အဟိတ်ပင်ဖြစ်သော်လည်း
ဟိတ်ဟူသည် ဟေတုကနေဆင်းသက်လာသောစကားဖြစ်၍ ကုသိုလ်၊ အကုသိုလ်တရားတို့၏ အကြောင်းတရား အရင်းအမြစ်ဟုဆိုခြင်းဖြစ်၏။ လောဘ၊ဒေါသ၊မောဟသုံးပါးသည် အကုသိုလ်ဟိတ်ဖြစ်၍ အလောဘ၊ အဒေါသ၊ အမောဟသုံးပါးကတော့ ကုသိုလ်ဟိတ်တွေဖြစ်၏။တိဟိတ်၊ ဒွိဟိတ်၊အဟိတ်ဆိုပြီးပြောဆိုကြခြင်းမှာ ပဋိသန္ဓေယူစဉ်ကတည်းက အဆိုပါဟိတ်ခြောက်ပါးဖြင့် အသီးသီးပဋိသန္ဓေယူခဲ့ကြခြင်းဖြစ်၍ ခွဲခြားပြီးဆိုခြင်းဖြစ်သည်။ဟိတ်မပါသည့် အဟိတ်စိတ်၁၈ပါး ရှိသည်။ပဋိသန္ဓေအကျိုးပေးနိုင်သည့် အဟိတ်စိတ်က နှစ်ပါးသာရှိ၏။
ကျန်သည့် အဟိတ်စိတ် ၁၆ပါးက ပဋိသန္ဓေအကျိုးမပေးနိုင်ပေ။ ဥပေက္ခာ သန္တီရဏစိတ်နှင့် သောမနဿ သန္တီရဏစိတ်နှစ်ပါးကို အဟိတ်ပဋိသန္ဓေအစုံဟုခေါ်၏။အဟိတ်ကလည်း နှစ်မျိုးရှိသည်။ သုဂတိအဟိတ်နှင့် ဒုဂ္ဂတိအဟိတ်ဟူ၍ဖြစ်၏။အဟိတ်ဟုဆိုရခြင်းမှာ ဟိတ်ခြောက်ပါးအနက် မည်သည့်ဟိတ်မှမပါသည့်စိတ်ဖြင့်ပဋိသန္ဓေနေ ခဲ့သူတွေကိုအဟိတ်ဟုဆိုသည်။လူအဟိတ်ဆိုတာက မွေးလာကတည်း က နားပင်းသူ၊ ဝမ်းတွင်းကန်းသူ၊ ဉာဏ်စဉ်မမှီသူမျိုးတွေဖြစ်၍ သုဂတိ အဟိတ်ဟုခေါ်သည်။
လူသားတို့နှင့် အနီးကပ်ဆုံး တိရစ္ဆာန်ဘဝတွေကို တော့ ဒုဂ္ဂတိအဟိတ်ဟုခေါ်သည်။အဟိတ်ဖြစ်သည်ဆိုကတည်းက ကုသိုလ်ဖြစ်ခွင့် အင်မတန်နည်းပါးလေသည်။ကုသိုလ်ထက် အကုသိုလ် ဖြစ်နိုင်ခွင့် ပို၍များ၏။ဒါကြောင့်လည်းလောကမှာ ကုသိုလ်ဖြစ်ခွင့်ရရေး ထက် အကုသိုလ်လမ်းကိုသာလျှောက်နေသူမျိုးတွေကို လူ့တိရစ္ဆာန်ဟု အဟိတ်တိရစ္ဆာန်များနှင့် နှိုင်းပြီးပြောဆိုကြခြင်းဖြစ်သည်။
ဘုရားအလောင်းတော်နုစဉ်အခါက တိရစ္ဆာန်ဘဝများစွာဖြစ်ဖူးသည်။ ဘုရားလောင်းကား ပါရမီဖြည့်နေသူဖြစ်ခြင်းကြောင့် တိရစ္ဆာန်ဘဝတွေ ရောက်သော်လည်း စိတ်ဓာတ်အားဖြင့် မြင့်မြတ်သည့်ဘဝချည်းသာဖြစ် ခဲ့သည်။ဘုရားလောင်းမျောက်မင်းဘဝတွေကအဖြစ်အပျက်တွေသည် သာမန်လူတို့ မထားနိုင်သောစိတ်ဓာတ်၊ မလုပ်နိုင်သောလုပ်ရပ်တွေကို လုပ်ခဲ့ကြောင်းကြည်ညိုဖွယ်တွေ့ရမည်ဖြစ်၏။
