Wednesday, June 6, 2018

ပပဥ္စအမြင်၊ ဗြဟ္မစိုရ်အမြင်၊ သာသနာတွင်းအမြင်

ပပဥ္စအမြင်၊ ဗြဟ္မစိုရ်အမြင်၊ သာသနာတွင်းအမြင်

၀ိပဿနာအလုပ်ဆိုတာ စိတ်အလုပ်ဖြစ်တယ် စိတ်အလုပ်လုပ်နေကြတဲ့ သူတော်ကောင်းများ စိတ်အကြောင်းကို သိဖို့ လိုအပ်တယ်။ စိတ်နဲ့ဘာနဲ့့ဆက်သွယ်နေလဲဆိုတော့ စိတ်ဟာ အာရုံကိုယူတတ်တယ် စိတ်နဲ့အာရုံနဲ့ဆက်သွယ်နေတယ် စိတ်ဆိုရင် အာရုံပါလာတယ် စိတ်ဟာ သူ့ချည်းပဲ နေတာမှ မဟုတ်တာ၊ အာရုံတစ်ခုခုကို အမြဲတမ်း သိနေတယ်။ အာရုံတစ်ခုခုကို သိတဲ့ အခါမှာ စာလိုတော့ ဝီထိစိတ် ဇောစိတ်တွေပေါ့ ။ ထင်ထင်ရှားရှားသိတာလည်းရှိတယ်။


ပကတိအနေနဲ့ မသိသလိုနေပြီးတော ဆိတ်ငြိမ်တဲ့အခါမှာ အလိုလိုသိတာ မသိစိတ်လို့ခေါ်တယ်၊ မသိစိတ်ဆိုတာ အိပ်ပျော်နေတာကို တစ်မျိုးတည်း ဆိုတာမဟုတ်ဘူး။ မသိစိတ်ဆိုတာက အနုသယတွေနဲ့ သက်ဆိုင်တာပေါ့။ စိတ်ကိုအကြမ်းအားဖြင့် နှစ်ပိုင်းပိုင်းလို့ရတယ်။ သိစိတ်ရယ် မသိစိတ်ရယ်။ သိစိတ်က ခုလို မြင်၊ ကြား၊ နံ၊ စား၊ ထိတွေ့နေတာတွေ၊ အကြမ်းအားဖြင့် သိနေတာ။

စာလိုအားဖြင့် ဝီထိစိတ်တွေပေါ့၊ မသိစိတ်ဆိုတာက ရင်ထဲမှာကိန်းနေတဲ့ စိတ်တွေ၊ အကောင်အထည်ပုံသဏ္ဍာန်ကြီး အနေနဲ့ကိန်းနေတာမဟုတ်ပါဘူး။ အကြောင်းတိုက်ဆိုင်တဲ့အခါမှာ သူသိသင့်သိထိုက်တဲ့ အာရုံတွေကို သိလာတဲ့သဘော။

အဆင့်အနေနဲ့ သုံးဆင့်ပြောမယ်ဆိုလို့ရှိရင် ကိလေသာအနေနဲ့ သုံးဆင့်ပေါ့လေ၊ ၀ိတိက္ကမရယ်၊ ပရိယုဋ္ဌာနရယ်၊ အနုသယရယ်၊ဒါ အနုသယနဲ့ သက်ဆိုင်တယ်၊ အနုသယဆိုတာ မဂ်နဲ့ဖိုလ်နဲ့ အဆင့့်ဆင့်ပယ်မှ အမြစ်ပတ်ပယ်နိုင်တဲ့တရားတွေပေါ့။ ဥပမာ ဒိဋ္ဌိနဲ့ဝိစိကိစ္ဆာဆိုရင် သောတပတ္တိမဂ်ဉာဏ်ဖိုလ်ဉာဏ်ရမှ အမြစ်ပြတ်ပယ်နိုင်တာ။ သောတာပတ္တိမဂ်ဉာဏ်ဖိုလ်ဉာဏ်မရသေးရင် တရားတွေနာ သင်တန်းတွေတက်လို့ ဒိဋ္ဌိ၊ ၀ိစိကိစ္ဆာ ပြုတ်တယ်လို့ ထင်ရသော်လည်း အမြစ်ပြတ်မပြုတ်သေးဘူး၊ အကြောင်းတိုက်ဆိုင်လာတဲ့အခါ ဒိဋ္ဌိ၊ ၀ိစိကိစ္ဆာ ပြန်ဖြစ်သေးတာပဲ။

