံ, တွေ့တတ်သော ဃာန ဒွါရဝီထိ မနောဒွါရဝီထိ, ဇိဝှါဒွါရဝီထိ မနောဒွါရဝီထိ, ကာယဒွါရဝီထိ မနောဒွါရဝီထိ နာမ်တရားစု,
၄။ သိအပ်သော ဓမ္မာရုံ, သိတတ်သော မနောဒွါရဝီထိ နာမ်တရားစု, ဤ မှီရာရုပ်+နာမ်တရားတို့ကို ေ့ရှဦးစွာ သိမ်းဆည်းပါ။ သိမ်းဆည်းပြီးနောက် ယင်းဒိဋ္ဌ သုတ မုတ ၀ိညာတ တရားတို့ကို ဖြစ်စေတတ်သော အဝိဇ္ဇာတဏှာ ဥပါဒါန် သင်္ခါရ ကံ စသော အကြောင်းတရားတို့ကို ရှာဖွေလျက် အကြောင်းတရားနှင့် တကွသော ယင်း ဒိဋ္ဌ သုတ မုတ ၀ိညာတ တရားတို့ကို လက္ခဏာရေး သုံးတန်သို့တင်ကာ တွင်တွင်ကြီး ၀ိပဿနာရှုပါ။
ဤသို့ ကျင့်သုံး နိုင်ခဲ့သော် အသင်သူတော်ကောင်း၏ သန္တာန်၌ ဒိဋ္ဌ သုတ မုတ ၀ိညာတ တရားတို့ကို အကြောင်းပြု၍ ရာဂ ဒေါသ မောဟတို့ ဖြစ်ခွင့် မရှိနိုင်တော့ပေ။ ဒိဋ္ဌ သုတ မုတ ၀ိညာတ တရားတို့ကို အကြောင်းပြု၍ မဟာကုသိုလ် မနော ဒွါရိက ၀ိပဿနာဇောဝီထိ စိတ်အစဉ်တို့သာ အဆက်မပြတ် ဖြစ်ပေါ်နေပေလိမ့်မည်။ ထို ၀ိပဿနာဉာဏ်များသည် အရိယမဂ်သို့တိုင်အောင် အထွတ် အထိပ်သို့ ရောက်ရှိသွားခဲ့သော် အသင်သူတော်ကောင်းသည် ဒိဋ္ဌေ ဒိဋ္ဌမတ္တံ ကျင့်စဉ်ကို ပြည့်ပြည့်စုံစုံ ကျင့်သုံးပြီးပင် ဖြစ်ပေသည်။
ဤတရားတို့ကို သိမ်းဆည်းပြီးလျှင် ဉာဏ်ဖြင့် ပိုင်းခြားယူပြီးလျှင်ယင်းတို့၏ အကြောင်းတရားတို့ကို ရှာဖွေလျက် အကြောင်းတရားနှင့်တကွသော ယင်း ဒိဋ္ဌ, သုတ, မုတ, ၀ိညာတတရားတို့ကို လက္ခဏာယာဉ်သုံးချက်သို့ တင်၍ တွင်တွင်ကြီး ၀ိပဿနာရှုပါဟုသာ ဆိုလိုရင်း ဖြစ်သည်ဟုမှတ်သားလေရာသည်။
ဒိဋ္ဌ သုတ မုတ ၀ိညာတ တရားတို့၌ ရာဂ ဒေါသ မောဟတို့ မဖြစ်အောင် ကျင့်သည့် ကျင့်ထုံးဥပဒေသကြီး တစ်ခုပင် ဖြစ်သည်။ ဘုရားရှင်၏ သာသနာတော်မြတ်ကြီးနှင့် အလွဲကြီး မလွဲရအောင်, အရှင်ဗာဟိယဒါရုစိရိယမထေရ်မြတ် ၊အရှင်မာလုကျပုတ္တမထေရ်မြတ် အစရှိသော ရဟန္တာအရှင်မြတ်ကြီးတို့ ခိုလှုံစံဝင်တော်မူရာ ဖြစ်သော အရဟတ္တဖိုလ် နိဗ္ဗာန်ကို မျက်မှောက်သော ကိုယ်၏အဖြစ်၌ပင်လျှင် ကိုယ်တိုင်မျက်မှောက်ပြု၍ နေနိုင်အောင် ကျင့်ကြံကြိုးကုတ်ပွားများအားထုတ်နိုင်ကြပါစေသောဝ် ...။
" ဖားအောက်တောရဆရာတော် "
Crd Royal Poe