လှူမျှဝေ၍
မြန်မာလူမျိုးတို့၏ ချစ်စရာအကောင်းဆုံးစိတ်ထားလေးမှာ မျှဝေတတ် သည့်စိတ်ထားလေးဖြစ်၏။ထမင်းတစ်လုတ် မျှဝေကျွေးဖို့ဝန်မလေး သလို အိပ်ထောင်ထဲကပိုက်ဆံထုတ်လှူဖို့လည်းဝန်မလေးပေ။ဒါန၏ အကျိုးကိုသာ တကယ်တမ်းခံစားဖူးလျင် မလှူရ မနေနိုင်ဘူးဟူသော ဘုရားရှင့်အဆုံးအမကိုတသွေမတိမ်းလိုက်နာတတ်ကြ၏။မိမိပြုလုပ် သောကုသိုလ်၏အကျိုးတွေကိုပင် တစ်ပါးသူတွေလည်းထပ်တူရပါ စေဟူသော စေတနာမျိုးကားမြန်မာလူမျိုးတွေသာထားတတ်သော စိတ်ထားဖြစ်သည်။ဤကားကုသိုလ်တည်း။ဤကားအကုသိုလ်တည်း။ ဤကားစိတ်ဓာတ်ဖြူစင်ကြောင်းလမ်းကောင်းတည်း။ အသိအမြင် မှန်ကန်ကြသည့်အတွက်လည်း မကောင်းမှုရှောင်၊ကောင်းမှုဆောင်၊ ဖြူအောင်စိတ်ကိုထားဟူသော ဘုရားရှင်၏အဆုံးအမကိုလည်းတန်ဖိုး ထားတတ်ကြ၏။ဘဝဟူသည် ကုသိုလ်တန်ဆာတို့ဖြင့် တင့်တယ် အောင်အားထုတ်နေမှ နေရကျိုးနပ်မည်ဟုခံယူသည့်အတိုင်းလည်း ကုသိုလ်ဖြင့်သာ အကောင်းဆုံးတည်ဆောက်ချင်ကြလေသည်။
ကုသိုလ်ဟူသည် သူတစ်ပါးကိုမထိခိုက်မနစ်နာစေဘဲ အပြစ်ကင်း၍ ကောင်းကျိုးချမ်းသာကိုပေးနိုင်သောအလုပ်ဖြစ်၏။ကုသိုလ်ကိုပုညဟု ဆို၍ ကုသိုလ်ဖြစ်အောင်အားထုတ်နိုင်သည့် အကြောင်းတွေကို ပုညကိရိယဝတ္ထုဟုခေါ်၏။ဒါန၊သီလ၊ဘာဝနာ၊အပစာယန၊ဝေယျာဝေစ္စ ပတ္တိဒါန၊ပတ္တာနုမောဒနာ၊ဓမ္မသာဝန၊ဓမ္မဒေသနာ၊ဒိဋ္ဌိဇုကမ္မဟူ၍ ပုည ကိရိယဝတ္ထုဆယ်ပါးရှိရာ ပတ္တိဒါနဟူသော အမျှဝေခြင်းသည် စိတ်ဝင် စားဖို့ကောင်းသောအကြောင်းဖြစ်၏။မြန်မာလူမျိုးတို့ကုသိုလ်လုပ်တိုင်း ရေစက်ချ အမျှဝေခြင်းဟူသည် ပြုနေကျဝတ်တစ်ခုလည်းဖြစ်သည်။
မူလလှူဒါန်းမှုသည် ဝတ္ထုဒါနဖြစ်၍ ကုသိုလ်အဖို့ဘာဂကိုအမျှပေးဝေ ခြင်းကား မူလကုသိုလ်ကိုအရှိန်အဟုန်ပိုကြီးသွားအောင်လုပ်ပေး လိုက်သလိုဖြစ်သွားလေသည်။ဝတ္ထုဒါနမှာ ပတ္တိဒါနကိုထပ်ပိုးလုပ် လိုက်သည့်အတွက် မီးတစ်တိုင်၏အလင်းကနေ အခြားအခြားသော မီးတိုင်တွေကိုပါအလင်းကူးပေးလိုက်သလိုဖြစ်၏။ကိုယ်နှင့်ထပ်တူ ပင် တစ်ပါးသူတွေလည်း ကောင်းကျိုးတွေရကြပါစေဟူသောစေတနာ ကပင် တန်ဖိုးကြီးလှပါ၏။
