၀ိပဿနာဆိုတာ ဘာလဲ
ဗုဒ္ဓသာသနာတော်မှာ ဒါနကုသိုလ်လုပ်ငန်း၊ သီလ ကုသိုလ်လုပ်ငန်း၊ သမထကုသိုလ်လုပ်ငန်း၊ ဝိပဿနာ ကုသိုလ်လုပ်ငန်းရယ်လို့ ကုသိုလ်လုပ်ငန်းကြီးလေးခုရှိပါ တယ်။ အဲဒီလေးခုမှာ ဒါနကုသိုလ်လုပ်ငန်းဆိုတာ ဗုဒ္ဓ ဘာသာဝင်အများစုနဲ့ အကျွမ်းဝင်နေကြပါတယ်။ အဲဒီ ဒါနကုသိုလ်လုပ်ငန်းကတစ်ဆင့် တက်လိုက်လျှင် သီလ ကုသိုလ်လုပ်ငန်းပါ။ အဲဒီ သီလကုသိုလ်လုပ်ငန်းမှာ ဦးရေနည်းသွားပါတယ်။သမထကုသိုလ်လုပ်ငန်းမှာ သီလကုသိုလ်လုပ်ငန်း ထက် ပိုပြီး ဦးရေနည်းသွားပါတယ်။ ဝိပဿနာကုသိုလ် လုပ်ငန်းမှာတော့ လုံးဝ လုပ်ကို မလုပ်ဖူးသေးတဲ့ ပုဂ္ဂိုလ် တွေ အများကြီး ရှိနေပါတယ်။ လူတစ်ရာမှာ တစ်ယောက် နှုန်းလောက်တောင် ဝိပဿနာမပွားဖူးသူတွေ ရှိနေပါ တယ်။
ဘုန်းကြီးတို့ ဘုရားရှင်ကိုယ်တော်မြတ်ကြီး တကယ့် အချုပ်အခြာအနေနဲ့ ဟောချင်တဲ့တရားတော်က ဝိပဿနာတရားပါပဲ။ ဘုန်းကြီးတို့ ဘုရားရှင်ကိုယ်တော် မြတ်ကြီး သက္ကရာဇ် ၁ဝ၃-ခုနှစ်၊ ကဆုန်လပြည့်နေ့မှာ ဘုရားအဖြစ်သို့ ရောက်ပြီး ဝါဆိုလပြည့်နေ့မှာ ဟော ပြောတဲ့တရားဦး ဓမ္မစကြာကို ကြည့်ပါ။ ဝိပဿနာတရား ပါပဲ။ ကြောက်နေကြပါတယ် အဲဒီနောက်ပိုင်း ဝိပဿနာတရားတော်ကိုချည်း အများဆုံး ဟောတော်မူပြီးတော့ နိဗ္ဗာန်ဝင်ခါနီးမှာလည်း သုဘဒ္ဒပရိဗိုဇ်ကို ဝိပဿနာတရားပဲဟောပြီး မမေ့ဖို့၊ အပ္ပမာဒတရားနဲ့နိဂုံးချုပ်ပြီး နိဗ္ဗာန်ဝင်စံသွားပါတယ်။
ဒါပေမဲ့လို့ ဗုဒ္ဓဘာသာဝင် အများစုက ဘုရားရှင် အများဆုံးဟောခဲ့တဲ့ ဝိပဿနာတရားကို ကြောက်နေ ကြပါတယ်။ တော်တော်ခက်ခက်ခဲခဲ ပင်ပင်ပန်းပန်းကြီး အားထုတ်ရတဲ့ တရားလို့ထင်ပြီး ကြောက်နေကြပါတယ်။ ကြောက်တဲ့အတွက် အားမထုတ်ကြတာတွေ အများကြီး ရှိပါတယ်။ အဲဒီဝိပဿနာကို ကြောက်တာဟာ ဘုရားရှင် ကိုယ်တော်မြတ်ကြီး ဟောကြားတဲ့ ဗုဒ္ဓနည်းကျ ဝိပဿနာ ကို မတွေ့ဖူးသေးလို့ပါ။
