Saturday, June 9, 2018

ကျော်ဖြတ်ရမည့် မာန် (၁၀) ပါး

ကျော်ဖြတ်ရမည့် မာန် (၁၀) ပါး

 တရားအလုပ်ပျက်စီးသွားအောင် တားဆီးတတ်တဲ့ အတားအဆီးတွေကို မာရ်လို့ခေါ်ပါတယ်။ မာရ် (၁၀) ပါး ရှိပါတယ်။ အဲဒီမာန်(၁၀)ပါးကို ကျော်ဖြတ်နိုင်မှ မဂ်ဖိုလ်နိဗ္ဗာန်ကို ရမှာဆိုတော့ အထိုက်အလျောက်သိထားသင့် ပါတယ်။ ပထမဆုံးမာရ်က ကာမမာရ်ပါ။


ငါးဖြာအာရုံကာမဂုဏ်တွေအပေါ်မှာ သာယာတာ။ တပ်မက်တာ။ တွယ်တာတာ။ အင်မတန်အင်အားကြီးတဲ့အတွက် အများစုက မကျော်ဖြတ်နိုင်ကြပါဘူး။ ယောဂီအများစု ကတော့ အခိုက်အတန့်လေးပဲဖြစ်ဖြစ် ကျော်ဖြတ်နိုင်လို့ တရားရိပ်သာကိုရောက်လာကြတာဟာ ငါးဖြာ အာရုံ ကာမဂုဏ်တွေကို စွန့်ပြီး ကိလေသာတောက ထွက်လာကြတာပါပဲ။ မဂ်ဉာဏ် ဖိုလ်ဉာဏ်ရဖို့ တောထွက်လာတာဆိုရင် သိမ်မွေ့တဲ့ သာယာ တပ်မက်မှုတွေကိုပါ ကျော်ဖြတ်ရမှာပါ။ တချို့ကတော့ တကယ်ကိုကြိုးစားတာ။

 နေ့ရောညရော ကြိုးစားတော့ သမာဓိတွေက ရလာပြီ။ အလင်းရောင်တို့ ပီတိတို့ ပဿဒ္ဓိတို့ ဥဒယဗ္ဗယဉာဏ်အနုစားပိုင်းမှာ ဥပက္ကိလေသတွေ ဖြစ်လာတယ်။ အလင်းရောင်တွေဖြစ်တယ်၊ ပီတိတွေဖြစ်တယ်၊ ပဿဒ္ဓိတွေဖြစ်တယ်၊ သမာဓိလည်းကောင်းတယ်။ ဝီရိယလည်း ကောင်းလာတယ်။ သဒ္ဓါလည်း ကောင်းလာတယ်။

အဲဒီလိုကောင်းလာတာကို ဘယ်လိုထင်လဲဆိုတော့ ဟာ - ငါဟိုတုန်းကနဲ့မတူဘူး။ မဂ်ဉာဏ် ဖိုလ်ဉာဏ်ရပြီနဲ့တူတယ်ဆိုပြီးတော့ .. အဲဒီ ပီတိ ပဿဒ္ဓိတွေ အလင်းရောင်တွေကို သာယာသွားတတ်တယ်။ အာရုံငါးပါးကာမဂုဏ်တရားကို သာယာတာ မဟုတ်ဘူးနော်။

 မိမိ ရထားတဲ့ သမာဓိတွေကို သာယာသွားတာ။ သူများတွေ ငါ့လောက်တောင် မရဘူး။ ငါအများကြီး ရထားတာပဲ။ ငါ တော်တော်ဟုတ်နေတာပဲ။ မဂ်ဉာဏ် ဖိုလ်ဉာဏ်မရသေးဘဲနဲ့ တစ်ခါတည်း ကိုယ့်ကိုယ်ကို တင်းတိမ်ပစ်လိုက်တယ်။ ဒါ ၀ိပဿနာညစ်ညူးကြောင်းတွေ .. ဥဒယဗ္ဗယဉာဏ်အနုပိုင်းပဲရှိသေးတယ်။ အဲဒါကို သူများတွေ ငါ့လောက်တောင် ထူးထူးခြားခြားရတာ မဟုတ်ဘူး။

