Tuesday, June 5, 2018

ခွင့်လွှတ်ခြင်း၏ ရလဒ်

ခွင့်လွှတ်ခြင်း၏ ရလဒ်

💐 💐 💐 အတိတ်ကို ဘာပဲဖြစ်ခဲ့ဖြစ်ခဲ့ အဲဒါကိုနားလည်ဖို့လိုတယ်။ ခွင့်လွှတ်ဖို့လိုတယ်။ အတိတ်ကဖြစ်ခဲ့တဲ့ လွဲခဲ့တာတွေ မှားခဲ့တာတွေကို ခွင့်လွှတ်နိုင်ခြင်းအားဖြင့် နောင်အနာဂတ်မှာ ကောင်းတာတွေလုပ်နိုင်ဖို့အတွက် အုတ်မြစ်ကောင်းကောင်းကိုရသွားတယ်နော်။ အတိတ်ကအကြောင်းတွေကို ထပ်ခါတလဲလဲ တွေးနေ ပြောနေပြီးတော့ အဲဒီအတိတ်ထဲမှာပဲချောင်ပိတ်မိနေလို့ရှိရင် ထောင်ချောက်ကြီးထဲရောက်နေသလိုဖြစ်တယ်။ ခွင့်လွှတ်ခြင်းအားဖြင့် အကျိုးတွေအများကြီးရှိလာတယ်။ စိတ်ရှင်းတယ်။ လွတ်လပ်သွားတယ်။ အမှုကိစ္စတွေ အများကြီးပြီးသွားပါတယ်။


💐 💐 💐 ခွင့်လွှတ်ခြင်းဆိုတာ မှန်ကန်တဲ့အမြင်၊ မှန်ကန်တဲ့အသိမှာ အခြေခံမှဖြစ်နိုင်တယ်။ ပြီးတော့ သူတစ်ပါးကိုချည်းခွင့်လွှတ်ရုံနဲ့ မရသေးဘူး၊ မပြည့်စုံသေးဘူး၊ မိမိကိုယ်ကိုပါခွင့်လွှတ်နိုင်မှ ပြည့်စုံတယ်။

 💐 💐 💐 ကိုယ်လုပ်ခဲ့သမျှကိုပြန်ကြည့်ပြီးတော့ မှားတာကိုတော့မှားပါတယ်လို့ ရိုးရိုးသားသား တိတိကျကျ ဝန်ခံဖို့လိုတယ်။ သင်ခန်းစာလည်းယူဖို့လိုတယ်။ ပြီးရင် ငါ့ကိုယ်ကိုလည်း ငါခွင့်လွှတ်လိုက်မယ်။ ရှေ့လျှောက် ငါကောင်းတာတွေလုပ်တော့မယ်၊ နောင်တရပြီးတော့ တစ်နေ့တစ်နေ့ အချိန်မကုန်စေချင်တော့ဘူး။ ကိုယ့်ကိုယ်ကိုလည်း ခွင့်လွှတ်တတ်ဖို့လိုတယ်။ နောင်တရတဲ့စိတ်အားကြီးလွန်းရင် သူကပဲပိတ်ပင်ထားလို့ တရားအသိဉာဏ်အဆင့်မြင့်မြင့်ကို မရနိုင်ဘူး။

💐 💐 💐 ခွင့်လွှတ်နိုင်တဲ့အခါ လောကကြီးကိုကြည့်လိုက်ရင် လောကကြီးက ကြည့်လို့ကောင်းနေတယ်။ သာယာနေတယ်။ အရာရာတိုင်းဟာ လှနေတယ်၊၊ အဓိပ္ပာယ်ရှိနေတယ်။ ဒါတွေကို ကြည့်နိုင်ဖို့၊ မြင်နိုင်ဖို့၊ အာရုံပြုနိုင်ဖို့၊ သိနိုင်ခံစားနိုင်ဖို့ သူ့စိတ်ကိုပေးနိုင်တယ်။ ခွင့်မလွှတ်နိုင်တဲ့သူဟာ ဒါတွေအတွက် သူ့စိတ်မှာနေရာမပေးနိုင်ဘူး၊ အချိန်မပေးနိုင်ဘူး။ သူ့မျက်စိကဖွင့်ထားပေမယ့် သူမမြင်နိုင်ဘူး။ သူ့နားထဲကို အသံတွေဝင်ရောက်လာပေမယ့် သူ အာရုံမပြုနိုင်ဘူး၊ မကြားနိုင်ဘူး။ သူတန်ဖိုးမထားနိုင်ဘူး။

 💐 💐 💐 ခွင့်လွှတ်နိုင်တဲ့စိတ်ဟာ မြင့်မြတ်တဲ့စိတ်ဖြစ်တယ်။ ရင့်ကျက်တဲ့ ခိုင်မာတဲ့စိတ်ဖြစ်တယ်။ သဘောထားကြီးတဲ့စိတ် (big mind) ဖြစ်တယ်။ (powerful mind) အင်အားကြီးတဲ့စိတ်ဖြစ်တယ်။ ဒါကြောင့် ခွင့်လွှတ်နိုင်တဲ့သူဟာ စိတ်ဓာတ်ကျမနေတော့ဘူး။

