Monday, June 11, 2018

ပဒီပပူဇာ၊ ဓမ္မပူဇာ

ပဒီပပူဇာ၊ ဓမ္မပူဇာ

 မြန်မာလူမျိုးတို့၏ ပွဲတော်လများတွင်သီတင်းကျွတ်လသည် ထူးခြားမွန် မြတ်သောလတစ်လဖြစ်၏။ဆီမီးမြိုင်မြိုင်ထွန်းသည့်လမို့ မီးမြင့်မိုရ်ပွဲ တော်လ။မြတ်စွာဘုရားရှင် တာဝတိံတာနတ်ပြည်ကနေ အဘိဓမ္မာတရား ဟောကြားပြီးလူ့ပြည်ကိုပြန်လည် သက်ဆင်းတော်မူသည့် အဘိဓမ္မာ အခါတော်နေ့။ရဟန်းသံဃာတော်တွေအချင်းချင်း၊ တစ်ပါးကိုတစ်ပါး အပြစ်ပြဆုံးမရန်ဖိတ်ကြား၍ အာပတ်ဖြေ အဆုံးအမခံယူကြသည့် ပဝါရဏာနေ့။စာရေးသူတို့ငယ်ငယ်တုန်းကတော့ သီတင်းကျွတ်တိုင်း မီးထွန်းပွဲလိုက်ခဲ့သည်။


မီးထွန်းပွဲဆိုတာက ပန်းကန်ပြားလေးတွေမှာ ဖယောင်းတိုင်လေးတွေထွန်းညှိပြီး ဘုရားရှင်ကိုရည်မှန်းပူဇော်သည့် သဘောဖြင့် ရွာလမ်းမတစ်လျှောက် စီတန်းလှည့်လည်သည့်ပွဲဖြစ်သည်။ စီတန်းလှည့်လည်ရာတွင် နောက်ဆုံးဆုတောင်းပြည့်ဘုရားတွင်ဆုံး၍ ဖယောင်းတိုင်မီးများဖြင့် ဘုရားကိုပူဇော်ကြလေသည်။

မီးထွန်းပွဲတော်မှာ အင်မတန်စည်ကား၍ မုန့်ကမ်းသူ။ချိုချဉ်ကမ်းသူတွေ လည်းအများအပြားပင်။ဘုရားမီးပူဇော်မည့်အလှူရှင်တွေက အလှည့် လိုက်မည့်သူတွေကို ဖယောင်းတိုင်တွေ လိုက်လံဝေငှ၏။ထိုညအတွက် အလှူရှင် နှစ်ဦးသုံးဦးဖြစ်နေလျင် နှစ်ခါသုံးခါလိုက်ပါခွင့်ရသည်။

ထိုအခါ မုန့်တွေ၊ ချိုချဉ်တွေလည်း အများအပြားရသည်။ကလေးဘာဝမို့ အင်မတန်ပျော်စရာကောင်းသည်။နောက်နေ့ကျတော့သိမ်ဘုရားကြီး အတွင်းမှာ ပဝါရဏာပြု၍ ပြန်လည်ထွက်ကြွလာသည့် သံဃာတော်များ ကို လှူဖွယ်ဝတ္ထုတွေကိုယ်စီဖြင့် ဝိုင်းပတ်စည်တန်းကာ လှူရသည်မှာ လည်း အင်မတန်ပျော်စရာကောင်း၏။

ဆီမီးပွင့်တွေတမြိုင်မြိုင်။ကုသိုလ် ပန်းတွေတလှိုင်လှိုင်ပွင့်သည့်လဟုဆိုလျင်လည်းမှားမည်မထင်ပေ။ ကြာငါးမည်ကြိုင်သင်းလို့ လှိုင်ဝင်းတဲ့ ပြောင်ထိန်။ ရွှေနန်းတောင်တော်ဦးမှာ ကွန့်မြူး မြင့်မိုရ်မီး ညီးတဲ့ခါချိန်။ ရှိဦးငယ်နှိမ် သုံးကြိမ် ရိုပြောင်း။ သက္ကစ္စာ ဂါရဝနှင့် စဉ်အလာ ပူဇော်ပွဲကို နွှဲကြပေတောင်း ဟူသောဖိုးသူတော်ဦးမင်း၏ကဗျာလေးသည် သီတင်း ကျွတ်လနှင့်အင်မတန်လိုက်ဖက်လေသည်။ဆီမီးထွန်းညှိပူဇော်ရသည် မှာအင်မတန်ကြည်နူးစရာကောင်း၏။