ဘုန်းကြီးတို့ ဒီနေ့ 'ဗုဒ္ဓနည်းကျ ဝိပဿနာဆိုတာ ဘာလဲ' ဆိုတဲ့ တရားကို ဟောပြပါ မယ်။ ဝိပဿနာဆိုတာဘာလဲ တရားနာပရိသတ် မှတ်လည်း မှတ်မိအောင် နားလည်း နားလည်အောင် လင်္ကာလေးတွေ မှတ်ချင်တဲ့ သူလည်း မှတ်ပြီး လင်္ကာချပြီး ဟောပေးပါမယ်။ ''ဝိပဿနာဆိုတာ ခန္ဓာမှာ ပညာရှေ့သွား ရှုရ မည်'' ဝိပဿနာဆိုတာ တခြား ခက်ခက်ခဲခဲကြီး မဟုတ် ပါ။ မိမိတို့ ရုပ်နာမ်ခန္ဓာမှာ ပညာရှေ့သွားပြီး ပညာနဲ့ရှု ကြည့်ရမှာပါ။ အေး ဝိပဿနာရှုတဲ့အခါမှာ သမထနဲ့ ဝိပဿနာ ကွဲဖို့လိုပါတယ်။ သမထ အားထုတ်တဲ့အခါမှာ သမာဓိအားကောင်းရပါမည်။ သမာဓိအားကောင်းမှ သမထကိစ္စပြီးပါမယ်။
ဝိပဿနာမှာ ပညာရှေ့သွားရှုရပါ မယ်။ ပညာအားကောင်းမှ ဝိပဿနာကိစ္စပြီးပါတယ်။ အာရုံချင်း မတူပါ ဝိပဿနာဆိုတာ ခြုံပြောရရင် ရုပ်ခန္ဓာ၊ နာမ်ခန္ဓာ နှစ်ပါး တစ်ပါးပါးမှာ ရှုရမှာပါ။ ရုပ်နာမ် ပရမတ်အာရုံမှာ ရှုရမှာပါ။ သမထဆိုတာ ပညတ်အာရုံမှာ ရှုရမှာပါ။ အရှုခံအာရုံချင်းမတူပါ။ သမထရှုတဲ့အခါ သမာဓိရှေ့သွားရှိပြီး သမာဓိအား ကောင်းရပါတယ်။ ဝိပဿနာမှာ ပညာရှေ့သွားပြီး ပညာ အားကောင်းရပါမယ်။ ဒါကြောင့် သမထနဲ့ ဝိပဿနာ ဟာ ရှုပုံ အခြေခံအကြောင်းကစပြီး မတူပါဘူး။
ကိုယ်မှာ မရှု ခန္ဓာရှု အေး 'ဝိပဿနာဆိုတာ ခန္ဓာမှာ ပညာရှေ့သွား ရှုရမယ်' ဆိုတဲ့အတိုင်း ဝိပဿနာရှုသူဟာ ကိုယ်မှာ မရှုပါ။ ခန္ဓာမှာ ရှုရပါမယ်။ ကိုယ်နှင့်ခန္ဓာ ခွဲခြားရန်၊ သိတာ ဉာတပရိညာ ဆိုတဲ့အတိုင်း ဝိပဿနာရှုလိုသူဟာ ဦးစွာပထမ ကိုယ် နှင့်ခန္ဓာကို ခွဲခြားပြီး သိထားရပါမယ်။ ကိုယ်ဆိုတာ ထိုင်ပြီး တရားဟော၊ တရားနာနေတဲ့ တစ်ကောင်လုံးကြီး ကို ကိုယ်လို့ခေါ်ပါတယ်။ ကိုယ်ဟာ ပညတ်ပါ။