မဟာဂန္ဓာရုံဆရာတော် ဘုရားကြီးက ဒို့ကဘုရားရှင်ကို ဘုရားဖြစ်မှကြည်ညိုတာမဟုတ်ဘူး။ ဘုရားလောင်းဘဝတွေကတည်းကကြည်ညိုတာဟူ၍ မိန့်တော်မူဖူး သည်။အစကြိုးကြာ ၁၆ခါနှင့်၊ ဟင်္သာ ၉ ဖြစ်၊ ၆ ဖြစ်ကားခို၊ ကျေးညို ၃ ခါ၊ သံသာကျူးဟိတ် ကရဝိတ် ၅၊ ၄ ပါး ကိန္နရီ၊ စာမရီ ၁၅၊ မျောက်ကား ၁၀၊ ဆင်ဝယ် ၁၁၊ နွားဖြစ် ၁၄၊ ဧကေး သိန္ဓဝ၊ ကျွဲ အဋ္ဌနှင့်၊ သံမြသာညောင်း ဥဒေါင်း ၂ ခါ၊ သာလိကာ သတ္တ၊ ဒွါဒဿ ကြက်၊ ဝက်ကား ၁၃၊ ပေါင်းရုံးများစွာ၊ တစ်ရာ့သုံးဆယ် ခြောက်ဖြစ်ဝယ်၌၊ အန္တရာယ် တစိ၊ ဘေးမရှိသည့်၊ မုနိမြတ်လောင်း၊ ဖြစ်တော်ပေါင်းကို၊ ညွှတ်ပြောင်းတုပ်ကွ၊ ပဏာမဖြင့်၊ ကြည်စွသဒ္ဓါ၊ ရှိခိုးပါ၏ ဟူ၍ ဘုရားရှင် ၏ တိရစ္ဆာန်ဘဝ ၁၃၆ဘဝကို လင်္ကာစီထားလေသည်။
လူသေတိုင်းလူ ဖြစ်သည်ဟု ယူဆမိသူတွေများစွာရှိသည်။လူသေတိုင်းလူဖြစ်သည် လည်းရှိ၏။တိရစ္ဆာန်ဘဝကိုရောက်သည်လည်းရှိ၏။မိမိတို့ဆည်းပူးအား ထုတ်ထားသောကံအကျိုးပေးအလျောက် ပရမ်းပတာဘဝအမျိုးမျိုးဖြစ် နိုင်သည်။အဟိတ်ပင်ဖြစ်ပေသည့် ဘုရားလောင်းလိုစိတ်ဓာတ်မျိုးထား နိုင်ဖို့ကတော့ လူသာမန်တို့ စိတ်ကူးဖို့ပင်တတ်နိုင်မည်မထင်ပေ။
ထိုသို့ဘဝပေါင်းများကျင်လည်ခဲ့ရခြင်းမှာ မိမိတို့လိုပုဂ္ဂိုလ်များနှင့် သုံး ဆယ့်တစ်ဘုံသားအားလုံးကို ကယ်တင်ချင်သောဆန္ဒမွန်ဖြင့် ပါရမီပေါင်း များစွာဖြည့်ဆည်းလို၍ဖြစ်သည်။တစ်ကောင်းဆန်တတ်သူသာဖြစ်ပါက သုမေဓာရှင်ရသေ့ဘဝကပင် ဒီပင်္ကရာဘုရားရှင်၏သာဝကအဖြစ် နိဗ္ဗာန် ကိုကူးသွားမည်ဖြစ်၏။သတ္တဝါတိုင်းကို ဆင်းရဲကင်းရာ ခေမာသောင်ကို ဆောင်ပို့ချင်သည့် မဟာကရုဏာကြောင့်ပင်လျင် ဘယ်ဘဝမျိုးရောက် ရောက် ပါရမီသဘောကို မစွန့်ခြင်းဖြစ်သည်။ကြည်ညိုမည်ဆိုလျင် ဘုရားရှင်၏ ဘဝအဆက်ဆက် အနစ်နာခံပြီး ဖြည့်ဆည်းခဲ့သည့်ပါရမီ အဟုန်တွေကိုပါ မှန်းဆကြည်ညိုနိုင်ပေသည်။
