အဇာတသတ်ကို သုံးသပ်ခြင်း
ဗုဒ္ဓ မြတ်စွာဘုရား သာသနာတော်တွင် ဘုရားရှင်ကို အလွန်အမင်း ကြည်ညိုသူပထမ သင်္ဂါယနာ၏ ဒါယကာ မင်းဖြစ်သူ { အဇာတသတ်ကို သုံးသပ်ခြင်း }အခန်း ( ၁ )
ကာလသည်ကား ဗုဒ္ဓ မြတ်စွာဘုရား ထင်ရှား ပွင့်ဆဲအခါ ဖြစ်လေသည် ။ ဒေသသည်ကား မဂဓတိုင်း ရာဇဂြိုလ်ဖြစ်၏ ။ ရာဇဂြိုလ် ပြည့်ရှင်ကား ဘုရင် ဗိမ္ဗိသာရတည်း ။ ထိုမင်း၏ မိဘုရားခေါင်ကား ဝေဒေဟီ မည်၏ အခါတစ်ပါးဝယ် ဝေဒေဟီ မိဖုရား၌ သားသန္ဓေ တည်လေသော် ဖခင်မင်းကြီး၏
လက်ယာ လက်ရုံးသွေးကို ကိုက်ဖောက်၍ သောက်ချင်သော ချင်ခြင်း ဆန္ဒသည် မိဖုရားအား ပြင်းစွာတပ်မက်လေသည် ။ ပညာရှိ တို့က ကြားသော် ဝမ်းထဲ၌ စွဲသော ထိုသူငယ်သည် မင်းအား မချွတ် သတ်လတ္တံ ့ ဟု နမိတ် ဖတ်ကြလေ၏ ။
အမိကား ထိုသားမျိုးကို အလိုမရှိ အဖကမူ နမိတ်ကိုလည်းမယူ သတ်လိုမူလည်းသတ် တပ်မက်သော အချစ်မျိုးဖြင့် နမိတ်ဆိုးသားကို အားရ ဝမ်းသာ မွေးစေခဲ့ပါသည် ။ ထိုသားကား ဗုဒ္ဓဝင် ၌ အဇာတသတ်ဟူ၍ထင်ရှား၏ ထိုမင်းသားသည် စည်းစိမ်ကိုလည်း မက်၏ မာန်မာနလည်း ကြီး၏ လက်နက်ကိုလည်းအားကိုး၏ စစ်မက်ကိုလည်း လိုလား၏ သတ်ဖြတ်ခြင်း၌လည်း ရဲရင့်၏ ၊ တန်ခိုးအာနုဘော်ကိုလည်း တောင့်တ၏ ဆွဲဆောင်ရာသို့လည်း ပါလွယ်၏ ကိုယ်ကျိုးကိုသာ ရှေ့ထား၏ အာဏာ ခက်ထန်လို၏ သီလ မရှိ ၊ သမာဓိ မရှိ ၊ ပညာ မရှိ ကျေးဇူးမသိ မဟုတ်သော ဆရာကို အထင်ကြီးလွယ်၏ မဟုတ်သော တရားကို ယုံကြည် လွယ်သူ ဖြစ်၏ မဟုတ်သော အယူကို ကိုးကွယ် သူဖြစ်၏ ။
လောက၌ မှောက်မှားခြင်းသည် မဟုတ်သောသူကို ဆရာတင်ခြင်းလည်း တစ်ပါး မဟုတ်သော တရားကို ယုံကြည်ခြင်းလည်း တစ်ပါး မဟုတ်သော အယူကို ကိုးကွယ်ခြင်းလည်း တစ်ပါး ထို သုံးပါးသော အမှားကို အဇာတသတ် မင်းသားသည် ကျူးလွန်ခဲ့ဖူးလေသည် ၊ ဝတ္ထုကား ဤသို့ ဖြစ်၏ ။ အခါတစ်ပါးဝယ် မြတ်စွာဘုရား သည် ကောသမ္ဗီ ပြည်၌ သီတင်းသုံးတော်မူစဉ် ကောသမ္ဗီ ပြည်သားတို့သည် ရှင်သာရိပုတြာ ရှင်မောဂ္ဂလာန် တို့ကိုသာ ချီးမွမ်းဆည်းကပ်ကြကုန်၏ ရှင်ဒေဝဒတ်ကိုကား မဆက်မဆံ နေကြလေသည် လာဘ်ပူဇော်ခြင်း ကင်း၏ ဒေဝဒတ်လည်း ဘုရားကို အထင်လွဲလေသည် ဗုဒ္ဓ နှင့် ငါ အတူမနေသင့်ပြီ ဟု ဆုံးဖြတ်လျှက် သူ့ကို ချီးမြှောက်မည့် ဒါယကာကို ရှာလေသည် ။
ထိုအခါ ရှင်ဒေဝဒတ်သည် အဇာတသတ်မင်းသားကို မြင်လေသည် ထိုမင်းသားကား ငယ်လည်းငယ်၏ ကိုးကွယ်ရာ ဆရာလည်းမရှိသေး နောင်ရေးလည်း အလွန်ကောင်း၏ မိမိအား ကြည်ညိုစေ၍ ဆရာပြုရသော်ကား လာဘ သက္ကာလည်း များလတ္တံ ့ လာဘသက္ကာကို မှီလျှက် ပရိသတ်လည်း ပြန့်ပွား စည်ကား လတ္တံ ့၊ ဤသို့ ကြံပြီးသော် ဒေဝဒတ်လည်း ဘုရားထံမှ ခွာလေသည် ရာဇဂြိုလ် ပြည်အနီးသို့ ရောက်သော် မိမိရထားသော စျာန်အဘိညာဉ်ဖြင့် ရဟန်းအသွင်ကို ပယ်လေသည်
သူငယ်ယောင် ဖန်ဆင်းပြီးလျှင် ဦးခေါင်းမှာမြွေတစ်စင်း လက်နှစ်ဖက်မှာ မြွေနှစ်စင်းစီ ပေါင်း မြွေငါးစင်းကို အမြီးချင်း ယှက်ထိုး၍ ခါးကြိုးကဲ့သို့ ဆင်ကာ ကောင်းကင်ခရီးဖြင့် သွား၍ အဇာတသတ်၏ နန်းရင်ပြင် ထက်၌ သက်ဆင်းခြောက်လှန့်လေ၏ မင်းသားလည်း လွန်စွာ ထိတ်လန့်၏ `မင်းသား ကြောက်သလား ´ ဟု ဒေဝဒတ်မေးလေ၏ `ငါကား အလွန်ကြောက်၏ သင်ဘယ်သူနည်း ´ မင်းသားမေးလျှင် ဒေဝဒတ်က ` သင်မင်းသား မကြောက်နှင့် ငါကား ရှင်ဒေဝဒတ် ဖြစ်သည် သတ္တိ စွမ်းအင်ကို မြင်စေလို၍ ပြသည် ´ ဤသို့ ဆိုသော် မင်းသားက ` ရှင်ဒေဝဒတ် ဖြစ်လျှင် ပကတိ ရဟန်းအသွင်ကို ပြပါ ´ ဟု ဆို၏ ၊ ဒေဝဒတ်လည်း ဖန်ဆင်းအပ်သော သူငယ်အသွင်ကို ဖျောက်၍ ပရိက္ခရာ ရှစ်ပါးနှင့် တကွသော ရဟန်းအသွင်ကိုပြ၏
ဒေဝဒတ်၏ အယုံသွင်းခြင်းကား ထိရောက်လှ၏ ချက်ချင်း မင်းသား၏ စိတ်တွင် ရှင်ဒေဝဒတ်ကား တန်ခိုးကြီးလှ၏ နာနာဘာဝ ရူပကာယကိုလည်း ပြနိုင်၏ ခမည်းတော် ကိုးကွယ်သော ဗုဒ္ဓ ကား ဤသို့လည်း မပြနိုင် အစွမ်းသတ္တိ လည်းမရှိ ကိုးကွယ် ရာလည်းမထိုက် ဟု