အဝိဇ္ဇာ နှင့် ခွဲခွာခြင်း
မသိခြင်း ( အဝိဇ္ဇာ ) ကိုသာ အားထားကာ အဖော်ပြုလျှက် နေ့ရက် ( ကာလ ) များစွာကို ကုန်လွန်စေခဲ့သော ကျွန်ုပ်၏ အဖြစ်သည် လကွယ်ည သန်းခေါင်ချိန်၌ မှောင်မိုက်သည့် တွင်းနက်ကြီး အတွင်းဝယ် မည်းနက်သော အဆင်းရှိသည့် ကြောင် တစ်ကောင်ကို ဖမ်းယူရန် အားထုတ်၍ နေသော မျက်မမြင် ယောကျ်ား ငမိုက်သား အန္ဓ ပုထုဇဉ် ၏ အဖြစ်နှင့် တူလှချေ၏ ။အဝိဇ္ဇာ၌ ပျော်ပိုက် မွေ့လျှော် ၍ နေခြင်းသည် မစင် ဘင်ပုပ်ဝယ် အုပ်လိုက် သင်းလိုက် သည်းလှိုက် ရင်တုန် ပျော်မွေ့ကုန်သော ပိုးလောက် ချေးပိုး တို့နှင့် တူစွာ မိုက်မဲခြင်းကို အရသာ ခံနေခြင်း ပါ တကားဟု သိမြင်သောကာလ ကလျှာဏ ပုထုဇဉ်သည် အချည်းနှီးသော အဖြစ်ဖြင့် အသက်ရှင်လျှက် နေရခြင်း၏ ` လူဖြစ်ရှုံးခြင်း ´ ကို သိမြင်ပြီးလျှင် ပြင်းစွာ ထိတ်လန့်ခြင် ( သံဝေဂ ) ဖြစ်ရလေသည် ။
ထိုအခါ မသိ၍ အထင်းကြီးခဲ့မိခြင်း မသိ၍ တပ်မက်ခဲ့ခြင်း ၊ မသိ၍ စွဲလမ်းမိခဲ့ခြင်း မသိ၍ အဟုတ်ဟု ထင်ခဲ့မိခြင်း ၊ မသိ၍ ယုံကြည်ခဲ့မိခြင်း မသိ၍ မျှော်လင့်ခဲ့မိခြင်း ၊ မသိ၍ အားထားခဲ့မိခြင်း မသိ၍ ခံစား ပျော်ပါးခဲ့မိခြင်း ၊ မသိ၍ ဝမ်းသာခဲ့မိခြင်း မသိ၍ မောက်မာခဲ့မိခြင်း ဟူသော မိုက်မဲခြင်း ( အဝိဇ္ဇာ ) ၏ အပေါင်းအသင်းမှန်သမျှကို ကျောခိုင်း စွန့်ခွာလျှက် သိခြင်း { ဝိဇ္ဇာ } ဓာတ်အလင်း တည်ရှိရာ ဉာဏ ဒဿန လမ်းကို ရှေးရှု၍သာ သွားလိုသော စိတ် { အဓိဋ္ဌာန် } သည် ဖြစ်ပေါ်၍ လာလေ၏ ။
` အသိ ´ ( ဝါ ) သိခြင်းဟူသည် ဉာဏ်လည်း ဖြစ်၏ ပညာလည်း ဖြစ်၏ အစွမ်းသတ္တိ လည်းဖြစ်၏ ဘဝ လွတ်မြောက်မှု ၏ အကြောင်းလည်း ဖြစ်၏ လူ့ဘဝ ၏ လိုအပ်ချက် လည်း ဖြစ်၏ ကံ သုံးပါးကို ရှေ့ဆောင်တတ်သော မီးရှူးတန်ဆောင် အလင်းရောင်လည်း ဖြစ်၏ ။ ` သိမှု ´ ဟူသော အလိမ္မာ ဉာဏ်ပညာ ၏ သဘောသည် လူတွင် မည်သို့ စတင်ဖြစ်ပေါ်လာသနည်း ` သိမှု ´ ဖြစ်ပေါ်ပုံကား ဤသို့ ဖြစ်၏ ။