 လောကဓံပြင်းပြင်းထန်ထန်ကြုံလာတဲ့ အခါ ငါ၊ ငါ့ဥစ္စာ စသည်အားဖြင့် သံသယ၊ သိက္ခာသုံးပါးအပေါ် သံသယ၊ ဒါလေးတွေဖြစ်နိုင်သေးတယ်၊ ဘာလို့ဖြစ်နိုင်သေးလဲဆိုတော့ မဂ်ဉာဏ်ဖိုလ်ဉာဏ်နဲ့့မပယ်ရသေးလို့။ ၀ိပဿနာဉာဏ်ဟာ အနုသယကို မပယ်နိုင်ဘူး။ ရင်ထဲမှာ သောင်းကျန်းတဲ့ ကိလေ သာနဲ့ လွန်လွန်ကျူးကျူးဖြစ်မယ့်ကိလေသာ ဒီနှစ်ဆင့် ကိုပဲ ပယ်နိုင်တယ်။ အကြောင်းတိုက်ဆိုင်တဲ့အခါမှာ ပေါ်လာတဲ့ ကိလေသာတွေကို အမြစ်ပျက်မပယ်သတ်နိုင်ဘူး။ ထို့ အတူပဲ အနာဂါမိမဂ်ဉာဏ် ဖိုလ်ဉာဏ်မရသေးရင် ကာမရာဂတို့ ဒေါသတို့ ဒါတွေ အမြစ်ပျက် မပယ်နိုင်သေးဘူး။

ဘယ်မှာကိန်းနေသလဲ ဘယ်လိုပုံသဏ္ဌာန်နဲ့ကိန်းနေသလဲ ဒါတွေ ဆက်ဆင်ခြင်နေဖို့မလိုပါဘူး။ ဒါတွေဆင်ခြင်နေရင် အစွန်းရောက်သွားလိမ့်မယ်။ ဆင်ခြင်လို့လဲမရဘူး။ ဒါက ဘုရားအရာပဲ။ မြတ်စွာဘုရားရဲ့ဝါဒဟာ ၀ိဘဇ္ဇဝါဒ၊ ဝေဖန်ဆန်းစစ်ရမယ်တဲ့။ ဝေဖန်ဆန်းစစ်တာကို်လည်း သဘောကျတယ်။ ဝေဖန်ဆန်းစစ်မှလည်းပဲ အယူမှန်ဖြစ်နိုင်တယ်။ ဝေဖန်ဆန်းစစ်တဲ့နေရာမှာလည်းပဲ မဇ္စျိမပဋိပဒါနဲ့ထိန်းထားတယ်။ ဝေဖန်ဆန်းစစ်ရမယ် သို့သော်လည်း ပဲ့မဇ္စျိမပဋိပဒါလမ်းနဲ့ ဝေဖန်ဆန်းစစ်ရမယ်။ အစွန်းရောက်လို့မရဘူး။ အစွန်းဆိုတာ ကိုယ်နဲ့မတန်တာတွေသွားစဉ်းစားမိရင် အမှန်ကို မသိနိုင်တဲ့အပြင် မှားပြီးရူးသွားနိုင်တယ်။

