စိတ်ထားတတ်ရင် ကုသိုလ်ရ
ဘုန်းကြီး ကနီတောရမှာ တရားအားထုတ်တုန်းက နားမကြားတဲ့ ကိုယ်တော်ကြီးတစ်ပါးရှိတယ်၊ သူ့ကိုရွှေနားဆိုပြီးခေါ်တယ်။ သူကနားလုံးလုံးမကြားတဲ့အခါကြတော့ အာပါတ်တွေ ဗလပွေမဖြစ်အောင်ဆိုပြီး ကိုရင်ဝတ်နဲ့ဘဲနေတယ်။ တစ်နေ့သူက ဘုန်းကြီးကို မှတ်သားစရာ စကားလေးတစ်ခုပြောတယ်၊ " အလကားပါကိုယ်တော် ချီးထုတ်ကြီး ထမ်းထမ်းပြီး သံသရာမှာ လမ်းသလားနေကြတဲ့ လူတွေပါ " တဲ့ ဘယ်နှယ့်တုန်း ဟုတ်သလား မဟုတ်ဘူးလား ? ။သူ့ဗိုက်ကြည့်လည်း ချီးထုတ်ကြီးနဲ့ ကိုယ့််ဗိုက်ကြည့်လည်း ချီးထုတ်ကြီးနဲ့ ၊ ချီးထုတ်ကြီး ထမ်းထားသူ အချင်းချင်း မာန်မာနတွေ ကြီးနေဖို့ လိုသေးလား? ။ မလိုပါဘူး။ ဂုဏ်ပကာသနတွေနဲ့ ဝင့်ကြွားနေဖို့ကောလိုသေးလား ? ။ ကိုယ့်ရဲ့ဘဝမှန်ကို ကိုယ်ကထိုးထွင်းသိတတ်ဖို့လိုပါတယ်။ ဒီကိုယ်တော်ကြီးမှာ ဘုန်းကြီးကြည်ညိုတာတစ်ခုရှိတယ်၊ သူက ဆွမ်းစားတာ ခွေးစားခွက်နဲ့လည်း စားတာဘဲ၊
တစ်နေ့မှာ သူက သပိတ်ဖုံးတစ်ခုကြည့်လိုက်တော့ " သပိတ်ဖုံးကို ကိုတော် , တပည့်တော် လက်သီးနဲ့ ထိုးကြည့်လိုက်တာ ဘာမှမဖြစ်ဘူး "တဲ့ ၊ " ဒါနဲ့ တပည့်တော် အဲ့ဒီ ခွေးစားခွက်လုပ်တဲ့ သပိတ်ဖုံးကိုယူရေဆေးပြီး ထည့်စားနေတယ်" တဲ့။ ဒါဘုရားအလောင်းတော် လောမဟံသဇာတ်မှာ ကျင့်ကြံကြိုးကုတ်ပွားများအားထုတ်ခဲ့တဲ့ နည်းစနစ်လေးတွေ ဖြစ်ပါတယ်။ ဘုရားအလောင်းတော်ဟာ ထိုလောမဟံသဇာတ်မှာ ဥပေက္ခာပါရမီဖြည့်တော်မယ်ဆိုတဲ့ ဦးတည်ချက်ဖြင့် မိဘနှစ်ပါးကွယ်လွန်သွားတဲ့အခါ ထားရစ်ခဲ့တဲ့ ကုဋေရှစ်ဆယ်သော စည်းစိမ်တွေကို တံခါးဖွင့်ပြီး အကုန်လုံး စွန့်လွှတ်ခဲ့တယ်။
အဝတ်တစ်ထည် ကိုယ်တစ်ခုဖြင့် ဥပေက္ခာပါရမီဖြည့်မယ်ဆိုပြီး ထွက်ခွာပါတယ်။ ဒီလိုဆုံးဖြတ်ချက်ချပြီး ရပ်ရွာတွေကို လျောက်ပြီးသွားလိုက်ရာ သူ့ကို ညှင်းပန်းနှိပ်စက်မယ့်သူတွေရှိမယ့် ရွာဆို အဲ့ဒိရွာမှာ ကြာကြာနေထိုင်ပါတယ်။ ခလေးတွေက သူ့ကို တံတွေးထွေးတယ် ခဲနဲ့ပေါက်တယ် တုတ်နဲ့ထိုးတယ် လိုက်ပြီးစကြတယ် အဲ့ဒီလိုနေရာတွေမှာဆို ခပ်ကြာကြာနေပြီး ဒီခလေးတွေအပေါ်မှာ နည်းနည်းလေးမှ ဒေါသမဖြစ်အောင် စိတ်ကိုထိမ်းထားတယ်။