လူ့ကိုယ်တွင် စက္ခု ဟူသော ( မျက်လုံး ) သည် လည်းကောင်း သောတ ဟူသော ( နား ) သည် လည်းကောင်း ဃာန ဟူသော ( နှာ ) သည် လည်းကောင်း ဇိဝှါ ဟူသော ( လျှာ ) သည် လည်းကောင်း ကာယ ဟူသော ( ကိုယ် ) သည် လည်းကောင်း မန ဟူသော ( စိတ် ) သည် လည်းကောင်း သိကြောင်း အခြေခံ မူလဋ္ဌာန် ခြောက်ပါး ။ လောက ပတ်ဝန်းကျင်တွင် ရူပါရုံ ဟူသော မြင်စရာ (အဆင်း ) သည် လည်းကောင်း သဒ္ဒါ ရုံ ဟူသော ကြားစရာ ( အသံ ) သည် လည်းကောင်း ဂန္ဓာရုံ ဟူသော နံစရာ ( အနံ့ ) သည် လည်းကောင်း ရသာရုံ ဟူသော စားစရာ (အရသာ ) သည် လည်းကောင်း ဖောဋ္ဌပ္ဖါရုံ ဟူသော ထိတွေ့စရာ (အတွေ့)လည်းကောင်း အသီးသီး ရှိကြကုန်သည် မဟုတ်လား ။
ဓမ္မတာ (သဘာဝ ) သဘောတွင် မျက်လုံးသည် အဆင်းကို မြင်ခြင်း နားသည် အသံကို ကြားခြင်း နှာခေါင်းသည် အနံ့ကို နံခြင်း လျှာသည် အရသာကို ခံစားခြင်း ကိုယ်သည် အတွေ့ကို ထိတွေ့ခြင်း စိတ် သည် အတွေးကို ဆင်ခြင်ခြင်း ဟူသော တစ်ခုသော အတတ်၌ သာ လေ့ကျက်ခြင်း ရှိသော ထိုထို အာရုံ တို့သည် တစ်ခုသော အာရုံ စွမ်းဆောင် နိုင်သည်ကို ကျန်တစ်ခုက မစွမ်းဆောင် နိုင်ကြကုန် ။
အဖြူ အနီ အညို အပြာ ကို နားမှာ သိနိုင်သော သတ္တိ မရှိ ၊ အချို အချဉ် အဖန် အခါး ကို မျက်လုံး မှာ သိနိုင်သော သတ္တိ မရှိ ။ ကျန်သော အာရုံများလည်း ထို့အတူပင် တစ်ခု၏ အတတ်ကို ကျန်တစ်ခုက ကျွမ်းကျင် လိမ္မာခြင်း မရှိကြကုန် ။ ဗဟိဒ္ဓ , ဟု ခေါ်သော အပြင်လောကကို မျက်လုံး၊ နား ၊ နှာ ၊ လျှာ ၊ ကိုယ် တို့သည် အဇ္စျတ္တ , ဟု ခေါ်သော အတွင်းလောက သို့ အဆင်း အသံ အနံံ့ အရသာ အတွေ့ များကို သယ်ယူ ပို့ဆောင် ပေးလေသည် ။ ကင်မရာ မှန်ဘီလူး ( မျက်လုံး ) မှ တဆင့် ဝင်လာသော အဆင်းပုံရိပ်ကို ဖလင်ပြားက ခံယူ၍ မှတ်တမ်းတင်ခြင်း မပြုလျှင် ထိုအဆင်း ပုံရိပ်သည် ပျောက်ပျက်သကဲ့သို့ မျက်လုံးမှ တဆင့် ဝင်လာသော အဆင်းပုံရိပ်ကို ဘဝင် မနောက ခံယူ၍ မှတ်တမ်းတင်ခြင်း မပြုလျှင်လည်း ထို အဆင်းပုံရိပ်သည် အမှတ်မထင် ` သညာ ´ မဖြစ်ဘဲ ပျောက်ကွယ် လေသည် ။