စိတ်မှာအောက်မေ့လျှက် ဒေဝဒတ်ကိုသာ အလွန်အထင်ကြီးခြင်း သဒ္ဓါ ကြည်ညိုခြင်း မှီခိုအားထားခြင်းပြုလျှက် ရထားငါးရာတို့ဖြင့် ဆရာဒေဝဒတ်၏ အထံသို့ ညဉ့် နံနက် ဆည်းကပ်လေသည် ငါးရာသော ဆွမ်းဝတ်ကိုလည်း တည်၏ မင်းချင်းတို့ကလည်း အသီးသီး ချီးမြောက်ကြ၏ ဒေဝဒတ်လည်း အကြံပြီးလေ၏ ပူဇော်သက္ကာနှင့်တကွ တပည့် အခြံရံများသော် ဒေဝဒတ်လည်း ဘုရားကို ပယ်ရှား၍ သံဃာအား သင်းခွဲရန် ကြံပြန်လေ၏ ထိုအခါမှစ၍ စျာန်အဘိညာဉ် ကွယ်၏ ထို အခြင်းအရာ ကိစ္စကို ကုက္ကဋ မည်သော နတ်သားက ရှင်မောဂ္ဂလာန် အားလျှောက်ထား၏ ရှင်မောဂ္ဂလာန် လည်း နတ်သား၏စကားကို မြတ်စွာဘုရား အား လျှောက်ကြားလေ၏ ဘုရားက ` ချစ်သားမောဂ္ဂလာန် သင်ဆိတ်ဆိတ်သာ နေဦး မကြာမီ ထို အခြင်းအရာသည် ထင်ရှားစွာ ဖြစ်လတ္တံ ့´ ဟု မိန့်တော်မူ၍ " ချစ်သားမောဂ္ဂလာန် ဤလောက၌ ပူဇော်ခံသော ဆရာကား ငါးမျိုးရှိ၏ " ဆိုကာ ဆရာ ငါးပါး အပြားကို မှတ်သားဖွယ် ဟောကြားခဲ့ လေပြီ ။ ..
ထိုငါးမျိုး ဟူသော်ကား
တစ် ။ မိမိ၌ စင်ကြယ်သော သီလ မရှိဘဲ သီလ ရှိယောင် ပြုလျှက် တစ်ပါးသူကို ကဲ့ရဲ့လျှက် မိမိကိုယ်ကို ချီးမွမ်းလျှက် သီလ ရှိသည်ဟု ဝန်ခံလျှက် အခြံအရံ အလုပ်အကျွေးတို့ကို လှည့်ဖြား သွေးဆောင်လျှက် အပူဇော်ခံသော သီလကြောင် ဆရာမျိုးလည်း တစ်ပါး ။
နှစ် ။ မိမိ၌ စင်ကြယ်သော အသက်မွေးမှု မရှိဘဲ ရှိယောင်ပြုလျှက် တစ်ပါးသူကို ကဲ့ရဲ့လျှက် မိမိကိုယ်ကို ချီးမွမ်းလျှက် မြတ်သော အသက်မွေးမှု မိမိမှာရှိသည် ဟု ဝန်ခံလျှက် ပူဇော်ခံ တတ်သော ဆရာလည်း တစ်ပါး ။
သုံး ။ မိမိ၌ စင်ကြယ်သော အယူဝါဒ မရှိပါဘဲ စင်ကြယ် သောအယူစကား ဒေသနာတရား ရှိယောင်ပြုလျှက် တစ်ပါးသူကို ကဲ့ရဲ့လျှက် မြတ်သော တရား မိမိမှာမရှိဘဲ ရှိသည်ဟု ဝန်ခံလျှက် အပူဇော်ခံတတ်သော ဆရာလည်း တစ်ပါး ။
လေး ။ မိမိ၌ စင်ကြယ် သောဉာဏ်မရှိပါဘဲလျှက် စင်ကြယ် သော ဉာဏ် ရှိယောင်ပြုလျှက် တစ်ပါးသူကို ကဲ့ရဲ့လျှက် မိမိမှာ ဉာဏ်ရှိသည်ဟု ဝန်ခံလျှက် အပူဇော်ခံတတ်သော ဆရာလည်းတစ်ပါး ။