ဆီမီးတောက်ကလေးတွေ ကြည်ကြည်ယိမ်းယိမ်းဖြစ်နေ တောက်နေသည်ကကို စိတ်ထဲတစ်မျိုး ခံစားရသည်။မီးနတ်သမီးလေးတွေ ယိမ်းယိမ်းနွဲ့နွဲ့ ဘုရားရှင်ကိုပူဇော်နေ ကြသည်အလားဟုထင်သည်။ဘုရားရှင်အားဆီမီးဖြင့်ပူဇော်ခြင်းသည် ကောင်းကျိုးရှစ်မျိုးရနိုင်သည်။

ထိုရှစ်မျိုးမှာ

 ၁။ဒိဗ္ဗစက္ခုဉာဏ်ကိုရရှိနိုင်ခြင်း။

၂။အမိဝမ်းတွင်းမှာ ကန်းသောအမျိုး၌မဖြစ်ရခြင်း။

 ၃။တွေဝေငိုက်မျဉ်းခြင်းမှ ကင်းဝေးခြင်း။

 ၄။ကြည်လင်သောမျက်စိရှိခြင်း။

၅။အမျိုး စည်းစိမ် အခြံအရံအားဖြင့်မြတ်ခြင်း။

၆။အမှတ်မရှိသောအရပ်၌ရှိသောဝတ္ထုတို့ကို ထိုထိုအရပ်မှ မြင်နိုင်ခြင်း။

၇။တောက်ပသောအရောင်အဆင်းရှိခြင်း။

 ၈။နတ်ကဲ့သို့တင့်တယ်ခြင်း ဟူ၍ ဖြစ်သည်။ဘုရားရှင်က မိမိကိုပူဇော်လို ပါက ဓမ္မဖြင့်ပူဇော်ခြင်းသာအကောင်းဆုံးဟုမိန့်တော်မူပေသည့် အသရေတော်အားဖြင့်ပင် နတ်လူဦးခိုက်ပူဇော်ထိုက်သူဖြစ်နေပေရာ ဂုဏ်တော်၊ ဉာဏ်တော်တို့အားရည်မှန်း၍ ဆီမီးထွန်းညှိပူဇော်နေကြဦး မည်သာဖြစ်၏။

ဘုရားရှင်သည် သတ္တမဝါကို တာဝတိံတာနတ်ပြည်တွင် ဝါဆိုစံမြန်းတော် မူ၏။တာဝတိံတာနတ်ပြည်တွင်ဝါဆိုရခြင်းမှာ မယ်တော်ဖြစ်ခဲ့ဘူးသည့် သန္တုဿိတနတ်သားကိုကျေးဇူးဆပ်လိုခြင်း၊ အဘိဓမ္မာတရားဟောကြား တော်မူလိုခြင်းကြောင့်ဖြစ်သည်။

ထို့ကြောင့်လည်း မယ်တော်မိနတ်၊ ကျေးဇူးဆပ်၊ ဟောလတ်ဘိဓမ္မာဟူ၍ ရှေးသူတော်ကောင်းတို့ဆိုကြခြင်း ဖြစ်သည်။အဘိဓမ္မာခုနစ်ကျမ်းတွင် ၁။ဓမ္မသင်္ဂဏီကျမ်းကို ၁၂ ရက် ၂။ဝိဘင်းကျမ်းကို ၁၂ ရက် ၃။ဓာတုကထာကျမ်းကို ၆ ရက် ၄။ပုဂ္ဂလပညတ်ကျမ်းကို ၇ ရက် ၅။ကထာဝတ္ထုကျမ်းကို ၈ ရက် ၆။ယမိုက်ကျမ်းကို ၂၀ ရက် ၇။ပဋ္ဌာန်းကျမ်းကို ၂၅ ရက် ဝါတွင်းသုံးလလုံး ရက်ကိုးဆယ်ကြာအောင်ဟောတော်မူခဲ့လေသည်။