 ဒီလောက်ဆိုတော်ရောပေါ့ဆိုပြီး အိမ်ပြန်နားတယ်။ ကျောင်းမှာ တစ်နှစ်လောက်လုပ်ထားတာ အိမ်ရောက်တော့ တစ်ရက်တည်းနဲ့ကုန်ရော။ သမာဓိက တစ်ပြားသားမှ မကျန်တော့ဘူး။ ဒါကြောင့်မို့ .. ကိုယ်က တရားမဆုံးသေးဘဲနဲ့ မဂ်ဉာဏ် ဖိုလ်ဉာဏ်မရသေးဘဲနဲ့ နောက်မဆုတ်ပါနဲ့။

 ဥဒယဗ္ဗယဉာဏ်အနုပိုင်းမှာ ထူးထူးခြားခြားဖြစ်တတ်တယ်။ သမာဓိကလည်း ထူးထူးခြားခြား ဖြစ်တတ်တယ်။ ပီတိ ပဿဒ္ဓိကလည်း ထူးထူးခြားခြား ဖြစ်တတ်တယ်။ ပဿဒ္ဓိကြောင့်လည်း မေ့သလို ချုပ်သလို ဖြစ်တတ်တယ်။ သမာဓိကြောင့်လည်း မေ့သလို ချုပ်သလို ဖြစ်တတ်တယ်။

မဂ်စစ်မစစ် ဖိုလ်နဲ့စစ် ရတယ်တဲ့။ ကိုယ့်ကိုယ်ကို ဖလသမာပတ် မဝင်စားနိုင်သေးဘဲနဲ့ မဂ် ဖိုလ် ရပြီလို့ ပြောလို့ရပါ့မလား။ မရသေးဘဲနဲ့ တော်လိုက်တဲ့အခါကျတော့ ရသင့်ရထိုက်တဲ့တရား ဆုံးရှုံးသွားပါတယ်။ တစ်ယောက်တည်း ဆုံးရှုံးတာမဟုတ်ဘူး။ တစ်ယောက်ရဲ့နောက်မှာ ဝေနေယျတွေ အများကြီးရှိတယ်။ အဲဒီဝေနေယျတွေပါ တရားမရတော့တာ။

 ဒုတိယမာရ်က အရတိမာန် - တရားအားထုတ်တဲ့အလုပ်မှာ မပျော်မွေ့တာ။ စိတ်ဝင်စားမှု မရှိတာမျိုး။ မလွှဲသာ မရှောင်သာလို့ မကျေမနပ်နဲ့ လုပ်နေရတာမျိုးပေါ့။ သံဝေဂဉာဏ် အားမကောင်းတဲ့ ယောဂီတွေ အဖြစ်များပါတယ်။

တတိယက ခုပ္ပိပါသမာရ် - ဗိုက်ဆာတဲ့အတွက်ကြောင့် တရားကို ကောင်းကောင်း အားမထုတ်နိုင်တာ။ ကိုယ်စားချင်တာ မစားရဘဲ ရိပ်သာမှာ ကျွေးတာကိုပဲ စားရတော့ စိတ်က မတင်းတိမ်ဘူး။ ဗိုက်ဆာတာကလည်း အခက်အခဲတစ်ခုပဲနော်။

 နောက်တစ်ခုက ကန္ဒီမာရ် - စိတ်ဓာတ်ကျတာ၊ ကျန်းမာရေးမကောင်းလို့ စိတ်ဓာတ်ကျတာမျိုးလည်း ရှိတယ်။ တချို့ကျတော့ ကြိုးကြိုးစားစား အားထုတ်ပေမယ့် တရားမတက်လို့ စိတ်ဓာတ်ကျတာ။ သင်္ခါရုပေက္ခာဉာဏ်ကိုတော့ ရောက်နေပြီ။ ရှေ့ကိုဆက်မတက်ဘူး။ တရားက တက်လိုက် ကျလိုက်နဲ့ ဒီနေရာမှာပဲ လည်နေတော့ စိတ်ဓာတ်ကျပြီး တရားကို ဆက် အားမထုတ်ချင်တော့ဘူး။ ဒါလည်း အတားအဆီးတစ်ခုပဲ။

(၅) ခုမြောက်က ထိနမိဒ္ဓမာရ် - အိပ်ငိုက်တာ၊ အပျင်းကြီးတာ၊ တချို့ယောဂီတွေ မနက်စောစော အိပ်ရာမ မထချင်ဘူး။ အအိပ်မက်တယ်။ အမှန်က မနက်စောစောဆိုတာ အင်မတန်တရားအားထုတ်လို့ကောင်းတာ။