ကိုယ်ကို တွေ့ရင် မေတ္တာထားပါ။ သို့မဟုတ် အသုဘပွားပါ။ သို့မဟုတ် မရဏဿတိပွားပါ။ အဲဒီမေတ္တာ၊ အသုဘနှင့် မရဏဿတိတို့ဟာ သမထတရားတွေပါ။ ခန္ဓာအကြောင်း ဝိပဿနာရှုရမှာက ရုပ်နာမ်ခန္ဓာမှာ ရှုရမှာပါ။ ခန္ဓာတွေ့ရင် ဝိပဿနာပွားပါ။ ''ကိုယ်နှင့်ခန္ဓာခွဲခြား၍ သိတာ ဉာတပရိညာ'' ဆိုတဲ့အတိုင်း ယခု ကိုယ်ကို သိသွားပြီ။ ခန္ဓာအကြောင်းပြောရအောင်။ ''ဖောက်ပြန်, ခံစား, မှတ်သား, ပြုပြင်, သိ ဝိညာဏ် ငါးအင်ခန္ဓာ မှတ်'' ဆိုတဲ့အတိုင်း ခန္ဓာငါးပါးကို မြန်မာလို ပြောရရင် ဖောက်ပြန်တဲ့ခန္ဓာကတစ်ပါး၊ ပါဠိလို ရုပက္ခန္ဓာ သို့မဟုတ် ရုပ်ခန္ဓာပါ။
ဖောက်ပြန်တာက ရုပ်၊ ရုပ်ခန္ဓာ အလုပ်သည် ဖောက်ပြန်တဲ့ အလုပ်ပဲ။ အေး၊ ဖောက်ပြန်တဲ့ အလုပ်ကို ရုပ်ခန္ဓာကလုပ်တယ်။ ခံစားတဲ့ အလုပ်က ဝေဒနာက္ခန္ဓာ၊ ဝေဒနာက္ခန္ဓာသည် ခံစားတဲ့အလုပ်ကို လုပ်တယ်။ မှတ်သားတဲ့အလုပ်ကို သညာက္ခန္ဓာက လုပ်တယ်။ သညာက္ခန္ဓာသည် မှတ်သားတဲ့ အလုပ်ကိုလုပ်တယ်။ နှိုးဆော်တိုက်တွန်းပြုပြင်တဲ့ အလုပ်ကို သင်္ခါရက္ခန္ဓာက လုပ်တယ်။
သင်္ခါရက္ခန္ဓာသည် တိုက်တွန်းပြုပြင်တဲ့ အလုပ် ကိုလုပ်တယ်။ သိတဲ့အလုပ်ကို ဝိညာဏက္ခန္ဓာက လုပ် တယ်။ ဝိညာဏက္ခန္ဓာကသိတဲ့ အလုပ်ကို လုပ်တယ်။ ကိုယ်နှင့်ခန္ဓာ အေး ဘုန်းကြီးတို့ပရိသတ် ကိုယ်မှာ ခန္ဓာငါးပါး ရှိပါတယ်။ ဝိပဿနာရှုမယ်ဆိုရင် ကိုယ်မှာ မရှု၊ ခန္ဓာမှာ ရှုရမှာပါ။ ရုပ်ခန္ဓာသည် ဖောက်ပြန်တဲ့အလုပ်ကို လုပ်ပါ တယ်။ ဝေဒနာက ခံစားတဲ့အလုပ်ကို လုပ်ပါတယ်။
ခန္ဓာ တစ်ပါးနှင့်တစ်ပါး အလုပ်ချင်းမတူပါ။ ခန္ဓာချင်းမတူ တော့ အလုပ်ချင်းလည်း မတူပါ။ ခန္ဓာမကွဲရင် ဖောက်ပြန်တဲ့ ရုပ်ခန္ဓာနဲ့ ခံစားတဲ့ ဝေဒနာက္ခန္ဓာ မကွဲရင် တရားအားထုတ်ရတာ ပင်ပန်းပါတယ်။ ကွဲရင် မပင်ပန်းပါ။ ဖောက်ပြန်တဲ့ ရုပ်သဘောကို ဘုရားရှင်က ''ရဟန်းတော်များ အိုချစ်သားတို့၊ ဖောက်ပြန်တတ် သောကြောင့် ရုပ်လို့ခေါ်တယ်။ အဘယ်အနက် သဘောကြောင့် ဖောက်ပြန်လဲ။ အအေးကြောင့်လည်း ဖောက်ပြန်တယ်။ အပူကြောင့်လည်း ဖောက်ပြန်တယ်။ အေးတယ်ဆိုတာ ရုပ်ပါ။