တရားပွဲပြီးသည့်အခါ သန္တုဿိတနတ်သားသည် သောတာပတ္တိမဂ်ကို ရရှိပြီး ကျန်သော နတ်ဗြဟ္မာကုဋေပေါင်းများစွာကျွတ်တမ်းဝင်လေ၏။

တရားဟောတော်မူပြီးနောက်လူ့ပြည်သို့ပြန်လည် သက်ဆင်းတော်မူခဲ့ သည်။သက်ဆင်းတော်မူသည့်နေရာမှာ သင်္ကဿနဂိုရ်ပြည်ဖြစ်၏။ မြတ်စွာဘုရားသည် သိကြားမင်းဖန်ဆင်းပူဇော်အပ်သည့် ရွှေစောင်းတန်း၊ ပတ္တမြားစောင်းတန်း၊ ငွေစောင်းတန်း စောင်းတန်းသုံး သွယ်တွင် အလယ်စောင်းတန်းဖြစ်သည့် ပတ္တမြားစောင်းတန်းကနေ သက်ဆင်းတော်မူ၏။လက်ယာဘက် ရွှေစောင်းတန်းကနေ နတ်ပရိ သတ်တွေလိုက်ပါသည်။လက်ဝဲဘက် ငွေစောင်းတန်းကနေ ဗြဟ္မာပရိ သတ်တွေလိုက်ပါသည်။မာတလိနတ်သားက ဘုရားရှင်၏ ဝဲဘက်တော် မှ နတ်ပန်းနံ့သာတို့ကိုင်ဆောင်ပူဇော်ပြီးခစားလိုက်ပါလာ၏။

ပဥ္စသီခနတ်သားကသုံးဂါဝုတ်မျှသောဗေဠုဝနတ်စောင်းကြီးကို တီးခတ်ပူဇော်ရင်းလိုက်ပါပို့ဆောင်သည်။သုယာမနတ်သားက စာမရီသားမြီးယပ်ဝန်းဖြင့်ယပ်ခပ်ပေးရင်းလိုက်ပါလာ၏။ သန္တုဿိတနတ်သားကပတ္တမြားယပ်ဝန်းဖြင့်ယပ်ခပ်ပူဇော်ရင်းလိုက်ပါ ၏။သိကြားမင်းကြီးက ဝိဇယုတ္တရ ခရုသင်းကို မှုတ်၍ပူဇော်ရင်း ရိုသေစွာလိုက်ပါပို့ဆောင်လေသည်။ဗြဟ္မာမင်းကြီးက ထီးဖြူမိုး၍ပူဇော် ရင်းလိုက်ပါ၏။

ဂန္ဓဗ္ဗနတ်များကတီးမှုတ်ကခုန်၍လိုက်ပါ၏။ဘုရားရှင်နတ် ဗြဟ္မာအပေါင်းခြံရံပြီး ပတ္တမြားစောင်းတန်းကနေ ဆင်းသက်တော်မူလာ သည့်မြင်ကွင်းမှာ ၃၆ယူဇနာအတွင်းက လူပရိတ်သတ်တွေ အ့ံဘနန်းဖူး မြော်ခွင့်ရ၏။လူသားတို့ကလည်း ရွှေပြဿာဒ်၊ ငွေပြဿာဒ်၊ ရတနာ မဏ္ဍပ်တို့အပြင် ဆီးမီးပန်းခိုင် တမြိုင်မြိုင်ဖြင့် ခမ်းခမ်းနားနားကြိုဆိုကြ လေသည်။

