ကြက်ခြင်း
ယူတတ်မည်ဆိုလျင် လောကကြီးတစ်ခုလုံးမှာ သံဝေဂယူစရာချည်းဖြစ် ၏။ကိုယ့်ကိုယ်ကိုယ်မှာလည်းရှိသည်။ပတ်ဝန်းကျင်မှာလည်းရှိသည်။ နောက်ဆုံးဆိုရလျင် လေတိုက်တာ၊ သစ်ရွက်ကြွေတာကအစ ယူတတ် လျင် သံဝေဂရဖို့ချည်းဖြစ်သည်။မယူတတ်ကြ၊ ယူရမှန်းမသိကြ၍သာ သံဝေဂမရကြခြင်းဖြစ်သည်။ကိုယ့်ဘဝထဲမှာ ကိုယ်နဲ့တိုက်ရိုက်တိုက် ဆိုင်လာသည့် ဒုက္ခတွေကြုံလာတော့လည်း သံဝေဂဖြစ်ဖို့ရာထက် သောကထုထည်ကပိုကြီးနေတတ်သည်။သံဝေဂဖြစ်လျင် တရားနှင့်နီး စပ်ခွင့်ရှိသော်လည်း သောကကိုသာဖြစ်အောင်မွေးမိသည့်အတွက် ပို၍ပူလောင်ရသလို တရားနှင့်လည်း ပိုပြီးဝေးသွားလေသည်။
သံဝေမပါ တရားမရှာနဲ့ ဟု သူတော်ကောင်းတို့ဆိုထားဘူးလေရာ သံဝေဂဖြစ်ဖို့ သည် တရားလိုလားသူအတွက် အင်မတန်အရေးကြီး၏။သံဝေဂသည် မေ့နေတဲ့စိတ်ကို ဆတ်ခနဲသတိရစေ၏။လွင့်နေတဲ့စိတ်ကို စုစည်းစေ၏။ ပေါ့သွမ်းနေတဲ့စိတ်ကို လေးနက်လာစေ၏။
ကိလေသာနဲ့အချိန်ကုန်နေ တဲ့စိတ်ကို သတိနဲ့အချိန်ကုန်စေ၏။သတိနဲ့နေတဲ့စိတ်မျိုးဖြစ်မှလည်း မိမိတို့လိုရာပန်းတိုင်ကိုရောက်မည်ဖြစ်၏။ထို့ကြောင့်လည်း သံဝေဂဖြစ် စေတော့ဟူ၍ ဒီစာလေးကို ရေးနေမိခြင်းဖြစ်သည်။ ကြက်နဲ့ပတ်သက်၍မြန်မာစကားတွေမှာအမျိုးမျိုးသုံးကြသည်။
ကြက်မှာ အရိုး လူမှာအမျိုး။ကြက်ကောင်း ကြိုးမကွာ။ကြက်ကန်းဆန်အိုးတိုး။ ကိုယ့်ရွာမှာကြက်ဖ သူများရွာကျ ကြက်မ။တစ်တော တစ်ဖတွန်။ ကြက်ကြီးလည်လိမ်သလို။ကြွေတစ်လက် ကြက်တစ်ခုန်။ကြက်ခေါင်း ဆိတ်မခံ စသည်ဖြင့်များစွာပြောတတ်ကြသည်။စာရေးသူတို့ငယ်ငယ်က ဆိုလျင် ကြက်ဖတိန်ညင် တောကိုဝင် ကဗျာလေးကို ဆိုပြီး ကြက်ဖခွပ်တမ်းပင်ကစားခဲ့ကြဘူးသည်။ငါတို့ကြက်ဖနိုင်နိုင်ရွှေဖ လားနဲ့ ကြက်သားကိုင်။သူတို့ကြက်ဖရှုံးရှုံး ကြေးဖလားနဲ့ ကြက်ချေးတုံး ဆိုပြီးပျော်ပျော်ပါးပါးလည်းဆိုခဲ့ကြဘူးသည်။
