Saturday, June 9, 2018

ကိလေသာကိုခါတွတ်ခြင်း

ကိလေသာကိုခါတွတ်ခြင်း

ပုထုဇဉ်တို့၏ဘဝသည် ကကြိုးရုပ်များနှင့်တူ၏။ကကြိုးရုပ်ဟူသည် ကိုယ်ခံစွမ်းအား ကိုယ်ပိုင်အင်အားမရှိ။ကြိုးဆွဲရာအလိုက် ကနေကြ ရခြင်းဖြစ်၏။လောဘကြိုးကဆွဲလိုက်လျင် လောဘဗျာပါရဖြင့်က၏။ ဒေါသကြိုးကဆွဲလိုက်လျင် ဒေါသဗျာပါရဖြင့်က၏။မောဟကြိုးကဆွဲ လိုက်လျင် မောဟဗျာပါရဖြင့်က၏။ဗျာပါရဖြင့်အသက်ဝင်လာကြသလို ဖြစ်၏။

ဗျာပါရက စေတနာသဘောဖြင့် ကံကိုတည်ဆောက်ပေး၏။ ကိလေသာကြိုးဆွဲရာလိုက်၍ အမျိုးမျိုးသောဗျာပါရတွေဖြစ်ကာ လောကဇာတ်ခုံ၌ ဖတ်ဖတ်မောအောင်ကနေကြရ၏။ကိလေသာကြိုး တွေက တုပ်နှောင်ချုပ်ဆိုင်းနေသည့်အတွက် ချမ်းသာချင်တိုင်းချမ်း သာခွင့်မရ။မလွတ်မလပ်ဖြင့် ဆင်းရဲ၍သာနေ၏။ချမ်းသာချင်သည် ဆိုပါက တုပ်နှောင်ထားသည့် ထိုကိလေသာကြိုးတွေကို တစ်ချောင်း ချင်းဖြတ်ချ ပြတ်ကျမှသာ လွတ်လပ်ချမ်းသာနိုင်မည်ဖြစ်၏။
ဆင်းရဲခြင်း ၏ အကြောင်းသည် ဘဝမဟုတ်။ခန္ဓာမဟုတ်။လောကမဟုတ်။ ကံမဟုတ်။သံသရာမဟုတ်။တကယ့်အကြောင်းအရင်းခံမှာကိလေသာ ပင်ဖြစ်၏။ဆင်းရဲခြင်း၏ အကြောင်းတရားကိုရှာ၍ အကြောင်းကို သေအောင်သတ်နိုင်မှသာ အကျိုးအားဖြင့်လွတ်လပ်ချမ်းသာမည်ဖြစ် ရာ လက်သည်ကိလေသာကို ရှာတတ်ဖို့သည် အရေးကြီး၏။ ဆင်းရဲရခြင်း၏အကြောင်းမှန်ကို မသိသည့်အတွက် လောက၌ကိုး ကွယ်ရာ ဘာသာတရားတွေများနေခြင်းဖြစ်၏။
နတ်ကရာ ကျီးမော့၊ သိုက်စာဖတ်ရာ နားထောင်ပါ ဥစ္စာရနိုးနိုးဆိုသည့်အတိုင်း ချမ်းသာရ လိမ့်နိုးဖြင့် မိမိတို့ယုံကြည်ရာကိုးကွယ်နေကြခြင်းဖြစ်သည်။ကိုယ်ချမ်း သာခြင်း၊စိတ်ချမ်းသာခြင်းဆိုသည်ကားလူတိုင်းပင် လိုလား၏။မိမိ တို့ကိုးကွယ်ရာသည်ပင် ချမ်းသာမှုပေးနိုင်မည်ထင်ကြ၏။ယဇ်ဖြင့်ရှာ သည်။တပဖြင့်ရှာသည်။ရှာပင်ရှာသော်လည်း အသိမှား အကျင့်မှား တွေသာဖြစ်၍ လိုက်လေဝေးလေဖြစ်နေကြ၏။ ဘုရားရှင် ပွင့်တော်မမီကပင်လျင် မဇ္ဈိမဒေသ၌အယူဝါဒအမျိုးမျိုး၊ အကျင့်အမျိုး မျိုး ရှုပ်ထွေးပွေလီလှ၏။ခန္ဓာကိုယ်ကို ညှဉ်းဆဲကျင့်မှ တရားရနိုင်မည် ဟုယူဆ၍ ခေါင်းခေါင်းပါးပါးကျင့်ရသည့် တပအကျင့်ကို လူကြိုက် များသည်။
တောနေပုဂ္ဂိုလ်တို့၏အကျင့်ကို ဝေခါနသဟုခေါ်၍ပြင်းထန် သည့်တပအကျင့်ကျင့်သူကို တပဿီဟုခေါ်၏။တပအကျင့်၏ပန်းတိုင် သည် သံသရာတွင်းချမ်းသာကိုရရှိဖို့ဖြစ်၏။ခေါင်းပါးအောင်ကျင့်နိုင်လေ လူကြည်ညိုလေဖြစ်၍ ခန္ဓာကိုယ်ကိုညှဉ်းပန်းပြီးကျင့်သမျှသည်လည်း သံသရာတွင်းချမ်းသာကိုရဖို့သာဖြစ်၏။လုခပမာဏအားဖြင့်ဆိုလျင် ခေါင်းပါးအောင်ကျင့်ခြင်းသည်ပင် လူပြိန်းကြိုက်ဝါဒဖြစ်၍လူကြိုက် များခြင်းဖြစ်သည်။ထိုအကျင့်ကို ဘုရားရှင်က အနရိယာဟုဟော တော်မူပေသည့် သာမာန်ပုဂ္ဂိုလ်တို့ကျင့်နိုင်သောအကျင့်တော့ မဟုတ်ပေ။ထို့ကြောင့်လည်းဘုရားရှင်ကဟီနော ဂမ္မောပုထုဇ္ဇနိကော ယုတ်ည့ံ သောပုထုဇဉ်တို့၏ အကျင့်ဟူ၍ဟောတော်မမူခဲ့ခြင်းဖြစ်၏။
ထိုခေတ်ကယုံကြည်ကြသည့်အတိုင်းပင်ဘုရားရှင်သည်လည်းယုံကြည် မိသည့်အတွက် တောထွက်တော်မူစက ထိုအကျင့်လမ်းစဉ်ကို လိုက်ခဲ့ ဖူး၏။ခြောက်နှစ်လုံးလုံး ဒုက္ကရစရိယအဖြစ် အပြင်းထန်ဆုံး အပင်ပန်း ဆုံး ဘယ်သူမှလိုက်မမီအောင် အားထုတ်တော်မူခဲ့၏။အရိုးပြိုင်းပြိုင်း အကြောပြတ်ပြတ် အငတ်ငတ်အပင်ပန်းခံကာအားထုတ်ပေသည့် ခန္ဓာကိုယ်အားဖြင့် မသေရုံကျန်၍ ဓမ္မအားဖြင့် ဘာမှမကျန်။ဘာဉာဏ် မှမလင်းခဲ့ပေ။ဒီမျှကျင့်ပေသည့် မည်သည့်တရားထူးမှမရ။ခန္ဓာကိုယ် ဆင်းရဲရုံသာဖြစ်ခြင်းကြောင့် အစွန်းရောက်သောအတ္တကိလမထဟုသိ ၍မျှတအောင်နေကာမဇ္ဈိမပဋိပဒါမဂ္ဂင်အကျင့်မြတ်ကိုကျင့်တော့မှသာ သဗ္ဗညုတဉာဏ်တော်ကြီးကိုရ၏။