ပတ္တိဒါနသည် မူလအလှူရှင်၏ထပ်ဆောင်း ဒါတစ်ခုဖြစ်၍ ဝမ်းမြောက်စွာသာဓုခေါ်ခြင်း ပတ္တာနုမောဒနာကား သူတစ်ပါးတို့ရနိုင်သောအကျိုးဖြစ်သည်။ဝမ်းမြောက်စွာသာဓုခေါ်ရခြင်း သည် ဖြစ်ရာဘဝခံတွင်းနံ့သင်းပျံ့နိုင်ခြင်းအကျိုးနှင့် သံသရာကောင်း ကျိုးများစွာကိုရရှိနိုင်၏။သို့အတွက် အမျှအတန်းပေးဝေခြင်း၊သာဓုခေါ် ဆိုခြင်းတို့သည်မဖြစ်မနေ လုပ်အပ်သောအလုပ်တွေပင်ဖြစ်၏။
ဇာနုသောဏိပုဏ္ဏားကြီးက ဘုရားရှင်ကိုမေးမြန်းလျှောက်ထားဖူးသည်။ အရှင်ဘုရားတပည့်တော်တို့သည် သေလွန်ပြီးသော မိဘဆွေမျိုးတို့ အားရည်စူး၍ ကုမ္ဘီးထမင်းစသည် ကောင်းမှုကုသိုလ်တွေပြုလုပ်ကြပါ သည်။ထိုသို့ပြုလုပ်သည့်အကျိုးကို သူတို့တစ်တွေရကြပါသလားဘုရား ဟုလျှောက်၏။ဘုရားရှင်က ငရဲကိုကျရောက်သွားသူ၊တိရစ္ဆာန်ဖြစ်သွား သူ၊နတ်၌ဖြစ်သွားသူတို့ကား ကုသိုလ်၏အမျှအဖို့ကိုမရနိုင်တော့ပေ။ ပြိတ္တာဘဝကိုရောက်သွားသူတို့သာ ကုသိုလ်အမျှအဖို့ကိုရနိုင်ကြ၏။
ပြိတ္တာဆိုသည်ကလည်း သူတစ်ပါးကိုမှီ၍အသက်မွေးရသည့် ပရဒတ္တူ ပဇီဝိတပြိတ္တာ၊မစားရမသောက်ရသဖြင့်အမြဲဆာလောင်ငတ်မွတ်နေရ သည့် ခုပ္ပိပါသပြိတ္တာ၊ခန္ဓာကိုကအမြဲတမ်းပူပြင်းတောက်လောင်နေသည့် နိဇ္ဈမာတဏှိကပြိတ္တာ၊အသူရကာယ်မျိုးဖြစ်သည့် ကာလကဥ္ဇိကပြိတ္တာ ဟူ၍ လေးမျိုး၌ ပရဒတ္တူပဇီဝိတပြိတ္တာတစ်မျိုးသာလျင် ကုသိုလ်အမျှ အဖို့ကို သာဓုခေါ်ဆိုနိုင်လေသည်။
ကုမ္ဘီးထမင်းကျွေးခြင်းဟူသည်ကား လူသေပြီးသည့်နောက် ဝိဉာဉ်ကလေးသည် အိမ်ထဲမှာ ခုနစ်ရက်နေသေးသည်ဟူသောသဿတဒိဋ္ဌိအယူမှားကြောင့်သေ သူကိုရည်မှန်း၍ကျွေးခြင်းဖြစ်ရာလုံးဝအကျိုးမရှိပေ။သို့သော်လည်း ထိုအလုပ်ကို ဗုဒ္ဓဘာသာတော်တော်များများလုပ်နေကြသေး၏။အမြင် မှန်ကိုသိက ပြုပြင်သင့်ကြ၏။ ဗိမ္မိသာရမင်းကြီး၏ ဆွေဟောင်းမျိုးဟောင်းပြိတ္တာများသည် ဘုရင်ကြီး ကို အမျှအတန်းမပေးသည့်အတွက်ခြောက်လှန့်ကြ၏။
အမျှအတန်း မရခဲ့ကြသည့်အတွက်လည်း ၉၂ကမ္ဘာတိုင်တိုင် ငိုကြွေးခဲ့ရလေသည်။ ဗိမ္မိသာရမင်းကြီးက ဘုရားရှင်ကိုလျှောက်တော့မှသာ သူတို့အတွက် ရည်စူး၍ ဘုရားအမှူးရှိသောသံဃာတော်တို့အား ပစ္စည်းလေးပါးလှူ ဒါန်းစေ၏။ထိုကုသိုလ်တို့၏အဖို့ဘာဂကိုလည်း အမျှပေးဝေစေ၏။