ဆရာသော်တာဆွေကြီး က သူ့ကိုယ်သူအရက်သမား ကြက်သမားဟုကြော်ငြာလျက် ကြက်ဋီကာ ဆိုပြီး ကြက်သမားတွေအကြောင်း၊ တိုက်ကြက်တွေအကြောင်းစာတွေ ရေးခဲ့ဘူးသည်။
မင်းတို့မည်သည် စစ်တိုက်ရာ၌ ကြက်ဖကဲ့သို့ရဲရင့်ရ၏ ဟူ၍ ကြက်ကိုပင်တင်စားဆိုကြသေးသည်။လောကမှာပြောတော့လော ကစကားဖြစ်၍ လောကီအားဖြင့်ဗဟုသုတတော့ရမည်။လောကုတ္တရာ အာဖြင့်ပြောပြန်တော့ တရားစကားမျိုးဖြစ်၍ သံဝေဂဖြစ်နိုင်စရာရှိသည်။ ကြက်သမားက ကြက်တွေကိုကြည့်သည့်အခါ ကြက်သမားမျက်စိနဲ့သာ ကြည့်၍ ကြက်သမားစိတ်ဖြင့်ဆုံးဖြတ်၏။
မိမိတို့နှလုံးသွင်းရာ စရိုက်ကို လိုက်ပြီး အမြင်ချင်း၊အတွေးချင်း၊ အသိချင်း၊ လုပ်ရပ်ချင်းတူနိုင်မည် မဟုတ်ပေ။မတူ၍လည်း စိတ်ဆိုးစရာမလို။ဘဝကို ကိုယ့်ရှုထောင့်နဲ့ ကိုယ်ကြည့်ပြီး ဖြတ်သန်းနေကြသည်မဟုတ်ပါလော။ဆရာကြီးဦးရွှေ အောင်ကတော့ လူတစ်ယောက်ရဲ့နှလုံးသွင်းအလိုက် စရိုက်ဖြစ်လာ သည်။ထိုစရိုက်ကပဲဉာဉ်ဖြစ်လာသည်။ထိုဉာဉ်လေးကပဲ အနုသယအဖြစ် ဘဝ အမြင်တွေမတူဘဲ ကွဲပြားသွားစေသည်ဟုဆို၏။
မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးကျတော့ ကြက်တွေကိုကြည့်ရာ၌ ကြက်သမားအမြင်ဖြင့် ကြည့်သည်မဟုတ်။တရားအမြင် သံဝေဂအမြင် ဖြင့်ကြည့်ခြင်းဖြစ်၏။ဆရာတော်ဘုရားကြီးအတွက် ဓမ္မသည် နှလုံးသွင်း ့ဖြစ်၍ ဓမ္မသည်ပင်စရိုက်လိုဖြစ်၏။ထို့ကြောင့်လည်း ပတ်ဝန်းကျင်ကို မြင်ရာ၌ ဓမ္မနဲ့စပ်၍သာမြင်ခြင်းဖြစ်သည်။ဓမ္မနဲ့စပ်၍သာဆိုခြင်းဖြစ်သည်။ ဆရာတော်ဘုရားကြီးက မိန့်တော်မူသည်မှာ သံဝေဂဖြစ်ဖို့အကြောင်း ဖြစ်သည်။
ကြက်သည်မကြီး စုစည်းထားရာခြင်းတွင်းမှာ၊ ကြက်တကာတို့ ပျော်နေသည်။ မိတ်လိုက်သည့်ကြက်၊ စိတ်မပျက်၊ မိတ်ဖက်နှင့်ပင်ပျော်လေပြီ။ အခွပ်သန်ကြက် မာနထက်၊ ခွပ်ဖက်နှင့်ပင်ဆော်ချေပြီ။ အတွန်သန်ကြက် တွန်မပျက်၊ တွန်ဖက်ရွေးထုတ်နေပါသည်။ ကြက်ခြင်းကိုကြည့်၊ ထိုပီတိဖြင့်၊ မိမိရရကြက်သည်မ အလုပ်စ၍နေပါပြီ။ ကြက်ခြင်းနံဘေး၊ မီးပြင်းမွေး၊ ရေနွေးတည်နေပြီ။ ကြက်အားလုံးကား အထင်းသား၊ ခြင်းကြားကပင် မြင်ကြသည်။