ထိုအခါမှသာ သမ္မာသမ္ဗုဒ္ဓစင်စစ် ဖြစ်လေသည်။ဘုရားဖြစ်တော်မူပြီးနောက်၌ ကာမစွန်း အတ္တစွန်းနှစ်ပါး ကိုပယ်စွန့်၍ မဇ္ဈိမပဋိပဒါလမ်းစဉ်ကိုလျှောက်တတ်ဖို့သာ ညွန်ကြား လေသည်။ ဘုရားရှင်၏သာသနာ၌ သီလ၊သမာဓိ၊ပညာဟူ၍ သိက္ခာသုံးပါး အကျင့် တရားတွေသာရှိ၏။အတ္တကိလမထသည် အကျိုးသတ်တရားမျိုးဖြစ်၍ လမ်းမှန်မဟုတ်ပေ။မဂ္ဂင်အကျင့်သည်သာ အကြောင်းသတ်တရားဖြစ် ၍ လမ်းမှန်ကျပေသည်။သို့ပေသည့် ဘုရားရှင်သည် တပအကျင့်ကို ပင်လျင် အမြင်တစ်မျိုးဖြင့် အသစ်ထွင်ကာ ဓုတင်အကျင့်မြတ်ဟူ၍ မိမိ၏တပည့်သားရဟန်းတော်များကို ပြောင်းလဲကျင့်သုံံးစေခဲ့၏။
တပ အကျင့်နှင့် ဓုတင်အကျင့်သည် ဆင်တူသယောင်ရှိသော်လည်းအခြေ ခံအကြောင်းတရားရော ပန်းတိုင်ရောများစွာခြားနား၏။တပအကျင့်က အတ္တကိုအခြေခံသည့်ဝါဒဖြစ်၍ သံသရာတွင်းချမ်းသာသည်ပန်းတိုင် ဖြစ်၏။ဓုတင်အကျင့်မြတ်မှာမူ အနတ္တအမြင်ကိုအခြေခံထား၍ကိလေ သာခေါင်းပါးကင်းစင်ရေးသည် ပန်းတိုင်ဖြစ်၏။
သံသရာတွင်းချမ်းသာ လောက်ကိုသာပန်းတိုင်ထား၍ ဟောကြားကျင့်ကြံရသည့်တရားကို ဒုရက္ခာတဓမ္မဟုခေါ်၏။ထို့ထက်လွန်၍ သံသရာလွန်ချမ်းသာကိုသာ ပန်းတိုင်ထား၍ ဟောကြားတော်မူသည့်တရားကိုသွာက္ခာတဓမ္မဟုဆို ၏။ထို့ကြောင့်လည်း မြတ်ဗုဒ္ဓ၏ တရားမှန်သမျှသည် ဆင်းရဲငြိမ်း ကြောင်းနည်းလမ်းကောင်းတွေကိုသွန်သင်ပေးသည့်အတွက် အစ အလယ် အဆုံး ကောင်းမြတ်လှသည့် သွာက္ခာတဓမ္မသာလျင်ဖြစ်၏။ ဓုတင်အကျင့်သည်ပင် သီလဖြစ်ကြောင်း၊သမာဓိတည်ကြည်ကြောင်း၊ ပညာဖြစ်ကြောင်းအကျင့်မြတ်ဖြစ်၍ သွာက္ခာတဓမ္မဟုဆိုသင့်၏။
သာသနာတော်သည် အခက်အလက် အပွင့် အသီး ဟည်းဟည်းထ အောင်သီးနေသည့် သစ်ပင်ကြီးပင်ဖြစ်၏။အရိပ်ခိုချင်ပါက ဒါနအကျင့် ဖြင့်အရိပ်ရအောင်လုပ်နိုင်သည်။အပွင့်ကိုသာပန်မည်ဆိုပါကသီလ အကျင့်ကို ကျင့်နိုင်၏။အသီးကိုသာစားသုံးချင်ပါက ဝိမုတ္တိဟူသော အသီး၏အရသာကိုခံစားဖို့အတွက် ဓုတင်စသောအကျင့်တွေဖြင့် မဂ္ဂင်အကျင့်ကိုကျင့်သုံးနိုင်၏။ဘာအနှောင်အဖွဲ့မှမရှိ။မိမိကိုယ်သာ အားကိုး၍ မိမိတို့ဉာဏ်လက်လှမ်းမီရာကို ရွေးချယ်ကျင့်သုံးနိုင်ခွင့်ရှိ ၏။