ထိုအခါမှသာ ဘုရင်ကြီး၏ ဆွေမျိုးပြိတ္တာများ နတ်သမီးနတ်သားတွေ ဖြစ်၍ ချမ်းသာခွင့်ရခဲ့လေသည်။ဘုရားရှင်ဟောတော်မူရာ ဒေသနာ တော်ကြောင့်ပင် တရားထူးများရရှိသွားကြ၏။တစ်ခါကလည်း အရှင် သာရိပုတ္တရာမထေရ်မြတ်ကြီးထံ ပြိတ္တ္တာမကြီးတစ်ယောက်ချဉ်းကပ် တောင်းပန်လာ၏။ထိုပြိတ္တာမကြီးသည် လွန်ခဲ့သော ၅ဘဝမြောက်၌ မထေရ်မြတ်၏ မိခင်တော်စပ်ခဲ့ဖူး၏။တစ်ခုသောဘဝမှာ ဥစ္စာရှိသော အမျိုး၌ဖြစ်၏။
သူ၏လင်သားကစ၍ တစ်အိမ်လုံးကသဒ္ဓါတရားကောင်း ၍ ဒါနစသောတရားတွေ၌ အကျိုးရှိကြောင်းကိုသိ၏။သိသည့်အတိုင်း လည်း အလှူပေးမဏ္ဍပ်များထိုး၍ပင် အမြဲတမ်းပေးလှူကြ၏။သူတစ်ယောက်တည်းသာ ချွန်၍ ပေးလှူခြင်းအမှုကို အကျိုးမဲ့အလုပ် ဟုခံယူ၏။မပေးမလှူနိုင်သည့်အပြင် အလှူခံပုဂ္ဂိုလ်များကိုပင် နင်ပဲ ငဆ ဆဲဆိုမောင်းထုတ်သည်အထိလုပ်ခဲ့၏။
ထိုမကောင်းမှုကြောင့်ပင် အခုဘဝ၌ ပြိတ္တာမကြီးဘဝကိုရောက်နေရခြင်းဖြစ်သည်။မထေရ်မြတ် လည်းကရုဏာသက်မိသလို မိခင်တော်စပ်ခဲ့ဖူးသည့်ကျေးဇူးကိုသိလျက် ကုသိုလ်ကောင်းမှုတွေပြုလုပ် အမျှပေးဝေပါမှ ချမ်းသာခွင့်ရသွားလေ သည်။အမျှအတန်းပေးဝေတတ်သောအလေ့အကျင့်သည် လူနတ်ချစ် ခင်စေသည့် မေတ္တာ၊ကရုဏာပြဋ္ဌာန်းသောအကျင့်ဖြစ်၏။ထိုအကျိုး ကျေးဇူးတွေကိုမြင်သည့်အတွက် စာရေးသူအဖို့ လမ်းခရီးသွားတိုင်း မြင်အပ်မမြင်အပ်သတ္တဝါတို့အပေါ် မေတ္တာပို့ အမျှပေးဝေပြီးမှသာ ခရီးသွား၏။ထို့ကြောင့်လည်း လမ်းခရီးသွားတိုင်းဘာဘေးအန္တရာယ် မှမကြုံရခြင်းဖြစ်သည်။
အမျှပေးဝေခြင်းအလုပ်ကို ကိုယ်စိတ်အေးချမ်း ရွှင်ရွှင်လန်းလန်းဖြစ်၍ ပေးဝေမှထိရောက်၏။ကိုယ်စိတ်အပူတွေဖိစီးနေသောစိတ်ဖြင့် ပူပူပင် ပင်အမျှပေးဝေပါက အကျိုးမများပေ။မဟာဂန္ဓာရုံဆရာတော်ဘုရားကြီး မိန့်တော်မူသည့်အကြောင်းလေးမှာမှတ်သားစရာကောင်း၏။ဒကာကြီး တစ်ယောက်မှာ ကြွေးယူ၍ အလှူကြီးပေး၏။အလှူကူငွေကားသူမှန်း သလောက် မရပေ။စိတ်လက်မအေးနိုင်ဖြစ်နေ၏။ညနေဘက်ဘုန်းကြီး ရေစက်ချသည့်အခါ ရေစက်ချဖို့စိတ်မရောက်ဘဲ ကြွေးစာရင်းကိုသာ စိတ်ကူး၍ ရှင်းနေ၏။
