အရိုးရှင်းဆုံးကို ရှုပ်မသွားစေနဲ့
လူ့လောကမှာ ပြောတတ်တဲ့စကားတစ်ခုရှိတယ်။ "တိုင်ပတ်တယ်" တဲ့။ ဟုတ်တယ် တစ်ချို့က တိုင်ကိုပတ်နေကြတာ။ လိုရင်းမရောက်ဘူး။ ကိုယ်ဘာဖြစ်ချင်တာလဲ၊ ဘာဖြစ်စေချင်တာလဲ၊ တိတိကျကျ ပြတ်ပြတ်သားသား လိုရင်တိုရှင်းပြောပေါ့။မဟုတ်ပါဘူး၊ စကားပြောရင် လိုရင်းမရောက်တော့ဘူး။ ဝေ့နေတာနဲ့ သူပြောတဲ့စကားက တန်ဘိုးမဲ့သွားရော။ နားထောင်တဲ့သူကလည်း စိတ်ဝင်စားမှုလျော့သွားရော။ အဲဒါကောင်းသလား။ ဘယ်ကောင်းပါတော့မလဲ။ လိုရင်းအလုပ်မပြီးတော့ဘူးပေါ့။ ပညာရှိတွေပြောတာရှိတယ် ရေးရေး၊ ပြောပြော၊ စကားလုံးမဖောင်းပွပါနဲ့တဲ့။ စကားလုံးဖောင်းပွခြင်းက ကျမ်းလေးတယ်တဲ့။
ဒါကြောင့် ဘာကိုရည်ရွယ်တယ်ဆိုတာ ရှင်းလင်းစွာမြင်သာမဲ့ စကားလုံးမျိုးသုံးတတ်ရမယ်။ ကိုယ့်စကားအပေါ်မှာ ရိုးသားခြင်းလို့ခေါ်ပါတယ်။ ကိုယ်ပေးချင်တဲ့ မက်ဆေ့ချ်ကို ရောက်အောင်ပေးဖို့ကအဓိကလေ။ နားထောင်သူက ဘယ်လိုအလွှာ၊ ဘယ်လိုအတန်းအစား၊ ဘယ်လိုအသက်အရွယ်ပဲဖြစ်ပါစေ နားလည်လွယ်တဲ့စကားသုံးရမှာပေါ့။
မဟုတ်ရင် လူတစ်စုပဲ နားလည်ပြီး အများမသိတဲ့စကားတွေ ဖြစ်သွားမှာပေါ့။ နားလည်တယ်ဆိုတာတောင် မနဲဖြည့်တွေးပြီး နားလည်ပေးရတာ။ စကားလုံးကျစ်ကျစ်လျစ်လျစ် သုံးပြီးပြောတတ်၊ ရေးတတ်ရင် အလုပ်ဖြစ်ပြီပေါ့။ ကိုယ့်မိသားစု၊ ကိုယ့်အသိုင်းအဝိုင်းထဲမှာလည်း စကားက မဖြစ်မနေပြောရတယ်။
ဒီအခါမှာလည်း ကိုယ်ဘာကြိုက်တယ်၊ မကြိုက်ဘူး ပြတ်ပြတ်သားသားပြောရပါမယ်။ မွေးလာကတည်းက ပါလာတဲ့ဒီပါးစပ်က ကိုယ့်ကိုယ်ကို ကာကွယ်ဖို့ ကိုယ့်ဘဝကိုပြဋ္ဌာန်းဖို့ ပါလာတာ။ နေရာတကာ ဟုတ်ကဲ့လောက်၊ ဟင့်အင်းလောက် ပြောနေဖို့မဟုတ်ဘူး။
ဥပမာ လူတစ်ယောက်က ကိုယ့်သိက္ခာကိုကျစေမဲ့ နောက်ပြောင်ခြင်းမျိုးလုပ်တတ်မယ်ဆိုရင် ဒါကိုဟန့်တားရမယ်။ ကျေးဇူးပြုပြီး အဲဒီလိုမနောက်ပါနဲ့ ခံစားလို့မရလို့ပါ။ ဒီလိုစကားမျိုး ကျွန်တော်က သို့မဟုတ် ကျမက ပြန်ပြောမယ်ဆိုရင် ခံနိုင်မလားလို့ ရဲရဲဝ့ံဝံ့ ဟန့်တားနိုင်ရမယ်။ အားနာတာလိုလို၊ ရှက်တာလိုလိုနဲ့ သူများစော်ကားခွင့်ပေးနေပြီး နောက်မှာ စိတ်ဆင်းရဲတယ်ပြောနေလို့ အပိုပဲ။