ယခု ပူအိုက်နေလို့ ခန္ဓာက ဖောက်ပြန်နေတယ်။ ရုပ်က ဖောက်ပြန်တဲ့ အလုပ်ကို လုပ်ပါတယ်။ ပူလိုက် အေးလိုက်ပေါ့။ ရပ်မနေပါဘူး။ မှက်ကိုက်လို့၊ ခြင်ကိုက်လို့ ဖောက်ပြန်တယ်။ လေ၊ နေပူ၊ မြွေ၊ ကင်း၊ သန်း အတွေ့အထိတို့ကြောင့် ဖောက်ပြန် တယ်။ နာတာဟာ ရုပ်ပါ အေး၊ အဲဒီမှာကြည့်ပါ။ မှက်ကိုက်လို့ရှိရင် နာသွားတယ်။ အဲဒီနာသွားတာဟာ ရုပ်ဖောက်ပြန်တာပဲ။ တချို့က နာတာဟာ ဝေဒနာလုပ်ပြီး နာတာကုန်အောင် ရှုတတ်တယ်။ နာတာဟာ ဝေဒနာမဟုတ်ပါ၊ ရုပ်ဖောက် ပြန်တာပါ။ ဝေဒနာက နာတာမဟုတ်ပါ၊
ခံစားတာပါ။ နာတာ၊ ကျင်တာ၊ ထုံတာ၊ ညောင်းတာ၊ တောင့်တင်းတာ စသည်တို့ဟာ ဝေဒနာ မဟုတ်ပါ။ ရုပ်ဖောက်ပြန်တာပါ။ ရှင်းရှင်းပြောရရင် ကိုယ်ထဲဖြစ် သမျှ နာမည်တပ်ချင်သလိုတင် ရုပ်ဖောက်ပြန်နေတာပါ။ ရုပ် နာမ် ကျေမှ ဒါကြောင့် တရားအားထုတ်ချင်ရင် အနည်းဆုံး ရုပ်၊ ဝေဒနာ၊ သညာ၊ သင်္ခါရ၊ ဝိညာဏ်လို့ဆိုတဲ့ ခန္ဓာ ငါးပါးလောက်တော့ သိထားဖို့ လိုပါတယ်။
လောက ဥပမာနဲ့ပြောရရင် လယ်သမားတွေ လယ်ထွန်တဲ့အခါမှာ သမန်းကြေမှ လယ်ကောင်းသလို ဝိပဿနာပွားမယ် ဆိုရင်လည်း နာမ်၊ရုပ် ကျေမှ ကောင်းပါတယ်။ နာမ်၊ ရုပ်မကျေရင် သမထပဲဖြစ်မှာပါ။ ဝိပဿနာ မဖြစ်နိုင်ပါ။ ဒါကြောင့် ဖောက်ပြန်တာက ရုပ်တရား၊ ခံစားတာက ဝေဒနာလို့ မြဲမြဲစွဲစွဲ မှတ်ထားပါ။
အဲဒီဖောက်ပြန်မှုရုပ် နှင့် ခံစားမှုဝေဒနာကလည်း ဘယ်တော့ကုန်မှာလဲလို့ မေးရင် ''ကိုယ်ရှိရင် နာကျင်ကိုက်ခဲမှု ရောဂါရှိမယ်၊ မကုန်နိုင်ပါ'' နာကျင်ကိုက်ခဲတာဟာ ဝေဒနာ မဟုတ်ပါ။ အနာ ရောဂါပါ။ ရုပ်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ကိုယ်ရှိရင် နာကျင်ကိုက်ခဲမှု ရှိမယ်၊ မကုန်နိုင်ပါ။
''စိတ်ရှိရင် ခံစားမှုဝေဒနာ ရှိမယ်၊ မကုန်နိုင်ပါ'' စိတ်နဲ့ ဝေဒနာက ဖြစ်တူ ပျက်တူ အာရုံတူ မှီရာတူပါ။ စိတ်ဖြစ် ဝေဒနာဖြစ်ပါ၊ စိတ်ပျက် ဝေဒနာ ပျက်ပါ။ စိတ်တိုင်းယှဉ် စေတသိက် ဝေဒနာ ဘယ်တော့ကုန်မလဲ မေးရင် စိတ်ကုန်မှ ကုန်မှာပါ။ စိတ်မကုန်သရွေ့ ဝေဒနာမကုန်နိုင်ပါ။ စိတ် က ဘယ်တော့ကုန်မှာတဲ့လဲ၊ သေမှကုန်မှာ။ စိတ်ဖြစ် တိုင်း ဝေဒနာ ပါပါတယ်။ ဝေဒနာကို စာလိုပြောရင် စေတသိက်ပါ။