ဆုတောင်းဝတ်ပြုနေရုံ၊ယုံကြည်နေရုံမျှဖြင့်ဘုရားရှင်ကဘာဉာဏ် အလင်းမှ ဖွင့်ပေးမည်မဟုတ်ချေ။နည်းလမ်းပြ၍ သွန်သင်ပေးခြင်းကို သာဘုရားရှင်တာဝန်ယူ၏။သို့အတွက် အသိဝိဇ္ဇာပိုင်း အမြင်မှန်ဖို့ အဆုံးအမလိုအပ်သလိုအကျင့်မှန်ဖြင့်ဉာဏ်ဓာတ်လင်းအောင်ကားမိမိ တို့တာဝန်သာဖြစ်၏။အသိမှန်မှ အကျင့်ပိုင်းစရဏလည်းမှန်မည်ဖြစ်၍ ဆရာသည်အင်မတန်အရေးကြီး၏။ဓုတင်အကျင့်၏ ရည်ရွယ်ခြင်းက ပင်လျင် အလိုနည်းပါးရောင့်ရဲခြင်းတရားဖြင့် ကိလေသာတွေကို ခါတွတ်နိုင်ရေးဖြစ်၏။
ဓုတင်အကျင့်မြတ် တစ်ဆယ့်သုံးပါးရှိသည်။
 ၁။ပံ့သုကူဓုတင်(ပံ့သုကူသင်္ကန်းကိုသာဝတ်ရုံသုံးဆောင်ခြင်း)
 ၂။တိစီဝရိတ်ဓုတင်(သင်္ကန်းသုံးထည်သာလျင်ဆောင်ခြင်း)
 ၃။ပိဏ္ဍပါတ်ဓုတင်(သလုံးမြင်းခေါင်းဖြင့်ဆွမ်းခံ၍သာစားခြင်း)
၄။သပဒါနစာရိကဓုတင်(အိမ်စဉ်မပြတ်ဆွမ်းခံခြင်း)
၅။ဧကာသနိတ်ဓုတင်(တစ်ထပ်တည်းသောဆွမ်းကိုသာစားခြင်း)
 ၆။ခလုပစ္ဆာဘတ်ဓုတင်(အတိရိတ်ပြုအပ်သောဆွမ်းကိုမစားခြင်း)
၇။ပတ္တပိုဏ်ဓုတင်(ခွက်တစ်ခုတည်ဖြင့်အာဟာရကိုရောနှောစားခြင်း)
 ၈။အရညကင်ဓုတင်(တောကျောင်းမှာသာနေခြင်း)
 ၉။ရုက္ခမူဓုတင်(သစ်ပင်ကိုကျောင်းအဖြစ်မှတ်၍နေခြင်း)
 ၁၀။အဗ္ဘောကာသိကဓုတင်(လွင်တီးခေါင်မှာနေခြင်း)
၁၁။ယထာသန္တတိဓုတင်(နေရာ၌စွဲလန်းမှုမရှိခြင်း)
၁၂။သုသာန်ဓုတင်(သုသာန်၌တရားကျင့်သုံးခြင်း)
၁၃။နိသဇ်ဓုတင်(ကျောမခင်းခြင်း) ဓုတင်တစ်ဆယ့်သုံးပါးသည် ရဟန်းတော်များလိုက်နာကျင့်သုံးစေဖို့ ဘုရားရှင် ထုတ်ဖော်ညွန်ကြားခဲ့ခြင်းဖြစ်သည်။