 မဂ်ဉာဏ် ဖိုလ်ဉာဏ်မရအောင် တားဆီးတဲ့နောက်ထပ် မာရ်တစ်ခုကတော့ ဘီရုမာရ်တဲ့ - ကြောက်စိတ်ဝင်တာ။ ထိုင်မှတ်တဲ့အခါ အာရုံထဲမှာ ဘာကိုပဲမြင်မြင် မြင်ရင် မြင်တယ်၊ မြင်တယ် မှတ်ပါလို့ ဆရာသမားက ခဏခဏသတိပေးနေပေမယ့် တချို့က မမှတ်ဘူး၊ မြင်တဲ့ အာရုံကို စိတ်ဝင်တစားနဲ့ ကြည့်ကြည့်နေတယ်။ အဲဒီအကျင့်က တစ်ချိန်ချိန်မှာ ဒုက္ခပေးတော့တာပဲ။ တရားမှတ်နေရင်းနဲ့ တစ်ခါတလေ ကြောက်စရာကောင်းတဲ့ အာရုံမျိုး မြင်ရတတ်တယ်။ မြင်ရင် မြင်တယ်၊ မြင်တယ် မှတ်တဲ့ အလေ့အကျင့် မရှိတော့ .. မမှတ်ဘဲကြည့်နေမိတယ်။ သမာဓိအရှိန်ကရှိနေတော့ ကိုယ့်နား နီးကပ်လာတယ်လို့ ထင်ပြီး အကြီးအကျယ် ကြောက်သွားတတ်တယ်။ မျက်စိမှိတ်လိုက်တာနဲ့ ပြန်ပြန်ပေါ်လာတဲ့အတွက် တရားကို ဆက်မထိုင်ရဲတော့ဘူး။ တစ်ချို့ကျတော့တစ်မျိုး။ တရားမတက်လို့ တရားစစ်ခံရမှာကြောက်တာ။ ဆရာသမားက မေးမှာမြန်းမှာ ကြောက်တာနဲ့ ရိပ်သာက အသာလေးလစ်သွားတာမျိုး .. အဲဒီလို မကြောက်သင့်တာကို ကြောက်ပြီး ပြန်သွားရင် မဂ်ဉာဏ် ဖိုလ်ဉာဏ်က ရနိုင်ပါတော့မလား .. မရနိုင်တော့ဘူးနော်။

 နောက်အတားအဆီးက ၀ိစိကိစ္ဆာမာရ် - သံသယတွေဖြစ်နေတာ။ ဒါမျိုးက တကယ့်သဒ္ဓါတရားနဲ့ ကြိုးစားအားထုတ်နေတဲ့ ယောဂီကြီးတောင် ဖြစ်တတ်တယ်။ သင်္ခါရုပေက္ခာဉာဏ်တော့ ရောက်နေပြီ။ တရားက ရှေ့ကို ဆက်မတက်ဘဲ ပြန်ပြန်ကျနေတယ်။ ဘင်္ဂတို့ ဥဒယဗ္ဗယတို့ထိ ပြန်ကျသွားတာ။ တက်လိုက်ပြန်ကျလိုက်နဲ့ ကြိမ်ဖန်များတော့ ရှုအားတွေပါ လျော့သွားပြီး သင်္ခါရုပေက္ခာဉာဏ်အထိတောင် ပြန်မတက်တော့ဘူး။ အဲဒီတော့ စိတ်ဓာတ်တွေပါ ကျလာရော။ ငါဟာ ဒီဘဝမှ မဂ်ဉာဏ် ဖိုလ်ဉာဏ်ရမယ့် တိဟိတ်ပုဂ္ဂိုလ်မှဟုတ်ရဲ့လား။ ဒွိဟိတ်များ ဖြစ်နေလားမသိဘူး။ တချို့ကျတော့ မဂ်တား ဖိုလ်တား အန္တရာယ်တွေ ရှိနေပြီလို့ ထင်တယ်။ ရဟန်းတော်တွေဆိုရင်လည်း ၀ိနည်းနဲ့ ပတ်သက်တဲ့ အာပတ်သင့်တာတွေကို ပြန်ပြီး သံသယဖြစ်နေတာနဲ့ ရှေ့ဆက်ပြီး အားမထုတ်ဖြစ်တော့ဘူး။ အမှန်က ကိုယ့်မှာ သံသယတွေဖြစ်နေရင် တတ်သိနားလည်တဲ့ သူတွေကို မေးရတယ်။ ကိုယ့်မှာ ဉာဏ်ပညာက နည်းနေသေးလို့ နုသေးလို့ သံသယဖြစ်နေတာ။ ဆရာသမားကောင်းရှိဖို့ သိပ်အရေးကြီးတယ်။