အဲဒီ စေတသိက်ကလည်း စိတ်တိုင်း ယှဉ် စေတသိက်ပါ။ ဘယ်စိတ်ဖြစ်ဖြစ် ဖြစ်ချင်တဲ့စိတ် ဖြစ် ဝေဒနာပါပါတယ်။ စိတ်ဖြစ် ဝေဒနာဖြစ်၊ စိတ်ပျက် ဝေဒနာပျက်။ ဒါကြောင့် ဝေဒနာ ကြာကြာထိုင်သောအားဖြင့်လည်း ဖြစ်အောင် မလုပ်ရပါ၊ မလုပ်ကောင်းပါ။ ပျက်အောင် ကုန်အောင်လည်း မလုပ်ရပါ။ မလုပ်ကောင်းပါ။ လုပ်စရာ မလိုပါ။
တရားရှုပွားအားထုတ်တာက ရုပ်, နာမ် အရှိကို အရှိအတိုင်းသိအောင်၊ မြင်အောင် အသာလေး အလိုက်သင့်လေး စောင့်ကြည့်၊ လျောင်းကြည့်၊ ထိုင်ကြည့်၊ သွားရင်းနဲ့ကြည့်၊ နေသာသလိုနေပြီး ရှုကြည့် ရမှာပါ။ ကိုယ်လုံ့လ ဝီရိယ မစိုက်ရပါ။ စိတ်ဝီရိယနဲ့ ရှုရမှာပါ။ ရှေ့သွားနောက်လိုက် ဒါကြောင့် ဝိပဿနာဆိုတာ ခန္ဓာမှာ ပညာရှေ့ သွားရှုရမှာပါ၊ သမာဓိရှေ့သွား ရှုရမှာ မဟုတ်ပါ။ ဝိပဿနာမှာ ပညာ ရှေ့သွား၊ သမာဓိက နောက်လိုက် ပါ။ သမထမှာ သမာဓိရှေ့သွား၊ ပညာနောက်လိုက်ပါ။ အဲဒီသဘောနှစ်ခုကွဲရင် ဝိပဿနာရှုပွားရတာ မခက်ပါ။ မပင်ပန်းပါ။ ''ပညာရှေ့သွား ရှုသူအား နှစ်ပါး ရုပ်နာမ်တွေ့ရ မည်'' အေး တရားအားထုတ်တဲ့ ယောဂီတွေ ပထမဆုံး ရုပ်၊ နာမ်ကို တွေ့ရမှာပါ။
အခေါ်အားဖြင့် ငါ၊ သူတစ်ပါး၊ ယောကျ်ား၊ မိန်းမ၊ ခေါင်း၊ ကိုယ်၊ ခြေ၊ လက် စသည် ဖြင့် ခေါ်နေသော်လည်း အခေါ်ရှိပဲရှိပါတယ်၊ ပညတ်ရှိပဲ ရှိပါတယ်။ အခေါ်အနေနဲ့သာ ခေါ်ရပါတယ်၊ ခေါ်ဖြစ်ရုံ မှည့်ထားတာပါ။ ပညတ်အနေနဲ့ မှန်ပါတယ်၊ နိဗ္ဗာန် ရောက်ဖို့ရာ ဝိပဿနာရှုမယ်ဆိုရင် ပညတ်ကို ခွာပြီး ပရမတ် ရုပ်၊ နာမ်ကို မြင်အောင်ရှုရမှာပါ။ ရုပ် နာမ် ရှု ဝိပဿနာ ရုပ် နာမ် ပရမတ်ကို မြင်အောင်ရှုပွားအားထုတ် ပြီး နိဗ္ဗာန်သွားတဲ့ ဝိပဿနာအလုပ်ကို အားထုတ်ရမှာ ပါ။