ငါး ။ ိမိမိ၌ စင်ကြယ်သော ဗျာကရိုင်းကို သင်ကြားခြင်း မရှိပါဘဲ လျှက် စင်ကြယ်သော ဗျာကရိုင်း မိမိမှာ ရှိယောင်ပြုလျှက် တစ်ပါးသူကိုကဲ့ရဲ့လျှက် မိမိမှာသာ စင်ကြယ်သော ဗျာကရိုင်း ရှိသည်ဟု ဝန်ခံလျှက် အပူဇော်ခံတတ်သော ဆရာလည်းတစ်ပါး ထို ဆရာမျိုးသည် တပည့်တို့ မသိမူသော် စားသာကြ ကုန်၏ တပည့်တို့ သိကုန်သော ကာလ ကဲ့ရဲ့ ပြစ်ပယ်ခြင်းကို မုချ ခံရသည် ဖြစ်လတ္တံ ့ အရိုအသေ တန်ကြသည် ဖြစ်၍ မုချ အရှက်ကွဲသည် ဖြစ်လတ္တံ ့ ။.
.....ဆက်ရန်
ဆရာဆန်းလွင်{အရှင်အာဒိစ္စရံသီ}၏ ဉာဏ်ပညာ ကို ပူဇော်ပါ၏
အခန်း ( ၂ )
သဗ္ဗညု မြတ်စွာဘုရား လည်း ကောသမ္ဗီပြည်မှ သည် ဒေသစာရီ ကြွချီတော်မူလျှက် ရာဇဂြိုလ်ပြည် ဝေဠုဝန်ကျောင်းသို့ ရောက်လေ၏ ၊ ထိုအခါ ဝေဒေဟီ မိဖုရား၏ သား အဇာတသတ် မင်းသားသည် ဆရာမှားကို အထင်ကြီးလျှက် အယူဝါဒ မှားကို ကိုးကွယ်လျှက် အကျင့်မှားကို ကျင့်လျှက် အရှင် ဒေဝဒတ်အား နေ့စဉ် နံနက်တိုင်း ရထား ငါးရာတို့ဖြင့် ဆည်းကပ်ပူဇော် နေလေ၏ မသိနာမလည်သော ပုထုဇဉ် ရဟန်းသံဃာများသည် လာဘ်လာဘ များသော ပူဇော်သက္ကာယ ပေါသော အစီးအပွားဖြစ်သော အဆောင်အယောင်တင့်တယ်သော အရှင်ဒေဝဒတ် ၏ အဖြစ်ကို အထင်ကြီးကြ ကုန်၏ နှစ်လိုအားကျ ကြကုန်၏ ချမ်းသာသည် ဟု ထင်ကြကုန်၏ ကြီးပွားသည်ဟု မှတ်ကြကုန်၏
ထိုအခါ မြတ်စွာဘုရား က ` ချစ်သားတို့ ဤလောက၌ ဝါးပင်သည်လည်းကောင်း ပေပင်သည် လည်းကောင်း ၊ ကျူပင် လည်းကောင်း အသီးသီးခြင်းသည် မိမိကို သေစေခြင်းငှါသာ ဖြစ်ကြကုန်သကဲ့သို့ အာဇာနည် အဿထိုရ်မြင်းမသည် မိမိကို သေစေခြင်းငှါသာ သားဖွားသကဲ့သို့ ဉာဏ်အမြင်နည်းသော ပုဂ္ဂိုလ်အား လာဘ်ပူဇော် အခြံအရံ များခြင်းသည် အကျင့်ပျက်ခြင်းငှါ တရားဆုတ်ယုတ်ခြင်း ငှါ အကုသိုလ် ပွားများခြင်း ငှါသာ ဖြစ်၏ အလားတူစွာ ဒေဝဒတ်အား လာဘ်များခြင်းသည်လည်း မိမိကို ညှဉ်းဆဲခြင်း အကျိုးငှါ အပ္ပါယ်လေးပါး သို့ လားစေခြင်းငှါသာ အကျိုးကို ဖြစ်လိမ့်မည်ဟု ´ တရား ဒေသနာကို ဟောတော်မူ လေ၏ ၊