ကိုယ့်မှာပြောလို့ရတဲ့ ပါးစပ်ပါလာသားနဲ့ ဘာလို့ကိုယ့်ကိုယ်ကို မကာကွယ်လဲ။ ကိုယ်သာအပြစ်ရှိသူပဲ။ ဒီနေရာမှာ အနောက်တိုင်းသားတွေကိုကြိုက်တယ်။ မကြိုက်ရင် မကြိုက်ဘူး ပြောရဲတယ်။ လက်ကိုင်တာတောင် မကြိုက်ရင် "လက်ကိုင်တာ မကြိုက်ဘူး"လို့ ဗြောင်ပြောတာ။ ကိုယ်ကြိုက်ရင် ကြိုက်တယ်၊ မကြိုက်ရင် မကြိုက်ဘူး ဗြောင်ပြောရဲတယ်။ ဟုတ်ပါတယ်။
ကိုယ့်ပါးစပ်က ကိုယ့်အခွင့်အရေးကို ယူရဲရမယ်။ ကိုယ့်ကိုယ်ကို ကာကွယ်ရဲရမယ်။ အားနာရင် ခါးပါပါလိမ့်မယ်။ တနည်းအားဖြင့် အဲဒီလို အားနာလွန်းပြီး မပြောရဲ၊ မဆိုရဲ ဖြစ်နေတတ်တာဟာ ကျွန်ဖြစ်ဖို့ဇာတာပါပဲ။ လူ့သဘာဝက နင်းလို့ရရင် နင်းပြီးသားပါပဲ။
ယုံလိုက် လူအများစုဟာ နင်းလို့ရမဲ့သူရှာနေတယ်ဆိုတာကို။ အားနာလို့မလို့ "ရပါတယ်" ဆိုတဲ့ စကားကို ဗမာတွေ ထည်လဲပြောတတ်တယ်။ အတော် ခံချင်တာပဲလို့ တွေ့ရတယ်။ ဒါကြောင့် ဘုန်းကြီးရဲ့ တပည့်တွေကိုဆို ကျွေးရင်တန်းစား၊ မေးရင်တန်းဖြေ၊ စကားပြောရင် ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသား နဲ့ မြန်မြန်ပြန်ပြောလို့ လေ့ကျင့်ပေးထားတယ်။ ယဉ်ကျေးမယ်၊ သူများကိုမစော်ကားဘူး။ စော်ကားမဲ့စကားလုံးမျိုး၊ ရိုင်းပြသွားမဲ့စကားလုံးမျိုးလည်း အပြောမခံဘူး။
မလိုအပ်ပဲ ဝေ့နေတဲ့စကားတွေ နားမထောင်ပေးဘူး။ ဖြတ်ချပစ်လိုက်တယ်။ ဒီလိုပဲလေ့ကျင့်ယူရမှာပဲ။ ဘုန်းကြီးတို့ စကားများများပြောရတဲ့လူစားမျိုးတွေဆို ပိုသတိထားရတယ်။ စကားဆိုတာက ပြောပါများ အမှားပါတတ်တာကိုး။ ဒီတော့ ငယ်ငယ်ကတည်းက လိုရင်းပြောတတ်အောင် လေ့ကျင့်ထားတယ်။ စကားနှိုက်တတ်တဲ့လူတွေကိုလည်း မေးခွန်းနဲ့ ပြန်ပိတ်ပစ်လိုက်တယ်။
ဥပမာ ငယ်ငယ်ကပေါ့ ဒကာတစ်ယောက်က "ဘုန်းဘုန်းဘုရား၊ သံဃာတော်တွေ လူတွေရှေ့မှာ အမြင်မတော်တာတွေ မလုပ်သင့်ပါဘူး"တဲ့။ ကိုယ်က သူ့ရှေ့မှာဘာလုပ်နေလို့လဲ။ သူပြောလိုတာက တစ်ခြားသော မဆင်မခြင်နေတတ်တဲ့ ရဟန်းတွေကို ရည်ရွယ်ပြီးပြောတာပါ။ အပြောမတတ်တော့ ကိုယ့်ကိုမဆီမဆိုင် စော်ကားနေသလိုဖြစ်နေတယ်။