ထိုမျှအားလုံးအတွက် ဘဝပေါင်းများစွာ အနစ်နာခံလာခဲ့သည့် ဘုရားရှင်၏ သာသနာမှာ မေ့လျော့ပေါ့တန်စွာနေမည်ဆိုပါက ဘုရားရှင်ကို အင်မတန်အားနာဖို့ ကောင်းပေမည်။ဗုဒ္ဓုပ္ပါဒေါ ဒုလ္လဘော ဘုရားရှင်ပွင့်ထွန်းဖို့ရာသည် အင်မတန်ခက်ခဲ၏။သဓမ္မသာဝနံ အတိဒုလ္လဘံ သူတော်ကောင်းတရား ကြားနာဖို့ရာလည်း အင်မတန်ခက်ခဲ၏။ထိုမျှခက်ခဲသည့်သာသနာတော် မြတ်ကြီးနှင့် ထိပ်တိုက်ကြီးကြုံနေပါလျက် ကြုံတွေရကျိုး မည်မျှနပ်ပြီ လဲ အားလုံးဆင်ခြင်သင့်သည်။
အဟိတ်တိရစ္ဆာန်ပင်ဖြစ်သော်လည်း သာသနာတော်မြတ်ကြီးနှင့်ကြုံပြီး ကောင်းကျိုးချမ်းသာရရှိသွားသည့် သာဓကတွေများစွာရှိ၏။ ကဏ္ဍကမြင်းသည် ဘုရားရှင်၏ ဖွားဖက်တော်ပင်ဖြစ်သည်။ဘုရားရှင်ကို မှီ၍ပင် ထိုမြင်းလည်းသေလွန်သည့်အခါ၌ နတ်ပြည်ရောက်ရသည်။ မဏ္ဍူကဖားနတ်သားလည်း ဘုရားရှင်၏ တရားသံကို စိတ်ဖြင့်ကြည်ညို ရင်း ဖားဘဝကနေသေလွန်၍ နတ်ပြည်၌ဖြစ်ခွင့်ရခဲ့၏။
ဘုရားရှင်၏ မေတ္တာအောင်ပွဲတွေ၌ နာဠာဂီရိဆင်ကြီးလည်းပါ၏။နာဠာဂီရိလိုဆင်ဆိုး ကြီးပင်ဘုရားရှင်နှင့် တွေ့သည့်အခါ သိမ်မွေ့ယဉ်ကျေးခဲ့ရသည်မဟုတ်ပါ လော။ဘုရားရှင်သည် ဆယ်ဝါမြောက်မှာ ပလလဲတော၌ ပလလဲဆင် ကြီးကို အလုပ်အကျွေးပြု၍ ဝါကပ်ခဲ့၏။ဝါကျွတ်သည့်အခါ၌ ဘုရားရှင် အပါအဝင် သံဃာတော်များကို သစ်သီးဆွမ်းကပ်၍ အလှူပေး၏။
ထို့နောက် ဘုရားရှင်ပလလဲတောမှပြန်လည်ထွက်ကြွသည့်အခါ ဝမ်းနည်းပက်လက်ဖြစ်၍ ရင်ကွဲနာကျကာသေလွန်၏။ပလလဲဆင်ကြီး သေလွန်ပြီးနောက် ပါလိလေယျကနတ်သားဟူ၍ နတ်ပြည်ဝယ်စံစားခွင့် ရခဲ့လေသည်။ထိုပလလဲတော၌ မျောက်ကလေးတစ်ကောင်ကလည်း ဘုရားရှင်အား ပျားသလက်တစ်ခုကပ်လှူခွင့်ရပြီး နတ်ပြည်၌ဖြစ်ခွင့်ရ ၏။
အဟိတ်ပင်ဖြစ်သော်လည်း သာသနာတော်မြတ်ကြီးနှင့် ကြုံကြိုက်၍ ကောင်းကျိုးချမ်းသာရရှိသွားသည့်သာဓကတွေ ပြောမည်ဆိုပါကကုန်နိုင် မည်မထင်ပေ။ကုသိုလ်ဖြစ်ခွင့် အင်မတန်နည်းသည့် အဟိတ်တိရစ္ဆာန် ဘဝတွေပင် သာသနာတော်မြတ်ကြီးနှင့် တွေ့ဆုံခွင့်ရပြီး ကုသိုလ်ပန်း တွေများစွာ ဖူးပွင့်ခွင့်ရအောင် လုပ်နိုင်ခဲ့ကြ၏။