ထို့အတူ ` မိုက်ကရိုဖုန်း ´ ဟု ခေါ်သော အသံဖမ်းခွက်မှ တဆင့် ဝင်လာသော အသံ ပုံရိပ်ကို တိပ်ကြိုးခွေက ခံယူ၍ မှတ်တမ်းတင်ခြင်း မပြုလျှင် ထိုအသံ ပုံရိပ်သည် ပျောက်ပျက်သကဲ့ သို့ နား မှတဆင့် ဝင်လာသော အသံ ပုံရိပ်ကို ဘဝင်မနောက ခံယူ၍ မှတ်တမ်းတင်ခြင်း မပြုလျှင် ထိုအသံ ပုံရိပ်သည် အမှတ်မထင် သညာ မဖြစ်ဘဲ ပျောက်ကွယ်လေသည် ။
တခြား အာရုံတို့မှာလည်း ထို့နည်းတူ တည်း ။ ကွန်ပျူတာ တွင် အစီအစဉ် ဖန်တီးသူက စီစဉ် ထည့်သွင်းပေသော `သညာ´ အမှတ်အသားများ အကြောင်းအချက် ပညတ် များကို ` မင်မိုရီ ချိန်ဘား ´ ဟုခေါ်သော `မှတ်သားခန်း´ က မှတ်တမ်းတင်ထားသကဲ့ သို့ အာရုံဒွါရ အသီးသီးက ပို့ဆောင်ပေသော အာရုံ အမှတ်သညာ များကို မနောသည် ` မှတ်သားထားခြင်း ´ အမှုကိုပြုလေ့ရှိ၏ (အနောက်တိုင်း စိတ်ပညာ ရှင်များက ဦးနှောက်က မှတ်သားသည်ဟု ဆိုသည် ) ။
ကွန်ပျူတာ တွင် မင်မိုရီ ချိန်ဘား (မှတ်သားခန်း)သည် လူ၏ဘဝင်မနောကို တုယူ၍ ပြုလုပ်ထားခြင်းဖြစ်လေသည် ( ဦးနှောက်ကို အတုယူ၍ ပြုလုပ်သည်ဟုလည်း ဆိုသည်) ဤတွင် ကွန်ပျူတာ ၌ အစီအစဉ် ဖန်တီးသူသည် `မင်မိုရီ ချိန်ဘား´ အတွင်းသို့ အချက်အလက်များကို ထည့်သွင်းသည့်အခါ စနစ်တကျ လုပ်ထုံးလုပ်နည်းများအရ ထည့်သွင်းရသလို လူ့ ဘဝင်မနော တွင်းသို့ အာရုံဒွါရ များက သညာ များကို ပို့ဆောင်သော အခါတွင်လည်း စနစ်တကျ ထုံးပုံနည်းကျ ဖြစ်မှသာ ဘဝင်မနောသည် သညာ ကို မှတ်တမ်းတင်ခြင်း (ဝါ) မှတ်သားခြင်း ကို ပြုလေသည် ။
သိမှုတွင် ဘဝင်မနော၏ အလုပ်ကား များလှသည်ကို သတိပြု သင့်သည် စက္ခု မျက်လုံး နှင့် ရူပါရုံ အဆင်းတို့ ထိတွေ့လျှင် မြင်ခြင်း ဖြစ်သည် ဟူ၍ သာမန်အားဖြင့်ဆိုကြသော်လည်း အလင်းရောင် မရှိလျှင် လည်းကောင်း မနော၏ အာရုံပြုမှု (သတိကပ်မှု) ဆိုသော ` မနသီကာရ ´ မရှိလျှင် လည်းကောင်း မြင်မှု (ဘာကို မြင်သည် ဆိုသော) သညာ ဖြစ်ပေါ်၍ မလာနိုင်ချေ ။ ရှင်းဦးအံ့ ။ အလင်းရောင် ရှိတိုင်းလည်း မနသီကာရ(သတိကပ်မှု) ရှိတိုင်းလည်း မြင်ခြင်း သညာ တစ်ခု ဖြစ်မလာနိုင်သေး ။
မျက်လုံး၏ သဘောမှာ မှုန်ဝါးခြင်း မရှိသေးသော ရှင်သန် နုပျိုစဉ် အခါမှာပင် ဝေးလွန်းလျှင်လည်း မမြင်တတ် သေးလွန်းလျှင်လည်း မမြင်တတ် မြန်လွန်းလျှင်လည်း မမြင်တတ် နှေးလွန်းလျှင်လည်း မမြင်တတ် အတားအဆီး မရှိသော ကောင်းကင်၌ ပေလေးသောင်း အထက်က ပျံသွားသော ဧရာမ ဂျမ်ဘိုဂျက်လေယာဉ် ကြီးကိုပင် ပကတိ လူ့ မျက်လုံးများက မမြင်နိုင် ။