 နောက်အတားအဆီးတစ်ခုက မက္ခမာရ်၊ ထမ္ဘမာရ် - အထင်ကြီးတာ။ ညွတ်တွားလိုစိတ်မရှိတာ။ သူတစ်ပါးဂုဏ်ကျေးဇူးတွေကို အသိအမှတ်မပြုချင်တာ။ ကျေးဇူးကန်းတာ။ ကိုယ်က တရားတွေလည်း ခဏခဏနာထားတယ်။ တရားစာအုပ်တွေလည်း အများကြီး ဖတ်ထားတယ်ဆိုရင် ပြောတတ်ဆိုတတ်တာပဲ။ အထိုက်အလျောက် အားထုတ်ထားတော့ .. တရားတွေ့ပုံ တွေ့နည်းတွေ ဆွေးနွေးလိုက်ရင်လည်း အများကြီးပြောတတ်တယ်။ အဲဒီတော့ အများကလည်း အထင်ကြီး။ ကိုယ့်ကိုယ်လည်း အထင်ကြီးတာပဲ။ ဒါကိုမသိတဲ့ယောဂီက နည်းနည်းလေးလုပ်ပြီး ကိုယ့်ကိုယ်ကို အထင်ကြီးပြီး မာန်မာနတွေတတ်တယ်နော်။ မြတ်စွာဘုရားရဲ့တရားတော်ဆိုတာ မာန်မာနချိုးနှိမ်ထားတဲ့သူမှ ရနိုင်တာ။ မာန်မာနတွေ တထောင်ထောင်လုပ်နေရင် ရမှာမဟုတ်ဘူး .. အဲဒီမာန်မာနကို ရှုမှတ်ပစ်ပြီး ဆက်ကြိုးစားမယ်ဆိုရင် မဂ်ဖိုလ်နိဗ္ဗာန်ကို မရနိုင်ဘူးလား .. ရနိုင်ပါတယ်နော်။ နောက်တစ်ခု (၉) ခုမြောက်အတားအဆီးက တဏှာမာနမာရ် - လာဘသက္ကာယသိလောက။ လာဘ်လာဘကို သာယာမယ်။ ဂုဏ်သတင်းကြီးတာတွေကို နစ်မွမ်းနေမယ်ဆိုရင် အတားအဆီးခံရပြီလို့သာမှတ်လိုက်ပါ။ ငယ်တဲ့သူဖြစ်ဖြစ်၊ ကြီးတဲ့သူဖြစ်ဖြစ် သီလ သမာဓိ ပညာ အားကောင်းအောင် ကြိုးစားတဲ့ပုဂ္ဂိုလ်ကို မဂ်တွေ ဖိုလ်တွေ မရသေးပေမယ့် ကြည်ညိုကြတာပဲ။ ဟိုလူကကြည်ညို ၊ ဒီလူကကြည်ညို။ ဟိုကချစ်ခင်။ ဒီကချစ်ခင်နဲ့။ အာရုံငါးပါး ကာမဂုဏ်တရားကလည်း ပေါလာတတ်တယ်။ အဲဒါကို ကိုယ်က ဘဝင်မြင့်ပြီးတော့များ ပေါ့ပေါ့ဆဆနေလိုက်ရင် အာရုံငါးပါးကာမဂုဏ်တရားဘက်ကို ပြန်ပါသွားနိုင်တယ်နော်။ နောက်ဆုံးမာရ်က အတ္တုက္ကံသန ပရဝမ္ဘနမာရ် - သူတစ်ပါးကို နှိပ်ချပြီး ကိုယ့်ကိုယ်ကို ပင့်မြှောက်တာ။ ငါက သီလစင်ကြယ်တယ်။ ဒီကောင်တွေ ငါ့လောက်သီလစင်ကြယ်တာမဟုတ်ဘူး။ ငါက သမာဓိတွေ အများကြီး ရထားတယ်။ ဒီကောင်တွေ ငါ့လောက် သမာဓိရတာ မဟုတ်ဘူး။ ငါက ၀ိပဿနာဉာဏ်တွေ အများကြီးရထားတာ။ ဒီကောင်တွေနဲ့ ငါက တူတာမဟုတ်ဘူး။ ငါမှ ငါ ဒီလိုဖြစ်လာတာ။ ထေရ်ကြီးဝါကြီးတွေကိုလည်း စိတ်ထဲကနေ နည်းနည်းစော်ကားလာတယ်။