အရှင်မဟာကဿပ မထေရ်ကြီးသည် ဓုတင်တစ်ဆယ့်သုံးပါးလုံးကိုဆောင်တော်မူခဲ့၍ ဓုတင်အရာ၌ ဧတဒဂ်ပင်ရတော်မူ၏။အခုမျက်မှောက်ခေတ်၌လည်း ဓုတင်ဆောင်ရဟန်းတော်တွေများစွာပင်ရှိသေး၏။ရဟန်းတော်တို့ အတွက် တစ်ဆယ့်သုံးပါးလုံးဆောက်တည်နိုင်သော်လည်း သာမဏေများအတွက်မူ တိစီဝရိတ်ဓုတင်ကိုချန်၍ တစ်ဆယ့်နှစ်ပါး ဆောက်တည်နိုင်၏။
ဘိက္ခုနီတို့အတွက် ခလုပစ္ဆာဘတ်ဓုတင်၊ အရညကင်ဓုတင်၊ရုက္ခမူဓုတင်၊အဗ္ဘောကာသိကဓုတင်၊သုသာန်ဓုတင် ငါးပါးကိုချန်၍ ရှစ်ပါးဆောက်တည်နိုင်သည်။သိက္ခာမာန်နှင့်သာမဏေ ရီတို့အတွက် ဘိက္ခုနီဓုတင်ရှစ်ပါးတွင် တိစီဝရိတ်ဓုတင်တစ်ပါးကို ချန်၍ ခုနစ်ပါးဆောက်တည်နိုင်သည်။ ဓုတင်အကျင့်မြတ်သည် ရဟန်းတော်များအတွက်ချည်းမဟုတ်။လူ ပုဂ္ဂိုလ်များဆောက်တည်ခွင့်ရှိသောဓုတင်နှစ်ပါးရှိ၏။ဧကာသနိတ်ဓုတင် နှင့် ပတ္တပိုဏ်ဓုတင်နှစ်ပါးသည် လူပုဂ္ဂိုလ်များလည်းဆောက်တည်နိုင် လေသည်။ဓုတင်အကျင့်သည် အလိုနည်းအောင် ရောင့်ရဲလွယ်အောင် အသက်မွေးလွယ်အောင် ကျင့်သုံးစေသောအကျင့်ဖြစ်၏။
ထို့ပြင်လည်း မဂ္ဂင်အလုပ်၏တွန်းအားဖြစ်သော သဒ္ဓါ၊သတိ၊ဝီရိယ၊သမာဓိ၊ပညာဟူ သောဗိုလ်ငါးပါးကို မောင်းတင်ပေးနိုင်၏။စိတ်မှာကပ်လာနိုင်သည့် ကိလေသာတရားတွေကိုလည်းခါထုတ်ပေး၏။အစားအသောက်မှာ လော်လီတတ်သည့်စိတ်ကင်းသည့်အပြင် ကျန်းမာခြင်း၊မပင်ပန်းခြင်း၊ ပေါ့ပါးလျင်မြန်ခြင်း၊ကာယအားပြည့်ဝခြင်း၊ချမ်းသာစွာနေရခြင်း၊ခွက် အမျိုးမျိုး အရသာအမျိုးမျိုးမှာတပ်မက်သည့်လောဘကိုပယ်နိုင်ခြင်း၊ အာဟာရ၌ခွင့်ပြုသောအကျိုးမျှကိုသာမြင်ခြင်း၊အပိုအလျှံပန်းကန် ခွက်ယောက်မဆောင်ရခြင်း၊စားသောက်နေစဉ်ပျံ့လွင့်စိတ်မရှိခြင်း၊ အပိစ္ဆတာဂုဏ်နှင့်လျော်သော အသက်မွေးမှုရှိခြင်းစသည်ဖြင့်အကျိုး များစွာရနိုင်ပေသည်။