💐 💐 💐 ကိုယ့်ဘဝကို အသိဉာဏ်အလင်းနဲ့နေသွားချင်တဲ့သူ၊ နေသွားနိုင်တဲ့သူ ဟုတ်သလား၊ မဟုတ်ဘူးလားဆိုတာသိအောင် ခွင့်လွှတ်နိုင်တဲ့သူလား၊ ခွင့်မလွှတ်နိုင်တဲ့သူလားဆိုတဲ့ စာမေးပွဲ အစစ်ခံရသလိုဖြစ်တယ်နော်။

 💐 💐 💐 ကိုယ့်ဘဝမှာအဆိုးနဲ့ကြုံတိုင်း အမြဲတမ်း ကောင်းတာကိုလုပ်ဖို့ကြိုးစားပါ။

💐 💐 💐 သူလုပ်သလိုပြန်လုုပ်ခြင်းအားဖြင့် သူ့ထက်သာတဲ့သူမဖြစ်နိုင်ဘူး။

 💐 💐 💐 ခွင့်လွှတ်တယ်ဆိုတာ မေ့လိုက်တာမဟုတ်ဘူး။ တွေ့ကြုံခဲ့တဲ့အတွေ့အကြုံတွေဟာ ဒီအတွေ့အကြုံတွေနဲ့ပတ်သက်တဲ့ စိတ်ဆင်းရဲမှု၊ကိုယ်ဆင်းရဲမှုတွေအားလုံးဟာ ကိုယ့်အတွက်အင်မတန်ကြီးမားတဲ့ သင်ခန်းစာယူစရာတွေဖြစ်ပါတယ်။ ဒီအထဲက ပညာယူရမယ်နော်။ မေ့လိုက်ရင် ပညာမရတော့ဘူး။ ဒါကြောင့် မေ့ဖို့မသင့်ဘူး။ ဒါကိုနားလည်ဖို့ ကြိုးစားရမယ်။ ခွင့်လွှတ်တယ်ဆိုတာဟာ သူလုပ်ခဲ့တဲ့ကိစ္စကို လျှော့လျှော့ပေါ့ပေါ့တွက်လိုက်တာမဟုတ်ဘူးနော်။ မမှားပါဘူး၊ ကောင်းပါတယ်လို့ ပြောတာမဟုတ်ဘူး၊၊ ကိုယ်လုပ်ခဲ့တဲ့ကိစ္စကိုလည်း လျှော့လျှော့ပေါ့ပေါ့တွက်တာမဟုတ်ဘူး။ သူ့ကိုခွင့်လွှတ်တယ်ဆိုတာဟာ သူလုပ်ခဲ့တဲ့ကိစ္စဟာ လက်ခံနိုင်ပါတယ်၊ အရေးမကြီးပါဘူး၊ သိပ်မဆိုးပါဘူးလို့ မဆိုလိုပါဘူး။ သူလုပ်ခဲ့တဲ့ကိစ္စကြောင့် ကိုယ့်မှာထိခိုက်သွားတာဟာ အရေးမကြီးပါဘူးလို့ ပြောတာမဟုတ်ဘူး။ ခွင့်လွှတ်လိုက်တဲ့အခါမှာ အတိတ်ကဖြစ်ခဲ့တဲ့ဖြစ်ရပ်တွေကြောင့် ကိုယ့်မှာနာကျည်းနေတာ၊ သူ့ကို ပြန်ပြီးတော့ဂလဲ့စားချေမယ်ဆိုတဲ့အတွေးမျိုးကို ကိုယ်ကလွှတ်လိုက်တာ၊ လျှော့လိုက်တာနော်။ ဒီအတွေးတွေက ကိုယ့်ရဲ့ပစ္စပ္ပန်နဲ့အနာဂတ်ကို အကျိုးသက်ရောက်မှုဖြစ်စေတယ်။ စိတ်ချမ်းသာမှု တကယ်မရနိုင်ဘူး။ ဒါပေမဲ့ ခွင့်လွှတ်လိုက်တာဟာ မှားတာကိုမှန်ပါတယ်လို့ လုပ်လိုက်တာမဟုတ်ဘူး။