အကြွေးကလည်းများစွာတင်နေသည်။ရေစက်ချ ဆိုပြီး၍ အမျှဝေဖို့လုပ်ရမည်ကိုပင်သတိမရတော့ပေ။ဘေးလူတွေက အမျှပေးတော့လေဟုသတိပေးလိုက်မှ အမျှဗျို့ဟုဆိုရမည့်အစား သောက်ကျိုးနည်းပါပြီဗျို့ဟုချုံးပွဲချအော်လိုက်မိချေ၏။ထိုသို့သောအပူ ဖြင့်ဝေသောအမျှကား ဘာမှအရာထင်လိမ့်မည်မဟုတ်ပေ။မိဘတွေ ဆွေမျိုးတွေအတွက် ရက်လည်ဆွမ်းသွတ်အမျှဝေရာ၌ ပူဆွေးဝမ်း နည်းနေသောစိတ်မျိုးဖြင့်အမျှမဝေသင့်ပေ။အပူကအအေးဓာတ်ကို မဖြန့်နိုင်။အအေးဓာတ်ကသာ အအေးဓာတ်ဖြန့်နိုင်သည့်သဘောရှိ၏။ ထိုအချိန်၌ ပူဆွေးသောစိတ်ကိုတတ်နိုင်သမျှဖြေဆည်၍သူတို့အတွက် မိမိဘက်ကတတ်နိုင်သည့် ကောင်းမှုကုသိုလ်ကိုစိတ်လက်ကြည်သာ စွာပြုလုပ်သင့်၏။
သို့မှသာ ရွှင်အေးသောစိတ်နှလုံးဖြင့် ကုသိုလ်အဖို့ ဘာဂကို အမျှပေးဝေနိုင်မှာဖြစ်လေသည်။ အမျှပေးဝေသည့်အခါအမှန်တကယ်ထိရောက်မှုရှိအောင်ဆောင်ရွက်ရ မည်။သီလရှိသောရဟန်းသံဃာကိုပင့်ဖိတ်ရမည်။သေဆုံးသူကိုကြိုတင် ဖိတ်မန်ထားရမည်။အမျှပေးဝေသည့်အခါ သူ၏နာမည်ကိုခေါ်၍အမျှ ပေးရမည်။လှူဖွယ်ဝတ္ထုအဖြစ်ကပ္ပိယကာရကမပါလျင် ငွေမလှူရပေ။ ဆွမ်း၊သင်္ကန်း၊ကျောင်း၊ဆေး ပစ္စည်းလေးပါသာလှူရမည်။သီဟိုဠ်ဝတ္ထု တစ်ခု၌ မုဆိုးတစ်ယောက်ကွယ်လွန်၍ ဆွမ်းသွတ်အမျှပေး၏။
ပင့်ဆောင်ထားသောရဟန်းသည် ရဟန်းတုရဟန်းယောင်ဖြစ်နေသည့် အတွက် သုံးကြိမ်သုံးခါ အလှူပေး၍ အမျှဝေသည့်တိုင် အမျှမရရှာပေ။ ငါ့အတွက် အမျှကို ဒုဿီလကြီးလုစားနေတယ်ဟု အသံပေးတော့မှ သီလရှိသောရဟန်းကိုပင့်ရပြန်၏။ထိုအခါမှသာ အမျှရ၍ ချမ်းခွင့်ရသွား လေသည်။ဆွမ်းသွတ်အမျှဝေရာ၌ မိမိတို့စိတ်ထဲမှာ သံဃိကအလှူဟု ရည်မှန်း၍ လှူဒါန်းကာ အမျှပေးဝေသင့်၏။
တစ်ကမ္ဘာလုံးဘယ်မှာမှမတွေ့နိုင်သော အမျှပေးဝေခြင်းယဉ်ကျေးမှုကို မြန်မာ့ယဉ်ကျေးမှု၌သာတွေ့နိုင်၏။ကျွေးမွေးမပျက်၊ဆောင်ရွက်စီမံ၊ မွေခံထိုက်စေ၊လှူမျှဝေ၍၊စောင့်လေမျိုးနွယ်၊ဝတ်ငါးသွယ်၊ကျင့်ဖွယ်သား တို့တာဟူသော ယဉ်ကျေးမှုအစဉ်အလာသည် ဘုရားရှင်၏အဆုံးအမ ပင်ဖြစ်သည်။ထိုကျင့်ဝတ်တွေကိုကြည့်ခြင်းအားဖြင့် မြန်မာတို့၏ ယဉ်ကျေးမှုအဆင့်အတန်း မည်မျှမြင့်မားကြောင်းထင်ရှားလေသည်။ သို့ပေသည့် အမျှော်စိတ်ကြောင့်လော။အကြောက်စိတ်ကြောင့်လော။ လောဘစိတ်ကြောင့်လော။မဝေခွဲနိုင်။နတ်ထံဦးတင်ဆိုသောစကားကို တစ်မျိုးအဓိပ္ပါယ်ကောက်၍ ငှက်ပျောပွဲ၊အုန်းပွဲ၊မြက်မြေစာ၊သေအရက် တို့ဖြင့် ပသကိုးစား ကိုးကွယ်မှားနေကြလေ၏။