ချိန်ခွင်ချိတ်ပြီ အလေးစီလျက်၊ စဉ်းတီခုတ်ဓား ဖျက်ရန်များ၊တွဲထားစီရင် ပြီ။ ခြင်းကြားကကြည့် ထိုအရှိ၊ ကြက်သိဖြင့်ပင် ပြီးပျောက်သည်။ ရေနွေးလည်းဆူ ဝယ်သူလည်းလာ၊ ဆိုင်သောခါတွင်၊ပါလာရာကုတ်၊ ခြင်းမှထုတ်လျက်၊သတ်ပုတ်ဖျက်သော်၊ ကြက်အုပ်ကြီးကား ဆူညံသွား နားမှမခံသာ။ ကြက်သားရောင်းသည့် ကြက်သည်မတစ်ယောက်သည် ဘာမှစာဖွဲ့လောက်သည်မဟုတ်သော်လည်း ဓမ္မအမြင်ဖြင့်ကြည့်လိုက် လျင် သံဝေဂဖြစ်ဖို့ကောင်းလှသည်။ထို့ကြောင့်လည်း ဓမ္မဖြင့်ကြည့်တတ် လျင် ဘယ်အရာမဆို သံဝေဂရကြောင်းချည်းဟုဆိုရခြင်းဖြစ်၏။
မိမိအသိုက်အမြုံလေးထဲမှာ မိမိပတ်ဝန်းကျင်မှာ တအိုအို၊ တနာနာ၊ တသေသေဖြင့် တဖြုတ်ဖြုတ်ကြွေလွင့်နေပေသည့် သံဝေဂနားမျှမသီ နိုင်ခြင်းမှာ မိမိတို့၏ပုထုဇဉ်အလေ့များလားဟု ထင်မိသည်။ မိမိတို့၏အဖြစ်သည် ထိုကြက်ခြင်းထဲကကြက်တွေနဲ့ဘာထူးမည်နည်း။ ကြက်သည်မဓားအောက် အသက်ပျောက်ရမည့်ကြက်တွေလို မရဏာ ရှင်သေမင်း၏ ဓားအောက်မှာအသက်ပျောက်ရမည်သူတွေချည်းဖြစ်၏။
နာတော့မည်။သေတော့မည်။ကြက်သည်မကား ဓားသွေးနေမြဲဖြစ်၏။ ဝယ်သူမလာခင်လေးသာတွန်နိုင်၊ ခွပ်နိုင်၊ အမောက်ထောင်နိုင်၊ မိတ်လိုက်နေနိုင်ကြခြင်းဖြစ်သည်။မိမိတို့လူသားတွေလည်းထို့အတူပင် မသေကြသေးခင်လေးသာ ရှိတာလေးနဲ့ မာန်ထောင်၊ရန်စောင်ပြီး ဟန်ဆောင်နေရခြင်းမဟုတ်လော။
တစ်ကောင်နှင့်တစ်ကောင် ထိုးကြ။ ဆိတ်ကြ။ခွပ်ကြ။ပုတ်ကြ။ဒေါသတွေနဲ့ ပူလောင်နေကြ။မေတ္တာတောင် ပံ မခပ်တော့ လေအေးလေးမျှ မဟပ်နိုင်ဖြစ်ကြသည်။မောဟတွေနဲ့ ပျော်ရွှင် တွန်ကျူးတော့လည်း ကာမအာရုံ အသိုက်အမြုံကြားမှာပဲ သောက်လေသောက်လေ ငတ်မပြေဖြစ်နေရသည်မဟုတ်ပါလော။