သီဟိုဠ်ခေတ်တုန်းက ကြက်တူရွေးလေးတစ်ကောင်မှာ သာသနာတော် မြတ်ကြီးနှင့်တွေ့ဆုံခွင့်၍ ထူးထူးခြားခြားလုပ်ပြသွားသည်မှာ များစွာ ကြည်နူးဖို့ကောင်းသည်။သူတော်ကောင်းနှင့်နီး၍ သူတော်ကောင်းဓာတ် ကူးသွားခြင်းဖြစ်မည်။ကြက်တူရွေးလေးမှာ ဘိက္ခုနီမတို့ကျောင်းမှာနေ ခွင့်ရ၏။ဘိက္ခုနီမတွေကလည်း ကြက်တူရွေးလေးကို ဗုဒ္ဓရက္ခိတဟု အမည်ပေး၍ များစွာဂရုစိုက်ကြ၏။ကြက်တူရွေးလေးက အင်မတန် လိမ္မာပြီး စကားလည်းအင်မတန်တတ်၏။ဘိက္ခုနီမတွေက ကြက်တူရွေး လေးကို ကျောင်းမှာနေရင် ကမ္မဋ္ဌာန်းနှလုံးသွင်းရမည်ဆိုပြီး အရိုးစု အရိုးစု ဟု နှလုံးသွင်းဖို့သင်ပေးလေသည်။ကြက်တူရွေးလေးကလည်း ခိုင်းသည့်အတိုင်း အရိုးစု အရိုးစုဟု ဆင်ခြင်နှလုံးသွင်း၏။
တစ်ခါတော့ ကြက်တူရွေးလေး နေပူစာလှုံနေခိုက် သိန်းစွန်ငှက်ကြီးကသုတ်ချီသွား လေသည်။ဘိက္ခုနီမတို့လည်း သိ၍ အသံပေးခြောက်လှန့်ကာ လိုက်ကြ ၏။ဘိက္ခုနီမတို့၏ အသံပေးခြောက်လှန့်သံကြောင့် သိန်းစွန်ငှက်ကြီးက သုတ်ချီလာသော ကြက်တူရွေးလေးကို လွှတ်ချလိုက်၏။ကြက်တူရွေး လေးမှာ ကုတ်ခြစ်ခံရသည့် ဒါဏ်ရာ အမြင့်ကကျသည့် ဒါဏ်ရာတို့ ကြောင့် တော်တော်အနာတရဖြစ်သွားသည်။ဘိက္ခုနီမတွေက ကြက်တူ ရွေးလေးရဲ့ ဒါဏ်ရာတွေကို ဆေးလိမ်းပေးကြ၏။ဆေးလိမ်းပေးကြရင်း က ကြက်တူရွေးလေးကိုမေးကြသည်။
သိန်းစွန်ငှက်ကြီးသုတ်ချီသွား တုန်းက ဘယ်လိုများနှလုံးသွင်းသလဲဟုမေး၏။ကြက်တူရွေးလေးကဖြေ ၏။သိန်းစွန်ငှက်ကြီးလက်ထဲကို သုတ်ချီခံရပြီးပါသွားတော့ အရိုးစုလေး တစ်ခုကို အရိုးစုကြီးတစ်ခုက သုတ်ချီသွားပါလား။ဘယ်အချိန်မှာများ အရိုးစုလေး ဖရိုဖရဲပြိုကွဲပျက်စီးသွားမလဲဟူ၍ နှလုံးသွင်းပါသည်။ ကြက်တူရွေးလေးက သူ့ရဲ့နှလုံးသွင်းတရားကို ပြောပြသည့်အခါ ဘိက္ခုနီမတို့လည်း ဝမ်းမြောက်စွာ သာဓုခေါ်ကြလေ၏။စာရေးသူက တော့ အဲဒီအကြောင်းလေးကို ဖတ်လိုက်ရသည်နှင် များစွာကြည်နူးမိ သည်။