ဒီမထေရ်ကြီးတွေကကွာ .. စာအုပ်ကြီးဖတ်ပြီး လျှောက်ပြောနေတာပါ။ ဘာမှလုပ်တာလည်း မဟုတ်ဘူး။ သူတို့သမာဓိလည်း ရှိမှာ မဟုတ်ပါဘူး။ ပါးစပ်က လျှောက်ပြောနေတာ။ မသိတော့ ပြစ်မှားတတ်တယ်နော်။ အဲဒါ မဂ်တား ဖိုလ်တားပဲ။ ဆရာတော်ကြီးတွေ ကွယ်ရာမှာ လုပ်ထားတာ ကိုယ်ကနားမလည်ပဲနဲ့လေ။ ဒကာဒကာမတွေနဲ့ ဆက်ဆံတာ တရားဟောတာပဲ မြင်တာကိုး .. မနက်ဘက်ကို စာသင်၊ ညဘက်မှာ တရားအားထုတ်တဲ့ ဆရာတော်ကြီးတွေ အများကြီးရှိတယ်။

 ဘုမသိ ဘမသိနဲ့ အဲဒီလို သူများကိုလည်း စော်ကားတတ်တယ်။ ကိုယ့်ကိုယ်ကို အထင်ကြီးပြီး သူများကို အထင်သေးတော့ နေရာတကာ ဆရာကြီးလုပ်ချင်တယ်။ ဟိုကိစ္စလည်း ငါပါမှ။ ဒီကိစ္စလည်း ငါပါမှ။ ဒီလိုထင်တာ။ ငါလုပ်တာမှ အကောင်း။ သူတစ်ပါးလုပ်တာဆိုရင် အကောင်းမထင်ဘူး။ စိတ်တိုင်းမကျဘူး။ အဲဒါနဲ့ပဲ ကိုယ့်ရဲ့ တရားအလုပ်တွေကို ဆုံးအောင် မလုပ်ဖြစ်တော့ဘူး။

ဒါက (၁၀) ခုမြောက် အတ္တုက္ကံသန ပရဝမ္ဘနမာရ်။ ဒါကြောင့် အခုလို တရားအလုပ် ပျက်စီးသွားအောင် တားဆီးတတ်တဲ့ အတားအဆီး (၁၀)ခု ၊ မာန် (၁၀) ပါးကို ကျော်ဖြတ်နိုင်မှ မဂ် ဖိုလ် နိဗ္ဗာန်ကို မျောက်မှောက်ပြုနိုင်မှာ .. မဂ် ဖိုလ် နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ပါမှလည်း သစ္စာဝါဒ၏အနှစ်သာရကို ရမှာပါ။

 ယောဂီဟောင်းကြီးတွေက ရှုနည်းမှတ်နည်းတွေကို သိတာမှ မွှတ်နေတာပဲ။ သိပေမယ့် အဆုံးအထိ မရောက်တာက မာန်(၁၀)ပါးလုံးကို မကျော်ဖြတ်နိုင်လို့ ..။ ဘာဖြစ်လို့ မကျော်ဖြတ်နိုင်ရတာလဲ .. ဆန်းစစ်ကြည့်ရင် ဒုက္ခသစ္စာကို သေသေချာချာမသိလို့ပါပဲ။ ဘာဖြစ်လို့ ဒုက္ခသစ္စာကို သေသေချာချာ မသိရတာလဲဆိုတော့ မဂ္ဂသစ္စာကို ပြည့်စုံအောင်မပွားလို့ပါပဲ။

မှတ်ချက်။ ။ မြစိမ်းတောင်ဆရာတော်အရှင်ဇာနေယျ၏ သစ္စာဝါဒ၏ အနှစ်သာရ မှ ထုတ်နှုတ်ဖော်ပြသည်။

Credit --- Phyoe May Oo