 ကို်ယ်သိသင့်သိထိုက်သလောက် ကိုယ်နဲ့ ထိုက်တန်သလောက်ပဲ ဝေဖန်ဆန်းစစ်ရမယ်။ အဲဒါကို မြတ်စွာဘုရားရဲ့တရားတော်မှာ မြတ်စွာဘုရားရဲ့ဂုဏ်တွေ တရားတော်တွေရဲ့ဂုဏ်တွေဟာ အင်မတန်သိမ်မွေ့တယ်၊ အလွန်မြင်နိုင်ခဲတယ်၊ အလွန်သိနိုင်ခဲတယ်၊ တကယ်ကြိုးစား တကယ်အားထုတ် တကယ်မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်ဆိုက်တဲ့ပုဂ္ဂိုလ်တွေမှ သိအပ်ခံစားအပ်တယ်၊ ကြံစည်ရုံနဲ့ရတဲ့ တရားတွေမဟုတ်ဘူးတဲ့။

 ကြံစည်သင့် ကြံစည်ထိုက်တာတွေ ကြံစည်ရမယ်၊ ဆင်ခြင်သင့် ဆင်ခြင်ထိုက်တာတွေ ဆင်ခြင်ရမယ်။ သို့သော်လည်းပဲ နေရာတကာတိုင်း ဝေဖန်ဆန်းစစ်၊ ဆင်ခြင်စဉ်းစားနေလို့မရဘူး။ ဘာမှဝေဖန်စရာမလိုပါဘူးကွာ ၊ ပြောတဲ့အတိုင်းလုပ်ရုံပဲ၊ ဒါလည်း အစွန်းပဲ။ ဝေဖန်ရမယ်၊ သူများပြောတိုင်း ယုံစရာမလိုဘူး။ သူများပြောတိုင်း မျက်စိမှိတ်ယုံလို့ရှိရင် မှားတာများတာပဲ။ ဝေဖန်ရမယ် ဆန်းစစ်ရမယ် သို့သော်လည်း ဝေဖန်ဆန်းစစ်တဲ့နေရာမှာလည်း ခုနလို အနုသယဓါတ်တို့၊ ပဋိယုဋ္ဌာန၊ ၀ိတိက္ကမတို့၊ ကမ္မသတ္တိတို့၊ ကံဖြစ်ပြီးတော့ သတ္တိဖြစ်သွားတယ်၊ စေတနာကနေပြီးတော့ ဥပါဒ် ထီ၊ ဘင်နဲ့ ချုပ်သွားတဲ့အခါမှာ ကံဖြစ်သွားတယ်၊

အဲဒီကံဟာ ဘယ်လိုပုံစံလဲ ဘယ်လိုဖြစ်သွားတာလဲ လေးထောင့်လား အဝိုင်းလား နှလုံးသားမှာ ဘယ်ထောင့်မှာ ဘယ်လိုပုံစံနဲ့ ကိန်းနေတာလဲ၊ ကံဟာလူရဲ့နောက်ကို အရိပ်သဖွယ်လိုက်တယ်၊ ဘယ်လိုလိုက်တာလဲ၊ ဘယ်လိုလုပ်လိုက်တာလဲ၊ ရုပ်တွေ နာမ်တွေဟာ ဖြစ်ပြီးပျက်သွားတယ်၊ ကံဆိုတာလည်း နာမ်ဓမ္မပဲ။ စေတနာဟာ ကံပဲ၊ စေတနာချုပ်တော့ ကံဖြစ်တယ်၊ အဲဒီကံဟာလည်း ဖြစ်တဲ့နေရာမှာ ချုပ်သွားတာပဲ၊ သို့သော်လည်းပဲ သတ္တိကတော့မချုပ်ဘူး။ အဲ သတ္တိဟာ ဘယ်နေရာမှာလည်း၊ ဘယ်လိုပုံသဏ္ဌာန်လဲ၊ အဲဒါ ကိုယ့်အရာမဟုတ်ဘူး။