အမှန်ကား မမြင်အပ် သောသတ္တဝါတို့နှင့် နတ်တို့၏ အလိုဆန္ဒမှာ လူသားတို့၏ အမျှပေးဝေ ခြင်းသားဖြစ်သည်။ပေးဝေသောအမျှကို ဝမ်းမြောက်နုမော် သာဓုခေါ်ရ ပါမှ သူတို့ခံစားနေရသည့် ဆင်းရဲတွေကင်း၍ ကောင်းကျိုးဆင့်ဆင့် မြင့်ထက်မြင့်လာမှာဖြစ်၏။သာဓုခေါ်ဆိုရခြင်း၏အကျိုးကို သူတို့တစ် တွေကပို၍သိကြသည်။ထို့ကြောင့်လည်းမျှော်လင့်ကြခြင်းဖြစ်၏။
မိမိတို့တစ်တွေကလည်း ထိုအရာကို သိမြင်သဘောပေါက်ထားသင့် ၏။သို့မှသာ နတ်ထံဦးတင်ဟူသောစကားကို မှန်မှန်ကန်ကန်နားလည် သည်ဟုဆို၏။ မိုးကုတ်ဆရာတော်ဘုရားကြီးက သာဓုတန်းမှာချည်းတော့မနေ ကြပါနဲ့ဟုဆုံးမတော်မူ၏။ဝတ္ထုဒါနကုသိုလ်အမျှကို သာဓုခေါ်နိုင်ပါက ထပ်တူအကျိုးရ၏။သီလအမျှ၊ဘာဝနာအမျှကိုကား ထပ်တူအကျိုး ရလိမ့်မည်မဟုတ်ချေ။ပန်းပွင့်ကိုမျှ၍ပေးနိုင်သော်လည်း ပန်းခင်းကို တော့ ရလိမ့်မည်မဟုတ်။
ထို့အတူပင် သီလ၊သမာဓိ၊ပညာဖြစ်ကြောင်း ကို ကိုယ်တိုင်အားထုတ်စိုက်ပျိုးရမည်ကား ကိုယ့်တာဝန်ပင်ဖြစ်၏။ ဒါနမစုံ၊ သံသာဘုံ၊ လူနုံလူမွဲဖြစ်တတ်သည်။သီလမပါ၊ ဝဋ်သံသာ၊ မမာသက်တမ်းတိုတတ်သည်။ဘာဝနာမဲ့၊ သံသာချဲ့၊ ဉာဏ်နဲ့ လူအဖြစ် တတ်သည်။သံသရာကြီးထဲမှာ ထိုသို့သောအားကိုးရာများမရှိခဲ့လျင် လှည်းအိုကြီး လမ်းကြမ်းမှာစီးသွားရသလို မသက်မသာခံစားရမည်သာ ဖြစ်၏။
ထို့ကြောင့် အမျှဝေသံကို သာဓုခေါ်ရမှာဖြစ်သလို ဒါနအစုံစုံ။ သီလကအဖုံဖုံ၊ ဘာဝနာတထုံထုံပွားကြရင်းဖြင့် သာသနာတော်ကို သက်ဝင်အားကိုးကြရပေမည်။သို့မှသာ ဉာဏ်အရာအားကိုးဖြင့် ငါသေရင် သပိတ်မသွပ်ကြနဲ့။အမျှမဝေနဲ့ဟူ၍ ရဲရဲတင်းတင်းပြောခဲ့နိုင် မှာဖြစ်၏။လှူမျှဝေရုံဖြင့် မရနိုင်၊မရောက်နိုင်သည့် ဉာဏ်အလင်းပွင့် ဖို့ရာအတွက် ဝိပဿနာအလုပ်ကို အပတ်တကုတ်အားထုတ်နေခြင်း သည်သာ သာသနာတွင်း၏ အမွန်မြတ်ဆုံးအလုပ်ဟူ၍ သဘောပေါက် ထားသင့်ပါ၏။
သုခီအတ္တာနံ ပရိဟာရန္တု။
Credit --- လောကဓမ္မ ရသစုံစုံ