ထို့နောက် ငါတောင်သူ့လို နှလုံးသွင်းစရာ ကမ္မဋ္ဌာန်းမရှိသေးပါ လားဆိုပြီး ကိုယ့်ကိုယ်ကိုယ်ရှက်မိပြန်၏။အန္တရာယ်နှင့်တွေ့ကြုံရသည် ကိုပင် မိမိနှလုံးသွင်းနေကျ ကမ္မဋ္ဌာန်းတရားကို မမေ့အောင်နှလုံးသွင်း နိုင်သည်မှာ သူတော်ကောင်းငှက်ကလေးတစ်ကောင်၏ လေးစားစရာ လုပ်ရပ်ပင်ဖြစ်သည်။အဟိတ်ဖြစ်၍ မဂ်ဖိုလ်မရသည့်တိုင် နောက်ဘဝ တွေကျရင် ကောင်းရာသုဂတိကို တိဟိတ်ပဋိသန္ဓေစွဲရမည်မှာမုချဖြစ် သည်။ နောက်ထပ်မှတ်သားဖို့ကောင်းသည့်အဖြစ်ကလေးမှာ တရားထိုင်သော ကြောင်ကလေးနှင့် ကြက်ကလေးအကြောင်းဖြစ်သည်။
ကျိုင်းတုံမြို့ ထပ်တင်ကာ တောရရိပ်သာကမ္မဋ္ဌာန်းကျောင်းတိုက်ကကြောင်ကလေး နှင့်ကြက်ကလေးတို့ဖြစ်၏။သူတို့နှစ်ကောင်လုံးသည် ယောဂီများနှင့် အတူ တရားအားထုတ်၏။တရားထိုင်ဖို့ အချက်ပေး အုန်းမောင်းခေါက် လိုက်လျင် သူတို့လည်းရောက်လာ၏။ယောဂီတွေတရားဖြုတ်လျင် သူတို့လည်းဖြုတ်ကြသည်။ကြက်ဖလေးဆိုလျင် တရားဖြုတ်ပြီးတိုင်း အမြဲတမ်းတွန်၏။
ကြက်ကလေးက အမျှဝေနေတာ သာဓုခေါ်ကြဟု ထင်စရာဖြစ်သည်။ကြောင်ကလေးတရားဘယ်လိုထိုင်သလဲသိချင်တယ် ပြော၍ ကျောင်းထိုင်ဆရာတော်က အားလုံးရှေ့မှာကြောင်လေးကိုခေါ် ပြီးတရားထိုင်ခိုင်းသည်။ဆရာတော်က ပူစီလေးရေ တရားအားထုတ်ပြ လိုက်စမ်းကွာ။ကောင်းကောင်းအားထုတ်ပြ။သူတို့ကမင်းဆီက နည်းယူ ပြီး အားထုတ်ကြမှာ။ငြိမ်ငြိမ်နေ။မလှုပ်နဲ့လေကွာ။မျက်စိမှိတ်။ပါးစပ် လည်းပိတ်ထား။ဘယ်လက်ပေါ်ကို ညာလက်ကလေးတင်ထား။အေး ဟုတ်ပြီ။ထွက်လေ နှာသီးဖျားမှာ တိုးထိသွားတာသိ။ဝင်လေ နှာသီးဖျား မှာတိုးထိသွားတာသိ။ဟုတ်ပြီ။အသက်ကို မှန်မှန်ရှူ။အသက်ရှူတာ မထင်ရှားရင်နည်းနည်းပြင်းပြင်းလေးရှူပေးလိုက်။
ပြီးရင်ပုံမှန်အတိုင်း မှန်မှန်ရှူ။အေး ဟုတ်ပြီ။ဟုတ်ပြီ။ ပူစီကလေးကား ဆရာတော်ပြောသည့်အတိုင်း သဝေမတိမ်းလိုက်လုပ် ၏။တကယ့်လူနှင့်မခြား အနေအထားမှန်မှန်၊ အသက်ရှူမှန်မှန်ဖြင့် ငြိမ်သက်စွာ အားထုတ်လေသည်။၁ဝမိနစ်။၁၅မိနစ်။မိနစ်၂ဝတောက် လျှောက်ငြိမ်သက်နေ၏။