 ဓုတင်ကိုဆောက်တည်သည့်အခါ ရည်ရွယ်ချက်မှန်ဖို့လည်းလို၏။ ဓုတင်၏အကျိုးအာနိသင်ကိုမသိဘဲဆောက်တည်ခြင်း၊ရူးသွပ်သည် ဖြစ်၍ ဆောက်တည်ခြင်း၊လာဘ်လာဘနှင့် အကျော်အစောကိုလိုချင် ၍ဆောက်တည်ခြင်းတို့မှာ မကောင်းသောရည်ရွယ်ချက်များဖြစ်သည်။ ဘုရားရဟန္တာနှင့် အရိယာသူတော်ကောင်းတို့ချီမွမ်းသည့်အကျင့်ဖြစ်၍ အတုယူကျင့်သုံးခြင်း၊အလိုနည်းခြင်း၊ရောင့်ရဲခြင်း၊အသက်မွေးလွယ် ခြင်းကြောင့်ဆောက်တည်ကျင့်သုံးမှသာကောင်းသောရည်ရွယ်ချက်ဖြစ် လေသည်။သဒ္ဓါတရားရှိသူ၊မကောင်းမှု၌အရှက်အကြောက်ရှိသူ၊ စိတ်ဓာတ်တည်ကြည်သူ၊သမာဓိရှိသူ၊အံ့သြဖွယ်မပြုတတ်သူ၊အကျိုးရှိ ရာ၌အလေ့အထုံရှိသူ၊လျှပ်ပေါ်လော်လည်ခြင်းကင်းသူ၊ကောင်း သောသိက္ခာအကျင့်ကိုလိုလားသူ၊စွဲမြဲစွာဆောက်တည်တတ်သူ၊ ကဲ့ရဲ့ခြင်းသဘောမရှိသူတို့မှာ ဓုတင်အကျင့်မြတ်ကိုကျင့်သုံးထိုက်ပေ သည်။ရရှိနိုင်သောအကျိုးတွေလည်းများစွာပင်ဖြစ်၏။
ဓုတင်အကျင့် မြတ်ဖြင့် ချမ်းသာ၏။အကျင့်စင်ကြယ်၏။ကျင့်ဝတ်ကောင်းစွာပြည့်စုံ၏။ ကာယကံ ဝစီကံကို ကောင်းစွာစောင့်ရှောက်နိုင်၏။ပီတိအလေ့အကျင့် ၌ ကောင်းစွာစင်ကြယ်၏။လုံ့လထက်သန်၏။ဘေးဥပါဒ်ငြိမ်း၏။အတ္တ ဟုစွဲယူသောဒိဋ္ဌိငြိမ်း၏။ရန်ငြိုးကင်း၏။မေတ္တာရှေ့ရှုတတ်လာ၏။ အာဟာရကိုပိုင်းခြားနိုင်၏။ဘောဇဉ်၌အတိုင်းအရှည်သိ၏။
သတ္တဝါ တိုင်းကိုအလေးပြု၏။နိုးကြား၏။နေရာစွဲလန်းမှုမရှိဘဲနေ၏။မကောင်း မှုကိုစက်ဆုပ်၏။ဆိတ်ငြိမ်ရာ၌မွေ့လျော်၏။သတိမပြတ်ရှိ၏။ထိုအချက် များသည် ဓုတင်အကျင့်မြတ်၏အကျိုးအာနိသင်များဖြစ်သည်။ ချမ်းသာခြင်းကိုပေးနိုင်သည့် တရားဟုတ် မဟုတ် အကျိုးသတ်တရား လော။အကြောင်းသတ်တရားလော စစ်ကြောဝေဖန်၍သိနိုင်၏။အကျိုး သတ်တရားဟူသမျှ အလွဲအမှားဟုမှတ်၍ အကြောင်းသတ်တရားဖြစ် မှသာ တရားစစ် တရားမှန်ဖြစ်သည်။