 ဝေဖန်ဆန်းစစ်တဲ့နေရာမှာ ဆန်းစစ်ထိုက်တာကိုပဲ ဆန်းစစ်ရမယ်။ အနုသယဓါတ် အနုသယ (၇) ပါး ရင်ထဲမှာကိန်းနေတယ်၊ ဘယ်လိုပုံစံနဲ့ ကိန်းနေတာလဲ ဘယ်နေရာမှာ ကိန်းနေတာလဲ ဒါ ကိုယ့်အရာမဟုတ်ဘူး။ ဗုဒ္ဓဝိသယျော အစိန္တေယျော ဒါ ဘုရားအရာ။ ကြံစည်မနေနဲ့ ကိုယ်လုပ်ရမယ့်ဟာလုပ်၊ ဖြစ်ပျက်တွေမုန်းတယ် ဖြစ်ပျက်ချုပ်တယ် ဘယ်လိုချုပ်တာလဲ၊ သွားကြံစည်မနေနဲ့ ဘယ်လိုချုပ်တာလဲဆိုရင် နောက်ချုပ်တဲ့နေရာမရောက်ဘဲ ဖြစ်သွားလိမ့်မယ်။ စိတ်ဟာ အင်မတန်ကြံစည်တတ်တယ်၊ အာရုံတွေကြံတာပဲ။

ဒါ သူ့သဘာဝ၊ ကြည့်စရာမြင်စရာတွေကို မျက်စိကလိုက်ကြည့်သလို အာရုံတွေမှန်သမျှကို သူလိုက်ပြီးတော့ ကြံစည်နေတာပဲ။ သို့သော်လည်း သူကြံစည်တာ ပပဥ္စသဘောတရားတွေရဲ့ ခြယ်လှယ်မှုကိုခံရပြီး ကြံစည်နေတာ။ ပဥ္စသဘောတွေ(တဏှာ၊ မာန၊ ဒိဋ္ဌိ) ခြယ်လှယ်ခံနေရတာလည်း ခြယ်လှယ်ခံရမှန်းမသိပါဘူး။ ၀ိပဿနာအားထုတ်တော့့မှပဲ ဒါတွေနောက်သိလာမယ်။ အားထုတ်ပြီးမှ သိသင့်သိထိုက်တာတွေရှိတယ်၊ မဂ်ဉာဏ် ဖိုလ်ဉာဏ် ရပြီးမှ သိသင့်သိထိုက်တာတွေရှိတယ်။ စိတ်နဲ့အလုပ်လုပ်တာဖြစ်တော့ စိတ်အကြောင်းကို မိမိနဲ့သင့်တော်သလောက်သိထားရမယ်။

မိမိတို့သိသင့်တာထက်ပိုပြီးတော့ သိစရာမလိုပါဘူး။ သိအောင်လည်း ပဲ ကြိုးစားလို့မရပါဘူး။ ကြိုးစားရင်လည်း ရူးမှာပဲ။ ဘုရားအရာတို့၊ လောကအရာတို့၊ စျာန်အရာတို့၊ ကံအရာတို့၊ ဒီအရာတွေဟာ ကြံစည်ရမယ့်အရာတွေမဟုတ်ဘူး၊ ကြံစည်ရင်ရူးသွားမယ်၊ လောကကြီးကဘယ်လိုလုပ်တည်ဆောက်တာလဲ၊ မြင်းမိုရ်တောင်ကြီးအောက်မှာလည်း နတ်တွေ နေကြတယ်။

 မြင်းမိုရ်တောင်ထိပ်မှာလည်း နတ်တွေနေကြတယ်။ ဟာ ဒီလိုကြီးမှာ နေကြတာ အောက်ဆီဂျင်တို့ ဘာတို့ရပါ့မလား၊ ဒါကိုယ်နဲ့မဆိုင်ဘူး၊ ကိုယ့်ဉာဏ်လေးနဲ့ သွားပြီးတော့ စဉ်းစား လို့မရဘူး။ ရေတွင်းတူးတာတောင်မှာ တော်တော်လေးနက်သွားရင် အောက်ဆီဂျင်မရလို့ရှိ့ရင်မတူး နိုင်ဘူး၊ ဒါ ပကတိအသိနဲ့တော့ ဟုတ်တာပေါ့။ ပကတိအသိထက် ပိုပြီးနက်ရှိုင်းတဲ့ အသိတွေ အများ ကြီး ရှိတယ် လောကမှာ။ လူသာမန် နတ်သာမန် ဗြဟ္မာသာမန်တွေ မသိနိုင်တဲ့ လူနတ်ဗြဟ္မာ သတ္တဝါအားလုံး မသိနိုင်တဲ့ လောကအကြောင်းကို အကုန်သိတော်မူလို့ လောကဝိဒူ။