ဒီတော့ သူ့စကားကို ဟုတ်ကဲ့လဲမပြောဘူး၊ မဟုတ်ဘူးလဲမပြောဘူး။ ဘုန်းကြီးပြောလိုက်တာက "ဘာအဓိပ္ပါယ်နဲ့ အဲဒီစကားကို ပြောလိုက်တာလဲ" ဆိုတဲ့ တိုတိုတုတ်တုတ် မေးခွန်းတစ်ခုပါပဲ။ ဒီနေရာမှာ ကိုယ်ကလက်ခံစကားပြောရင် စကားလုံးအလိုက်မသိတဲ့ အဲဒီလူက ကိုယ့်ကိုကုလားမနိုင် ရခိုင်မဲ ဖိပြောမှာလေ။ တစ်ချို့လူတွေမှာ အဲဒီအကျင့်ရှိတယ်။
ကိုယ်ကကျတော့ တာမလုံပဲ သူများအပြစ်ပဲ စကားမရှိ စကားရှာပြောတတ်တာကိုး။ ကိုယ်က ဒီမေးခွန်းလည်း မေးလိုက်ရော ပါးစပ်ကြီးဟသွားပြီး ဘာမှဆက်မပြောရဲတော့ဘူး။ ဘုန်းကြီးလည်း သင်တန်းထဲဝင်သွားလိုက်တယ်။ သင်တန်းပြီးတော့ ကိုယ့်ကိုပြန်တောင်းပန်တယ်။ ဒါပဲလေ ကိုယ့်ကိုယ်မဆီမဆိုင် စော်ကားတဲ့ထဲ ထည့်ပြောတော့မှာ၊ ၀ါးလုံးရှည်နဲ့ သိမ်းရမ်းတော့မှာကို နားမထောင်ပေးနိုင်ဘူး။
ဒီတော့ ထိထိမိမိ ကိုယ့်ကိုယ်ကို ကာကွယ်လိုက်တယ်။ အများကြီးလည်း ပြန်မပြောဘူး။ ဒီလိုလူမျိုးကို စကားတွေအများကြီးပြန်ပြောခြင်းက ကိုယ့်ကိုယ်ကို သေတွင်းတူးသလိုပဲ။ ကြာရင်စကားမှားသွားနိုင်တယ်လေ။ ဒါကြောင့် စကားကို ထိမိစွာပြောတတ်ဖို့လိုပါတယ်။ အရေးကြီးပါတယ်။ ကိုယ်ပြောတဲ့စကားက ကိုယ်ပေးချင်တဲ့ မက်ဆေ့ချ်ကိုလည်း တိကျစွာပေးနိုင်ရမယ်၊ ကိုယ့်ကိုယ်ကိုလည်း ကာကွယ်ပြီးသားဖြစ်ရပါမယ်။ ဒါဟာ စကားလုံးကျစ်လျစ်စွာ ပြောနိုင်ခြင်းရဲ့ အကျိုးပါ။ ကိုယ့်စကားအပေါ်မှာ ရိုးသားပါ။
ရည်ရွယ်ချက်ရိုးသားပါ။ ဟန်တွေမပါပါနဲ့။ လက်တွေ့ဆန်တဲ့စကားဖြစ်ပါစေ။ အသုံးချလို့ရတဲ့စကား၊ နားလည်လွယ်တဲ့စကားဖြစ်ပါစေ။ ကိုယ့်ဘဝကို ကိုယ့်စကားလုံးနဲ့တင် တည်ဆောက်လို့ရသွားပါလိမ့်မယ်။ အမေမွေးကတည်းက ပါလာတဲ့ ဒီပါးစပ်ဟာ ကိုယ့်ကိုယ်ကို အမြင့်ကိုလည်းတွန်းပို့နိုင်သလို၊ အောက်ဆုံးကိုလည်း တွန်းချတတ်ပါတယ်။ ကိုယ့်ကိုယ်ကို ကာကွယ်ပေးနိုင်သလို၊ ကိုယ့်ကိုယ်ကို အန္တရာယ်အတွင်းလည်း ရောက်သွားစေနိုင်ပါတယ်။
ဒီတော့ စကားပြောရင် မဝေ့ပါနဲ့။ လိုရင်းကို မြန်မြန်ရောက်အောင် ပြောတတ်ပါစေ။ အဓိကအချက်တွေပဲ ပြောတတ်ပါစေ။ ဥပမာပေးရင် သက်ဆိုင်သော ဥပမာဖြစ်ပါစေ။ မိမိစကားဖြင့် မိမိကိုယ်ကိုယ် ကာကွယ်နိုင်ပါစေ။ အားလုံး ထိရောက်သောစကားလုံးများဖြင့် မိမိကိုယ်ကိုရော၊ လောကကိုပါ ကယ်တင်နိုင်သူများ ဖြစ်ကြပါစေ။
အရှင်သုစိတ္တ (မော်ကျွန်း) ဆရာတော် မေတ္တာဖြင့် ရေးသားသည်။