ထိုအချိန်၌ ဘုရားရှင်၏တန်ခိုးတော်ဖြင့် စင်္ကြာဝဠာတိုက် တစ်သောင်းလုံးဟင်းလင်းပွင့်၍ အထက်ဘဝဂ်က ဗြဟ္မာကြီးတွေ အားလုံးနှင့် အောက်အဝီစိအထိ ငရဲသူငရဲသားအားလုံးကို ထုတ်ချင်းခတ်မြင်ကြရလေသည်။ဒေဝါဒိ ဒေဝိန္ဒ၊ ဗြဟ္မာဒိ ဗြဟ္မိန္ဒ နတ်တကာတို့ထက်နတ်။ဗြဟ္မာတကာတို့ထက်ဗြဟ္မာ။အသရေတော် အားဖြင့်အနှိုင်းမဲ့ဖြစ်တော်မူသည်မှာ ဘုရားရှင်သာလျင်ဖြစ်၏။

နတ်ဗြဟ္မာအပေါင်း ခြံရံဆင်းသက်လာသည့် ဘုရားရှင်၏ အသရေတော် ကို ဖူးမြင်ရသူတိုင်း ဘုရားရှင်ကိုအားကျကြည်ညိုကြရင်းဖြင့် ဘုရားဆုပင်ပန်လိုက်ကြသေးသည်ဆို၏။ ဆီမီးသည် ပညာအရောင်၏ အတိတ်နိမိတ်ပုံဖြစ်၏။ဆီမီးကိုလှူဒါန်းပူ ဇော်ခြင်းသည် ဘုရားရှင်၏ဉာဏ်တော်တန်ဆောင်ကို ရည်မှန်းပူဇော်ခြင်း ဖြစ်သည်။

ဘုရားရှင်၏ သမီးတော် လက်ယာရံအရှင်မ ခေမာထေရီသည် ဆီမီးတောက်ကိုရှုပွားဆင်ခြင်မိရင်းဖြင့် မဂ်ဖိုလ်ကိုရလေသည်။စွန်းလွန်း ဆရာတော်ဘုရားကြီးလည်း လူ့ဘဝက ဆီမီးတောက်ကလေးကိုကြည့် ၍ များစွာသံဝေဂဖြစ်ဖူးသည်။ဆီမီးအလှူနှင့်ပတ်သက်၍ ဘုရားရှင် လက်ထပ်တော်က အမျိုးသမီးငယ်လေးတစ်ယောက်သည် ဘုရား ကျောင်းမှာတရားနာလာရင်း ဥပုသ်အိမ်၌စည်းဝေးနေသောရဟန်း အပေါင်းတို့အားဆီမီးမရှိသည်ကိုမြင်သွား၏။

ထိုအခါ အိမ်ကိုပြန်၍ ဆီမီးခွက်၊ ဆီမီးစာနှင့်တကွ ဆီမီးကိုယူခဲ့၍ ကပ်လှူလေသည်။ထိုကောင်းမှုကြောင့် ထိုအမျိုးသမီးလေးသည် တာဝတိံတာ၌ခပ်သိမ်း သောနတ်အပေါင်းကို မိမိအရောင်ဖြင့်ထွန်းပစေလျက် ပြိုးပြိုးပြက်ပြက် ထွန်းပသော ပတ္တမြားနီ၊ ပတ္တမြားပြောက်၊ ပတ္တမြားညိုတို့ဖြင့် တန်ဆာ ဆင်ထားသည့် တစ်ဆယ့်နှစ်ယူဇနာရှိသောပတ္တမြားဗိမာန်၌နတ်သမီး ဖြစ်၏။အရှင်မဟာမောဂ္ဂလန်မထေရ်ကြီးက နတ်ပြည်ကိုလှည့်လည်ရင်း ကောင်းမှုကိုမေး၍ တရားဟောလေရာ အဆုံး၌ သောတာပန်နတ်သမီး ဖြစ်သွားလေသည်။ နောက်တစ်ဦးမှာ ပဥ္စပဒီပထေရီမဖြစ်၏။