ဘုရားအရာပဲ လောကအကြောင်းသိတာ။ စိတ်ဟာ အာရုံနဲ့မကင်းဘူး၊ အိပ်မောမကျခင် အာရုံတစ်ခုခုနဲ့သိနေတာပဲ။ ပကတိအာရုံတွေကို သိတဲ့့အခါသိပေမယ့် ပကိတိအာရုံမဟုတ်ဘဲ အာရုံအထူးအဆန်းတွေကို သိတဲ့အခါလည်း သိမယ်။ အသိခံရ တာမှန်သမျှ အာရုံပဲ။ သိနေတာက စိတ်ပဲ။ သိတဲ့အခါမှာ အဲဒီအသိကို မှန်မှန်ကန်ကန်သိအောင် ဆုံးဖြတ် ပေးနိုင်တဲ့ ပညာ၊ ပညာလို့ပြောလိုက်ရင် နောက်က ၄ ပါးအကုန်ပါတယ်။ ပညာဟာတစ်ခုတည်းမဖြစ်ဘူး၊ ပညာဆိုတာ သမ္မာဒိဋ္ဌိမဂ္ဂင်ပါပဲ၊ သမ္မာသင်္ကပ္ပတို့၊ သမ္မာဝါယမ၊ သမ္မာသတိ၊ သမ္မာသမာဓိတို့ အဲဒီ မဂ္ဂင်ငါးပါးနဲ့မြင်လို့ရှိရင် ရိုးရိုးအာရုံဖြစ်စေ ထူးခြားတဲ့အာရုံပဲ ဖြစ်စေ မှန်မှန်ကန်ကန်သိတယ်။

 ထို့အတူပဲ မိစ္ဆာမဂ္ဂင်ငါးပါး ဝင်သွားလို့ရှိရင်လည်း သိလာတဲ့အသိဟာ မှားတဲ့အသိဖြစ်နေတယ်။ အာရုံကတော့ ဒီအာရုံပါပဲ ပကတိအာရုံပဲဖြစ်စေ ထူးခြားတဲ့အာရုံပဲ ဖြစ်စေ အာရုံကတော့ ဒါပဲ၊ ဒါပေမယ့် အသိမှာကွာသွားတယ်။ မှန်မှန်ကန်ကန်သိတဲ့အသိရယ်၊ မှားယွင်းစွာသိတဲ့အသိရယ်၊ ရင်ထဲမှာ ရပ်ပြစ်ရှစ်ပါးလွတ်ဖို့ မိစ္ဆာမဂ္ဂင်ရှစ်ပါးလွတ်ဖို့ကြိုးစားရမယ်၊ အပြင်မှာ ရပ်ပြစ်ရှစ်ပါး လွတ်လာပြီ။ ငရဲ တိရစ္ဆာန် ပြိတ္တာ လူမိစ္ဆာ အဂါင်္မပြည့်စုံ တောတွင်းဖြစ်ရ အရူပ အသညသတ်ဘုံ သာသနာပ လူဖြစ်ရ တရားမရပုံ၊ အပြစ်သင့်နေတဲ့အရပ်ရှစ်ပါး၊ ဒါ ဗဟိဒ္ဓရပ်ပြစ်ရှစ်ပါး၊ ဗုဒ္ဓသာသနာတော်ကြီးနဲ့လည်းတွေ့တယ်၊ သာသနာထွန်းကားတဲ့အရပ်မှာလည်းပဲ လူဖြစ်ရတယ်၊ မိဘတွေကလည်း ဗုဒ္ဓဘာသာ၊ ကိုယ်လည်းပဲ သမ္မာဒိဋ္ဌိ၊ သဒ္ဓါတရားလည်း အားကောင်းတယ်၊ သို့့သော်လည်းပဲ ရင်ထဲမှာ ရပ်ပြစ်ရှစ်ပါးလွတ်ဦးမှ။ ဒါတင်စားပြောတာပါ ၊ ရင်ထဲက ရပ်ပြစ်ရှစ်ပါးဆိုတာ မိစ္ဆာဒိဋ္ဌိ၊ မိစ္ဆာသင်္ကပ္ပ၊ မိစ္ဆာဝါယမ၊ မိစ္ဆာသတိ၊ မိစ္ဆာသမာဓိဆိုတဲ့ မိစ္ဆာမဂ္ဂင်ရှစ်ပါး၊ မိစ္ဆာဒိဋ္ဌိဆိုတာ အယူမှားတာ၊ အသိမှားတာ၊ စိတ်ဟာ အာရုံနဲ့မကင်းဘူးဆိုတော့ အာရုံကို သိတဲ့နေရာမှာ အာရုံကို ဆုံးဖြတ်တဲ့နေရာမှာ ဆုံးဖြတ်မှားသွားတယ်။