ကိလေသာတရားတို့သည် ဆင်း ရဲစေသည့်အကြောင်းဖြစ်၍ ကိလေသာကိုပယ်သတ်နိုင်သည့် အကျင့် သည်သာအစစ်အမှန်ဖြစ်သည်။ထို့အတွက် ဘုရားရှင်၏သာသနာ တော်၌ ကိလေသာခါတွတ်ကြောင်းအကျင့်မြတ်တွေဖြစ်သည့် ဓုတင် အကျင့်မြတ်တို့ကို ညွန်ပေးရခြင်းဖြစ်၏။ဓုတင်အကျင့်မြတ်ဖြင့် အခု ဘဝ ကိလေသာအလုံးစုံမကုန်နိုင်သေးသည့်တိုင် နောင်သံသရာ၌ သူတော်ကောင်းတရားနှင့်နီးစပ်ခွင့်ရနိုင်ပေသည်။သာသနာတော်ကြီး နှင့်တွေ့ဆုံခိုက် သတိပညာဖြင့် ကိလေသာခါတွတ်ကြောင်းဓုတင် အကျင့်တစ်ခုတလေများကျင့်နိုင်စေဟု စေတနာဖြင့်တင်ပြရခြင်းသာ ဖြစ်၏။
အတ္တကိလမထဟူသည် ကိလေသာကွာကြောင်း ၊ အတ္တဒိဋ္ဌိကင်း ကြောင်းမဟုတ်။ခန္ဓာကိုယ်ညှဉ်းဆဲခြင်းဖြင့်လည်းတရားမရနိုင်ပေ။ အတ္တကိလမထလော၊ မဇ္ဈိမပဋိပဒါလော ခွဲခြားတတ်ဖို့အရမ်းလိုအပ် ၏။ထိုသို့မခွဲခြားနိုင်သည့်အခါ ဓမ္မန္တရာယ်ထိုက်သောစကားတွေကို ဆိုမိတတ်၏။ထိုအခါ မိမိပင်လျင် နစ်နာဆုံးရှုံးရမည်ဖြစ်၏။ တစ်ချို့နားမလည်သူများဆိုလျင် ရှူးရှဲ မူးလဲ ဒူးပြဲ သဲအင်းဟူ၍ ခန္တီဗလနဲ့ ဝီရိယဗိုလ်တပ်ကာအားထုတ်ရသည့် သဲအင်းတရားတွေကို အတ္တကိလမထဟုပင်စွပ်စွဲတတ်သည်။မည်သို့ပင်ဆိုစေ ကိုယ်တိုင် အားထုတ်ကြည့်ပြီးမှ အမြင်မှန်ရမည်ဟုဆိုချင်၏။
သို့မှသာ သဲအင်း ဇွဲတင်း အမြဲလင်းဆိုသောဆောင်ပုဒ်ကို လက်ခံလာမည်ဖြစ်၏။ကျင့် သုံးပြီးမှ မိမိမှာ ကိလေသာထူမြဲထူနေလျင် လမ်းမှန်ပေါ်မရောက်သေး ဟုသိနိုင်သည်။ကျင့်သုံးနေရင်းဖြင့် မိမိမှာ ကိလေသာတွေပါးပါးလာ သည်ဆိုပါက ထိုလမ်းစဉ်သည် အမှန်ဟုသိနိုင်လေသည်။မဇ္ဈိမပဋိပဒါ ကျမှလည်း ကိလေသာတွေပါးပါးလာမှာဖြစ်သည်။
ထို့ကြောင့် မဇ္ဈိမပဋိပဒါ မဂ္ဂင်အကျင့်မြတ်သည်သာ ကိလေသာငြိမ်းအေး ချမ်းသာရေးအကျင့်ဟုသိအပ်၏။ဓုတင်အကျင့်မြတ်ဖြင့်ဗိုလ်ငါးပါးကို မောင်းတင်ပေးရင်း မဂ္ဂင်အကျင့်ကိုသာ ကျင့်သုံးတတ် မည်ဆိုပါက မဝေးသောအနာဂါတ်မှာ သစ္စာဉာဏ်တွေပွင့်လင်းလာ မည်ဟုယုံကြည်မိပါသတည်း။
သုခီ အတ္တာနံ ပရိဟာ ရန္တု။
Credit --- လောကဓမ္မ ရသစုံစုံ