ယခုယောဂီတို့ အသက်ရှူရင်းနဲ့ တရားနာနေကြပါ တယ်။ ဘုန်းကြီးလည်း အသက်ရှူရင်းနဲ့ တရားဟောနေ ပါတယ်။ အေး ဘုန်းကြီးရော၊ ယောဂီတို့ပါ အသက်ရှူသွင်း ရှူထုတ်ရင်း တရားနာ တရားဟောနေကြပေမဲ့လို့ အသက်ရှူသွင်းတော့ နှာသီးဖျား၊ နှုတ်ခမ်းဖျားမှာ ဘယ်လိုနေလဲမသိပါ၊ ဘာဖြစ်လို့ မသိလဲမေးရင် သတိ မထားလို့ပါ။ ယခုချိန်မှာ ဘုန်းကြီးက တရားဟောနေတယ်။ ယောဂီတို့က တရားနာနေတယ်ဆိုတော့ ဟောတာ၊ နာတာကိုပဲ သတိထားနေလို့ အသက်ရှူသွင်း ရှူထုတ် တာကို သတိမထားလို့ မသိတာပါ။ အမြဲရှိ ထင်ရှားရှိ အေး ဝိပဿနာတရား ရှုပွားအားထုတ်တယ် ဆိုတာ အမြဲလည်းရှိ၊ ထင်ရှားလည်းရှိတဲ့ ရုပ်တရားကို စရှုရပါတယ်။ အသက်ရှူသွင်း ရှူထုတ်တာက အမြဲရှိ နေပါတယ်။ အိပ်ပျော်နေတာတောင် အသက်ရှူနေပါ တယ်။ အဲဒီအသက်ရှူတာက ထင်ရှားနေလို့ ရှာစရာ မလိုပါဘူး။
အသက်ရှူတာဟာ အမေမွေးကတည်းက အသက်ရှူတတ်လာပါတယ်။ ဘယ်သူမှ သင်ပေးစရာ မလိုပါဘူး။ တရားအားထုတ်တဲ့အချိန်မှာ အသက်ကို တစ်မျိုးတစ်မည် ပြောင်းမရှူရပါ။ မူလရှူနေကျအတိုင်း ရှူရပါတယ်။ လေရှူတာပါ အမှန်တကယ် ရှူတာက အသက်ရှူတာ မဟုတ် ပါ။ လေကိုရှူတာပါ။ လေကိုရှူတာကို ဘာဖြစ်လို့ အသက် ရှူတာလို့ သုံးသလဲမေးရင် အဲဒီလေသာမရှူရရင် သတ္တဝါတွေ သေကုန်ပြီ။
အေး လေရှူတာဟာ သတ္တဝါ တွေအတွက် သေရေးရှင်ရေးတမျှ အရေးကြီးပါတယ်။ အဲဒီလေရှူမှုကို ပညတ်အခေါ်အားဖြင့် အသက်ရှူတယ် လို့ ခေါ်ပါတယ်။ လေသည် ရုပ်တရား အဲဒီ လေကို ရုပ်၊ နာမ်ခွဲရင် လေသည် ရုပ်တရား ပါ။ လေကို ရှူသွင်းတဲ့အခါ လေထဲမှာ အအေးဓာတ်ပါ တော့ နှာသီးဖျား၊ နှုတ်ခမ်းဖျားမှာ အေးသွားပါတယ်။ အဲဒီသဘောဟာ ရုပ်တရားဖြစ်လို့ အေးတဲ့အခိုက် အလိုက်သင့်ကလေး ရုပ်လို့ရှုပါ။