တုတ်တုတ်မျှမလှုပ်။နာရီဝက်ခန့်ရှိလျင် ဆရာတော်က ပူစီလည်း တရားအားထုတ်ရင်း တုတ်တုတ်တောင် မလှုပ်ပါလား။ထိန မိဒ္ဓဝင်ပြီး အိပ်ပျော်နေလားကွာဟုမေးသည်။ ပူစီလေးက သူမအိပ်ပါဘူးဆိုသည့် သဘောဖြင့် အမြီးလေးကို လှုပ်ပြ ၏။တရားအားထုတ်လို့ အတန်ကြာလျင်ပူစီလေးက ခါးလေးတွန့်ချင် တွန့်လာ၏။ပေါင်လေး လက်ကလေးလှုပ်ချင်လှုပ်လာ၏။
ထိုအခါ ဆရာတော်က ပူစီရာ ဝေဒနာဆိုတာ ဒီလိုပဲပေါ့။သည်းခံပြီးအားထုတ်ရ တယ်။ဝေဒနာကိုကျော်သွားအောင်အားထုတ်ရတယ်ဟုပြောပေးသည်။ အဲဒီတော့မှ ပူစီလေးကပြန်ငြိမ်သွားပြီး အသက်မှန်မှန်ရှူကာ ဆက်အားထုတ်၏။ဘယ်လောက်ပဲကြာကြာ ဆရာတော်က တရားဖြုတ် တော့ဟု မပြောမချင်းအားထုတ်သည်။တရားဖြုတ်တော့ဟုဆိုတော့မှ သာ တရားဖြုတ်ပြီးထွက်သွားသည်။မြင်သူတိုင်းအံ့သြကြသည်။အဟိတ် တိရစ္ဆာန်လေးတွေတောင်မှ သူတော်ကောင်းနှင့်တွေ့ရသည့်အတွက် သူတော်ကောင်းဓာတ်တွေကိန်းနိုင်ပါလားဟူ၍ သတိပြုမိစေ၏။
သူတို့ လေးတွေတောင် ဒီလိုတရားကို ဒီလိုအားထုတ်နိုင်ပါလားဟူ၍လည်း ကိုယ့်ကိုယ်ကိုယ် ပြန်ပြီးကြည့်ဖြစ်သည်။ လူမှုကွန်ယက်တွေမှာ တိရစ္ဆာန်လေးတွေရဲ့ လိမ္မာသိတတ်ပုံ၊ သံဃာ တော်တွေကို အရိုအသေပေးတတ်ပုံ၊ ခွေးလေးတွေ ဘုရားရှိခိုးတတ်ပုံ စသည်လေးတွေ တွေ့မြင်ရတော့ အင်မတန်ကြည်နူးသည်။လောက၌ သူတော်ကောင်းနှင့် ပေါင်းမိဖို့အင်အတန်အရေးကြီး၏။
သူတော်ကောင်း နှင့်ပေါင်းမိ၍လည်း အဟိတ်ကနေ တိဟိတ်ဖြစ်အောင် ကောင်းရာ သုဂတိရောက်အောင် ကျင့်သုံးခွင့်၊ အားထုတ်ခွင့်ရခြင်းဖြစ်သည်။ မိမိတို့မှာကား ကာမဂုဏ်အာရုံကြောမှာ မေ့မူးကာမျောပါနေကြရင်း ဘုရားရှေ့က ခြင်္သေ့ရုပ်ကြီးတွေဖြစ်မှန်းမသိဖြစ်နေကြ၏။လူလည်းလာ ဖြစ်၏။သာသနာနှင့်လည်းတွေ့နေ၏။သူတော်ကောင်းတရားလည်း ကြားနာခွင့်ရ၏။ထောင်နိုင်သည့်နားလည်းရှိ၏။
ခဲလေးခဲကို ခက်ခက်ခဲခဲ ရနေကြပါလျက် တရားကိုကား အခုထိမခဲနိုင်သေးပေ။တိဟိတ်ကနေ ဒွိဟိတ်။ဒွိဟိတ်ကနေ အဟိတ်အဖြစ်မျိုးကိုရောက်အောင်သာ အဆင့် နှိမ့်နေသလို ဖြစ်နေသည်မဟုတ်ပါလော။တောဒေယျကြီးလူကနေ ခွေးဖြစ်သွား၏။ဃောသကသူဋ္ဌေးကြီးခွေးဘဝကနေ နတ်ဘဝကို ရောက်ခဲ့ဖူး၏။လူသေလို့လူဖြစ်သည်မဟုတ်။လူလည်းဖြစ်နိုင်သလို တိရစ္ဆာန်ဘဝကိုလည်း ရောက်နိုင်၏။သဲအင်းဂူဆရာတော်ဘုရားကြီး ကတော့ လူသေရင်လူဖြစ်တဲ့တရားလည်းရှိတယ်။