အစားအစာထဲတွင် သန်းနှင့်ချီ၍ ပါသွားသော ဘက်တီးရီးယား ပိုးများ ဗိုင်းရပ် ပိုးများကိုလည်း ပကတိ မျက်လုံးက မမြင်သာ၍သာ အားရပါးရ စားပစ်လိုက်သည် မဟုတ်ပါလား ။ အရှိန်ပြင်းစွာ လည်နေသော လေယာဉ်ပန်ကာ၏ ဒလက် များသည် မျက်စိ အောက်မှာပင် ပျောက်ကွယ် သွားကြသည်ကို မြင်ဖူးသူ များပါလိမ့်မည် ။ တစ်စက္ကန့်ကို ၂၄ ကွက်နှုန်းဖြင့် မောင်းနှင်သော ရုပ်ရှင် ဖလင်ပြား ပေါ်က အရုပ်ကလေး တစ်ခုကို ပိတ်ကားပေါ်တွင် တစ်ရုပ်တည်းသာ မြင်တတ်သော မျက်လုံး၏ အမြင် ချွတ်ယွင်းမှုကိုလည်း ဆင်ခြင်သင့်ပါသည် မြန်လွန်းသည်ကို မမြင်နိုင်သော မျက်လုံးသည် နှေးလွန်းသည်ကိုလည်း မမြင်နိုင်ပါ ။
တစ်နေ့တခြား ပွင့်ကားလာသော ပန်းကလေး ပွင့်အာ၍ လာသည်ကို လည်းကောင်း တဖြည်းဖြည်း နွမ်းကြွေ၍ သွားသည်ကို လည်းကောင်း သည်မျက်က မမြင်လိုက် ဘယ်တုန်းက ဘယ်လို ပွင့်မှန်း ကိုလည်း မမြင်လိုက် ဘယ်တုန်းက ဘယ်လိုကြွေမှန်းကိုလည်း မမြင်လိုက် ဖြစ်စဉ်ကလည်း ဖြစ်ပြီးမှ ` မြင် ´ သည် ပျက်ပြန်တော့လည်း ပျက်ပြီးမှ ` မြင် ´ သည် လောက၏ ဖြစ်အစဉ် ပျက်အစဉ်ကို မြင်နိုင်သော သတ္တိ ဤ မျက်လုံးမှာ ရှိသလား ?.....
ပစ္စည်း အသစ်ကလေး တစ်ခု ရလာသည် တယုတယ သိမ်းဆည်း ထားစဉ် မှာပင် ဤ ပစ္စည်း ကလေး ဟောင်းနွမ်း ပျက်စီးသွားသည် မျက်စိ နား နှာခေါင်း လျှာ ကိုယ် စသော အာရုံတွေသည် ဖြစ်ပေါ်လာပုံကို လည်း မသိလိုက် ပျက်စီးသွားပုံကိုလည်း မမြင်လိုက် မတွေ့လိုက် ဖြစ်ပုံ ပျက်ပုံ အလုံစုံကို မသိသေးသ၍ " အသိပညာ " ဖြစ်ပြီ ဟု မဆိုနိုင်သေးချေ ။ သို့ဆိုလျှင် ` ဖြစ်ပျက် ´ နှင့် တကွ အသိပညာ ကို လိုလားသော သူ အဖို့ ဤ မျက်လုံူတွေ နားတွေ နှာခေါင်းတွေ ကို ယုံကြည် အားကိုး နေရုံဖြင့် မလုံလောက်သေးပါတကား ။..
ဆရာ ဦးဆန်းလွင်
{ အရှင်အာဒိစ္စရံသီ } ၏ ဉာဏ်တော်ကို ပူဇော် ဂါရဝ ပြုပြီး ကျေးဇူးဆပ်ပါ၏