လေရှူထုတ်တဲ့အခါ လေထဲမှာ ပူသဘော၊ နွေးသဘောပါတော့ နှာသီးဖျား၊ နှုတ်ခမ်းဖျား၊ နှုတ်ခမ်းဖျားမှာ ပူသွားပါတယ်၊ နွေးသွား ပါတယ်။ အဲဒီပူသဘော, နွေးသဘောဟာ ရုပ်တရားဖြစ် လို့ ပူတဲ့၊ နွေးတဲ့အခိုက် အလိုက်သင့်ကလေး ရုပ်လို့ ရှုပါ။ အလိုက်သင့် သတိထား, ဝီရိယစိုက်ပြီး ဉာဏ်နှင့် ရှုပါ။ အေး ရှူပဲသွင်းသွင်း၊ ရှူပဲထုတ်ထုတ် သူ့အလုပ် သူ လုပ်နေတဲ့အခိုက် ယောဂီက အလိုက်သင့်ကလေး သတိကို နှာသီးဖျား၊ နှုတ်ခမ်းဖျားမှာ ကပ်ထားပြီး စိတ် ဝီရိယစိုက်ကာ ဉာဏ်ပညာမျက်စိနဲ့ အေးတိုင်း၊ နွေးတိုင်း တစ်ချက်မှမလွတ်အောင် ရှုပါ။ ပါးစပ်ကလည်း မရွတ် ရပါ။
စိတ်ထဲကလည်း မဆိုရပါ။ အေးတာ၊ နွေးတာ ရုပ်မှန်းသိနေရင် ရှုပြီးသား ဖြစ်သွားပါပြီ။ ဓမ္မာနုပဿနာ သတိပဋ္ဌာန် ဘုန်းကြီးတို့ ပြောချင်တာက သတိပဋ္ဌာန်လေးပါး မှာ ဓမ္မာနုပဿနာ သတိပဋ္ဌာန်ကို ပြောချင်တာပါ။ အဲဒီ ဓမ္မာနုပဿနာ သတိပဋ္ဌာန်ကို ပုဒ်ခွဲလိုက်ရင် 'ဓမ္မ+အနု+ ပဿနာ+သတိ+ပဋ္ဌာန' လို့ဖြစ်သွားပါတယ်။ အဲဒီမှာ ဓမ္မဆိုတာ ရုပ်, နာမ်ကို ခေါ်ပါတယ်။ အနုဆိုတာ ထပ်ခါ ထပ်ခါလို့ အဓိပ္ပာယ်ရပါတယ်။ ပဿနာဆိုတာ ကြည့်ခြင်း၊ ရှုခြင်းပါ။
သတိဆိုတာ အောက်မေ့ခြင်း၊ အမှတ်ရခြင်းပါ။ ပဋ္ဌာနဆိုတာ တင်ထားခြင်းပါ။ ပေါင်းလိုက်တော့ 'ရုပ်,နာမ်ပေါ်မှာ သတိကို တင်ထားပြီး ထပ်ခါထပ်ခါ ကြည့်ခြင်း,ရှုခြင်းကို ဓမ္မာနုပဿနာ သတိပဋ္ဌာန်' ခေါ်ပါတယ်။ ရှုတဲ့အခါ ရုပ်၊ နာမ် နှစ်ခုပေါင်း မရှုဘဲ ထင်ရှားတဲ့ ရုပ်ပေါ်မှာ သတိကို တင်ထားပြီး အဲဒီထင်ရှားတဲ့ ရုပ်ကို ရုပ်၊ ရုပ်ဟု ထပ်ခါထပ်ခါ ရှုနေရင် ဓမ္မာနုပဿနာသတိပဋ္ဌာန် ဖြစ်ပါတယ်။ စိတ်ကို ခိုင်းနေတာ အဲဒီလို ရှုပွားတဲ့အခိုက် ကိုယ်လုံ့လ၊ ကိုယ်ဝီရိယ စိုက်စရာမလိုပါ။ ဝိပဿနာဆိုတာ ကိုယ်ကို အနားပေး၊ နှုတ်ကို အနားပေးပြီး စိတ်ကို ဝီရိယ, ပညာနဲ့ တန်ဆာ ဆင်ပြီး စိတ်ကို အလုပ်လုပ်ခိုင်းနေတာပါ။ အလုပ်ကို အကြမ်းအားဖြင့်ပြောရရင် ကိုယ်အလုပ်၊ နှုတ်အလုပ်၊ စိတ်အလုပ်လို့ သုံးမျိုးရှိပါတယ်။ အလုပ် သမားအနေနဲ့ပြောရင် ကာယလုပ်သမား၊ ဉာဏအလုပ် သမားလို့ နှစ်မျိုး ရှိပါတယ်။ လက်သမား၊ လယ်သမား စသည်တို့ဟာ ကာယအလုပ်သမား၊ ကိုယ်အလုပ်သမား တွေပါ။