မအားလို့။စိတ်မချလို့။ပျင်းလို့။ပျော်လို့။အကြောင်းပြချက်တွေအမျိုးမျိုး ပြရင်း တရားရှောင်ခဲ့သူတွေ သေမင်းလာခေါ်တော့လည်း မအားသည့် ကြားက လိုက်ပါသွားကြရလေသည်။မအားလို့မှမညှာတာ။အစာနာကင်း သည်မဆိုနိုင်။သူလာခေါ် လိုက်ကြရမြဲ။သေခါနီးတရားမရှိကြပြန်တော့ တအုံးအုံး တရုန်းရုန်းနဲ့ ဗြောင်းဆန်အောင်အော်ဟစ်ငိုကြွေးကြရပြန် သည်။ပျော်ပွဲတွေဆင်ခဲ့သမျှ ငိုပွဲတွေကြုံဦးမည်။ကြုံလာလို့မှ နှလုံးသွင်း ထားသည့်တရားမရှိလျင် ပူရဦးမည်။ပူတာကိုမှ မသတ်နိုင်လျင်လောင်ဦး မည်။လောင်တာကိုမှမသတ်နိုင်လျင် ကျဦးမည်။
ထို့ကြောင့်လည်း မိမိတို့ လို ပျော်ပွဲမှာသာဇွဲကြီး၍ တရားပွဲကျအားမခဲချင်သူတွေကို ကာမဘုံသား ဆုံလည်နွားဟူ၍ ရှေးသူတော်ကောင်းမျာက နစ်နစ်နဲနဲဆိုတော်မူကြခြင်း ဖြစ်သည်။ဆုံလည်မှာ ကြုံသလိုလည်နေကြသည့်အတွက် သံသရာစက် ဝိုင်းထဲကနေမလွတ်နိုင်ကြခြင်းပင်မဟုတ်ပါလား။ ဘုရားရှင်က ကိလေသာမီးတွေဒီလောက်လောင်နေကြပါလျက် ဒီလူ တွေ ဘာကြောင့်ပျော်ရွှင်နေကြသနည်း။
ဝမ်းသာရွှင်မြူးနေကြသနည်း။ မောဟအမှောင်ကြီး ဒီလောက်ပိတ်ပိတ်ပိန်းအောင်အမှောင်ကြီးကျနေပါ လျက် ပညာဆီမီးကို အဘယ့်ကြောင့် မရှာကြသနည်းဟူ၍ ဆုံးမတော်မူ ၏။ပျော်ရတာကိုပဲမြင်၍ ငိုရမှာကိုမမြင်။ဖြစ်လာတာကိုပဲမြင်၍ ပျက်သွား မှာကိုမမြင်။အလင်းရောင်ကို အသုံးမချတတ်သည့် ပိုးဖလံကောင်လေး တွေ မီးတောက်ထဲကိုသာ ဇွတ်တိုးနေသည်နှင့်တူ၏။တိုးလေတိုးလေ ဒုက္ခရောက်လေသာဖြစ်ပေမည်။
အဘယ်ကြောင့်ဟူမူ ကိလေသာမီး တောက်သည် ကာမဂုဏ်၌ ဘယ်တော့မှမတင်းတိမ်၍ဖြစ်သည်။မိမိတို့ သည် ကာမအာရုံတွေနောက်ကိုလိုက်နေကြရင်းဖြင့် ဆရာတော်ဘုရား ကြီးမိန့်တော်မူသလို မိတ်လိုက်သည့်ကြက် စိတ်မပျက် မိတ်ဖက်နှင့်ပင် ပျော်လေပြီဟု ဆိုရမလိုရှိ၏။လောကမှာ တချို့က ပညာကြောင့်မာန် ထောင်။ဥစ္စာကြောင့်မာန်ထောင်။အာဏာကြောင့်မာန်ထောင်။ရာထူး ကြောင့်မာန်ထောင် အမောက်တထောင်ထောင် မာန်တစောင်စောင် လုပ်နေကြသည်မှာ ဆရာသော်တာဆွေရဲ့ တိုက်ကြက်ကြီးတွေခွပ်တော့ မလိုပုံနှင့်တူလှသည်။ကြွေတစ်လက်ကမွဲသွားစေနိုင်သလို ထိုသို့မာန် ထောင်ရင်းခုန်နေသည့် ကြက်တခုန်ကလည်း လဲသွားစေမည်သာဖြစ်၏။