ထိုထေရီမသည်ပဒုမုတ္တရဘုရား ရှင်လက်ထပ် ဟံသာဝတီပြည်၌ သတို့သမီးငယ်ဖြစ်သည်။ထိုအချိန်က ဗောဓိပင်ကို ခုနစ်ရက်ပတ်လုံး ဆီးမီးငါးပွင့် ထွန်းညှိပူဇော်၍ ဆုတောင်း ပတ္ထနာပြုခဲ့၏။ထိုကောင်းမှုကြောင့် တာဝတိံတာနတ်ပြည်၌ ပဥ္စပဒီပဟူ သောဗိမာန်ရှင် နတ်သမီးဖြစ်၏။သိကြားမင်းမိဖုရားအဖြစ်အကြိမ်ရှစ် ဆယ်ဖြစ်သည်။စင်္ကြာမင်း၏ မိဖုရားကား အကြိမ်များစွာဖြစ်သည်။

 ကမ္ဘာတစ်သိန်းပတ်လုံး အပါယ်မလားဘဲ ဂေါတမဘုရားရှင်လက်ထပ် တော်၌ ခုနစ်နှစ်အရွယ် ကပင်ရဟန္တာဖြစ်၍ ပဥ္စပဒီပ ရဟန္တာထေရီ ဟုထင်ရှားလျက် နိဗ္ဗာန်ရွှေပြည်ကြီးသို့ဝင်လေသည်။ဆီမီးအလှူနှင့် ပတ်သပ်၍ အင်မတန်မှတ်သားစရာကောင်းသည့် သာဓကများဖြစ်သည်။ ထို့ကြောင့် ဘုရားရှင်အား ရည်မှန်းပူဇော်ကြသည့် သီတင်းကျွတ်မီးထွန်း ပွဲတော်တို့၏ အကျိုးကျေးဇူးမှာ အင်မတန်ထူးမြတ်လှပါ၏။

 ပဒီပပူဇာဟူသည် ဘုရားရှင်၏ဂုဏ်တော်၊ ဉာဏ်တော်ကိုရည်မှန်း၍ဆီမီး ထွန်းညှိပူဇော်ခြင်းဖြစ်၏။သီတင်းကျွတ်အခါသည် ပဒီပပူဇာသဘင် ဆင်ယင်ကျင်းပသည့်ပွဲဖြစ်သည်။ထူးမြတ်သည့်လ၊ ထူးမြတ်သည့်ညမှာ အနှိုင်းမဲ့ အသရေတော်ဖြင့် တင့်တယ်လွန်းသည့် ဘုရားရှင်ကို ပူဇော် ရခြင်းဖြင့် ကောင်းကျိုးချမ်းသာရမည်သာဖြစ်၏။

ဆီမီးအလှူ၌ မိမိတို့သာ အာရုံပြုတတ်မည်ဆိုပါက မိမိတို့မျက်မှောက်ကို ဘုရားရှင်ကိုယ်တော် တိုင်ကြွလာတော်မူသည့်အလား၊ နတ်ဗြဟ္မာတို့ကလည်း မိမိအလှူကို ဝမ်းမြောက်စွာသာဓုခေါ်နေသည့်အလား မိမိတို့စိတ်ထဲမှာ သဒ္ဓါပီတိဖြင့် တစိမ့်စိမ့် ကြည်နူးနေရမည်သာဖြစ်၏။စွန်းလွန်းဆရာတော်ဘုရားကြီး လို ဆီမီးတောက်ကလေးက တဖြစ်ဖြစ်တောက်နေ ဆူနေသည်ကိုသိ၍ မိမိတို့ခန္ဓာကြီးကလည်း လောင်စာနဲ့ မီးတွဲလျက် တဖြစ်ဖြစ် တဖွားဖွား အမြဲတမ်း ပြောင်းလဲဖောက်ပြန်နေပါလားဟု သံဝေဂယူနိုင်သည်။