အဇာတသတ်ကား ငယ်လည်းငယ်၏ မောက်လည်း မောက်မာ၏ ကြမ်းလည်း ကြမ်းကြုတ်၏ ဉာဏ်အမြော်အမြင်လည်း နည်း၏ တန်ခိုးအာဏာကို လည်းဘဲ လွန်စွာ အထင်ကြီး၏ မင်းစည်းစိမ်ကိုလည်း အထင်ကြီး၏ လက်နက်စွမ်းအားကိုလည်း လိုလား၏ ဆရာမှားကိုလည်း အားကိုး၏ တရားမှားကိုလည်ဘဲ ကိုးကွယ်၏ မမြှောက်စားသင့်သူကို မြှောက်စား၏ ချွတ်ချော်စွာ ကျင့်သုံးရကား သူမြှောက်စားသော ဆရာမှား ဒေဝဒတ်လည်း ဘုရားကိုပင် ယှဉ်ပြိုင်ကာ အန်တု အနိုင်လုရန် အားထုတ်လေ၏ ။
ဝေဠုဝန် ကျောင်းတော်ဝယ် မြတ်စွာဘုရား တရားရေအေး အမြိုက်ဆေးကို တိုက်ကျွေးနေစဉ် တစ်နေ့သ၌ ဒေဝဒတ်လည်း မှားသော ပရိသတ်ဖြင့် ဘုရားထံပါးသို့ သွားပြီးလျှင် ." အရှင်ဂေါတမ ကိုယ်တော်သည် အသက်လည်းကြီး ပြီး အိုလည်းအိုပြီ မျက်မှောက်ချမ်းသာ ခံစား၍သာ ကြောင့်ကြမဲ့ စံတော်မူပါ တပည့်သံဃာ သာဝက တို့အား အကျွန်ုပ်ထံမှာ အပ်နှင်းပါ အကျှန်ုပ်သည်သာ သံဃာကို ခေါင်းဆောင်အုပ်ချုပ်ပေအံ ့ " ဟု မှောက်မှားစွာ လျှောက်ထားလေ၏ ။
မြတ်စွာဘုရား လည်း ဒေဝဒတ်ရဲ့ တရားမဲ့စကားကို ပြတ်သားစွာ ပယ်တော်မူလေသည် ။ ဒေဝဒတ်လည်း ထပ်ကာထပ်ကာ သုံးကြိမ်တိုင် တောင်းဆိုလေ၏ ၊ မြတ်စွာဘုရား ကလည်း ဗုဒ္ဓ ကို ရည်မှန်း၍ ရဟန်းပြုသော သံဃာတို့ကို ဒေဝဒတ်ကို မဆိုထားဘိ အထွတ်အထိတ်သို့ ရောက်ပြီးသော ရှင်သာရိပုတြာ ရှင်မောဂ္ဂလာန် တို့ကိုပင် လွှဲအပ်လိုသော သဘော မရှိသေး ။ ` သူတစ်ထူး ထွေးအပ်သော တံတွေး ချွေးပေါက်ကို ကောက်၍ မျိုသေးသော သင့်အား အများသံဃာကို အဘယ်သို့ အပ်နှံရပါအံ့နည်း ´ ဟု မြတ်စွာဘုရား က ပြတ်သား စွာ ပယ်လိုက်လေသည်