ထောင်နေလျင် လဲမည်ကားသေချာသည်။တချို့ကျတော့လည်း မာန်လည်းမထောင်နိုင်။ရန်လည်းမစောင်နိုင် နဖူးကချွေးခြေမကျအောင် ရှာဖွေနေရသဖြင့် မြေကြီးမှာ ယက်ရင်းကောက်ရင်း ရှာဖွေနေကြရသည့် ကြက်တွေနှင့်တူနေပြန်သည်။တစ်ချို့ကတော့ လောကကြီးကို ပရဟိတ ဖြင့်ပေးဆပ်နေသည့်အတွက် ဥဥပေးသည့်ကြက်မကြီးတွေနှင့်တူသည်။ တစ်ချို့ကတော့ အများအတွက်လည်းစိတ်မဝင်စား၊ကိုယ့်ဖို့လည်းစိတ် မဝင်စား ဘဝကို အလဟဿဖြတ်သန်းနေသည့် တောကြက်တွေနှင့်တူ သည်။သို့ဖြစ်လျင် ဆရာသော်တာဆွေက ကြက်သမားသက်သက်သာ ဖြစ်သော်လည်း မိမိတို့အဖြစ်က ကြက်ဘဝနှင့်လုံးလုံးတူနေသည်မဟုတ် ပါလား။
သူ့ကြည့်တော့လည်းအမောက်တထောင်ထောင်။ရန်တစောင် စောင်။ကိုယ်ကလည်း ယက်ဟဲ့ဆွဟဲ့ ချွေးတလုံးလုံး။ငါ့ဖို့။သားဖို့။ မယားဖို့။ဖို့တစ်ထောင်ပင် မကဘူးထင်၏။ အိုခြင်း၊ နာခြင်း၊ သေခြင်းတရားတို့သည် ကြက်သည်မကြီး ဓားသွေးသ လို တဂျိဂျိ တမြိမြိ လှမ်းလာနေ၏။အိုခြင်းကဖမ်းခေါ်လာခဲ့သည်။နာခြင်း ကရိုက်မောင်းပုတ်မောင်းတထောင်းတည်းထောင်းလေသည်။အထောင်း မခံနိုင်သည့်အဆုံးကျတော့ စဉ်းတီတုံးပေါ်လည်စင်း၍ သေမင်းကဖြတ် ခြွေလိုက်သည်။မသေသေးခင် အလှောင်ခံထားရသည့်ခြင်းသည် သက္ကာယဒိဋ္ဌိနှင့်တူ၏။အားလုံးက ထိုဒိဋ္ဌိခြင်းတောင်းထဲမှာပဲ အပိတ် အလှောင်ခံနေရသည်မဟုတ်လော။သေတော့လည်း ဒိဋ္ဌိကြီးတန်းလန်း နဲ့သေကြရ၏။
ထိုဖြစ်စဉ်သည် သတ္တဝါတိုင်းရှောင်လို့မရသည့် နိယာမ တရားဖြစ်သည်။ကိလေသာမီးတောက်တန်းလန်းကြီးဖြင့်သေလျင် နောက်ဘဝထိလည်း မီးကူး၍လောင်ဦးမည်။ပျော်ခဲ့သမျှ ငိုခဲ့ရဖြစ်တော့ မည်။ထိုမီးမကူးဖို့ မပူလောင်ဖို့ဆိုလျင် ဘုရားရှင်၏အဆုံးအမကိုလိုက် နာဖို့လို၏။အသေမဦးခင် ဉာဏ်ဦးထားဖို့လို၏။သံဝေဂဉာဏ်တွေရဖို့လို သည်။ကံလမ်းမကနေ ဉာဏ်လမ်းကြောင်းပေါ်လျှောက်ကြမှတော်မည်။ သို့အတွက် သတိပဋ္ဌာန်သည် အားကိုးစရာလက်နက်အစစ်ဖြစ်၏။ ရုပ်ကိုရုပ်မှန်း။နာမ်ကိုနာမ်မှန်း။ဝေဒနာကိုဝေဒနာမှန်း။သဘောကို သဘောမှန်း အမှန်သိဖို့လုပ်ရမည်။ကြက်တွေလို ကုန်းရုန်းပြီး ကြက်တွေ လို တုံးလုံး အမွေးကျွတ်သေရလျင် အကျနာမည်။