သူ့ကိုအသိဉာဏ်ရှိတဲ့ ပုဂ္ဂိုလ်တွေက လာပြီးကျွေးကြတယ် မွေးကြတယ် ၊အဲ့ဒီလို သူ့ကိုကြင်နာယုယစွာဖြင့် လာကျွေးပြုစုနေသူတို့ အပေါ်မှာလည်း မေတ္တာဓာတ်တွေ ပိုပြီးအောင်းကောင်းမသွားအောင် စိတ်ကိုအလယ်မှာငြိမ်နေအောင် ထိမ်းထားတယ်။ တစ်ခါတစ်ရံ သုဿာန်မှာသွားနေတယ် ၊ လူသေကောင်တွေရဲ့ ခေါင်းခွံကို ခေါင်းအုံးပြီးအိပ်တယ်။ ခေါင်းခွံထဲမှာ ထည့်ပြီးအစာစားတယ် ရွံ့ရှာစက်ဆုပ်နေတဲ့ စိတ်ထားမဖြစ်အောင် ထိမ်းထားတယ်။
အကယ်ရွေ့သူအစာစားနေတုန်း ခွေးကလာစားရင် အဲ့ဒီခွေးကို ဘယ်တော့မှ မောင်းမထုတ်ဘူး။ ခွေးနဲ့အတူနှိုက်စားတယ်။ စိတ်ကို ဥပေက္ခာအနေဖြင့် ထိမ်းထားတယ်။ ဘယ်နှယ့်လဲ ကုသိုလ်ရဖို့ မလွယ်ကူဘူးလား ? ။ စိတ်ထားတတ်ရင် ကုသိုလ်ရဖို့ သိပ်လွယ်ကူပါတယ်။ " အမယ်လေး ကြီးကျယ်လိုက်တာ ဘာဖြစ်တယ် ညာဖြစ်တယ် ဟုတ်လား ၊ သူ့ ကြည့်လိုက်တော့ ချီးထုတ်ကြီးထမ်းထားတာ ၊ ချီးထုတ်ကြီးထမ်းထားပြီး မာနကြီးတစ်ခွဲသားနဲ့ ပြောချင်ရာလျောက်ပြောပြီး ထောင်ထောင်လုပ်နေတယ် ရှက်ဖို့မကောင်းဘူးလား? ။ သိပ်ရှက်ဖို့ကောင်းတယ်။
ဒီလိုဘဲ ညှင်းပန်း နှိပ်စက်မယ့်သူမရှိရင် ဘုရားလောင်းနောက်တစ်နေရာ ပြောင်းသွားတယ်။ အဲ့ဒီမှာလည်း ညှင်းပန်းမယ့်သူရှိရင် သူကြာကြာနေတယ် မရှိဘူးဆို နောက်တစ်နေရာသွားပါတယ်။ ခြင်ကိုက်လို့ စိတ်ထဲမှာ ခြင်ကို ရွံ့ရှာစက်ဆုပ်နေတဲ့ စိတ်ထားမဖြစ်အောင် ထိမ်းထားတယ်။ ချမ်းအေးလို့ စိတ်တွေညစ်နွမ်းမှု မဖြစ်အောင်လည်း စိတ်ကို အလယ်ခေါင်မှာ ထိမ်းထားတယ်။ ပူတဲ့ အခါမှာလည်း ပူလွန်းတယ်ဆိုပြီး စိတ်ကို ဒေါသမဖြစ်အောင် ထိမ်းထားတယ်။ အလယ်ခေါင်မှာ ငြိမ်အောင်ထိမ်းထားတဲ့ ဥပေက္ခာပါ။
ဒါကြောင့် ဘုရားရှင်ရဲ့ တရားတော်တွေက မိမိတို့ရဲ့ ဘဝကို ကြည့်မယ်ဆို မိမိ၏ စိတ်နေစိတ်ထားလေးတွေ ပြုပြင်ပေးဖို့ရန် အလွန်ကောင်းတဲ့ အချက်ဖြစ်ပါတယ်။ ပြီးတော့ သံသရာတစ်လျောက် ကျင်လည်နေသူ အချင်းချင်း လောဘတွေ တစ်ပုံကြီးဖြစ်မယ်၊ ဒေါသတွေ တစ်ဦးနဲ့ တစ်ဦးတစ်ပုံကြီးဖြစ်ကြတယ် သံသရာကြောရှည်ဖို့ အကြောင်းတွေ မဟုတ်ဘူးလား ? ။ ဖြစ်နေပြီ။
ဒီလောဘ, ဒေါသက မကောင်းတဲ့ အကျိုးပေးတော့မယ် ။ ဘယ်ကိုအကျိုးပေးမယ်ဆိုရင် သေခါနီး မရဏသန္နာဇောက ဒီလောဘ , ဒေါသ, မောဟတစ်ခုခုက အကျိုးပေးမယ်ဆို ဒီသတ္တဝါ သေသည်၏အခြားမယ့်၌ ကျိန်းသေ အပါယ်လေးဘုံ တစ်ဘုံဘုံကို ရောက်ရှိသွားနိုင်ပါတယ်။ အပါယ်ရောက်သွားလျှင် ကျွတ်ဖို့ လွှတ်ဖို့ဆိုတာ အတော်လေးခက်ခဲပါတယ်။
" ဖားအောက်တောရဆရာတော် "
Bhikkhu's Dhamma