ဥပမာ အမျိုးသားကို မြင်တယ်၊ အမျိုးသမီးကို မြင်တယ် ပကတိမျက်စိအနေနဲ့။ ဘာမှအားမထုတ်တဲ့ပုဂ္ဂိုလ်တွေလည်းပဲ အမျိုးသား အမျိုးသမီး မြင်တယ်။ ၀ိပဿနာ ယောဂီတွေလည်း အမျိုးသား အမျိုးသမီးမြင်တယ်။ အာရုံကတော့ ပညတ်အနေနဲ့ပြောရင် လူပါပဲ။ အာရုံကတော့ အတူတူပါပဲ။ သို့သော်လည်းပဲ အသိခြင်းမတူနိုင်ဘူး။ ၀ိပဿနာတရားမနာ ၊ ၀ိပဿနာတရားအားမထုတ်တဲ့ပုဂ္ဂိုလ်တွေကတော့ လူကိုမြင်သော်လည်းပဲ လူလို့မမြင်ပါဘူး။ လူကိုလူလို့သိတာပဲ လူပဲ၊ ဒါပြောတော့သာ သိတယ်လို့ထင်တာပါ၊ လူကို လူလို့မမြင်ပါဘူး။ လူကိုဘာလိုမြင်လဲ၊ သူက သူဋ္ဌေးပဲ၊ သူက ဆင်းရဲသားပဲ၊ သူကတော့ ကုလားပဲ ၊ သူကတော့ တရုတ်ပဲ၊ သူကတော့ အရာရှိပဲ ၊ သူကတော့ ရုံးစောင့်ပဲ၊ ဒီလိုမြင်တယ်။

ကိုယ့်မျက်စိရှေ့မှာ လူသားစင်စစ်ဖြစ်ပါလျက်နဲ့ လူကိုလူလို့မမြင်ဘူး။ လူကို သူဋ္ဌေး၊ ဆင်းရဲသား။ အရာရှိ ငယ်သား ဒီလိုခွဲခြားပြီးတော့ မြင်တယ်။ ဒါ ပပဥ္စအမြင်လို့ခေါ်ပါတယ်။ အာရုံကတော့လူပါပဲ ၊ တနည်းအားဖြင့် ပရမတ်နဲ့ပြောရင် အဆင်းပါပဲ။ သို့သော်လည်းပဲ သာသနာတွင်းတရား၊ ၀ိပဿနာတရားတွေလည်း မနာဘူး အားလည်းမထုတ်ဘူးဆိုရင် လူစင်စစ်ကြီးကိုယ့်ရှေ့မှာ မြင်နေပါလျက်သားနဲ့ လူလို့မသိဘူး၊ အဆင့်အတန်းခွဲခြားပြီးတော့ သိတယ်။ အဲဒါ တဏှာ မာန ဒိဋ္ဌိ ပပဥ္စအမြင်။ သူ့ထက်ပိုပြီး အဆင့်အတန်းမြင့်လာတဲ့အမြင်ကြတော့ သူဌေး ဆင်းရဲသား အကုန်လုံးဟာ လူသားတွေပဲ၊ အဆင့်အတန်းမခွဲခြားတော့ဘူး၊ လူကိုလူလို့မြင်လာတယ်။ လူကိုလူလို့မြင်တယ်ဆိုတာ ပညတ်နယ်မှာပဲ ရှိပါသေးတယ်။