ဒေဝဒတ်လည်း မြတ်စွာဘုရား သည် သူ့အား သံဃာ အလယ်၌ အရှက်ခွဲသည် ဟု စွဲယူကာ ရန်ငြှိုးထားလေသတည်း ။ တပ်မက်ခြင်း အကြောင်းရှိသော မာန်မာန အကြောင်းရှိသော ဖျက်ဆီးခြင်း(ဒေါသ) အကြောင်းရှိသော ၊ လှည့်ဖျားခြင်း အကြောင်းရှိသော ဟန်ဆောင်ခြင်း အကြောင်းရှိသော ရန်ငြှိုးအကြောင်း ရှိသော တန်ခိုးအာဏာလျှင် အကြောင်း ရှိသော ဒေဝဒတ်သည် သံဃာကို သင်းခွဲပြီးသော အခါ အဇာတသတ် မင်းသားအား မတရားသဖြင့် နည်းပေး၍ ဘေးရန်ကြီးစွာ ပြုလတ္တံ ့သည်ကို မြတ်စွာဘုရား သည် ထင်ရှားကြိုတင် သိမြင်တော် မူလေ၏ ၊ ထိုအခါ သံဃာတော်အား စည်းဝေးစေ၍ ` ချစ်သားတို့ ရာဇဂြိုလ်ပြည်သို့ သွား၍ အများပြည်သူ သိအောင် ဒေဝဒတ်အား ပကာသနီယ ကံဖြင့် ထင်စွာ ပြုကြကုန်လော့ ´ ဒေဝဒတ်သည် သဘောထားပြောင်းသွားပြီး သူပြုသမျှ ကာယကံ ဝစီကံ မနောကံသည် ဘုရားနှင့်လည်း သဘောမတူ တရားနှင့်လည်း သဘောမတူ သံဃာနှင့်လည်း သဘောမတူ ဟု ပြည်သူတို့ သိအောင် ကြေညာကြကုန် ။
မြတ်စွာဘုရား မိန့်ကြားလေလျှင် သံဃာတို့လည်း ဒေဝဒတ်အား ပြည်သူများသိအောင် ပကာသနီယ ကံကို ပြုကြလေ၏ ထိုအခါ ရာဇဂြိုလ်ပြည် သားတို့တွင် ပညာမဲ့သူတို့က ဒေဝဒတ် လာဘ်များသည်ကို ဘုရားကမနာလို၍ ဤသို့ ပြုကြသည်ဟု ယူကြလေသည် ပညာဉာဏ်ရှိသူတို့ကမူ မြတ်စွာဘုရား သည် တစ်စုံတစ်ခု သော အကြောင်းကို မြင်၍ ဤသို့ ပြုရသည် ဖြစ်လတ္တံ ့ဟု ဆင်ခြင်ကြလေသည် ။
လောက၌ မသူတော်ကို အထင်ကြီးခြင်း မသူတော် ဝါဒကို အကောင်းမြင်ခြင်း မသူတော် ဝါဒဖြင့် ကြီးပွားလိုခြင်း မသူတော်နည်းဖြင့် အနိုင်လိုခြင်း လာဘ်များသည်ကို နှစ်သက်ခြင်း မတရားသည် ကို ဖုံးကွယ် ခြင်း အင်အားရှိသူကို မျက်နှာချိုသွေးခြင်း အနာဂတ် ဘေးကို ကြိုမတွေးခြင်း လတ်တလော အကျိုးကိုသာ ကြည့်ခြင်း ဘုရား တရား ကိုပင် အထင်သေးခြင်း မိစ္ဆာ အယူကို ကိုးကွယ်ခြင်း စသော လွဲမှားခြင်း တို့သည် ဧကန်ရှိနေကြသည်သာ ။
( ဆက်ရန်).......
ဆရာဆန်းလွင် {ရှင်အာဒိစ္စရံသီ} ၏ ဉာဏ်ပညာကို ပူဇော်ပါ၏
Credit ---