လူသေရင်နတ်ဖြစ် မည့်တရားလည်းရှိတယ်။လူသေရင် နိဗ္ဗာန်ရောက်နိုင်တဲ့တရားလည်း ရှိတယ်ဟူ၍ မိန့်တော်မူဖူးသည်။မောဟနှင့်နေနေသမျှကတော့ လူသေ လျင် တိရစ္ဆာန်ဖြစ်ဖို့ပို၍နီးသည်။လူပြန်ဖြစ်အောင် ရုပ်တရားတို့၏ ဖောက်ပြန်သည့်သဘောကို ဖောက်ပြန်သည့်သဘောလေးပဲဟုရှု၍သေ လျင် လူပြန်ဖြစ်နိုင်၏။ဝေဒနာကို ဝေဒနာပဲ၊ ဝေဒနက္ခန္ဓာပဲဟုရှု၍ သေ လျင် နတ်ရွာသုဂတိကိုရောက်နိုင်သည်။ခန္ဓာဟူသည် မမြဲသည့်တရားပဲ။ ဆင်းရဲသည့်တရားပဲ။
အစိုးမရသည့်တရားပဲ။ရုပ်ရောနာမ်ရော သဘော သက်သက်မျှပါလားဟုရှုနိုင်လျင် ပညာဖြစ်၍ နိဗ္ဗာန်ပေါက်အောင် ခရီးရောက်နိုင်သည်ဟု ဆရာတော်ဘုရားကြီးမိန့်တော်မူ၏။ မည်သို့ပင်ဖြစ်စေ အဟိတ်ဆိုသောတိရစ္ဆာန်အဖြစ်ကနေ တိဟိတ်ဉာဏ် ကိုရောက်အောင်အားထုတ်ခဲ့သည့် သူတို့လေးတွေ၏အဖြစ်သည် မိမိတို့အတွက် တရားစီသို့တွန်းပို့သည့် တွန်းအားတစ်ခုဖြစ်နိုင်မည်ထင် မိပါ၏။သာသနာဟူသည် တန်ဖိုးသိမှသာတန်ဖိုးရှိနိုင်ရာ တန်ဖိုးမသိသူ တို့၏ လက်၌ကား အဖိုးတန်ပတ္တမြားတုံးကို ကျောက်ခဲထင်နေမည်သာ ဖြစ်၏။တန်ဖိုးမရှိဟုထင်နေသမျှလည်း လူ့ဘဝကိုရခိုက် တရားကိုအား ထုတ်ဦးမည်ဟု အတွေးရောက်လိမ့်မည်မဟုတ်ချေ။မဂ္ဂင်လမ်းသည် အထက်ကိုတက်သည့် စောင်းတန်းဖြစ်ပါလျက် ကိလေသာလမ်း ကြောင်းကပဲ ဖင်တရွတ်ဆင်းနေဦးမည်ဆိုပါက လယ်တီဆရာတော်ကြီး မိန့်တော်မူသလို အမိုက်တကာ့ထိပ်ခေါင်၊ အဖျင်းတကာ့ ဗိုလ်ချုပ်အဖြစ် သံသရာကြီးထဲ မိုးချုပ်နေကြဦးမည်သာဖြစ်၏။
လူပင်ဖြစ်သော်လည်း ဓမ္မအသိကိုမှ သိအောင်မလုပ်လျင် အဟိတ်ပင်ဖြစ်နိုင်သေး၏။ အဟိတ်ပင်ဖြစ်သော်လည်း တိဟိတ်ဉာဏ်ရအောင်၊ သာသနာနှင့်တွေ့ ကျိုးနပ်အောင် အားထုတ်မိနေသည့် သူတို့လေးတွေ၏ အဖြစ်သည် မိမိတို့အား သံဝေဂတစ်ခုဖြစ်လျင်ပင် ကျေနပ်နေမည်ဖြစ်ပါ၏။
သုခီ အတ္တာနံ ပရိဟာရန္တု။
Credit --- လောကဓမ္မ ရသစုံစုံ