ကြက်ကောင်းကြိုး မကွာဟုဆိုသလို တရားကောင်းကိုလိုပါက သတိမကွာဖို့လိုရင်းကျ သည်။ကြိုးကွာလျင်ခြေပျက်သလို သတိကွာသွားသည်နှင့် သညာက နှိပ်စက်၍ ဒိဋ္ဌိကဖိနင်းမည်သာဖြစ်၏။ ဝိပဿနာတရားသည် သာသနာတွင်းတရားဖြစ်၍ ထိုအလုပ်ကိုလုပ်မှ လည်း သာသနာတွင်းသားခေါ်ထိုက်၏။ဘုရားရှင်က ဝိပဿနာအလုပ် ကို ကြက်မကြီး မြုံပေါ်ဝပ်သည့် ဥပမာပေး၍ ဆုံးမတော်မူ၏။ ကြက်မကြီးက မိမိရဲ့ဥတွေကနေ အကောင်လေးတွေပေါက်လာဖို့ ဆုတောင်းနေရုံဖြင့် ပေါက်မည်မဟုတ်။အကျအနဝပ်၍ ကိုယ်ငွေ့ပေးပါမှ ထိုကိုယ်ငွေ့၏အတွေ့ဓာတ်ကြောင့် ဥလေးတွေက အကောင်ပေါက်နိုင် မည်ဖြစ်သည်။
ထို့ကြောင့် အခါခါဆုတွေတောင်းနေသည့်အလုပ်က ဥပုပ်ဖို့သာရှိ၏။အကောင်ပေါက်မည်မဟုတ်ချေ။အကြိမ်ကြိမ်ဝပ်ပြီး ကိုယ်ငွေ့ပေးမှသာအကောင်ပေါက်မည်သေချာ၏။ထိုအတိုင်းပင်တရား ယောဂီ မြတ်စာဂီတို့အနေဖြင့် ဖြစ်ပြီးသားအကုသိုလ်တွေပျောက်အောင်။ မဖြစ်သေးသည့် အကုသိုလ်တွေမဖြစ်အောင်။မဖြစ်သေးသည့်ကုသိုလ် တွေဖြစ်ခွင့်ရအောင်။ဖြစ်ပြီးသားကုသိုလ်တွေဆက်လက်တည်တန့်တိုး ပွားအောင် လုံ့လထုတ်၍ ကြိုးစားရပေမည်။
သတိပဋ္ဌာန်တရားကို နေ့နေ့ ညည အားထုတ်နေခြင်း၊ စိတ်ကို ဘာဝနာ၌အခါခါမွေ့လျော်စေခြင်းသည် ပင် ကိုယ်ငွေ့ပေးနေခြင်းသဘောဖြစ်၏။သဒ္ဓါဗိုလ်ဖြင့် အရိုးကျေကျေ အသက်သေသေ၊ မသေတရားရစိတ်မျိုးထားပြီးအားထုတ်မည်ဆိုပါက အဝိဇ္ဇာဆိုသော မောဟဥခွံကိုခွဲထွက်၍ ဝိဇ္ဇာအကောင်ပေါက်လေးပေါက် ဖွားလာမည်သာဖြစ်သတည်း။ကြက်သေ သေရမည့် ကြက်ခြင်းထဲကနေ အမြန်လွတ်မြောက်အောင်ကြိုးစားဖို့သည် မိမိတို့၏ သံဝေဂအလျောက် သာဖြစ်မည်မဟုတ်ပါလော။
သုခီ အတ္တာနံ ပရိဟာ ရန္တု။
Credit --- လောကဓမ္မ ရသစုံစုံ