 အပြင်မှာတောက်နေသော ဆီမီး၌ သံဝေဂယူပြီး အတွင်းခန္ဓာငါးပါး၏ ကိလေသာဖြင့် တောက်လောင်နေ၊ ဖောက်ပြန်ပြောင်းလဲနေသည့် သဘောကိုသာ သတိပဋ္ဌာန်တင်မည်ဆိုပါက အကျိုးကျေးဇူးပို၍များ၏။ ထိုသဘောကိုပင် ပဒီပပူဇာကနေ ဓမ္မပူဇာဖြစ်အောင် အားထုတ်ပူဇော် ခြင်းဟုဆိုရလေသည်။

ဓမ္မပူဇာဖြင့်ပူဇော်နိုင်မှလည်း ဘုရားရှင်ကို အမှန်တကယ်တွေ့ရမှာဖြစ်သည်။ ဘုရားရှင်၏ဂုဏ်ကျေးဇူး။သာသနာတော်မြတ်ကြီး၏ ဂုဏ်ကျေးဇူးကား အနန္တသာလျင်ဖြစ်၏။ထိုကျေးဇူးဂုဏ်တို့ကို အဘယ်သို့ပေးဆပ်ကြမည် နည်း။ဆီးမီးငါးတိုင်၊ ကြာငါးခိုင်ဖြင့် ဦးခိုက်ပူဇော်နေယုံကား ဘုရားရှင် ချီးမွမ်းသောအလုပ်မဟုတ်သေးပေ။သီတင်းတွေအခါခါကျွတ်တိုင်း မိမိတို့လည်း သံသရာဝဲသြဃကြီးထဲကနေ ကျွတ်အောင်အားထုတ်ရဦး မည်။ဆင်းရဲလှသည့် ဘုံဘဝတွေကနေ လွတ်အောင်အားထုတ်ရဦးမှာ ပါလားဟု သတိရသင့်သည်။သို့မဟုတ်ပါက သီတင်းပင်ကျွတ်သော် လည်း တကျွတ်ကျွတ်ဖြင့် စုပ်သပ်ကာ ညီးညူနေရသည့် ဒုက္ခဆင်းရဲ တွေကလွတ်ဦး ကျွတ်ဦးမည်မဟုတ်ချေ။ဓမ္မကိုချဉ်းကပ်၍ဓမ္မကိုကျင့်သုံး ပါမှ ဘုရားရှင်အလိုတော်ကျ ဓမ္မပူဇာဖြစ်ပေမည်။ဒါမှလည်း သီတင်း ကျွတ်တိုင်း ဆီမီးရောင်တောက်ပလင်းလက်သလို မိမိတို့အတွက် မဂ်ဉာဏ် ဖိုလ်ရောင် တပြောင်ပြောင်တောက်ပလင်းလက်လာမည်ဟု ယုံကြည်မိလေသည်။

စာရေးသူကတော့ သီတင်းကျွတ်ရောက်တိုင်း ဘုရားရှင်အား ပဒီပပူဇာအဖြစ် ဆီမီးဖြင့်ပူဇော်သလို ဓမ္မပူဇာအဖြစ် အကျင့် ပဋိပတ်ဖြင့်ပူဇော်ရဦးမှာပါလားဟု တွေးနေမိမြဲသာဖြစ်ပါ၏။ သီတင်းကျွတ်ပွဲစျေးတန်းမှာတော့ လူတွေပျားပန်းခတ် သွားလာနေကြ သည်။မီးပုံးထွန်းသူ ဆီမီးထွန်းသူတွေလည်း ဘုရားပေါ်မှာ အများမပြား ပင်ဖြစ်၏။ထိုသို့မဟုတ်ဘဲ ခန္ဓာမီးပုံပွဲကို ဉာဏ်ဖြင့်တိုးခွေ့ရင်း ကိလေ သာမီးတောက်ကလေးတွေကိုငြိမ်းအောင် ဉာဏ်ဆီမီးတောက်လေးတွေ တရှိန်ရှိန်တောက်လာအောင် ဓမ္မပူဇာပွဲ နွှဲနေသူတွေလည်း များစွာပင် ရှိနေပါ၏။

 သုခီအတ္တာနံ ပရိဟာ ရန္တု။

Credit --- လောကဓမ္မ ရသစုံစုံ