ပရမတ်နယ်မရောက်သေးဘူး။ လူကိုလူလို့မြင်လာတော့ သူလည်း လူသားပဲ ကိုယ်လည်း လူသားပဲ ကိုယ်ချင်းစာတရားလေးတွေရှိလာတယ်။ ကိုယ်ချင်းစာတရား အခြေခံ တော့ မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာဆိုတဲ့ ဗြဟ္မစိုရ်တရားတွေဝင်လာတယ်။ ဗြဟ္မဝိဟာရ၊ ဗြဟ္မစိုရ်အမြင်လို့လည်း ပြောလို့ရပါတယ်။ အာရုံကတော့ တစ်ခုတည်းပဲ။ မျက်စိကတော့ ဒီမျက်စိပါပဲ။

သို့သော်ရင်ထဲက မိစ္ဆာ ရယ် သမ္မာ ရယ် ကွာသွားတာ။ သစ္စာတရားတွေ၊ ၀ိပဿနာတရားတွေမနာ၊ အားမထုတ်ဘူးဆိုရင်တော့ လူကိုလူလို့တောင်မမြင်ပါဘူး။ အဆင့့်အတန်း ခွဲမြင်တယ်။ အဆင့်အတန်းခွဲမြင်တော့ ချစ်ခြင်း မုန်းခြင်း စသည်အားဖြင့် ဘက်လိုက်တာတွေ ပါလာ တာပေါ့။ မျှမျှတတ မရှိတော့ဘူး။ လူကို လူလို့မြင်လာပြီဆိုရင် ဗြဟ္မစိုရ်အမြင်၊ ကိုယ်ချင်းစာတရား မြင်လာတယ်။ မျှမျှတတနဲ့ မေတ္တာထားချင်တယ်၊ အကျိုးတရားသယ်ပိုးချင်တယ်။ ဒုက္ခမှ လွတ်စေ ချင်တယ် ဂရုဏာ၊ ချမ်းသာနေတဲ့ပုဂ္ဂိုလ်တွေကို ဝမ်းမြောက်ဝမ်းသာဖြစ်တယ် မပျက်စီးစေချင်ဘူး မုဒိတာ။ ကံကံရဲ့ အကျိုးတရားပဲ၊ အကြောင်းတရား အကျိုးတရားတွေနဲ့ပဲ ဥပေက္ခာလည်း ပြုလို့့ရတယ်။ သိမ်းပိုက်ချင်တဲ့ ဆန္ဒမကြီးမားတော့ဘူး။ ဒါ ဗြဟ္မစိုရ်အမြင်။ သာသနာတွင်းကျတော့ မျက်စိကရိုးရိုးမျက်စိမဟုတ်တော့ဘူး၊ ပညာမျက်စိဖြစ်လာတယ်။