တရားဟောတဲ့ ဘုန်းကြီးတို့၊ ဆရာ၊ ဆရာမတို့ ကျောင်းသူ၊ ကျောင်းသားတို့ဟာ နှုတ်အလုပ်သမားတွေ ပါ။ ကိုယ်အလုပ်မှာ ကိုယ်အား လိုအပ်ပါတယ်။ ကိုယ် အပင်ပန်းခံရပါတယ်။ နှုတ်အလုပ်မှာ နှုတ်အား လိုအပ် ပါတယ်။ နှုတ်အပင်ပန်း ခံရပါတယ်။ ချမ်းသာမျှတစွာ ရှုပါ ဝိပဿနာအလုပ်ဟာ ကိုယ်အလုပ်လည်း မဟုတ် ပါ။ နှုတ်အလုပ်လည်း မဟုတ်ပါ။ စိတ်အလုပ်ဖြစ်ခြင်း ကြောင့် ကိုယ်အပင်ပန်း၊ နှုတ်အပင်ပန်း မခံရပါ။ ကိုယ် ကို ချမ်းချမ်းသာသာ မျှမျှတတ ထားပြီးတော့ ရှုပွား အားထုတ်ရပါမယ်။
ဣရိယာပုထ်လေးပါးမှာ ကြိုက်တဲ့ ဣရိယာပုထ်နဲ့ ကြိုက်သလို ချမ်းချမ်းသာသာ ထားပြီး ရှုပွားပါ။ ကိုယ့် နေရာမှာကိုယ် လွတ်လွတ်လပ်လပ်ဆိုရင် ကိုယ်ကြိုက် သလို ချမ်းသာသလို ဒူးထောင်ပေါင်ကား ထိုင်ချင်သလို ထိုင်ပြီး ချမ်းသာစွာ ရှုပွားနိုင်ပါတယ်။ အရေးကြီးတာက နှာသီးဖျား၊ နှုတ်ခမ်းဖျားမှာ အေးခိုက်၊ နွေးခိုက်၊ ရုပ်, ရုပ်လို့ မလွတ်တမ်းရှုဖို့ပါ။ ချမ်းသာသလို ရှုပါ သို့မဟုတ် မတ်တတ်ရပ်မှ ချမ်းသာမယ်ဆိုရင် မတ်တတ်ရပ်ပြီးရှုပါ။ လမ်းလျှောက်ပြီးရှုမှ ချမ်းသာမယ် ဆိုရင် လျှောက်ရှုပါ၊
လျောင်းပြီးရှုမှ ချမ်းသာမယ်ဆိုရင် လဲလျောင်းပြီးရှုပါ။ အဲဒီ ဣရိယာပုထ်လေးပါးမှ လွတ်ပြီး တစ်မျိုးတစ်မည်နဲ့နေမှ ချမ်းသာမယ်ဆိုရင် ချမ်းသာ သလိုနေပြီး ရှုပွားနိုင်ပါတယ်။ ဝိပဿနာ အလုပ်ဆိုတာ ကိုယ်အလုပ်၊ နှုတ် အလုပ် မဟုတ်ခြင်းကြောင့် ကိုယ်အပင်ပန်းမခံရ၊ နှုတ် အပင်ပန်းမခံရပါ။ ချမ်းချမ်းသာသာ 'လျောင်း၊ ထိုင်၊ ရပ်၊ သွား' ရှုပါ။ အခု တရားနာတဲ့အခါမှာလည်း ချမ်းချမ်းသာသာ ထိုင်နာလို့ ရပါတယ်။
ဓမ္မဒူတ အရှင်ပညာဇောတ
Credit --- ဥဇ္ဇယ