မထင်ပါနဲ့
လောကမှာ လူတွေအလုပ်လုပ်ကြ၊ ပြောကြ၊ ပေါင်းသင်းကြ၊ စည်းရုံးကြနဲ့ ရည်ရွယ်ချက်တွေအရ လှုပ်ရှားကြပါတယ်။ ကိုယ်ကျိုးလည်းပါတယ်။ အများအကျိုးလည်းပါတယ်။ အစုံပေါ့။ လူဆိုတာ တစ်ဦးတည်း နေလို့မရဘူးလေ၊ ပါတ်ဝန်းကျင်နဲ့နေတာ။ဒီတော့ စကားပြောရတော့တာပေါ့။ မပြောချင်လည်းပြော၊ ပြောချင်လည်းပြောပဲ။ နဂိုအနေအေးတဲ့လူတွေတောင် အိမ်ထောင်နဲ့ စီးပွားနဲ့ ဖြစ်လာတော့ စကားတွေ ပြောလာတော့တာပဲ။ ရည်ရွယ်ချက်ရှိလာပြီလေ။ သားကျွေးမှု၊ မယားကျွေးမှုတဲ့….ဒီစကားကလည်းရှိတော့ လူတွေနဲ့ကင်းကင်းနေရင် သူ့မယားနဲ့သား ဘယ်လို ကျွေးမလဲ။ ဆိုလိုချင်တာက အတ္တပိုကြီးလာပြီဆိုတာပါပဲ။
အရင်က ကိုယ်တစ်ယောက်ထဲဆိုတော့ ဒီလောက်အပူမများဘူး။ အတ္တလည်းဒီလောက်ရှိစရာမလိုဘူး။ အတ္တကျိုးကြည့်တာ အပြစ် မဟုတ်ပါဘူး။ အတ္တအကျိုးပြည့်စုံမှ ပရအကျိုးလုပ်နိုင်မှာကိုး။ ဆိုးတာက အတ္တကြီးတာပါပဲ။ အတ္တမွှန်လာရင် စကားတွေပြောလာတော့တာပဲ။
ဟုတ်တာရော၊ မဟုတ်တာရော၊ ယုတ္တိတန်တာရော၊ မတန်တာရော အကုန်ပြောတော့တာပါပဲ။ စကားဆိုတာကလည်း အကြောင်းအကျိုးခိုင်လုံမှ လူတွေ လက်ခံတာလေ။ ပြောချင်သလောက်ပြော နားထောင်သူက လက်ခံချင်မှလက်ခံတာ။ ကျင့်သုံးချင်မှ ကျင့်သုံးကြတာ။
ပြောတိုင်းသာလက်ခံရင်၊ ကျင့်သုံးရင် ဘုရားပြောထားတာတွေ လိုက်ကျင့်လို့ အကုန်ရဟန္တာတွေဖြစ်ကုန်ပြီပေါ့။ ၀ိနည်းတတ် ကြက်သတ်ဆိုတဲ့ စကားရှိတယ်။ ဘုရားစကားတွေသိပြီး မကျင့်ပဲအပြောတွေများပြီး ကိုယ်ကျိုးတွေရှာနေပြန်တော့ စကားနဲ့လူနဲ့ ထပ်တူမကျဖြစ်ရော။
ဒီတော့ ကိုယ့်စကားက မှန်နေရင်တောင် တန်ဘိုးလျော့နေပြီ။ ကိုယ်မှန်တာပြောလို့ ၀မ်းသာစွာလက်ခံမယ် မှတ်ပြီးပြောနေတာ။ ဝေးပါသေးတယ်။ ဘုရားပြောတာတောင် ဂရုမစိုက်တာ၊ ဘာမှအကျင့်မပါပဲ ပြောတော့ နောင်ကိုယ့်တွေ့ရင်ရှောင်ရောပဲ။ ရှောင်မရရင်တောင် ကိုယ့်ကွယ်ရာကျ "ပါးစပ်က ဘုရား ဘုရား၊ လက်က ကားယားကားယားပါကွာ" လို့ပြောတော့တာပဲ။
ပြောတဲ့သူကလည်း နားထောင်ပေးတိုင်း ကိုယ့်ကိုသဘောကျလှပြီထင်နေတာ။ မထင်ပါနဲ့။ မတတ်သာလို့ မရှောင်သာလို့ မကောင်းတတ်လို့ နားထောင်ပေးနေတာပါ။ သူကြည့်နေတာ ကိုယ့်ရဲ့စရိုက်လက္ခဏာကိုဆိုတာ မမေ့ပါနဲ့။ နောက်တစ်ခုက လူတိုင်းမှာ ဆရာလုပ်ချင်တဲ့၊ ဆရာဖြစ်ချင်တဲ့ စိတ်ကလေး သိသိသာသာရော၊ မသိမသာပါ ရှိနေတတ်တယ်။ ကိုယ့်စကားကို သူများလက်ခံစေချင်တဲ့ သူတွေချည်းပဲ။
သူများဆရာလာလုပ်နေတာ ကြိုက်တယ်မှတ်မနေပါနဲ့။ ဘုန်းကြီးဟောရင်တောင် အဘိဓမ္မာတွေ၊ ပရမတ္ထတွေများလာရင် ဗြောင်သန်းပြတော့တာ။ လူလူချင်း ဆရာကြီးလုပ်ပြလို့ကတော့ ကွယ်ရာမှာ နှာခေါင်းရှုံ့ကြတာချည်းပဲ။ မိဘက ဆုံးမစကား ပြောရင်တောင် အပြောမတတ်ရင် ပြန်ပက်ခံရတာလေ။ ဒီတော့ ကိုယ်ပြောတိုင်း လူတိုင်းကြိုက်လိမ့်မယ်လို့ မထင်ပါနဲ့။
ပြောတိုင်းလူကြိုက်ရင် အရောင်းမြှင့်တင်ရေးသမားတွေ လက်မလည်အောင်ရောင်းနေရမှာပေါ့။ လူတွေကသူ့စကားကို နားထောင်တာ မဟုတ်ဘူး။ ပစ္စည်းရဲ့ အရည်အသွေးကိုပဲကြည့်ဝယ်တာ။ ဒီတော့ သတိနဲ့ လိုသလောက်သာပြောပါ။ အပြောထက် အလုပ်သာလုပ်ပါ။ ခရီးပိုရောက်ပါတယ်။ ကိုယ်ပြောတိုင်း လူတွေလက်ခံမယ်၊ ကြိုက်မယ် မထင်ပါနဲ့။ အလုပ်နဲ့သာ သက်သေပြပါ။
အရှင်သုစိတ္တ (မော်ကျွန်း) ဆရာတော်