 💐 💐 💐 ခွင့်လွှတ်နိုင်ရင် ဒဏ်ရာဟောင်းကျက်လွယ်တယ်။ စိတ်နေသဘောထား မြင့်မားလာတယ်။ ခွင့်လွှတ်တယ်ဆိုတာဟာ အင်မတန်မြင့်မြတ်တဲ့ကိစ္စဖြစ်ပါတယ်၊၊ ခွင့်လွှတ်နိုင်တဲ့အချိန်ကနေစပြီးတော့ စိတ်ဟာငြိမ်းချမ်းသွားပြီ၊ လွတ်လပ်သွားပြီတဲ့၊၊ ခွင့်လွှတ်တယ်ဆိုတာ ကိုယ့်စိတ်ကိုသက်သာမှုရအောင် ကိုယ်လုပ်လိုက်တာပါနော်။ ကိုယ့်စိတ်ကို ဒီ မုန်းတီးမှု၊ နာကြည်းမှု၊ ကလဲ့စားချေချင်တယ်ဆိုတဲ့ အတွေးတွေကနှောင်ဖွဲ့ထားတာကို လွှတ်လိုက်တာပဲ။ သူများအပေါ်မှာနာကြည်းနေရတာ၊ သူတစ်ပါးကိုလက်စားချေမယ်လို့ တွေးနေရတာတွေဟာ အမှန်တော့ ကိုယ့်ဘဝကိုပုံပျက်ပန်းပျက်ဖြစ်သွားစေတယ်။ " ကိုယ်တကယ်လုပ်သင့်တဲ့၊ ကိုယ့်အတွက်အကျိုးရှိမယ့်ကိစ္စတွေကို လုပ်ခွင့်မရတော့ဘူး။" ဒါကြောင့် ခွင့်လွှတ်လိုက်တာဟာ ကိုယ့်စိတ်ကို လွတ်လပ်မှုပေးလိုက်တာပဲ။ ကိုယ့်စိတ်ကို ငြိမ်းချမ်းခွင့်ပေးလိုက်တာပဲ။ ရန်ငြိုးဖွဲ့နေရတာ၊ မုန်းတီးနေရတာ၊ မကျက်သေးတဲ့ဒဏ်ရာဟောင်းတွေကိုပြုစုနေရတာနဲ့ ကုန်နေရတဲ့အင်အားတွေကို ပိုပြီးတော့ကောင်းတဲ့နေရာမှာအသုံးြ့ပုနိုင်အောင် လွတ်လပ်အောင်လုပ်တာဟာ ခွင့်လွှတ်တာပဲ။ အဲဒီလိုနာကြည်းနေရတဲ့အတွက် စိတ်ဓာတ်အင်အားတွေ၊ ခန္ဓာကိုယ်အင်အားတွေ၊ အချိန်တွေကုန်မယ့်အစား အဲဒီအချိန်နဲ့အင်အားတွေကို ပစ္စုပ္ပန်မှာလည်းအကျိုးများအောင် အနာဂတ်မှာလည်းအကျိုးများအောင် ကောင်းတဲ့ကိစ္စတွေကိုလုုပ်ရင်းနဲ့ အသုံးချချင်တယ်။ ဒါကြောင့် သူ့ကိုခွင့်လွှတ်တာ။ ခွင့်လွှတ်လိုက်တယ်ဆိုတဲ့အဓိပ္ပာယ်က သူ့ကိုနာကြည်းနေရတာကို ငါလုပ်နေဖို့ မလိုတော့ဘူး၊ အဲဒါ ငါ့အတွက်မလိုအပ်တော့ဘူး၊ အဲဒါ ငါ့အတွက်အသုံးမကျတော့ဘူး၊ အကျိုးမရှိဘူးလို့ သိသွားတာ။

💐 💐 💐 အမှန်တော့ Forgiveness is power. ခွင့်လွှတ်ခြင်းဟာ စွမ်းအားဖြစ်ပါတယ်။ ခွင့်လွှတ်တယ်ဆိုတာ စိတ်ဓာတ်ရောအသိဉာဏ်ပါကြီးမားတဲ့သူရဲ့ လုပ်ရပ်ဖြစ်တယ်။ ခွင့်မလွှတ်နိုင်တာဟာ စိတ်ဓာတ်အင်အား၊ အသိဉာဏ်အင်အား နည်းသေးတဲ့သူရဲ့ အလုပ်ဖြစ်တယ်။ ခွင့်လွှတ်တယ်ဆိုတာ စာရင်းဟောင်းတွေကိုရှင်းပစ်လိုက်တာပဲ။ "ငါ ဒီခွင့်မလွှတ်နိုင်ခြင်းဆိုတဲ့ခံစားမှုထဲမှာ ထောင်ကျခံပြီးတော့ မနေတော့ဘူး"ဆိုပြီး ကိုယ့်ထောင်တံခါးကို ကိုယ်ဖွင့်လိုက်တာပဲ။

💐 💐 💐 ဘယ်သူ့ကိုမှ ဘယ်တော့မှ အပြစ်မတင်တော့တဲ့သူဖြစ်ချင်တယ်။ ခွင့်လွှတ်တယ်ဆိုတာ ဘာဖြစ်လို့လဲဆိုတော့ အပြစ်ယူခဲ့လို့၊ အပြစ်တင်ခဲ့လို့ ခွင့်လွှတ်နေရတာနော်။ အပြစ်မတင်တော့ဘူးဆိုရင် ခွင့်လွှတ်နေဖို့လည်းမလိုတော့ဘူး။ ခွင့်လွှတ်စရာမလိုတော့ဘူးဆိုရင် ဘယ်လောက်လွတ်လပ်ပြီးတော့ ဘယ်လောက်အေးချမ်းသွားမလဲ.. နော်.။

ဆရာတော်ဦးဇောတိက (မဟာမြိုင်တောရ) ၏

“တွေးမိတိုင်းပျော်တယ်” စာအုပ်မှ ကူးယူဖော်ပြပါသည်၊၊

 Credit ---