၃၂ ကောဋ္ဌာသ ဒီတိုင်းပါပဲ။ ဒါမဲ့ ရင်ထဲက အသိမတူတော့ဘူး၊ မိစ္ဆာဒိဋ္ဌိမဟုတ်တော့ဘူး၊ သမ္မာဒိဋ္ဌိ ဖြစ်လာတယ်။ သူဋ္ဌေး သူကြွယ် ဆင်းရဲသား ဒီလိုလည်းမမြင်ဘူး။ သြော် လူပဲ အမျိုးသားပဲ အမျိုးသမီးပဲ ၊ လူကိုလူလို့လည်း မမြင်တော့ဘူး။ ဘယ်လိုမြင်လာလဲ။ ရုပ်တွေ နာမ်တွေပဲ၊ ခန္ဓာငါးပါး ရုပ်နာမ်နှစ်ပါးပဲ၊ တကယ့်အရှိပရမတ်ကို ရောက်သွားတယ်။ အဲဒါဟာ ပဋိစ္စသမုပ္ပါန် ပြတ်မယ့်အမြင်ပေါ့။ အို နာ သေ ဒုက္ခတွေမှ လွတ်မယ့်အမြင်။ လေ့ကျင့်ယူရမယ်။ ကောင်းတဲ့ လမ်းစဉ်ကတော့ လေ့ကျင့်ယူရမယ်။ အလကားသက်သက်တော့မရဘူး။ အပါယ်ရောက်မယ့်ကိစ္စက လေ့ကျင့်စရာမလိုဘူး။

 အသာလေးလိုက်သွားရုံပဲ ရေစုန်ပဲ။ နိဗ္ဗာန်ကိုသွားမယ့်ကိစ္စက လေ့ကျင့်ယူရမယ်။ မချိမဆန့်လေ့ကျင့်ယူရမယ်။ ပကတိမျက်စိနဲ့့မြင်လိုက်ရင်တော့ ယောကျာ်း မိန်းမပဲ ချစ်စရာ မုန်းစရာပဲ ဆင်းရဲ ချမ်းသာပဲ ဒါတွေတွေ့မှာပဲ။ လူသားတွေပဲဟေ့ အချင်းချင်းမေတ္တာထားရမယ်။ ဒီလောက်နဲ့ ရပ်မနေနဲ့ဦး လူသားတွေဆိုတာ ဗြဟ္မစိုရ်အမြင်ပဲရှိသေးတယ်။ သံသရာမှ မလွတ်နိုင်သေးဘူး။ ယောကျာ်း၊ မိန်းမလည်းမဟုတ်ဘူး။ လူသားလည်းမဟုတ်ဘူး။ ဒါတွေက ပညတ်တွေပဲ။

တကယ်တော့ ရုပ်တွေ နာမ်တွေပဲ။ ရုပ်တွေ နာမ်တွေဆိုရင် နောက်က လက္ခဏာလိုက်လာပြီ။ အနိစ္စလက္ခဏာ၊ ဒုက္ခလက္ခဏာ၊ အနတ္တလက္ခဏာ။ မမြဲတဲ့သဘောတွေပဲ ၊ ဆင်းရဲတဲ့သဘောတွေပဲ ၊ အစိုးမရတဲ့ သဘောတွေပဲ။ ဘာမှ အနှစ်သာရ မရှိဘူး။ သစ္စာအမြင်နဲ့ပြောလိုက်ရင် အကုန်လုံး ဒုက္ခသစ္စာပဲ။ အကြမ်းအားဖြင့်လည်း ဒုက္ခသစ္စာကို မြင်ရမယ်။ အလယ်အလတ်အားဖြင့်လည်း ဒုက္ခသစ္စာကိုမြင်အောင် နှလုံးသွင်းရမယ်။ အနုစိတ်အားဖြင့်လည်း ၀ိပဿနာဉာဏ်နဲ့ ဘာဝနာမယဉာဏ်နဲ့ မြင်အောင်ကို ကြိုးစားရမယ်။ သာသနာတွင်းမှာ လူဖြစ်ရကျိုးနပ်တယ်ဆိုတာ အဲဒါပဲ။

 (မြစိမ်းတောင်ဆရာတော်အရှင်ဇာနေယျ)

 Credit •• ko aung aung